Thursday, December 30, 2010

မီးလား၊ ပန်းလား၊ အားလုံးဟာအနက်ကောက်ခြင်းလား

စာသားမှာ တခုနှင့်အထက်ဗဟိုချက်တွေရှိတယ်လို့ အဆောက်အဦလွန်သမားတွေကဆိုတယ်။ ဒါကစာသားရဲ့ေ၀၀ါးနေတဲ့ အဓိပ္ပါယ်တွေကိုချုပ်လိုက်တယ်။ စာသားကိုတိကျတဲ့အဓိပ္ပါယ် တခုရှိလာစေတယ်ပေါ့။ စာသားဟာဆိုလိုရင်းကိုတည်ငြိမ်လာစေဖို့ ဒွိစုံတွဲ (Binary Oppositions) တွေဖန်တီးတည်ဆောက်လိုက်ရတယ်။
ဒီအတွဲတွေထဲမှာအပေါ်အောက်ဖိစီးမှုတွေဝင်လာတယ်။ ဆိုလိုတာက အဖြူဟာအမဲနဲ့၊ အကောင်းဟာအဆိုးနဲ့၊ အချစ်ဟာအမုန်းနဲ့ စတဲ့ဒွိစုံတွဲတွေမှာလူတွေက အဖြူကိုအပြုသဘောမြင်ပြီးအမဲကိုအပျက်သဘောမြင်တယ်။ အချစ်ဟာ အပေါင်းလက္ခဏာ အမုန်းဟာအနုတ်သဘော စသည်ဖြင့်တဘက်ဘက်ကို ဦးစားပေးအဖြစ်ကောက်ယူမိကြတယ်။ တခုကတခြားတခုကိုအသာစီးကနေပြီးအဓိပ္ပါယ်ဖွင့်ဆိုစေတာပဲ။ ဒီစုံတွဲတွေဟာ စာသားတွေထဲအမြဲလို ထင်ထင်ရှားရှားတွေ့ရတာတော့မဟုတ်ဘူး။
Poststructuralist သမားတွေက ဒီအတွဲတွေကိုရှာ၊ ကြားကဆက်သွယ်မှုကိုဖြည်ပစ်လိုက်ပြီး စာသားရဲ့တကယ့်မူလ သဘောကို ဖမ်းဆုပ်ဖို့ကြိုးစားတာ။ ဒါကိုပဲ Deconstruction လို့ဆိုတာပါ။

၂။
‘အချက်အလက်ဆိုတာမရှိဘူး၊ အားလုံးအနက်ကောက်ခြင်းပဲ’
နိရှေး
မူရင်းက “There are no facts, only interpretations.” ဖြစ်သည်။

ကဗျာဆရာက နိရှေးရဲ့အဆိုအမိန့်တခုကိုယူပြီး သူ့ကဗျာကိုစဖွင့်လိုက်သည်။
ကဗျာရဲ့ပထမစာကြောင်းမှာကိုပဲ အချက်အလက်နဲ့ အနက်ကောက်ခြင်းဟာ အတွဲတခုအနေနဲ့ထွက်လာတယ်။
ဟုတ်တယ်၊ ကျနော်တို့ရှေ့မှာပြောခဲ့ကြတဲ့ ဒွိစုံတွဲပေါ့။
ဒီလိုလုပ်ကြရအောင်၊ ကျနော်တို့စကားပြောခန်းတခုလောက်နားထောင်ကြည့်မယ်။
“ငါမနက်ကဈေးထဲမှာ မောင်ဘတို့ညီအကိုနှစ်ယောက်ကို အောင်မြန်မာ လက်ဘက်ရည်ဆိုင်မှာတွေ့ခဲ့တယ်။ သူ့ညီကအေးအေးဆေးဆေးပါပဲ။ ငါ့ကိုတောင်အစ်ကိုထိုင်ပါဦးလားပြောသေးတယ်။ ဒါပေမဲ့မောင်ဘကြည့်ရတာ ငါ့တို့ကိုသိပ်အစာကြေပုံမပေါ်ဘူး။ ညကကိစ္စကိုဒီကောင်စိတ်ခုသွားပုံပေါ်တယ်။”

ကောင်းပြီ။ ဒီစကားပြောခန်းမှာ အချက်အလက်နဲ့ အနက်ကောက်ချက်တွေဟာ ရောထွေးနေတယ်။
အချက်အလက်တွေက ပြောသူဟာ မောင်ဘတို့ညီအကိုကိုတွေ့ခဲ့တယ်။ ညီဖြစ်သူကသူ့ကိုထိုင်ခိုင်းတယ်။ အနက်ကောက်ချက်တွေက ညီဖြစ်သူကပုံမှန်ဆက်ဆံတယ်။ မောင်ဘကတော့ကျနော်တို့မသိတဲ့ ညက အဖြစ်အပျက်တခုပေါ်မှာ စကားပြောသူကိုကြည်လင်ပုံမရ ဆိုတာ သွားတွေ့ရတယ်။
ဆိုတော့ အချက်အလက် (fact) ဆိုတာကတိကျမှုရှိတယ်။ အနက်ကောက်ခြင်း (Interpretation) ဟာထွေပြားတယ်။ ပြောသူရဲ့ယူဆချက်တို့ ခံစားမှုတို့ ပါလာတယ်။ မှန်ချင်မှမှန်မယ်။ မှန်ချင်လည်းမှန်မယ်။ ဒီဒွိစုံအတွဲမှာ ကဗျာဆရာဟာ အချက်အလက်ကိုအပေါ်တင်ပြီး အနက်ကောက်ခြင်းကိုဖိထားတာတွေ့ရတယ်။ နဲနဲတဆင့်တက်လိုက်ရင် ဒါဟာ ဒွိစုံတွဲရဲ့ပေါ်အောက်ဖိစီးမှု (Hierarchy) လို့ပြောနိုင်တယ်။ သူရည်ရွယ်ချင်မှရည်ရွယ်မယ်။ သို့သော် ဆက်ဖတ်တော့ဒီသဘောက ပိုပြီးပေါ်လွင်လာပါတယ်။

နိရှေးဟာလည်းငါ့အတွက်အချက်အလက်ထက်
အနက်ကောက်ခြင်းသက်သက်ပဲ သူ့ရဲ့ဆော့ခရတ္တိပေါ့
လူစည်ကားရာဈေးထဲပြေးဝင်လာတယ်
‘ဖန်ဆင်းရှင်သေဆုံးသွားပြီ”
ဇရသုစတြ ဟာသူ့ကိုယ်သူဖေါက်ခွဲပစ်လိုက်တယ်။

ကဗျာဆရာ ကိုးကားတဲ့ အဆိုအမိန့်ကိုရေးခဲ့တဲ့ ထင်ရှားတဲ့ဂျာမာန်တွေးခေါ်ရှင် နိရှေး ကိုယ်တိုင်သည်ပင်လျှင်ကဗျာဆရာအတွက်တော့ အချက်အလက်မဟုတ်ဘူး။ အနက်ကောက်ခြင်းပဲတဲ့။ သူဟာ နိရှေး ကိုတိုက်ရိုက်ထိတွေ့ရတာမဟုတ်ဘူး။ တခြားသူတွေဖွင့်ဆိုသလောက် (သို့မဟုတ်ရင်) သူနဲ့နိရှေးနဲ့ဟာ ကြားကတခြားလူတွေရဲ့ အနက်ကောက်ခြင်းကို ဘာသာစကားကခွင့်ပြုသလောက်သာသိရတာ။ ဒါဘယ်လောက်မှန်မယ်သူမသိဘူးလို့ဆိုချင်ပုံပဲ။

ဆက်တိုက်ဆိုသလိုပင် ကဗျာဆရာသည် နိရှေးရဲ့ နောက်ထပ် အဆိုအမိန့်တခုကိုဖော်ပြသည်။ ဖန်ဆင်းရှင်သေဆုံးသွားပြီ။ မူရင်းက God is dead. ဒီအဆိုအမိန့်ကတော့ နိရှေး ရဲ့နာမည်ကျော် နာရေးကြော်ညာဖြစ်သည်။ ဒွိစုံတွဲမှာ ဖန်ဆင်းရှင်သေဆုံးသွားပြီ ရဲ့ကျန်တဖက်ကဘာဖြစ်မလဲ။ ဖန်ဆင်းခံရသူတွေသာကျန်ခဲ့တယ်ဆိုတာပေါ့။ ဒါကဗျာဆရာပြောချင်တဲ့အချက်ဖြစ်ပုံရတယ်။ ကျယ်ကျယ်လောင်လောင် ကိုကြားစေချင်တဲ့သဘောကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ လူစည်ကားတဲ့ဈေးရဲ့ဆူညံ ပျားပန်းခတ်မျှလှုပ်ရှားသွားလာမှု ရစ်သမ် ကိုဒီစကားလုံးနဲ့ဖောက်ခွဲပစ်လိုက်တာကိုး။
ဖန်ဆင်းရှင်သေပြီ ဖန်ဆင်းခံရတဲ့ လူသာမာန်တွေပဲကျန်ရှိနေတယ်ဆိုတာဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့လူအုပ်ကြီးရဲ့ နဲနဲချဲ့ကားပြောရရင် ခေတ်ကြီးတခုလုံးရဲ့ အာရုံစိုက်ခံရမှုကိုတောင်းဆိုလိုက်တယ်။ ဒါဟာအနဲဆုံး ကဗျာဆရာရဲ့သိစိတ်ရှိရှိ (သို့) မသိစိတ်ထဲကနေ ကဗျာဖတ်သူကိုပေးလိုက်တဲ့ အချက်အလက်တခုမဟုတ်ရင်တောင်မှ အနက်ဖွင့်မှုတခုတော့ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။

မဟုတ်ဘူး ငါဟာဆူပါမင်းမဟုတ်ဘူး
ငါ့မှာဗလလည်းမရှိဘူး အသားကပ်ဝတ်စုံလည်းမရှိဘူး
လေထဲလည်းမပျံတတ်ဘူး
အများနည်းတူနေထိုင်တတ်မှုဆုတံဆိပ်တွေ
ငါ့ရင်ဘတ်သားမှာတန်းစီလို့ တဆင့် နှစ်ဆင့် သုံးဆင့်
ငါ့ရင်ဘတ်ထဲကနှလုံးသားဟာတချက်ပြီးတချက်သတိပေးတယ်
ဒိုင်ခွက်ကဂဏန်းတွေဟာတလုံးစီ လျှော့လာတယ်
၂၅ - ၂၄ - ၂၃ - ၂၂ - ၂၁

ဒီအပိုဒ်မှာတွေ့ရတဲ့ ဆူပါမင်းမဟုတ်တာ ဗလမရှိတာ အများနည်းတူ ဤကိုကျွှဲဖတ်တာ ဟာ လူသာမန်တွေ ထဲကတယောက် အဖြစ်ကဗျာဆရာဖွဲ့ဆိုလိုတာဖြစ်တယ်။ နှလုံးဟာတချက်ချင်းခုန်နေတယ်။ သာမန်နေထိုင်မှုမျှသာ ထူပိန်းနေပြီး ဒီ့အတွက်ရတဲ့ မလုပ်၊မရှုပ်၊မပြုတ် ဆုတံဆိပ်တွေသာ တဆင့်ပြီးတဆင့်မြင့်တက်လာတယ်။ အပေါစားရှင်သန်မှုမြင့်မားလာတာရဲ့အခြားတဘက်မှာ ရခဲတယ်ဆိုတဲ့လူ့ဘ၀ဟာလက်ကျန်နဲလာတယ်။ တချက်ချင်း တနာရီချင်း တရက်ချင်း နေ့တွေ နာရီတွေ မိနစ်တွေ အသက်ဟာတလိမ့်ချင်း စိမ့်ကျနေတယ်။

၂၀
ဒီညသတင်းမှာမင်းငါ့ကိုတွေ့ရှိရမှာဖြစ်တယ်
အလကားတွေစည်ကားတဲ့ စကားလုံးအပိုင်းအစတွေ
အဓိပ္ပါယ်ကျဲကျဲ အကွက်အကွက်တွေ
အနက်တွေလိုက်ကောက်ရတဲ့လက်ပတ်တွေ
အကောင်းဆုံးကဗျာရေးနည်းဆိုတာမရှိတော့ဘူး။

လက်ရှိအနေအထားတွေကိုလှောင်ပြောင်ဖို့ကြိုးစားလိုက်တဲ့ ကဗျာဆရာရဲ့မဲ့ပြုံးကိုဒီအပိုဒ်မှာတွေ့ရပါတော့တယ်။
လူသာမန် လူဗလံလေး ဟာ ဒီနေ့ညနေခင်းသတင်းထဲမှာပါလာတော့မယ်တဲ့။ တယ်ဟုတ်ပါလား။ အရေးမပါဘူးဆိုပေမဲ့ သူဟာအရေးကြီးတဲ့သတင်းတွေထဲကတခုဖြစ်တော့မယ်။ အရေးမကြီးဘူးအမြဲေ၀၀ါးနေတယ်ဆိုတဲ့ဘာသာစကား။ စကားလုံးအကျိုးအပဲ့ အပိုင်းအစ တွေနဲ့စည်ကားနေတာဘယ်မှာလည်း။ အဓိပ္ပါယ်ကျဲကျဲတခွက်၊ မန္တလေးစီဘီယာ၂ ခွက်၊ ကဗျာဆရာဟာ လေးနက်မှုရှိသင့်တဲ့ အဓိပ္ပါယ်ဆိုတာကို ကျဲကျဲ တို့ အကွက်အကွက်တို့နဲ့လျှော့ချဖို့ကြိုးစားတယ်။
ကျနော်တို့ဟာ အမြဲတမ်းအဓိပ္ပါယ်တွေကိုပဲလိုက်ရှာနေကြတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ကိုကျနော်တို့လုပ်နိုင်တာမှမဟုတ်တာ။ သူဟာကွဲပြားခြားနားမှုကြောင့်ဖြစ်လာတာ။ ဘာသာစကားရဲ့မပြည့်စုံတဲ့တီထွင်မှုကပိတ်ဆို့ထားတဲ့အရာ။ အိုးထရက်ဖို့ဒ်ထဲလျှောက်ပြေးနေတဲ့ ရိုင်ယန်ဂစ်လိုပေါ့။ ဆိပ်ခံဘောတံတားမှာကုန်တင်ကုန်ချ အလုပ်သမားတွေကိုကြီးကြပ်ရသူတဦးလိုပေါ့။ ခင်ဗျားတို့ဟာအရေးပါတဲ့လက်ပတ်တွေနဲ့ ပြန့်ကျဲနေတဲ့ အဓိပ္ပါယ်တွေကိုလိုက်ကောက်ဖို့ကြိုးစားနေကြတာကလား။ သို့ပေမယ့်ကျနော်ပြောချင်တယ်။ ဒီမယ် အကောင်းဆုံးကဗျာရေးနည်း ဆိုတာကတော့ဖြင့် မရှိတော့ပေဘူး။

ကျနော်ဟာနိရှေးရဲ့နာမည်ကျော်ဇတ်ကောင် ဇရသုစတြလည်းမဟုတ်ဘူး။ နိရှေးစွန့်ပစ်လိုက်တဲ့ ခင်ဗျားတို့အားလုံး (သို့) လူ့အဖွဲ့အစည်းကြီးတခုလုံး အားကိုးတဲ့ ယုံကြည်တဲ့ ဖန်ဆင်းရှင်လည်းမဟုတ်ဘူး။ ဒီညသတင်းထဲဖျတ်ခနဲပါလာမဲ့ အချက်အလက်ကလေးတခုပါ။ အစက်အပြောက်လေးတခုပါ။ ဘင်္ဂလားပင်လယ်အော်မှာ ရံဖန်ရံခါမိုးသက်လေပြင်း များကြရောက်ပြီးလှိုင်းကြီးနိုင်ပါသည် ဆိုတဲ့ အချက်အလက်လေးတခုပဲ။ ဤတွင်သတင်းများကိုကြေညာလို့ပြီးပါပြီ ဆိုတာနဲ့မေ့ပစ်လို့ရနိုင်တဲ့ အချက်အလက်လေးတခုလောက်ပါပဲ။
ဒါပေမဲ့ ဇရသုစတြ တဲ့ ငါ့အလုပ်ငါလုပ်ပြီးပြီလို့တော့ကဗျာဆရာကဆိုလေရဲ့။ ကဗျာဆရာထားရစ်ခဲ့တဲ့နောက်ဆုံးဒွိစုံဟာ သူပေးချင်တဲ့နောက်ထပ်အချက်အလက်တခုလည်းဖြစ်ပေလိမ့်မယ်။

မဟုတ်ဘူး ငါဟာဇရသုစတြမဟုတ်ဘူး
ငါဟာဖန်ဆင်းရှင်လည်းမဟုတ်ဘူး
ဒီညသတင်းမှာငါဟာလည်းမင်းအတွက်
မေ့လွယ်ပျောက်လွယ် အချက်အလက်သက်သက်ပဲ
ဖြစ်လိမ့်မယ်။
ဇရသုစတြ
၁၈ မိနစ်တိတိနောက်ကျတဲ့ ဇရသုစတြ
ငါ့အလုပ်ငါလုပ်ပြီးပြီ
မင်းလုပ်စရာရှိတာဆက်လုပ်။

၃။
ကဗျာဖတ်ပြီးပြီးချင်းပဲကျနော့်စိတ်ထဲမှာတခုခုဟာ ကဗျာရဲ့ဗဟိုချက်ကနေလွတ်နေတဲ့ခံစားမှုကိုရတယ်။ ဟုတ်တယ်။ ဆော့ခရတ္တိဟာ အစွန်အဖျားတနေရာမှာမှိန်ပြစွာရပ်နေတယ်။ သူ့ကိုကျနော်ကဗျာနဲ့ကြိုးစားချိတ်ဆက်လိုက်တိုင်းသူဟာလွတ်ထွက်နေတယ်လို့ခံစားရတယ်။ ကဗျာထဲမှာမနေပဲ ကဗျာအပြင်ဘက်ကနေတချိန်လုံးစောင့်ကြည့်နေတာ ဆော့ခရတ္တိများလား။ အေသင်မြို့ကြီးသားများက ခုလက်ခံထားတဲ့အယူအဆကိုစွန့်မလား မေးတော့ ဆော့ခရတ္တိကအဆိပ်ခွက်ကို အားဖြည့်ဘီယာစတောက်လို ကောက်မော့ချလိုက်တာအားလုံးသိပြီးဖြစ်မှာပါ။
သူမှန်တယ်ထင်တဲ့ယုံကြည်ချက်နဲ့သူဟာတချက်ထဲကျင်းစိမ်သွားခဲ့တယ်။ သူ့အသက်ကိုတစက်ချင်းစိမ့်အကျမခံခဲ့ဘူး။
ဒါပေမဲ့ ခေတ်တိုင်းမှာ အဆိပ်ခွက်ဟာပြန်ပြီးပြည့်လျှံလာစမြဲပဲ။ လူများစုရဲ့အထိုင်ကျနေတဲ့အတွေးအခေါ်တွေကိုငြင်းဖို့ ဖိစီးထားတဲ့လက်ပတ်တွေကိုငြင်းဖို့ ဆော့ခရတ္တိချန်ထားခဲ့တဲ့စိမ်းဖန့်ဖန့်အချိုရည်ဟာ ယနေ့ရဲ့မီးလျှံထဲလျှံကျနေစမြဲပဲ။
၃.၁။
လုပ်စရာရှိတာဆက်လုပ် ကြဖို့ပဲ။

၎။
ဇရသုစတြ မင်းလုပ်စရာရှိတာဆက်လုပ်
ဇေယျာလင်း

‘အချက်အလက်ဆိုတာမရှိဘူး၊ အားလုံးအနက်ကောက်ခြင်းပဲ’
နိရှေး

နိရှေးဟာလည်းငါ့အတွက်အချက်အလက်ထက်
အနက်ကောက်ခြင်းသက်သက်ပဲ သူ့ရဲ့ဆော့ခရတ္တိပေါ့
လူစည်ကားရာဈေးထဲပြေးဝင်လာတယ်
‘ဖန်ဆင်းရှင်သေဆုံးသွားပြီ”
ဇရသုစတြ ဟာသူ့ကိုယ်သူဖေါက်ခွဲပစ်လိုက်တယ်။

မဟုတ်ဘူး ငါဟာဆူပါမင်းမဟုတ်ဘူး
ငါ့မှာဗလလည်းမရှိဘူး အသားကပ်ဝတ်စုံလည်းမရှိဘူး
လေထဲလည်းမပျံတတ်ဘူး
အများနည်းတူနေထိုင်တတ်မှုဆုတံဆိပ်တွေ
ငါ့ရင်ဘတ်သားမှာတန်းစီလို့ တဆင့် နှစ်ဆင့် သုံးဆင့်
ငါ့ရင်ဘတ်ထဲကနှလုံးသားဟာတချက်ပြီးတချက်သတိပေးတယ်
ဒိုင်ခွက်ကဂဏန်းတွေဟာတလုံးစီ လျှော့လာတယ်
၂၅ - ၂၄ - ၂၃ - ၂၂ - ၂၁

၂၀
ဒီညသတင်းမှာမင်းငါ့ကိုတွေ့ရှိရမှာဖြစ်တယ်
အလကားတွေစည်ကားတဲ့ စကားလုံးအပိုင်းအစတွေ
အဓိပ္ပါယ်ကျဲကျဲ အကွက်အကွက်တွေ
အနက်တွေလိုက်ကောက်ရတဲ့လက်ပတ်တွေ
အကောင်းဆုံးကဗျာရေးနည်းဆိုတာမရှိတော့ဘူး။

မဟုတ်ဘူး ငါဟာဇရသုစတြမဟုတ်ဘူး
ငါဟာဖန်ဆင်းရှင်လည်းမဟုတ်ဘူး
ဒီညသတင်းမှာငါဟာလည်းမင်းအတွက်
မေ့လွယ်ပျောက်လွယ် အချက်အလက်သက်သက်ပဲ
ဖြစ်လိမ့်မယ်။

ဇရသုစတြ
၁၈ မိနစ်တိတိနောက်ကျတဲ့ ဇရသုစတြ
ငါ့အလုပ်ငါလုပ်ပြီးပြီ
မင်းလုပ်စရာရှိတာဆက်လုပ်။

၅။
ကျနော့်ဘက်က အနက်ကောက်ကြည့်ခြင်းသက်သက်မျှသာပါ။

KZကေ

Tuesday, December 28, 2010

မီးလား၊ ပန်းလား။ နီရဲသောဘာသာစကား၏ခြေရာ

Structuralism မှာတုန်းက signifier နဲ့ signified အကြောင်းပြောကြတယ်။ မြင်းလို့ပြောလိုက်တော့ မြင်းဆိုတဲ့စကားလုံးနဲ့ မြင်းလို့ကိုင်တွယ်ညွှန်ပြလို့ရတဲ့ပြင်ပကသက်ရှိ၊(အရာဝထ္ထုစသည်)တခုနဲ့ဆိုပြီး အညွှန်းနဲ့ အညွှန်းခံ ကိုနားလည်ခဲ့တယ်။ ဒါတင်မက ထိုနှစ်ခုကြား အဆက်အစပ်မဲ့ပုံကိုပါသိခဲ့ကြတယ်။ ဘယ်သူကမှ မြင်းကိုဘာလို့မြင်းလို့ခေါ်ရသလဲမသိသလိုမေးလည်းမမေးခဲ့ကြဘူး။ ပြီးတော့ မြန်မာကမြင်းလို့ပြောပြီး အင်္ဂလိပ်က Horse လိုပြောတာ အတူတူပဲ။ ငါတို့ဒီတိရိစ္ဆာန်ကိုမြင်းလို့ခေါ်တာ သူတို့ Horse လို့ခေါ်တာထက်ပိုသင့်တော်တယ်ဆိုတာမျိုးဘယ်သူကမှ မနှိုင်းယှဉ်ခဲ့ကြဘူး။ ဆိုလိုတာက ဘာသာစကားနဲ့ပတ်သက်လို့ကျနော်တို့ဟာ ကိုယ့်ဘာသာစကားနဲ့ကိုယ် သီးခြားယုံကြည်မှုရှိခဲ့ကြတယ်။ မြန်မာကထွက်တဲ့သစ်ကနိုင်ငံခြားသစ်တွေထက်ပိုကောင်းတယ်လို့ပြောပေမဲ့ မြန်မာလိုကျွန်းသစ်လို့ခေါ်တာ အင်္ဂလိပ်လို teak လို့ခေါ်တာထက်ပိုသဘာဝကျတယ်လို့ဘယ်သူမှမနှိုင်းယှဉ်ကြဘူး။ အဆက်အစပ်မဲ့တယ်ဆိုပေမဲ့ မံမံ ဆိုတော့စားစရာပေါ့။ အီးအီးဆိုတော့ရွံစရာပေါ့။ သားသား ဟိုအကောင်ဘာကောင်လဲပြောလိုက်စမ်းဆိုတော့ ကြောင်ပေါ့၊ ခွေးပေါ့။ ဒီကောင်လေးအတတ်မြန်လိုက်တာပေါ့။ ဆိုတော့ ဘာသာစကားရဲ့သတ်မှတ်ချက် တွေပေါ်မှာ အားလုံးသက်တောင့်သက်သာရှိစွာသဘာဝအလျှောက်သင်ယူ လက်ခံနိုင်ခဲ့ကြတယ်။
ရှေ့မှာတုန်းကကျနော်တို့ဘာသာစကားနဲ့အဓိပ္ပါယ်အကြောင်းပြောတော့အဓိပ္ပါယ်ကိုကျနော်တို့လုပ်နေတာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ အဓိပ္ပါယ်ဆိုတာခြားနားခြင်းကဖြစ်လာတာလို့ပြောခဲ့တယ်။ နမူနာတခုလောက်ပြန် ကြည့်ကြရင် ဥပမာ မီးပွိုင့်မှာမီးနီတဲ့အခါကျနော်တို့ရပ်ကြရတယ်။ ဒီလိုမီးနီရင်ရပ်ဆိုတဲ့အသိဟာ သူ့ချည်းရပ်တည်နေတာတော့မဟုတ်ဘူး။ မီဝါနဲ့ မီးစိမ်းနဲ့ဆက်စပ်ပြီးရလာတဲ့အဓိပ္ပါယ်ပဲ။ မတူလို့ဖြစ်လာရတဲ့ အဓိပ္ပါယ်ပဲ။ စကားလုံးတခု၊ စာသားတခုဟာ သူ့ချည်းအဓိပ္ပါယ်မရှိဘူး။ မီးနီကိစ္စမှာ သုံးပွင့်ဆိုင် Structure တခုကနေအဓိပ္ပါယ်ကိုထုတ်ပေးလိုက်တာ။ အနီဆိုတာ ရပ်ဆိုတာမျိုးအမြဲယူလို့ဘယ်ဖြစ်တော့မလဲ။ စိန်ပန်းအနီဟာလောကအပူကိုအံတုတဲ့အဓိပ္ပါယ်ဖြစ်လာနိုင်တယ်၊ နှင်းဆီအနီဟာ ချစ်ခြင်းရဲ့ရဲရင့်မှုဖြစ်လာနိုင်တယ်။ စကားလုံးတွေဟာမတည်ငြိမ်ဘူး။ အချိန်အလိုက် နေရာအလိုက် အဓိပ္ပါယ်တွေ ပြောင်းနေတယ်။ ဘာသာစကားဆိုတာက သူ့အရင်ရှိနေတဲ့အရာတွေကိုဖွင့်ဆိုဖို့ပေါ်လာတာ ဆိုပေမဲ့ တကယ်တမ်းကျတော့ အစစ်အမှန်တရားကိုဖော်ပြဖို့ရာမစွမ်းသာဘူး။ လူနဲ့တကယ့်အစစ်အမှန်တရားကြားမှာ ဘာသာစကားနဲ့အမြဲကာစီးထားခြင်းခံရတယ်လို့ ပြောဖို့ဖြစ်လာတယ်။

ဒီတော့ သူ့တည်ဆောက်ပုံစံနစ်ကိုနားလည်ဖို့လိုတယ်။ မိမိကိုယ်ကိုယ် နဲ့ ကမ္ဘာကြီးကို နားလည်ဖို့ဆိုတာ ဘာသာစကား ဟာအချက်အချာပဲလို့ Structuralist တွေကယူခဲ့ကြတယ်။ ဘာသာစကားကိုအဓိကထားတဲ့အချက်ကို Poststructuralist တွေကဆက်ယူခဲ့ကြပါတယ်။ Structuralism မရှိရင် Post structuralism ဆိုတာလည်းမရှိနိုင်ဘူး။ သူတို့ဟာ ခက်ရင်းရဲ့ခွနှစ်ဘက်ပဲ။ သို့ပေမဲ့ ဒီနှစ်ခုအဓိကကွဲလွဲချက်ကလည်း ဘာသာစကားပေါ်မှာပဲရှိနေတယ်။
ဘာသာစကားဟာထင်သလောက်မရိုးစင်းဘူး။ သူ့မှာထူးခြားချက်တွေရှိတယ်။ မောင်ချစ်ရဲ့ မြင်းက ဒီရွာမှာတော့ အချောဆုံးပဲ အပြေးနိုင်ဆုံးပဲလို့ ဘာသာစကားကိုသုံးပြီးရှင်းပြနိုင်တယ်။ မြို့တက်တော့ငါ့ကောင်ရေ လိုင်းကားတွေမောင်းတာကသောက်ကျိုးနဲမြန်တာကလားလို့လဲပဲ ဘာသာစကားကိုသုံးပြီးရှင်းပြနိုင်တယ်။ ဒါပေမဲ့ ဘာသာစကားတခုအကြောင်းကို ဘာသာစကားမသုံးပဲ ဘာနဲ့ရှင်းပြလို့ရမလဲဆိုတော့ အင်းဒါတော့အဲ လို့ပြောရတော့တယ်။ မြင်းကို ဒါမှမဟုတ် ကားကို သူ့အပြင်ဘက်ထွက်ပြီး ကြည့်ပြီး ပြောပြ ရှင်းပြနိုင်ပေမဲ့ ဘာသာစကားကိုသူ့အပြင်ဘက်ကကြည့်ပြီးပြောလို့မရဘူး။ ကျနော်တို့ဟာပိတ်မိနေတယ်၊ ဒါပေါ့ ဘာသာစကားထဲမှာပေါ့။ ကျနော်တို့ဟာ Structure တွေကိုမြင်ပြီးနားလည် နေတာမဟုတ်ဘူးတဲ့။ ကျနော်တို့ဟာ Structure ထဲမှာနေနေရတာတဲ့။ ကျနော်တို့ဟာ ဘာသာစကားကိုအသုံးပြုဖို့အတွက် သူကတည်ဆောက်ထားတဲ့စံနစ်ရဲ့ထိမ်းချုပ်မှုကိုခံလိုက်ရတယ်။ ကျနော်တို့ဟာကိုယ်ပြောချင်တဲ့ စကားရဲ့အဓိပ္ပါယ်ကိုမထိန်းချုပ်နိုင်ဘူး။ ကိုယ်ရေးချင်တဲ့စာသားရဲ့အဓိပ္ပါယ်ကိုမထိမ်းချုပ်နိုင်ဘူး။ ကျနော်တို့ကဘာသာစကားကိုသုံးနေတာမဟုတ်ဘူး။ ဘာသာစကားကလူကိုသုံးနေတာလို့ဆိုတယ်။ ဒီတော့ ဘာသာစကားကို ကရိယာတန်ဆာပလာအဖြစ်သုံးပြီးအနုပညာကိုဖန်တီးနေတယ်ဆိုတာက ဒါရီဒါ ပြောချင်တာနဲ့လွဲနေတယ်လို့ပြောမယ်ဆိုပြောနိုင်တယ်ပေါ့။
သူပြောတဲ့အတိုင်းပြန်ပြောရရင် Il n’y a de hors-texte (there is nothing outside text) ပေါ့။ စာသားရဲ့အပြင်မှာဘာမှမရှိဘူးတဲ့။ ဒီလိုပြောင်းလာတာ Post structuralism အမြင်ဖြစ်တယ်။ ဒါဟာ ဒါရီဒါ (Jacques Derrida 1930-2004) ရဲ့အယူအဆဖြစ်ပြီး သူ့ရဲ့ Of Grammatology (1967) မှာ Deconstruction ဆိုတဲ့စကားလုံးကိုစတင်မိတ်ဆက်အသုံးပြုခဲ့တယ်။ ဒါကြောင့်သူမြင်တဲ့ အဆောက်အအုံလွန်ဝါဒ ဟာ Deconstruction လို့လည်းလူသိများတယ်။ Structuralism သမားတွေရဲ့ တည်ဆောက်ပုံစံနစ်တွေကို ပြန်ပြီးပိုင်းဖြတ်ကြည့်လို့မို့ Deconstruction လို့သုံးတာဖြစ်ပြီး ဒါရီဒါ နဲ့ Deconstruction ဟာခွဲလို့မရအောင် ဖြစ်လာခဲ့ရတယ်။

KZကေ

Saturday, November 13, 2010

၁၆။ အားလုံးမလွတ်မြောက်မချင်းမည်သူမျှလွတ်မြောက်လိမ့်မည်မဟုတ်

ဥရောပပေါင်းစည်းရေးအတွက်စဉ်းစားလာရသည့်အချက်တချက်မှာ ကမ္ဘာလုံးစီးပွားရေးစံနစ်၏ နိုင်ငံတခုချင်းပေါ်သို့ရိုက်ခတ်ချက်ကြောင့်ဖြစ်သည်။ ယေဘူယျဆိုရလျှင် ခေတ်မှီဖွံ့ဖြိုးပြီးနည်းပညာ ရှေ့တန်းရောက်နေသည့်စက်မှုနိုင်ငံကြီးများတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံရေးနှင့်လူမှုရေးဘက်တွင် ပေးဆပ်ရတတ်သည်ဆိုသည့်အချက်ဖြစ်သည်။ ဒါတွေက အလုပ်လက်မဲ့နှုန်းများလာခြင်း၊ ဆင်းရဲမွဲတေမှု နှင့် ၀င်ငွေမညီမျှမှုတို့ဖြစ်သည်။ အဆိုပါအချက်များကလူမှုပေါင်းစည်းရေးကိုပြေလျှော့စေသည်။ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုကိုထိပါးစေသည်။ လူမှုဖူလုံရေးစံနစ်၊ အလုပ်သမားဈေးကွက်ကိုအလျှော့ အတင်းပြုခြင်း၊ ပြန်လည်ဖြန့်ဖြူးရေးပေါ်လစီ တို့ဖြင့်အထက်ကဆိုခဲ့သည့်အကျပ်အတည်းများကိုဖြေရှင်းနိုင်သည်။
သို့သော် ကမ္ဘာလုံးစီးပွားရေး နှင့် ငွေကြေးဈေးကွက်တို့က စီးပွားရေးဖွံ့ဖြိုးမှု၏ဘေးထွက်ပြဿနာများကို လူမှုဖူလုံရေးစံနစ်ဖြင့်ထိမ်းကျောင်းနိုင်စွမ်းကို ထိခိုက်လာစေသည်။ ဆိုလိုသည်မှာကမ္ဘာလုံးစီးပွားရေးနှင့် အတူပေါ်ပေါက်လာသော နိုင်ငံစုံကော်ပိုးရေးရှင်းကြီးများကသူတို့ရင်းနှီးမြှုပ်နှံသည့်နိုင်ငံတွင် အလုပ်သမား ဈေးကွက်ကိုဥပဒေများသုံးပြီးထိမ်းချုပ်လာပါက အခြားလုပ်အားဈေးချို ပြီးကန့်သတ်မှုနဲသည့်နိုင်ငံသို့ပြောင်းရွေ့ ရင်းနှီးမြှုပ်နှံပေလိမ့်မည်။ ဒီခြိမ်းခြောက်မှုကနိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန်၊ ၀င်လာပြီးသားမြှုပ်နှံမှုများပြန်ထွက်မသွားစေရန် ထိုလုပ်ငန်းများအရင်းအနှီးများအတွက်အခွန်အကောက်နှုန်းများ ကိုတိုးမြှင့်ကောက်ခံရန်မလွယ်ကူပေ။ တဘက်တွင်လည်းလူမှုဖူလုံရေးဝန်ထုပ်ဝန်ပိုးကလည်းရှိပြန်သည်။ အခွန်ငွေတိုးချဲ့ကောက်ခံဖို့ကလည်းအမြဲလိုကျားမြီးဆွဲရသလိုဖြစ်နေသည့်အတွက် အစိုးရ၏အုပ်ချုပ်ရေး ယန္တယားလည်ပတ်စေမည့် ဘတ်ဂျက်လိုငွေကိုရှာဖွေရန်ခက်ခဲလာပေသည်။
ဒီပြဿနာတွေကိုဖြေရှင်းရန် ဟာဘားမားကဖြစ်နိုင်ခြေနှစ်ခုတင်ပြထားသည်။ ပထမတချက်က အသုံးစရိတ် တွေကိုလျှော့ချ၊ လေဘာမားကက်ကိုဖွင့်ပေးထား၊ သို့သော်လူမှုဖူလုံရေးကိုမလုပ်နှင့်တော့။ ဖျားမယ်နာမယ်ဆို ကိုယ့်စရိတ်နဲ့ကိုယ်ကု၊ ဆေးရုံတက်လို့ကတော့စုထားတာလေးတွေထုတ်သုံးပေတော့။ ဆိုလိုတာကနိုင်ငံသား တွေစီးပွားရေးဘက်ကအသာရထားသမျှ လူမှုရေးနှင့်နိုင်ငံရေးတွင်ပြန်လည်ပေးဆပ်ရပေတော့မည်။ ဒါကနီယိုလစ်ဘရယ်နည်း၊ ဟာဘားမားသိပ်သဘောတွေ့ပုံမပေါ်။ နောက်တနည်းက နိုင်ငံရေးကိုပါ ကမ္ဘာလုံးဇတ်သွင်းဖို့ဖြစ်သည်။ ကမ္ဘာပတ်နေသည့် လက်ရှိဂလိုဘယ်စီးပွားရေးကိုနှင်တံလေးနှင့် မောင်းဖို့ဖြစ်သည်။ ဒီအယူအဆကိုအားလုံးကမျက်ခုံးပင့်ပြီးကြည့်ကြသည်။ ဟုတ်ပါ့မလားမောင်ကာလုရဲ့ဆိုသည့်မျက်နှာပေးတွေနဲ့။ ဟာဘားမားကတော့အောင်မြင်မည်မဆို။ စမ်းကြည့်ရမည်တဲ့။ ခုကိုပဲစတင်နေပါပြီ။ ဥရောပယူနီယံဖြစ်သည်။ ဟာဘားမားကတော့ ဒါကပုံစံပြောင်းတာမဟုတ်။ တိုးချဲ့နေခြင်းလို့ဆိုသည်။ စံနစ်တခုကနေ၊ ပုံစံတခုကနေ တခြားတခုကို ကူးပြောင်းနေတာမဟုတ်။ ပုံစံတူကိုတိုးချဲ့နေခြင်းဟုဆိုသည်။ ဒေသမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှုအခြေခံမတူသည့် အဖွဲ့ဝင်နိုင်ငံများအားလုံး ဥရောပသမဂ္ဂဆိုသည့်ခေါင်းစဉ်တခုတည်း အောက်တွင်မည်သို့စုစည်းကြမည်နည်း။ ဒါလည်းပဲ မေးစရာကောင်းသည့်အချက်တခုဖြစ်သည်။ သို့သော် ယဉ်ကျေးမှုပေါင်းစုံရောပြွန်းလာပြီး လူများရွှေ့ပြောင်းနေထိုင်နိုင်စွမ်းအားမြင့်လာသည့် အတွက်ရေရှည်တွင်လည်းနိုင်ငံဆိုသည့်စည်းတခုတားပြီး အထီးတည်းနေဖို့မလွယ်တော့ပါဟု ဟာဘားမားကထောက်ပြထားသည်။ ယဉ်ကျေးမှုများအပြန်အလှန်လေ့လာခြင်း၊ ခရီးသွားလာမှုများလွယ်ကူအောင်ပြုလုပ်ခြင်း၊ တက္ကသိုလ်များတွင်ကူးပြောင်းပရိုဂရမ်များထဲ့သွင်းခြင်း တို့သည်အဖွဲ့ဝင်နိုင်ငံများအတွင်း ကောင်းမွန်သောနားလည်ယုံကြည်မှုကိုရေရှည်တွင်ပေးပေလိမ့်မည်။ ဥရောပအဖွဲ့ဝင်နိုင်ငံများအနေဖြင့်အစောပိုင်းကာလများတွင် ဒေသသတ်မှတ်ချက်အရနိုင်ငံပုံစံယှဉ်ပြိုင်မှုများရှိ နေပေဦးမည်။ သို့သော်တချိန်တွင်ယူနီယံအဆင့်ထိနားလည်တိုးမြှင့်ခံစားလာနိုင်မည်ဟုဆိုသည်။ ဒီပုံစံကသင်ခန်းစာနှင့်အတွေ့အကြုံများသည် ကော်စမိုပေါ်လီတန်ကမ္ဘာ့နိုင်ငံရေးထဲကိုဝင်ရောက်လာ နိုင်ပေလိမ့်မည်။ နောက်ဆုံးသွားမည့်ပန်းတိုင်မှာ ကမ္ဘာဈေးကွက်စီးပွားရေးနှင့် သူ့ကိုတည့်မတ်မည့် ကမ္ဘာ့နိုင်ငံရေးဖြစ်သည်။
ဒါက ကမ္ဘာသားတွေအတွက်အကောင်းဆုံးနိုင်ငံရေးပုံစံဖြစ်ပြီး အားလုံးကြိုးစားရမည့် ဖြစ်စဉ်တခုလို့လည်းဆိုသည်။ အားလုံးဆက်လက်စမ်းသတ်သွားရမည့်နည်းလမ်းလို့လဲဆိုသည်။ ဘာလို့လဲ၊ အခြားနည်းတွေကပိုဆိုးမည့်အကျိုးဆက်တွေကိုတွေ့နေရလို့ပဲဖြစ်သည်။ အရင်းရှင်စံနစ်ကိုဇက်ကြိုးဖြည်ပြီး လွှတ်ပေးလိုက်လို့မဖြစ်။ စမ်းသတ်ချက်သေချာပေါက်အောင်မြင်မည်မဆိုနိုင်၊ သို့သော် မဖြစ်နိုင်သောကိစ္စလည်းမဟုတ်။ ဒီမိုကရက်တစ်စံနှုန်းများအရ လွတ်လပ်ပြီးညီမျှသည့်နိုင်ငံသားတွေစုပေါင်းပြီး သူတို့လူမှုကမ္ဘာကိုပုံဖော်နိုင်စွမ်းသည် အခွင့်အရေးကိုဘာလို့လက်လွှတ်ခံမည်နည်း။ ဟာဘားမားကတော့ အားလုံးမလွတ်မြောက်မချင်းမည်သူမျှလွတ်မြောက်လိမ့်မည်မဟုတ် ဟုဆိုသည်။

KZကေ

Main References:
HABERMAS (a very short introduction) by James Gordon Finlayson 2005, Oxford
Fifty Major Political Thinkers (Second Edition, 2007) by Ian Adams and R.W. Dyson, Routledge

Saturday, November 6, 2010

၁၅။ ဘာလင်တံတိုင်းအပြို နှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးရစ်သမ်

ကိုလူ။ ။ အမျိုးသားရေးဝါဒကဂျာမာန်မှာတော်တော်မွှေနေလို့ ဟာဘားမားကဒါကိုအရေးတကြီး ပြောရတာလား။
ကိုမူ။ ။ ခင်ဗျားလည်းသိပါတယ်။ ဟစ်တလာကအာရိယာန်သွေးဆိုပြီး အမျိုးသားရေးဝါဒကနေ ဖက်စစ်စံနစ်ကိုကူးခဲ့တယ်။ အော့ဇ၀စ် လိုငရဲခန်းတွေထဲမှာ ဂျုး၆သန်းကိုရှင်းခဲ့တယ်၊ ဂျာမာန်တွေဟာ စစ်ကြီးနှစ်ခုစလုံးရှုံးခဲ့တယ်။ အမေရိကန်နဲ့ ဆိုဗီယက်ကဒုတိယကမ္ဘာစစ်အပြီးမှာ ဂျာမနီ ကိုခွဲစိတ်ပြီး သူတို့စိတ်ကြိုက် အစိုးရနဲ့အယူဝါဒတွေသွတ်သွင်းခဲ့တယ်။ နောက်ဆုံးတော့ဘာလင်တံတိုင်းအပြိုမှာ စစ်အေးနိဂုံးဆိုတဲ့ သမိုင်းတကွေ့ကိုရောက်ခဲ့ကြတယ်။
ကိုလူ။ ။ ဂျာမာန်ပေါင်းစည်းရေးအကြောင်းလည်းပြောပါဦးဗျ
ကိုမူ။ ။ နိုဝင်ဘာ၉. ၁၉၈၉ မှာ ဂျာမာန်အရှေ့နဲ့အနောက် နှစ်နိုင်ငံပေါင်းစည်းကြတယ်။ GDR (German Democratic Republic) အရှေ့ဂျာမနီ ပြိုကျသွားတယ်။ ဟာဘားမားဟာအဲဒီအချိန်ကပြန်လည်ပေါင်းစည်းရေးနဲ့ ပါတ်သက်ပြီး ရေရှည်လုပ်ငန်းစဉ်ကိုအကြံပြုခဲ့တယ်။
ကိုလူ။ ။ အဲဒီအချိန်က ချန်ဆယ်လာက ဟဲလမွတ်ခိုး မဟုတ်လားဗျ။
ကိုမူ။ ။ အင်း။ သူနဲ့သူ့လူတွေကဂျာမာန်ပေါင်းစည်းရေးကို ကြားခံဥပဒေနဲ့အဆင့်တွေမခံပဲ တိုက်ရိုက်သွားဖို့လုပ်ခဲ့ကြတယ်။ ကပ်ရက်ရွေးကောက်ပွဲမှာလူထုထောက်ခံမှုကောင်းဖို့ ဆိုတဲ့ရည်ရွယ်ချက် ကြောင့်ဆိုပဲ။
ကိုလူ။ ။ အဲဒါဘာများမှားသွားသလဲ။ ခုလည်း ဂျာမနီဟာတည်တည်ငြိမ်ငြိမ်ပဲမလား။
ကိုမူ။ ။ ဟာဘားမားအမြင်ကတော့ အချိန်သာပိုယူခဲ့ရင်အရှေ့ဂျာမနီသားတွေဟာ အနောက်က ဗျုရိုကရက်တွေခင်းပေးတဲ့အယူအဆ၊ လမ်းကြောင်းအတိုင်းသွားစရာမလိုပဲ သူတို့လည်း ပေါင်းစည်းရေးဖြစ်စဉ်မှာ တစုံတရာထဲ့ဝင်နိုင်မယ်။ လုံလောက်တဲ့ ကိုယ်ကျင့်နဲ့ နိုင်ငံရေးဆိုင်ရာ သဘောညီမှုတွေအားနည်းခဲ့ရတယ်ဆိုပဲ။ ပိုဆိုးတာက အရှေ့ဂျာမနီရဲ့အုပ်ချုပ်ရေးအဆောက်အအုံဟောင်းကို ဖျက်ပြီး သူနဲ့ဆက်စပ်တဲ့ နိုင်ငံရေးအင်စတီကျုးရှင်းတွေအားလုံးကိုပါချုပ်ငြိမ်းစေတာဟာ မှားတယ်ဆိုတယ်။
ကိုလူ။ ။ အရှေ့ရဲ့အာဏာရှင်ပုံစံကိုမကြိုက်လို့ဖျက်ပြီးအနောက်နဲ့ပေါင်းပါတယ်ဆိုမှ ဘာကိုသံယောဇဉ်တွယ်နေရဦးမလဲဗျ၊
ကိုမူ။ ။ သူတို့ဖျက်သိမ်းခဲ့တာတွေထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်းလည်းပါတာကိုး။ ဒါကိုဟာဘားမား ကကြိုက်ပုံမရဘူး။ အုပ်ချုပ်ရေးနဲ့စီးပွားရေးနှစ်ခုထဲပဲကြည့်ပြီးပေါင်းစည်းရေးကိုမလုပ်နိုင်ဘူး။ နိုင်ငံရေးအရကိုပေါင်းနိုင်မှ ပီပြင်တဲ့ပေါင်းစည်းရေးဖြစ်လာမှာ။ အရှေ့ဂျာမာန်တွေကိုဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်ပြန်စရမယ်ဆိုတဲ့ကိုယ်တိုင်နားလည်သိမြင်မှု အချိန်တခုတော့ပေးရမယ်။
ကိုလူ။ ။ တချို့ကတော့ခုလိုစာရွက်ပေါ်ကစီမံကိန်းတွေမကြည့်ပဲလက်တွေ့ဖော်ဆောင်လိုက်တာကိုပဲ အမှတ်ပေးကြတယ်နော်။
ကိုမူ။ ။ ဒါပေမဲ့ဟာဘားမားသံသယရှိတဲ့နောက်တချက်က ဂျာမနီဟာ ပန်ဂျာမန်အမျိုးသားရေးအခြေခံစိတ်ဓါတ် (Pan-German Nationalist Sentiment) နဲ့ပေါင်းခဲ့တယ်။ နောက်ပိုင်းအရှေ့ဂျာမန်မှာတခြားကလာအလုပ်လုပ်တဲ့သူတွေကိုဂျာမန်လူမျိုးရေးအစွန်းရောက်တွေက နှောင့်ယှက်ခဲ့တာတွေဟာ ဒီအကျိုးဆက်လို့ သူသုံးသပ်တယ်။
ကိုလူ။ ။ ဘာလဲဗျ ပန်ဂျာမန် ဆိုတာ။
ကိုမူ။ ။ ဂျာမန်စကားပြောသူတွေအားလုံးပေါင်းစည်းရေးပဲ။ ဥရောပအလယ်ပိုင်းအရှေ့ပိုင်းနဲ့ ပြောရရင် ဒတ်ခ်ျတွေနဲ့ ဖလင်းမစ်ခ်ျ တွေကလည်းမူရင်းဂျာမန်စကားရဲ့ဒေသသုံးတွေလို့ဆိုတယ်။
ကိုလူ။ ။ ဖလင်းမစ်ခ်ျကဘယ်လ်ဂျီယံမှာပဲပြောတာမဟုတ်ဘူးလား။
ကိုမူ။ ။ ဟုတ်တယ် ဘယ်လ်ဂျီယံသားတွေအဓိကပြောတာ ပြင်သစ်နဲ့ဖလင်းမစ်ခ်ျ ပေါ့။ ဘရပ်ဆဲမှာရေဒီယိုမှာနှစ်ဘာသာနဲ့အဓိကလွှင့်ပြီး တမြို့ထဲနေပြီး နာမည်ကြီးပြင်သစ်အဆိုတော်နာမည်ကို ဖလင်းမစ်ခ်ျ ပြောတဲ့သူတွေကမသိကြဘူးလို့ ကျနော်တခါကဖတ်လိုက်ရတယ်။ ပန်ဂျာမန်ရဲ့မူလရည်ရွယ်ချက်ကတော့ နပိုလီယံရဲ့အင်အားချဲ့ထွင်မှုကိုတားဖို့ပါပဲ။
ကိုလူ။ ။ အော် ဥရောပသမဂ္ဂရုံးစိုက်တဲ့ မြို့တော်မှာ ဘာသာစကားနှစ်ခုနဲ့ကပ်ညိနေတဲ့ဆရာများက ဥရောပယူနီယံကိုဘယ်လိုများ ထူထောင်ကြမလဲဗျာ။
ကိုမူ။ ။ အဲဒါလေ ခင်ဗျားသိချင်နေတဲ့ ကျနော်တို့နောက်ဆုံးပြောမဲ့ဟာပေါ့။ ဥရောပပေါင်းစည်းရေးနဲ့ ဟာဘားမားရဲ့ပို့စ်နေရှင်နယ်လစ် အယူအဆ။
ကိုလူ။ ။ မြန်မြန်သာပြီးပါမှပဲကိုယ့်ဆရာရေ။ ဒါပြတ်ပါမှပဲကျနော်လည်းရွာပြန်ပြီး သာဂိတို့ထန်းတောမှာ မနက်စောစော နှစ်မြူလောက်သွားဆွဲပြီး မိန်းမချောမှတ်မိလေမလားကွယ် ကန်ပတ်လည်ခရေပွင့် ရွာထိပ်ကကျောင်းတော်သာနဘေး ……. ဆိုပြီးအကျယ်ကြီးဟဲလိုက်ဦးမယ်ဗျာ။

KZကေ

Friday, November 5, 2010

၁၄။ အမျိုးသားရေးဝါဒကိုလက်သပ်မွေးတဲ့ လူ့အဖွဲ့အစည်းကျောမှာဒါဏ်ရာတွေနဲ့

ကိုလူ။ ။ အင်း လူမှုအစီအစဉ် တခုတည်ငြိမ်ဖို့ဆိုတာလည်းဘက်ပေါင်းစုံကကြည့်ရတာကလား။ ခင်ဗျားနောက်ဆုံးပြောမယ်ဆိုတဲ့ Post-national Citizenship ဆိုတာလေးဆက်ပါဦး။
ကိုမူ။ ။ ဆက်တာပေါ့လေ။ ဒါပေမဲ့ အမျိုးသားရေးဝါဒ (Nationalism) ကိုအရင်စကြည့်ရအောင်။ မော်ဒန်ခေတ်ဦးလူ့အဖွဲ့အစည်းပုံစံဟာ ဒေသ၊ ဓလေ့ထုံးတမ်း၊ ဘာသာရေးယုံကြည်မှုနဲ့ မြေရှင်စံနစ်ရဲ့အရိပ်အောက်မှာရှိခဲ့တယ်။ ဒါပေမဲ့ ၁၈ရာစုအကုန်ပိုင်းလောက် ကစပြီး ဥရောပနိုင်ငံတွေဟာ အဲဒီအချိန်မှာရှိတဲ့လူမှုပြဿနာပေါင်းစုံကိုဖြေရှင်း ရင်းပုံစံကွဲလာခဲ့တယ်။ မြို့ပြယဉ်ကျေးမှုစတယ်၊ လူတွေကုန်တွေ လှုပ်ရှားစီးဆင်းလာတယ်၊ ဘာသာရေးအစွဲအလမ်းနဲလာတယ်။
ကိုလူ။ ။ ဒီရွာလေးမှာ ဆွေစဉ်မျိုးဆက် ဓါးမဦးချ နေထိုင်လုပ်ကိုင်စားသောက်သူတွေ၊ ကိုယ့်ဘေးအိမ်မှာမရှိတော့ဘူး၊ လူစိမ်းတွေရောက်လာတယ်။ ဘာသာစကားအရ ယဉ်ကျေးမှုအရ အစဉ်အလာထုံးဖွဲ့မှုတူညီပြီးဖွဲ့စည်းထားတဲ့ ကွန်မြူနတီတွေဟာ မျှခြေယိုင်လာတယ်ပေါ့။
ကိုမူ။ ။ ဒီတော့ဗျာ လူမှုပေါင်းစည်းရေးကအရင်ထက်ပိုအရေးပါလာတယ်။ နိုင်ငံသားတွေကြားမှာရှိတဲ့ ဆက်ထုံးတွေကိုခိုင်မြဲအောင်လုပ်ဖို့လိုလာတယ်။ နိုင်ငံနဲ့နိုင်ငံသားသိစိတ် (National Consciousness) နှစ်ခုကိုတပြိုင်နက်ထဲထူထောင်ဖို့ စုပေါင်းယဉ်ကျေးမှုနဲ့နိုင်ငံရေး ကိုယ်ပိုင်အမှတ်သညာ (Collective cultural and political Identity) ကိုခံစားတတ်ဖို့လိုလာတယ်။
ကိုလူ။ ။ အဲဒီခံစားမှုဟာအစွန်းရောက်လွန်ကဲလာရင် အမျိုးသားရေးဝါဒ ထောင်ချောက်ထဲဝင်သွားရော လို့ခင်ဗျားပြောချင်တာလား။
ကိုမူ။ ။ ဟုတ်တယ်၊ အမျိုးသားရေးလက္ခဏာဆိုတာက ဆင်ခြင်မှုအခြေခံနဲ့သွားတာမဟုတ်ဘူး။ ခံစားမှုနဲ့သွားတာကိုး။ ခေတ်မှီလာတဲ့ ရောထွေးစုပေါင်းလာတဲ့လူ့အဖွဲ့အစည်းတွေမှာ ယူနီဘာဆယ်စံ အရ ညီမျှပြီး စည်းကမ်းဥပဒေတကျဖြစ်သင့်တယ်ဆိုတဲ့ အစုအဖွဲ့တွေရှိတယ်။ တဘက်မှာ နယ်ချဲ့ဆန့်ကျင်ရေးလို၊ လွတ်လပ်ရေးလို၊ စစ်ပွဲနဲ့သမိုင်းတွေကို အတူဖြတ်သန်းရင်းရလာခဲ့တဲ့ သမိုင်းကြောင်းအရ ဂုဏ်ရောင် ထွန်းပြောင်မှုပေါ် အခြေခံထားတဲ့ စုစည်းမှုရှိတယ်။ ဒီနှစ်ခု မျက်နှာချင်းဆိုင်မိရင်း အကဲဆတ်လာကြတယ်။
ကိုလူ။ ။ အဲဒီတော့
ကိုမူ။ ။ အမျိုးသားနိုင်ငံတွေမှာဒီခြိမ်းခြောက်မှုကြီးလာတော့ အမျိုးသားရေးဝါဒကို လှမ်းဆွဲတော့တာပေါ့။
ကိုလူ။ ။ တည်ငြိမ်မှုကိုဗန်းပြပြီး အမျိုးသားရေးကိုရှေ့တန်းတင်လာတာလည်းမရှိနိုင်ဘူးလား။
ကိုမူ။ ။ ရှိနိုင်တာပါပဲ။ ရှိနေတာပါပဲ။ သို့သော်ကျနော်ပြောချင်တဲ့အပိုင်းက ဖွံ့ဖြိုးပြီးဖြစ်စေ၊ဖွံ့ဖြိုးဆဲဖြစ်စေ၊ မဖွံ့ဖြိုးသေးတာပဲဖြစ်စေ၊ ဒါဏ်ရာတမျိုးမျိုးရထားတဲ့ လူ့အဖွဲ့အစည်းမှာသာ အမျိုးသားရေးဝါဒကို အတွေ့ရများတယ် ဆိုတာပါ။ ဘေးဖယ်ထုတ်ခံထားရတဲ့လူနည်းစုတွေဟာ သူတို့အသိမှတ်ပြုခံရဖို့၊ ပြန်လည်ရုန်းကန်ကြမှာအမှန်ပဲ။
ကိုလူ။ ။ ဖိတော့ရုန်း၊ ရုန်းတော့ဖိ၊ ဂျာအေးကိုသူ့ကြီးဒေါ်ကြီးကပါဝင်ရိုက်တယ်ဆိုပါတော့။
ကိုမူ။ ။ အမျိုးသားရေးဝါဒကရှို့ဖို့လွယ်တယ်။ ငြိမ်းဖို့ကျတော့အများကြီးခက်ပါတယ်။ မထိမ်းနိုင်ရင်လူမျိုးရေးသန့်စင်မှုနဲ့ လူမျိုးစုလိုက်မျိုးဖြုတ်သုတ်သင်မှုတွေထိပါရောက်ခဲ့တာတွေမျက်မြင်ပဲမလား။
ကိုလူ။ ။ ဒီထောင်ချက်ကထွက်နိုင်တဲ့နည်းများ ခင်ဗျားဘုတ်အုပ်တွေထဲမတွေ့မိဘူးလား။
ကိုမူ။ ။ ဟာဘားမားပြောတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံနည်းလမ်းတကျဖြစ်တဲ့မျိုးချစ်ဝါဒ (Constitutional Patriotism) တဲ့။ အမျိုးသားရေးဝါဒဆိုတာက Post-conventional Morality ကနေThe Conventional Morality ကိုပြန်သွားတာကိုး၊ သမိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုနောက်ပြန်လှည့်တာကိုး၊ ဥပဒေနဲ့ထိန်းကျောင်းရမယ်။ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့ပဲတည့်မတ်ရမယ်။ အဲသည်မှာအရေးကြီးတာက အခြေအနေအရပ်ရပ်နဲ့ပြေလည်နိုင်စွမ်းရှိတဲ့နိုင်ငံရေးယဉ်ကျေးမှု ရှိနေဖို့လိုတယ်။

KZကေ

Wednesday, November 3, 2010

၁၃။ လူတဦးချင်းစီ၏လွတ်လပ်မှုကိုလူ့အဖွဲ့အစည်းတွင်းလေ့ကျင့်ခြင်း

Moral Discourse အရဆက်စပ်ပတ်သက်နေသူအားလုံးလက်ခံနိုင်သည့်စံနှုန်းများလိုလာသည်။ Moral Discourse ကိုသုံးစွဲပြီးအရောက်သွားရမည့် Post-conventional Morality ၏အဆင့်ခြောက်တွင် ထိုစံနှုန်းများဖြင့် တရားမျှတမှု၊ညီမျှမှုတို့ဖြင့်လူသား၏ ဂုဏ်သိက္ခာကိုလေးစားသိမှတ်မှုပြုရမည်ဖြစ်သည်။ တဘက်တွင်မော်ဒန်လူ့အဖွဲ့အစည်းသည် ရှုပ်ထွေး၊ ကွဲပြား၊ယဉ်ကျေးမှုပေါင်းစုံရောနှောလာပြီး ဓလေ့ထုံးတမ်းစဉ်လာ စံတခုတည်း ခေါင်မှ ထိန်းချုပ်ထားမှုမျိုးမရှိတော့။ ဒီအချက်တွေက မော်ဒန်လူသား၏ ကိုယ်ပိုင်အတွေ့အကြုံနှင့်လောကအမြင် (Subjectivity) ကိုအခြားသူများနှင့်ညှိနှိုင်းရင်းဆုံးရှုံး ခံလိုက်ရမည်ဟုမဆိုလို၊ ကျယ်ပြန့်လာသည့်ကိုယ်ပိုင်အမြင် (larger self) တခုဖွံ့ဖြိုးလာစေရန်သာဖြစ်သည်။ တွေးခေါ် မျှော်မြင်မှုပြည့်ဝသည့် စုပေါင်းအမြင်တခု (an idealized we-perspective) ထူထောင်နိုင်ရန်ဖြစ်သည်။ ဟာဘားမား၏ ဆိုခဲ့ပါ အယူအဆသည် ဖီလော်ဆော်ဖီရှုထောင့်မှသည် နိုင်ငံရေးအမြင်တခုကိုရွေ့ပြောင်းလာခဲ့သည်။ တကယ်တမ်းဆိုလျှင် နိုင်ငံရေးနှင့်ဥပဒေကို ကိုယ်ကျင့်ရှုထောင့်မှ ခွာပြောရန်မဖြစ်နိုင်ပေ။
ဟာဘားမားကနိုင်ငံရေးကိုအ၀န်းအ၀ိုင်းနှစ်ခုခွဲပြောသည်။ စည်းတွင်းအ၀န်းအ၀ိုင်း (Formal Sphere) နှင့် စည်းပြင်အ၀န်းအ၀ိုင်း (Informal Sphere) ဖြစ်သည်။ စည်းပြင်ဝန်းဝိုင်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ရှိသည်။ အစိုးအရမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် မီဒီယာတို့သည် အရပ်ဘက်လူ့အဖွဲ့အစည်းထဲတွင်ပါသည်။ ဒီအဖွဲ့အစည်းတွေကအဆုံးအဖြတ်ပေးနိုင်သူတို့မဟုတ်။ သူတို့က နိုင်ငံ၏ ယေဘူယျပြဿနာများ၊ သီးခြားဖြစ်ရပ်များနှင့်ပါတ်သက်သည်တို့တွင်ဆွေးနွေး၊ နားလည်မှုယူ၊ အလျှော့အတင်းပြု၊ အယူအဆများစုစည်းတင်ပြကြသည်။ တဘက်တွင် ပါလီမန်၊ ၀န်ကြီးအဖွဲ့၊ ရွေးကောက်တင်မြှောက်ခံထားရသောအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသည် စည်းတွင်းဝန်းဝိုင်း ထဲတွင်ရှိပြီး ပေါ်လစီချမှတ်သူများ၊ ဆုံးဖြတ်နိုင်သူများ၊ ဥပဒေပြုသူများ ဖြစ်သည်။ ဟာဘားမားအယူအဆအရ နိုင်ငံရေးစံနစ်တခုတွင်ဆုံးဖြတ်ချက်ချနိုင်သော အဖွဲ့အစည်းများသည် အရပ်ဘက်လူ့အဖွဲ့အစည်း၏ တွေးခေါ်ယူဆချက်၊ဝေဖန်ပိုင်းဖြတ်ချက်များ စီးဝင်နိုင်စွမ်းရှိရမည်။ ဆုံးဖြတ်ချက်ချနိုင်သော အစိုးရအဖွဲ့အစည်းများသည် အသွင်း (Input) တွင်အရပ်ဘက် လူ့အဖွဲ့အစည်း၏ လူထုအယူအဆ၊ အတွေးအခေါ်များရှိပြီး အထွက် (Output) တွင် လူထုပေါ်လစီနှင့် ဥပဒေတို့ရှိရမည်။ ဒါကခေတ်မှီမော်ဒန်လူ့အဖွဲ့အစည်းတခုအတွက် အပြိုင်သွားနေရမည့်နိုင်ငံရေးစည်းတွင်းစည်းပြင်အ၀န်းအ၀ိုင်း နှစ်ခုဖြစ်သည်။
ထို့အပြင် အခြေခံအတွေးအခေါ်ပိုင်းတွင်လည်း ဟာဘားမားသည် အစဉ်အလာ နိုင်ငံရေးအယူအဆ နှစ်ခုကိုမျှပြီးပုံဖော်ဖို့တင်ပြထားပြန်သည်။ ထိုနှစ်ခုမှာ Liberal Democracy နှင့် Civic Republican ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရေစီမှာ လူ့အခွင့်အရေးနှင့်တဦးချင်းလွတ်လပ်ခွင့် (Individual Self-determination) ပေါ်အခြေခံသည်။ လူတဦးချင်းစီ၏စိတ်ခံစားမှုအပေါ်မူတည်ပြီး လွတ်လပ်မှုကို အခွင့်အရေးအဖြစ် မြင်နိုင်သည့်အချက်ဖြစ်သည်။ Freedom ကို Opportunity အဖြစ်ဆွဲယူသုံးစွဲနိုင်ခြင်းဖြစ်သည်။ ရီပတ်ပလီကန်မှာ အချုပ်အချာခိုင်မာမှု၊ လူထုနှင့်နိုင်ငံရေးချုပ်ကိုင်မှု (Self-realization of the political community) ပေါ် အခြေခံသည်။ လူထု၏စုပေါင်းနိုင်ငံရေးချုပ်ကိုင်မှုဆိုသဖြင့် လူတဦးချင်းစီ၏လွတ်လပ်ခွင့် ကိုကန့်သတ်သည်။ လွတ်လပ်မှုကိုအလေ့အကျင့်အဖြစ်မြင်သည်။ Freedom ကို Exercise ဟုအနက်ဖွင့်သည်။
ဟာဘားမားကလူတဦးချင်းစီ၏လွတ်လပ်ခွင့်ကိုမထိပါးသည့်လူထုနိုင်ငံရေးအာဏာဖွင့်ဆိုလိုသူဖြစ်သည်။ ဒီမျှခြေကိုရှာလိုသဖြင့် ပါလီမန်၊ လွှတ်တော်စသည့် နိုင်ငံရေးအဖွဲ့အစည်း၏ဆုံးဖြတ်ခွင့်အတွင်း အရပ်ဘက်လူ့အဖွဲ့အစည်း၏ အယူအဆနှင့်အမြင်တို့ကိုထဲ့သွင်းစဉ်းစားစေလိုခြင်းဖြစ်သည်။
သို့သော် သြော်သို့သော်ဖြစ်သည်။ လူတဦးချင်းစီ၏လွတ်လပ်ခွင့်ဆိုသည်မှာအမြဲလိုလိုလူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုနှင့် တွန်းထိုးလွန်ဆွဲရမှုများရှိသည်။ ဒီနှစ်ခုကြားတင်းမာများရှိသည်။ ဒါကိုဟာဘားမားကမငြင်း။ အဖြေက ဥပဒေကိုကြားခံထားပြီးဖြေရှင်းဖို့ဖြစ်သည်။ ဥပဒေတရပ်သည်လိုက်နာရန်ကောင်းမွန်သည့်အချက်(Appreciable) ထင်ရှားရှိရမည်။ အသိအမှတ် ပြုခံရသည့်အဖွဲ့အစည်းတခုကချမှတ်ရမည် (Positive Effect)။ ဥပဒေကိုလိုက်နာဖို့ တင်းမာသည့်တွန်းအား (Coercible) ရှိရမည်။ ထိုအချက်များထင်ရှားမရှိပါက ဥပဒေအရပြဋ္ဌန်းထားသည့်လူ့အခွင့်အရေးသည် အရပ်ဘက်လူ့အဖွဲ့အစည်းကို ဈေးကွက်နှင့် အုပ်ချုပ်ရေးယန္တာရား၏ ခြစားမှုဒါဏ်မှ ကာကွယ်ပေးနိုင်ရန်ခဲယဉ်းမည်။ တနည်းဆိုလျှင်အားနည်းသည့်အရပ်ဘက်လူ့အဖွဲ့အစည်းများမှ နိုင်ငံရေးအဖွဲ့အစည်းများကိုမှန်ကန်စွာဆုံးဖြတ်ချက်ပေးရန်ပံ့ပိုးနိုင်စွမ်းရှိမည်မဟုတ်။ အကျိုးဆက်မှာအစိုးရ အဖွဲ့အစည်းအတွင်း အာဏာပါဝါကိုတည်ဆောက်နိုင်သည့် အုပ်စုတခုကသာနိုင်ငံ၏ကံကြမ္မာကိုချယ်လှယ်ခွင့် ရပေလိမ့်မည်။

KZကေ

Saturday, October 30, 2010

၁၂။ Moral Discourse (သို့) သင်ယူမှုဖြစ်စဉ်ကိုဖြတ်သန်းခြင်း

ကိုမူ။ ။ အေးဗျာ ဒီနေရာမတော့ကျနော်တို့ပို့စ်မော်ဒန်သမားတွေကိုနဲနဲပြောဖို့လိုလာတယ်။ ဥပမာ ဖူးကို (Michel Foucoult 1926 – 1984) ရဲ့အလိုအရတော့ Conflict ကတော့ရှိမှာပဲတဲ့။ ဒါကိုရှင်းထုတ်လိုက်ချင်လို့မရ ဘူးတဲ့။ ဟာဘားမားလိုချင်တဲ့အားလုံးသဘောညီလက်ခံနှိုင်မှု (Consensus) ဆိုတာက တခုခုကိုချိုးနှိမ်ပစ် လိုက်မှရတာမျိုးလို့ဆိုတာကိုး။ လူနဲစုရဲ့သဘောထားကိုဖိနှိပ်ပစ်လိုက်ရတာ မျိုးတွေပေါ်လာနိုင်တယ်ပေါ့။
ကိုလူ။ ။ ခင်ဗျားဆိုချင်တာက အမျိုးသမီးလှုပ်ရှားမှုတွေ၊ လူနည်းစုရပိုင်ခွင့်တွေ ဒါတွေကို Consensus နဲ့မသွားနိုင်ဘူးပေါ့။
ကိုမူ။ ။ ကျနော်တို့ဂျိမ်းဆင်နဲ့ပို့စ်မော်ဒန်အကြောင်းပြောတုန်းက အလုံးစုံအမှန်တရား (Totality/ Universality) ကိုပို့စ်မော်ဒန်သမားတွေကပယ်တယ်ဆိုတာ ပြန်သတိရစေချင်တယ်။ ဒီတော့ ဟာဘားမားနဲ့ ပို့စ်မော်ဒန်နဲ့လာညိနေတဲ့အထဲဒီတခုလည်းပါတယ်ပေါ့။ ဟာဘားမားက အဆင့်ငါးကနေခြောက်ကို ကူးပြောင်းတာကို သင်ယူမှုဖြစ်စဉ် (Learning Process) လို့ဆိုတယ်။ သူကကြိုတော့ပြောထားတာပဲမလား။ မော်ဒန်ဟာမပြီးသေးဘူးဆိုတာ။ ဒီအဆင့်ကို သင်ယူရင်းဖြတ်သန်းရဦးမယ် ဆိုတဲ့သဘောပေါ့။
ကိုလူ။ ။ ဟုတ်ပြီ၊ ဒါဆို Ethic နဲ့ Moral ခွဲတာလေးဘက်လှည့်ပါဦး။
ကိုမူ။ ။ Ethic က အကောင်းနဲ့အဆိုးခွဲတယ်။ တန်ဖိုး (Value) ကိုအခြေခံတယ်။ ငါ့အတွက် ငါတို့အတွက် ဘာကကောင်းသလဲတွေးတယ်။ Moral ကျတော့ အမှန်နဲ့အမှားခွဲတယ်။ နှုန်းစံ (Norm) ကိုအခြေခံတယ်။ ဘယ်ဟာအမှန်လဲ၊ ငါဘာလုပ်သင့်သလဲ၊ ဘာကြောင့်လဲ ဆိုတာတွေမေးတယ်၊ တွေးတယ်။
ကိုလူ။ ။ အကောင်းအဆိုးနဲ့ အမှားအမှန်ကွာတာတော့ဟုတ်ပါပြီ။ တန်ဖိုးနဲ့ နှုန်းစံကိုဘယ်လိုခွဲတာလည်း။ တန်ဖိုးကိုအခြေမခံတဲ့ စံနှုန်းစံထားဆိုတာမျိုးကောရှိလို့လား။
ကိုမူ။ ။ ဟာဘားမားအဆိုအရတော့ Value ဆိုတာ ယဉ်ကျေးမှုနဲ့ဆက်စပ်တယ်။ Culture ကလာတာ၊ တဦးချင်း၊ အုပ်စုတစုနဲ့ပိုသက်ဆိုင်တယ်။ ဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတာ။ ဒါပေမဲ့ Normကတော့ စံတခုအနေနဲ့ရှိတယ်။ သတ်မှတ်လိုက်တာ။ ဥပမာဗျာ ကျနော်တို့ယဉ်ကျေးမှုမှာ ကြီးသူကိုငယ်သူကရိုသေတာ၊ ဒါက Value၊ လူကြီးသူမကဆုံးမရင်လိုက်နာရတာမျိုး။ သက်ကြီးစကားသက်ငယ်ကြားတို့ဘာတို့ဟာ ဒီတန်ဖိုးကိုပံ့ပိုး ထားတာမျိုးပေါ့။ စံနှုန်းနဲ့ချဉ်းကပ်တဲ့အခါမျိုးကြတော့ ငယ်တဲ့သူက ဟာဒီလူကြီးဒီအယူအဆကို ဘာစံကိုယူပြီးပြောတာလဲ၊ သူပြောတာကိုလက်ခံဖို့ခြေခြေမြစ်မြစ်ဘာရှိသလဲ။ ဒါတွေဝင်လာတယ်။
ဒါ့အပြင် Norm (စံနှုန်း) တခုသတ်မှတ်ဖို့ဆိုတာ ဆက်စပ်ပတ်သက်သူအားလုံး လက်ခံလိုက်နာ နိုင်တာမျိုးဖြစ်ရမယ်။ ဥပမာ၊ လူတယောက်တယောက်ကို ကတိက၀တ်ပေးပြီးမဖောက်ဖျက်ရဘူး ဆိုတာ ကိုယ်ကျင့်အရ၊ တန်ဖိုးအရကောင်းပေမဲ့အားလုံးကျင့်သုံးဖို့မလွယ်ကူဘူး။ ခင်ဗျားဟာကတိပေးပြီးလို့ကတော့ ဘယ်တော့မှမဖျက်ဘူးဆိုတာက သိပ်ကောင်းတဲ့တန်ဖိုးတခုပေါ့။ ဒါပေမဲ့ စံနှုန်းတခုအနေနဲ့ တခြားသူအားလုံး လိုက်နာကျင်သုံးရမယ်လို့တော့သတ်မှတ်လို့မဖြစ်ချေဘူး။ သို့သော် သူတပါးအသက်မသတ်ရဖူး ဆိုတာကျတော့ နှုန်းစံအနေနဲ့ကိုလက်ခံပြီးကျင့်သုံးသင့်တာမျိုးဖြစ်တယ်။
ကိုလူ။ ။ ဒီတော့ Ethic ကအချက်အလက်တခု ရဲ့ခိုင်မာမှုဟာ ဆက်စပ်ပတ်သက်မှု၊ အခြေအနေတခုပေါ်မှီခိုမှု တွေနဲ့ဆိုင်ပြီး Moral ကျတော့ ဘယ်ပေါ်မှုမမှီခိုတော့ဘူး၊ သူချည်းပဲမှန်ကန်ပြည့်စုံမှုရှိနေတယ်။ Conditional နဲ့ Unconditional ကွာသွားတယ်။ Relative နဲ့ Absolute ကွာလာတယ် ပေါ့။
ကိုမူ။ ။ အတိအကျပဲ။ သီအိုရီအရတော့ Ethic က ကိုယ့်လုပ်ဆောင်ချက်ကနေထွက်လာတဲ့အကျိုးဆက်တွေ ကိုမူတည်ပြီးကောင်းဆိုး (မှားမှန်) ခွဲတဲ့ Theological ဖြစ်ပြီး Moral ကတော့ ခင်ဗျားဘယ်လိုတာဝန်တွေ ကိုယူတယ်ဘာတွေ လုပ်တယ်ဆိုတဲ့အချက်ကိုမူတည်ပြီး မှားမှန်ခွဲတယ်။ Deontological လို့ဆိုတယ်။ နည်းလမ်းကိုကြည့်တာနဲ့ ရလဒ်ကိုကြည့်တာ နှစ်ခုကွဲသွားတယ်။
ကိုလူ။ ။ ခင်ဗျားအလုံးကြီးတွေနဲနဲလျှော့ပါလေ။ ခုလောက်ဆိုရင် ဟာဘားမားဟာ Ethical Discourse ထက်စာရင် Moral Discourse ကိုပိုဦးစားပေးတယ်ဆိုတာကျနော်ရိပ်မိသွားပါပြီ။
ကိုမူ။ ။ ဟုတ်တယ်၊ လူ့အဖွဲ့အစည်းတခုမှာ ဆက်စပ်ပတ်သက်နေတဲ့သူ (agent) အားလုံးလက်ခံ လိုက်နာနိုင်တဲ့ စံနှုန်းတွေရှိရမယ်။ သတ်မှတ်ရမယ်။ ဒါတွေနဲ့ conflict တွေကိုရှင်းရမယ်။ ဒီလိုမရှင်းနိုင်သေးတာဟာ အဲဒီလူ့အဖွဲ့အစည်းဟာ Post-conventional Morality ရဲ့အဆင့်ခြောက် ကိုမရောက်သေးလို့ပဲ။ ရှေ့အပတ်ကပြောတာနဲ့ပြန်ဆက်စပ်ရရင် ကိုယ်ကျင့်ဖွံ့ဖြိုးမှုရဲ့ အဆင့်ငါးကနေ ခြောက်ကို ကူးပြောင်းဖို့လုပ်နေတဲ့ သင်ယူမှုဖြစ်စဉ်ကို Moral Discourse နဲ့ဖြတ်ကျော်ရမယ်ဆိုတာ ဟာဘားမား အယူအဆပဲ။
Moral Discourse တို့ Ethical Discourse တို့ဆိုတာ တွေကိုဟာဘားမားရှေ့ကဆရာသမားတွေ ပြောခဲ့ဘူးတာမရှိဘူး။ သူကစတာပဲ။ ကျနော်တို့ ခုပြောတာလည်း သဘောလေး ငုံမိတယ်ဆိုရုံသာပါ။ ခင်ဗျားစိတ်ဝင်စားရင် ကန့် ကစပြီး လေ့လာစေချင်တယ်။

KZကေ

Tuesday, October 26, 2010

၁၁။ Post-conventional Morality: ကိုယ်ကျင့်ဖွံ့ဖြိုးမှု၏ နောက်ဆုံးအဆင့်ကိုမျှော်ကြည့်ခြင်း

ကိုလူ။ ။ ရှေ့ဆက်မသွားခင်ပြီးခဲ့သမျှလေးပြန်ပြောကြည့်ရအောင်လား။
ကိုမူ။ ။ ကျနော်တို့ပြောချင်တာလေးနဲနဲတော့ပုံပေါ်လာပုံပဲ။ ရောမအင်ပါယာပြိုကွဲအပြီး အလယ်ခေတ်မှာ ဘာသာရေးစစ်ပွဲတွေ၊ ကျောင်းတော်ကလွှမ်းမိုးမှုတွေများတော့ အနောက်တိုင်းလူ့အဖွဲ့အစည်းဟာ တချို့သမိုင်းဆရာများအလိုအရဆို အမှောင်ခေတ်ထဲဖြတ်သန်းခဲ့ရတယ်။
ကိုလူ။ ။ ပြီးတော့ ရီနေးဆန်း အလင်းရောင်၊ ပြီးတော့ Enlightenment (ညာဏ်အလင်းပွင့်ခေတ်) ကစတည် လိုက်တဲ့ မော်ဒန်ခေတ်။ ခုပို့စ်မော်ဒန်ကတော့ကော။
ကိုမူ။ ။ ဘာသာရေးယုံကြည်မှုအစွန်းရောက်ခဲ့တဲ့ အလယ်ခေတ်ကိုပြင်ဖို့ Enlightenment တွေးခေါ်ရှင်တွေက ဆင်ခြင်မှုကိုရှေ့တန်းတင်ခဲ့ကြတယ်။ ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း ဘာသာရေးအစွဲအလန်းကင်းတဲ့လူ့အဖွဲ့အစည်းမျိုးပေါ့။ ဒီမှာမော်ဒန်လူ့အဖွဲ့အစည်းဖြစ်လာတယ်။
သိပ္ပံနည်းပညာ တွေအရမ်းထွန်းကားလာတယ်။ ပို့စ်မော်ဒန်ဆိုတဲ့အသုံးတွင်ကျယ်စပြုလာတာကို ၁၉၆၀ ပြည့်နှစ်တွေမှာစတွေ့တယ်။ လူသားရဲ့ ဆင်ခြင်နည်းလမ်းတကျအတွေးအခေါ်နဲ့နည်းနာတွေထက်ကျော်လွန်ပြီး လူ့အဖွဲ့အစည်းဟာပိုရှုပ်ထွေး လာတယ်၊ ဒါကြောင့် အခြားအယူအဆသစ်တွေကိုရှာဖွေရမယ်။ ခေတ်ကိုအခြားအမြင်တွေနဲ့မြင်တတ်ဖို့လိုလာပြီဆိုပြီး ပို့စ်မော်ဒန် ဆရာများက ဆိုလာတယ်။ ဒါပေမဲ့ ဟာဘာမားဟာ မော်ဒန်မပြီးသေးဆိုတာ ဆင်ခြင်တုံတရားကိုလက်လွှတ်လို့မရဘူးဆိုတာ အချက်သုံးချက်ကိုရှင်းရင်းရပ်တည်ခဲ့တယ်။
ကိုလူ။ ။ တစ်၊ သူ့ဘာသာစကားအမြင်မှာအခြေခံတဲ့ အဓိပ္ပါယ်ကိုနားလည်ခြင်း၊ ဆက်တော့ Validity Claim သုံးမျိုး။ နှစ်၊ ဒါကိုတခါသူက စံနစ် (System) က ဘ၀ကမ္ဘာ (Lifeworld) ကိုလွမ်းမိုးရင်းပေါ်လာတဲ့ ရှုပ်ထွေးမှု တွေကြောင့် လူတွေဟာအဖြစ်အပျက်တွေကိုမှန်မှန်ကန်ကန်နားမလည်နိုင်တော့ဘူး။ တနည်းဆိုရရင် ငွေ နဲ့ အာဏာကို အခြေခံထားတဲ့ Instrumental Actions တွေကြောင့်လူဘ၀ဟာ လူမှုမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဆင်ခြင်မှုအခြေခံလူ့အဖွဲ့အစည်းဟာမဖြစ်နိုင်တာမဟုတ်ဘူး။ မော်ဒန်ခေတ် ရဲ့ကောင်းမွန်တဲ့ နှုန်းစံတန်ဖိုးတွေကို Communicative Actions သုံးပြီးပြန်လည်တည်ဆောက်ရမယ်လို့ဆိုတယ်။
ဒီလိုကျနော်နားလည်တာမှန်လား။
ကိုမူ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ဟာဘားမားရဲ့ကိုယ်ကျင့်ပိုင်းအယူအဆကိုဆက်ကြမယ်။ သူက ကလေးဘ၀ကစလို့ လူတွေရဲ့ ကိုယ်ကျင့်ဖွံ့ဖြိုးမှုသီအိုရီကို Lawrence Kohlberg (1927 – 1987) ဆိုတဲ့ Developmental Psychologist တယောက်ဆီကယူတယ်။ ဒီမှာ အပိုင်းသုံးပိုင်းရှိပြန်တယ်။ Pre-conventional, The conventional နဲ့ Post-conventional လို့ဆိုတယ်။ တပိုင်းကိုတခါ ၂ဆင့်ပြန်ခွဲလိုက်တော့ စုစုပေါင်း ခြောက်ဆင့်ရှိသွားတယ်။ ပထမပိုင်း Pre-conventional Moral ရဲ့ အဆင့်တစ် မှာ ပြစ်ဒါဏ်၊ ရိုသေမှု နဲ့ တခြားသူကို မထိခိုက်စေတာကစတယ်။နှစ် ကျတော့ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို ဖြည့်စီးပေးနိုင် မဲ့နည်းလမ်းတခု အဖြစ်မြင်တာ၊ တခြားသူတွေ ကိုလည်း ဒီလမ်းပဲလိုက်စေချင်တာ။
ကိုလူ။ ။ ဆက်ပါဦး
ကိုမူ။ ။ ဒုတိယပိုင်း Conventional Morality ကျတော့ အဆင့် ၃ နဲ့ ၄ ဖြစ်လာပြီ။ သုံးမှာ လူကောင်းဖြစ်စေဖို့၊ လိမ္မာယဉ်ကျေးတဲ့ အမျိုးကောင်းသား၊ အမျိုးသမီးကောင်းလေးတွေဖြစ်လာဖို့၊ စည်းကမ်းတွေလိုက်နာတာ၊ မျှော်လင့်ထားသလိုဖြစ်စေတာ၊ တခြားသူတွေတွက်စိုးရိမ်ပူပန်တတ်လာတာ။ တခါ အဆင့်လေးမှာ တာဝန်ယူတာ၊ ကိုယ့်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းရဲ့ လူမှုကျင့်ဝတ်နဲ့ဖြစ်စဉ် တွေကိုထိမ်းသိမ်းတာ တွေပါလာတယ်။
ကိုလူ။ ။ အပိုင်းတစ်ရဲ့အဆင့်၂ဆင့်မှာ Morality ဆိုတာကိုသင်ယူနေတုန်းပဲရှိသေးတယ်။ အပိုင်းနှစ်ရဲ့ အဆင့်သုံးနဲ့လေးရောက်တော့မှကျင့်သုံးဖို့သဘောဝင်လာတယ်လို့ကျနော်တော့မြင်တယ်။ Post-conventional ကိုပြောပါဦး။
ကိုမူ။ ။ အဆင့်ငါးရောက်တော့ Morality ဆိုတာလူ့အဖွဲ့အစည်းရဲ့ အခြေခံမှန်ကန်မှု၊ တန်ဖိုး၊ ဥပဒေနဲ့လျှော်ညီတဲ့ စည်းမျဉ်းတွေလို့သိမြင်ရမယ်လို့ဆိုလာတယ်။ လူများစုကြီးရဲ့သဘောထားနဲ့ မကိုက်ညီဘူးဆိုရင်တောင်မှ လူနည်းစုရဲ့တန်ဖိုးထားပုံနဲ့စံတွေကို ကာကွယ်ရမယ်ဆိုတယ်။ နောက်ဆုံးအဆင့်ခြောက်မှာ Morality ကို အားလုံးဆက်စပ်လက်ခံနိုင်တဲ့ယူနီဘာဆယ် အခြေခံနှုန်းစံတန်ဖိုး အဖြစ်နားလည်လက်ခံထားဖို့ပဲဖြစ်တယ်။ တရားမျှတမှုအခြေခံစည်းမျဉ်းတွေ၊ ညီမျှမှု နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားသိမှတ်ပြုဖို့ထိပါလာတယ်။
ကိုလူ။ ။ ဟုတ်ပြီလေ။ သူကဒီ Morality ခြောက်ဆင့်ကနေဘာကိုဆက်ပြောချင်တာလဲ။
ကိုမူ။ ။ သူက Moral နဲ့ Ethic ဆိုပြီးခွဲပြောတယ်၊ တကယ်တော့ ၁၉၈၀ ပြည့်နှစ်တွေထိသူလည်း ဒီနှစ်ခုကို လှယ်သုံးနေတာပါ။ ၁၉၉၁ နောက်ပိုင်းရောက်လာမှသာစခွဲပြီး ပြောလာတာ။ ဆိုတော့ကာ သူက Moral Discourse ကနေ Ethical Discourse ဆိုပြီးခွဲလိုက်တယ်။ လောလောဆယ်တဆင့်ဖြတ်ပြီးချုပ်လိုက်ရင်တော့ ပြည့်စုံတဲ့လူ့အဖွဲ့အစည်းတခုကိုရဖို့ဆိုတာ Post-Conventional Morality ထိရောက်အောင် သွားနိုင်ရမယ် လို့ဆိုတာပေါ့လေ။
ကိုလူ။ ။ ကျနော်ကြားဖူးတာပေါ့ဗျာ။ Moral နဲ့ပါတ်သက်ပြီး ယူနီဘာဆယ်စံ ထိရောက်အောင်စခဲ့တာ ကန့် (Immanuel Kant 1724 – 1804) လို့ဆိုတယ်။ ဟာဘားမားနဲ့ဘာတွေကွာလို့လဲ။
ကိုမူ။ ။ ဟာဘာမားအလိုအရ ကန့်ဟာ Monological ဖြစ်နေတယ်ပေါ့။ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့် ကိုပိုဦးစားပေးလိုက်တယ်။ တဦးတယောက်ပေါ်အားပြုထားတဲ့အမြင်ကနေဘယ်လိုယူနီဘာဆယ် အဆင့်ကိုသွားလို့ရမလဲပေါ့။ ဟာဘားမားဝေဖန်တာပါ။ ကန့်က အဆင့်ငါးမှာရပ်နေတယ်၊ အဆင့်ခြောက်ထိမရောက်သေးဘူး၊ Dialogical မဖြစ်သေးဘူး ဆိုတယ်။ တကယ်တော့ကိုယ်ကျင့်ဆိုတာက ခင်ဗျားတယောက်တည်းနဲ့ကိုက်ညီပြီး လက်ခံထားတာမျိုးကိုပြောလို့မရဘူးလေ။ လူမှုဝန်းကျင်၊ လူ့ဘောင်လောက၊ လူ့အဖွဲ့အစည်း စတာတွေအားလုံးနဲ့ သဘောညီဖို့လိုတာပဲမဟုတ်လား။
ကိုလူ။ ။ ဒါဆိုသူတို့အနောက်တိုင်းလူ့အဖွဲ့အစည်းဟာ အဆင့်ငါးထိတော့ရောက်နေပြီပေါ့။ အဆင့်ခြောက်ကို မကူးပြောင်းနိုင်သေးဘူးလို့ဆိုချင်တာလား။

KZကေ

Saturday, October 23, 2010

ဒိုင်ယာဘောလစ်ခ် ဒိုင်ယာလော့ခ် ဒိုင်ယာလက်တစ်

ခုတော့ ကိုယ်တို့ အိုက်စင်ကလင်တွေဝယ်စားကြတယ်
ကလေးတွေကလည်းကြိုက်တာကိုး
လူငယ်ဘ၀ဟာအတော်တက်ကြွဖွယ်ရာကောင်းလှတယ်
မြစ်ကူးတံတားကြီးတွေဟာ အံ့ဖွယ်သရဲပဲ
ဘင်္ဂလားပင်လယ်အော်မှာအထီးကျန်အလုပ်ထဲပျော်အောင်နေခဲ့စဉ်က
ကျနော်ဟာရှေးမာ့စ်ဟေနီနဲ့တခန်းတည်းတက်ခဲ့ဘူးတယ်ဆိုတဲ့
ယဉ်ကျေးတဲ့အိုင်းရစ်အင်ဂျင်နီယာတယောက်နဲ့အလုပ်ထဲမှာတွေ့ခဲ့ဘူးတယ်
သူဟာ နယူးယော့နဲ့လန်ဒန်ပဲ အိုင်ယာလန်တော်လှန်ရေးအကြောင်းတခွန်းမှပြောမသွားခဲ့ဘူး
နေနဲ့ထုတ်တဲ့လျှပ်စစ်ဓါတ်ဆိုတာကလည်း နောက်ထပ်အံ့ဖွယ်သရဲပါပဲ
နောက်တော့ကာရာအိုကေခေတ်ကိုရောက်တယ်
လူငယ်တွေဟာအသက်သုံးဆယ်လောက်ရောက်တာနဲ့ညနေဘက်ဆိုညောင်းတတ်နေပြီ
လှည်းတန်းမှာ နိုင်ငံခြားဘာသာသင်ကျောင်းတွေ အကြော်ဆိုင်တွေ
တခြားဆူလွယ်နပ်လွယ်တွေများ ကြိတ်ကြိတ်တိုးပဲ
စည်တယ် စီဘီယာဆိုင်တွေ အမြုပ်တွေကလည်းစီစီထနေတာပဲ
၁၉လမ်းမှာတရုတ်ဆိုင်တဆိုင်က ဒေါင်ကနဲဆိုအကြော်ခံဒယ်ပြားကြီးကိုခေါက်လိုက်ရင်
ညှော်နံ့တွေဟာလုံးကနဲပဲ ကျနော်တို့ရှုကြတာပါပဲ
သွေးပေါင်ချိန်ဖို့ဆိုတာ အကြောတက်တယ်ဆိုတာ ကိုယ်တော်ပြီနဲနဲများနေပြီတို့ဆိုတာ
ဘယ်တုန်းကမှမကြားခဲ့ဘူး ခုလို ၅၀၀ မီလီလီတာဘီယာဘူးဆိုတာ
ဒီလိုပဲပေါ့ အချိန်ကာလဟာ ကိုယ်တွေ့ဘူးသမျှ ယှဉ်နိုင်သူမရှိပါဘူး
ဘာမဆိုဖြစ်နိုင်တယ် ဘာမဆို တကယ့်ကိုဘာမဆိုပဲ
ကိုယ်ကတော့ပျော်တာပါပဲ
ဆရာစံလမ်းမှာ ထော်လီကွေ့မှာ သခင်မြပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဘီပီအိုင်မှာ
အင်းစိန်ပန်းခြံမှာ ဂွတ်တလစ်မှာ တာမွေအ၀ိုင်းမှာ အင်းလျားကန်စောင်းမှာ တွေ့တဲ့ဆိုင်ထိုင်လိုက်ကြတာပါပဲ
တောသားဆိုပေမဲ့ ကိုယ်ဟာရန်ကုန်ကိုလက်ဝါးပေါ်တင်ပြီးလှည့်ပစ်သလိုသွားတယ်
ရင်ခွင်ထဲထည့်ပြီးလည်းချစ်ခဲ့ဘူးတယ်
ခုတော့အရာရာချိန်ဆရတယ် အိုင်ဂိုးတူအော့ဖစ်စ်ရက်စတာဒေး ဆိုတာမျိုးမပြောမိအောင်
စိတ်ချကျနော်နောက်နေ့စောစောရောက်အောင်လာခဲ့မယ်ဆိုတာမျိုး မပြောမိအောင် အမျိုးမျိုးပေါ့လေ
ကိုယ့်မြို့လေးတော့ရေဒါဏ်မိုးဒါဏ်က နလံမထူသေးဘူးတဲ့
အင်ဂျီအိုတွေရှိသေးတယ် မယ်လမင်းမပါတဲ့နို့မှုန့်တွေ ရေမယိုတဲ့တာလပါတ်ဖျင်စတွေ
အော်ခေတ်ကြီးများပြောပါတယ် မွေးကင်းစလေးကစလို့ သေကောင်ပေါင်းလဲအရွယ်ကြီးထိ
ထောင်ချောက်တွေနဲ့ စစ်တုရင်မှာနေ့မီးညမီးကူးတုန်းက အဆိပ်ပွန်းလိုင်းခွဲနဲ့အောင်မြင်ခဲ့ဘူးတယ်
ကိုယ်ဟာယုန်လိုအပြေးသန်တယ် ပရွက်ဆိတ်လိုရှေ့ကကောင်နောက်လိုက်ပြီး
အစာရှာတယ် နွားလားဥဿဖ ဗျုဟာကိုသိတယ် စစ်ခေါင်းတည်ရာဇွတ်ဝင်ထိုးတတ်တယ်ပေါ့
ခါတရံ ဆင်ခြင်ညာဏ်ကလည်းတိရိစ္ဆာန်သာသာပါ သို့ပေမဲ့အလုပ်ဖြစ်တယ်လေ
ချစ်ခင်သူတွေရှိတယ် မုန်းသူတွေရှိတယ် အချောင်သမားထင်ချင်သူတွေရှိတယ်
အနစ်နာမခံနဲ့တားတဲ့သူတွေလည်းရှိပါတယ် ဒီလိုပေါ့
အဖြစ်နဲ့အပျက်ဟာခေါင်းနဲ့ပန်းပဲ ခေါင်းပေါ်ကပန်းပဲ
အခန့်မသင့်ရင် ညူကလီးယားဓါတ်ပေါင်းဖိုတွေဘာတွေနဲ့ဖြစ်ဦးမှာ ဒီတော့
တောမှာပွင့်တဲ့ပန်း တောမှာပဲလန်းဆန်းစေချင်တယ် ဆိုတဲ့အတွေးအခေါ်မျိုးနဲ့တော့
မဖြစ်ချေဘူးပေါ့ဗျာ

KZကေ

Saturday, October 16, 2010

၂၀၁၀+

ဆီးဘန်နီဆရာတော်ရဲ့ သေသော်မှတည့်သြော်ကောင်း၏
ကို ငါငယ်ငယ်ကအလွတ်ကျက်ခဲ့တယ်
ဆန့်ကျင်ဘက်အနေနဲ့ ငါအခုကျန်းမာရေးလိုက်စားတယ်
ဒီတော့ ငါညနေဘက် ဂျော့ကင်ပြေးတာခွင့်လွှတ်စေချင်တယ်
ဒီတော့ ငါဆေးလိပ်ဖြတ်လိုက်တာ ခွင့်လွှတ်စေချင်တယ်
နှိုးစက်သံကြားတိုင်း အလန့်တကြားနိုးနေတုန်းပဲ
ဒီတော့ ငါမရင့်ကျက်သေးတာ ခွင့်လွှတ်စေချင်တယ်
အစစ အရာရာပေါ့ ငါ့အသက်လေးရှာကြံမွေးနေတာကိုဖြစ်နိုင်ရင် ခွင့်လွှတ်စေချင်ပါတယ်။
သွားတိုက်တယ်၊ အရှက်မရှိတဲ့မျက်နှာကိုသစ်တယ်
မနက်ခင်းတိုင်း အိတ်ကလေးဆွဲပြီး ကော့ပက်ကော့ပက်နဲ့ မီးနီကိုလစ်ရင် ဖြတ်လျှောက်တယ်
အစည်းအဝေးတွေမှာခပ်တည်တည်နဲ့ ရွှီးတယ်
နားမလည်သော်လည်းခေါင်းငြိမ့်တယ်
အနဲဆုံး စတိုင်အရတော့ဆရာကြီးပုံစံဖမ်းတယ်
ပိုကြီးတဲ့ကောင်ကပြောရင် ဒါမှန်တာပေါ့လို့အဆစ်ပါတယ်။
မဖြစ်ညစ်ကျယ်လုပ်လို့မရဘူးဆိုတာ ငါကောင်းကောင်းသိတယ်
မင်းမကြိုက်ရင်လည်းနေ အင်အားဟာခုနေတော့အမှန်တရားပဲ
အမှန်တရားအစစ်ဟာဖိနပ်ကြိုးပြတ်နေတာလား
အမှန်တရားလာနိုင်တဲ့နေရာထိုင်ခင်းမျိုး ငါတို့ကမဖန်တီးလို့များလား တခုခုပဲ
ဒုတိယကမ္ဘာစစ်ကို ဘီ၅၂ နဲ့သိမ်းပစ်လိုက်တာ ကိုယ့်လူရဲ့
နာဇီချင်းအတူတူ မူဆိုလီနီ နဲ့ ဟစ်တလာတို့နေတဲ့ ဥရောပကို ယန်းကီးတွေကအနုမြူဗုံးမကြဲခဲ့ဘူး
နောက်တော့ ဟီးရိုးရှီးမား ဟာ ဇီးရိုးအကြီးစား ဖြစ်သွားတာပေါ့
ငါစိတ်နာတဲ့ထဲဒါလည်းပါတယ်ဆိုပေမယ့် ဂရင်းကတ်ပေးရင်တော့ စဉ်းစားမိအုန်းမလားပဲ
မင်းကနုသေးတယ် အနဲဆုံးမင်းနှလုံးသားကနုသေးတယ်
တုတ်တပျက် ဓါးတလက်ချင်း ကတော့ ငါ့သွေးကလည်း နဂါးနီမှာမြစ်ဖျားခံခဲ့တာပါ
ပြီးတော့ ခုခေတ်က ဘေးအိမ်မှာ ဖိုင်ဘာအော့တစ်ကြိုးကအခွေလိုက်ချနေပြီ
အာဗာတာလိုကားမျိုးကိုရိုက်သူကရိုက်လို့ ကြည့်သူကသုံးဘက်မြင်နဲ့ကြည့်နေကြပြီ
ငါတို့က ရှောပင်းမောထဲက အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေဟောင်းလို့ ဈေးချတုန်းပြေးဝယ်ဖို့ပဲ
အားလပ်ရက်ချိန်းပြီးဘီယာသောက်ဖို့၊ တိမ်ပြာပြာမြင်ရင် ချစ်တင်းနှီးနှောကြဖို့ပဲ၊
ပွင့်ပွင့်လင်းလင်းပြောရရင် တယောက်ယောက်ကသာထောက်ပံ့ထားလို့ကတော့
အိပ် စား ကာမ သာသာပဲဖြစ်မှာ၊
နာမည်ဆိုးပေမဲ့ အနေရချောင်တယ်ဆိုတာမျိုးပဲဖြစ်မှာ၊
ငါတို့က နွားကျောင်းသားတွေသေနတ်ပစ်တဲ့ ကားထဲကလူကြမ်းကောင် သေနတ်ပြောင်းဝကမီးခိုးငွေ့မှုတ်တဲ့ကောင် ကိုကြောက်ကောင်းတုန်း
ငါတို့က နွားတွေလို လူတွေသီးနှံအတွက်အသားကုန်ရုန်းပြီး အသားအတွက် ကိုယ်အစားခံရမဲ့အလှည့်ကိုစိတ်အေးလက်အေး စောင့်တုန်း
ငါတို့က စာအုပ်အထူကြီးတွေဖတ်ပြီး ရေကူးနည်းသင်နေတုန်း
ငါတို့က ရေနစ်သူတွေကိုကယ်ဖို့ လယ်ထဲကိုထော်လာဂျီနဲ့သွားပြီး ကောက်ရိုးတမျှင်ကိုရှာတုန်း
ငါတို့က ငါတို့လုပ်အားခထဲကနေ ရေငုပ် မီးလှုံ တုန်းခုန် ဇယ်ခတ်ကောင်တွေကို
အခွန်အကောက်များဆက်သတုန်းပေါ့
ဒီတော့ စိတ်လျှော့ အသောက်အစားလျှော့ ငါ့ခွက်ထဲနဲနဲပိုထဲ့ပေါ့
ဟုတ်ပြီလား ဟီးဟီး ဟားဟား
ခံရပါများလာတော့ ငါလည်းငိုသံပါကြီးနဲ့မရယ်တတ်တော့ပါဘူး
တို့ဘ၀တို့ကမ္ဘာထဲကလိုပေါ့
အရက်ကုန်လေ ငါတို့ရဲ့မျိုးချစ်စိတ်ဓါတ်တွေကပိုထက်သန်လာလေပဲ
နီးနီးနားနားမှာ စစ်သားစုဆောင်းရေးတပ်မရှိလို့မို့
စစ်ထဲတော့မ၀င်ဖြစ်လိုက်ဘူး
ငါတော့ တရုတ်ကြမ်းဆရာတွေမျက်နှာကြည့်နေရတော့
အချုပ်တန်းဆရာဖေကိုသတိမရအားသေးဘူး။
“ရှေ့တန်းမှာစစ်သားတွေကအလံအစုတ်ကလေးကိုင်ပြီး
တောင်ကုန်းတွေဆီပြေးတက်နေကြတယ်
နောက်မှာတိုင်းပြည်ကရောင်းစားပြီးသွားပြီ” တဲ့။ တော်တီလာဖလက်ဟာ ရက်စက်လွန်းလှပါတယ်။
ဘာအရေးလဲ
ငါကတခြားတိုင်းပြည်တွေလှည့်ကျွန်ခံနေတာပဲမလား။
ငါတို့ဟာ သဘောင်္ဝမ်းပေါက်တာမဖာပဲ
အိပ်ခန်းထဲကလူကြီးမိဘများကိုပစ်ပြီး ကုန်းပတ်ပေါ်ကမျိုးဆက်သစ်တွေကိုပစ်ပြီး
အသက်ကယ်လှေကိုရှာခဲ့ကြသူတွေပေါ့။
ငါတို့ဟာ ကိုလံဘတ်နဲ့ ဗတ်စကိုဒဂါးမား ကိုအားကျပြီး
ပထမတော့နယ်မြေသစ်ကိုရှာကြသူတွေထင်ခဲ့တာပါ
ခုပြန်ကြည့်မှ မိမိဆန္ဒအလျှောက် မိမိကိုယ်ကို ကျွန်ကုန်ကူးခဲ့သူများပေါ့။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာပျော်စရာမကောင်းပါဘူး
ကိုယ့်ပေါင်ကိုယ်ပြန်လှီးစားရတာပိုလို့ပျော်စရာမကောင်းပါဘူး
ဟင်္သာကိုးသောင်းဇတ်ပါ
ငါဆက်ပြောရင်မင်းမျက်ရည်ကျတော့မှာပဲ
ခုငါကျနေသလို မင်းမျက်ရည်ကျတော့မှာပဲ
ဒီတော့ တခုပဲ ငါတို့ကြေကွဲ ဒေါသထွက် ၀မ်းနည်း ပူဆွေး
မျက်ရည်များဘူးသီးလုံးလိုက်ကျတာကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ဘူးလား
ငါတို့သေကောင်ပေါင်းလဲ သင်ထားတဲ့ပညာက ကျွန်ပညာရေးသက်သက်ပဲလား
ခုလိုရေထဲမိုးထဲမှာ ဇက်ပေါ်ဝဲနေတဲ့ ဓါးမှာနေရောင်အလက်ကို သက်တန့်လိုငေးကြည့်နေတာလား
ခံစားတတ်ရင်သဘာဝဟာအလှတရားတခုနေမှာပါ
ဘ၀သည်ပင်အလှတရားတခုဖြစ်နိုင်ပါရဲ့
လွတ်မြောက်မှုကတော့ စဉ်းစားဆင်ခြင်စရာကိုမလိုတဲ့ ပကတိအလှတရားဖြစ်ပေလိမ့်
ငွေဆီက အကြောက်တရားက ကြီးစိုးအုပ်မိုးနေတဲ့အတွေးအခေါ်တွေဆီက
ငါလွတ်မြောက်ဖို့ကြိုးစားနေပါတယ်
တနေ့ငါလည်း မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကအထွက်
ရန်ကုန်မြေကိုဒူးထောက် နဖူးထိငုံ့နမ်းပြီး
ငါ့လူမျိုးနဲ့ငါ့တိုင်းပြည်အတွက်သက်သက် တစက္ကန့်ချင်းရှင်သန်ဖို့
သစ္စာပြုနိုင်မယ်မျှော်လင့်မိပါရဲ့။

KZကေ

Sunday, October 10, 2010

နေ့များ။ ပျောက်ဆုံးမနေသဖြင့်မိမိကိုယ်ကိုရှာဖွေရန်ငြင်းဆိုခြင်း

ငြင်းမရသည့်အထဲတွင်မနက်ဖြန်လည်းပါသည်
စွန်ကြိုးကအိုက်ကျလာတော့သူနဲနဲရစ်တင်လိုက်သည်
တနင်္လာ အင်္ဂါ စသည်ဖြင့်
နံရံပေါ်တွင် ကမ္ဘာ့မြေပုံရှိသည် နံရံဘေးတွင်စားပွဲတလုံးရှိသည်
သူသည်အလွန်ခေတ်မှီချင်သူဖြစ်သော်လည်းဆေးဆိုင်မှပါရာစီတမော၂ကဒ်ဝယ်လာခဲ့သည်
ဓါတ်ဗူးကိုကျော်ကြည့်လိုက်လျှင်မိုးမိထားသည့်ပြူတင်းပေါက်ဘောင်နှင့်ငှက်ကလေးတကောင်
အိမ်တွင်လှောင်ချိုင့်မရှိပါ သူ့အတွေးအခေါ်ကလုံလောက်ပါသည်
အမဲလိုက်ရာတွင်သုံးသည့်ရှေးခေတ်လက်နှိပ်ဓါတ်မီးကြီးရှိသည် သမင်နှင့်ဒရယ်ချိုများမရှိပါ
ဓါတ်ခဲတွေကမော်တာကျည်ဆံတွေလောက်တော့မကြီးပါ
သို့သော်အမှောင်သည်တော်တော်အထွန်းခံနေသည်
တိရိစ္ဆာန်ဆေးကုဆရာဝန်နှင့်စနေနေ့မနက်တွင်စုံတောမြိုင်လက်ဘက်ရည်ဆိုင်တွင်ချိန်းထားမိခဲ့သည်
ကမ္ဘာကြီးပိုပူလာသည် သိုးမွေးအင်္ကျီတွေရောင်းရတုန်းပဲဖြစ်သည်
တယ်လီဗေးရှင်းထဲတွင် ရေခဲတောင်တွေမှာ ရေခဲလျှောစီးသည့်အားကစားတွေပြိုင်ကြတုန်းပဲဖြစ်သည်
ဂျိမ်းစဘွန်းသည်နောက်ဆုံးထွက်သည့်ကားသစ်ထဲတွင်နှင်းတောင်ပြိုကျသည့်ကြားထဲမှလွတ်မြောက်လာသည်
စစ်အတွင်းကကြီးကျယ်သောစိုက်ပျိုးရေးတခုမှာ မြေမြှုပ်မိုင်းများဖြစ်သည်
ပိုပေါ့၏အဆိုပါအမွေကို ကမ်ဘောဒီးယားလယ်သမားများတူးဖော်တွေ့ရှိဆဲဖြစ်သည်
စားပွဲထိုးကလေးက ၀က်ခြေထောက်စွတ်ပြုတ်ရပြီလို့ပြောသည်
စားအုံးဆီအစစ်နှင့်ကျော်သော အီကြာကွေးရပြီလို့ပြောသည်
သူတို့တရုတ်ပြည်မှလာသောဘီစကစ်တွေတချပ်ပြီးတချပ်စားကြသည်
တရက်တော့မြို့ထဲတွင်ဈေးကြီးသည့်ကော်ဖီတခွက်လောက်သွားသောက်ကြဖို့ပြောဖြစ်ကြသည်
အဲသည်မှာအာသာဟယ်လီ၏ ဇစ်မြစ်စာအုပ်ထဲမှာပါသော ဘလူးစ်တေးဂီတကိုလည်းနားဆင်နိုင်မည်
ဝင်ရိုးစွန်းတွင်ရေခဲများအရည်ပျော်ကြနေပြီ
ပျားရည်သောက်သော်လည်းဝက်ဝံတွေဆီးချိုမဖြစ်ဟု ဆရာဝန်ကပြောသည်
နောက်တော့လက်နှစ်ဘက်ဆန့်တန်းမြှောက်ပြီး ၀ါးကနဲအော်သည် ဘေးဘီကြည့်ပြီးထပြန်သည် အမွှေးထူသည့်ခွေးပေါက်စလေးနှစ်ကောင်ဆေးလာထိုးလိမ့်မယ်လို့လဲပြောသည်
နိုင်ငံခြားကသွင်းလာသည့်ဆေးတွေနှင့်နိုင်ငံခြားကသွင်းလာသည့်ခွေးတွေဖြစ်နိုင်ပါသည် ဂလိုဘယ်လိုက်ဇေးရှင်းကိုသူသိသည်
နေရောင်သည်ကျားသစ်အရေခွံနဲ့ဖြစ်သည် မိုးမရွာပါ
ရေအားလျှပ်စစ်ဓါတ်နှင့်ထုတ်လုပ်မည့်မိုးအတုမရွာသေးပါ
ကံကောင်းထောက်မသဖြင့်သူ့ဂျင်းဘောင်းဘီခါးနံပါတ်မှာမနှစ်ကအတိုင်းပဲဆိုသည့်အသံကြားရသည်
သူ့အသိလည်းမနှစ်ကအတိုင်းသာဖြစ်သည်
သူဝတ်ထားသောတီရှပ်သည်မနုဿဗေဒအသင်းမှထုတ်သောမျောက်ပုံအရုပ်နှင့်ဖြစ်သည်
သူတို့နိုင်ငံခြားကိုမျောက်တွေပြန်တင်ပို့ကြသည်
ကိုရီးယားဇတ်လမ်းတွဲတခုအပြီး တီဗီဖိုက်မှကြံ့ခိုင်ကျန်းမာပြည်မြန်မာအစီအစဉ်လာနေပြီ
နောက်ကျောတွင်ကျောက်ပတ်တီးစီးထားသော တက္ကသိုလ်နာမည်ကိုအင်္ဂလိပ်လိုရေးထားသည်

KZကေ

Saturday, October 2, 2010

စက်တင်လိုအခြားဘာလများရှိလေမလဲ

မနက် ကိုးနာရီ တနင်္ဂနွေနေ့
မနေ့ညကိုနက်စေတဲ့ဒဿန အလကားဆိုတာ ခုမနက်မှငါရိပ်မိ
ခေတ်မှီဖို့ဆိုတာခုတော့ငါတို့လိုကယ်ကိုနားလည်ဖို့ပဲ
အသင့်လုပ်စက်တင်ဘာလနှင့် တနင်္ဂနွေနေ့
ကော်ဖီဟာပူနေတုန်းမှာပဲဟောင်းသွားတော့
ငါပိုင်သယောင်ဖြစ်နေတဲ့မနက်လေး နှေးသွားအောင် ရိုးရာအနံ့သွင်းချင်လာ
တယ်လီဖုန်းထဲဝင်နေတဲ့ အောင်ပါစေနဲ့ စည်တော်ကြီးနဲ့ နတ်ချင်းနဲ့ ဗျောသံနဲ့
စက်တင်ဘာလ U tube ထဲ ကြိုးစားထားတဲ့သီချင်းစာသားတွေ
ငါတော့ဘယ်တုန်းကမှ ဆိုင်းမကြိုက်ခဲ့ဘူး
ငါ့အကြိုက်ဟာ ဘယ်တုန်းကမှ အရေးမကြီးခဲ့ဖူး
တချိန်လုံးကြိုးစားပမ်းစား လောဂျစ်နဲ့ မဖြစ်
တချိန်လုံးအစက်အပြောက်တွေဆိုလည်း ဘယ်လိုဥမ္မာတကောမျိုးဖြစ်မလဲ
ကလေးတွေကြိုက်တဲ့ဂိမ်း ကျောင်းစာတွေမှာဘာလို့မရှိရသလဲ
စာကြည့်တိုက်ထဲမလဲစာအုပ်တွေချည်းပဲ
ကိုလိုနီ၊ ကိုလိုနီနောက်ပိုင်း၊ အရှေ့တိုင်းဝါဒ၊
ငါခေတ်မှီချင်လွန်းလို့ပါ အရှေ့တိုင်းဝါဒနောက်ပိုင်းမရှိသေးဘူးလား
မရှိ ငါဆိုတာတောင်မရှိဘူးဆိုတော့ ငါသိချင်တယ်ဆိုတာတွေလည်းရှိပုံမရ
အေးစက်ခြောက်ကပ်သော မဟာပညာရှိကြီး ဂိုဂဲကြောင့်
ကမ္ဘာကြီးဟာ၂ချက်လောက်ကလစ်လုပ်လိုက်ရင် ပက်ပက်စက်စက်ပွင့်လာ
လူအထင်ကြီးအောင်လုပ်ချင်တာနဲ့ လူအထင်သေးအောင်လုပ်မိတာနဲ့
နောက်ထပ် အသက်ကြီးလာတဲ့နွားနို့နဲနဲထည့်ခိုင်းထားတဲ့ကော်ဖီတခွက်
ကတ်ပြားနဲ့စာရင်းနဲ့ခေတ်မှီပြီးရင်းမှီနေတဲ့ ငွေဟာနံပါတ်တမျိုးပဲ
သုမနကျော ကတော့ နံပါတ်တုတ်တမျိုးပဲလို့ဆိုတယ်
ပေနေတဲ့ပျင်းစရာကို အ၀တ်လျှော်စက်ထဲဖျက်ပစ်မှ
ကော်ပီနဲ့ပေ့စ်ရှိတာကိုပဲ ဒီနိုင်ငံဟာမျိုးပွားနှုန်းနဲနေသေးတယ်
ဆယ်ကျော်သက်တွေနေရာမလပ်ရင်ချင်းအပ်နေတာကိုပဲ
စီးကရက်တွေဈေးကြီးနေတာကိုပဲ
အဖိုးကြီးတွေဘီယာနေညိုတိုင်းအသောက်မပျက်တာကိုပဲ
ပေနေတဲ့အ၀တ်လျှော်စက်ထဲကစက်တင်ဘာကိုငါထုတ်လိုက်တော့
ပို့စ်နေရှင်နယ်လစ် မိုးဖွဲဖွဲကျလာတယ် မိုး
အော် မစိုစေချင်သူကိုမစိုဘူးဆိုတဲ့မိုးများဖြစ်လေမလား
ငါပြုံးပုံကအစ ခေတ်နောက်ကျ
အိပ်ရာကနိုးလျှင် နောက်တပတ်သံသရာပြန်ပတ်ရန် အဆင့်သင့်ဖြစ်ရန်။

KZကေ

Saturday, September 18, 2010

မှောင်သောညတွေပြီးရင်တွေ့မယ် ငြိမ်းချမ်းသော တို့ဘ၀တို့ကမ္ဘာ

ကိုတီတူး

ကျနော်တို့ စာချုပ်ကိုလက်မှတ်ထိုးတဲ့လက်ဟာနိုင်ငံကိုဖျက်နေတယ်ဆိုတဲ့
ဘားတော့ဘရက်ကိုမပြောခင် မောင်ချောနွယ်ပြောတဲ့ ပေါင်မုန့်ဖုတ်တဲ့လက်ကပဲစကြရအောင်လား။

၁။
မာ့က်စ် က Man was born to labor လို့ပြောတော့ ကျနော်လည် ဘာမှန်းညာမှန်းမသိ ကော်ပီစာအုပ် ထဲကူးရေးတာပေါ့။ နောက်တော့ ဟိုနဲနဲဒီနဲနဲလေးဖတ်မိတော့မာ့က်စ် ရဲ့အလုပ်သမားလူတန်းစား ကိုညွတ်ချက်ဟာ အကြောင်းမဲ့မဟုတ်မှန်းသိလာတယ်။ သို့သော်ခုကျနော်ပြောမဲ့ ပေါင်မုန့်ဖုတ်တဲ့လက်ဟာ မာ့က်စ်ကိုညွန်းချင်တာလည်းမဟုတ်သလို ကျနော်တို့ခေတ်ရဲ့ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကို ကိုးကားဖို့လည်းမဟုတ်ပါဘူး။ ရှင်းပါတယ်၊ လူဆိုတာအလုပ် လုပ်ဖို့တော့လိုတာပ။

၂။
“အေးစက်နေတဲ့တံတားသံလက်ရန်းပေါ်မှာ သူငယ်ချင်းနှစ်ယောက်မတူညီတဲ့ အတွေးနှစ်ခုကိုတွေးနေကြတယ်တဲ့”
ဆရာမြဘာသာပြန်ကဗျာတပုဒ်ထဲက၊ ပေါဗါရီလိန်း ထင်တာပါပဲ။ မသေချာတော့ဘူး။ ထားတော့။
မနက်ခင်းအလင်းမှိန်ပျပျ ဆိုတဲ့စာအုပ်ခင်ဗျားဖွင့်လိုက်တော့ မတူတဲ့အတွေးတွေနဲ့လမ်းပေါ်ရုန်းရင်းဆန်ခတ်သွားနေတဲ့လူတွေကိုတွေ့မှာပါ။
မော်ဒန်လူသားဟာအမှောင်ထဲသူ့ကိုယ်သူလှုပ်နှိုးလိုက်တယ်။ အိပ်ယာထဲက အိပ်မက်နဲ့ မတူနဲ့ နောက်ထပ်
အိပ်မက်တခုကို ကားပေါ်မှာ ရထားပေါ်မှာ သူဆက်မက်လိမ့်မယ်။ တနေ့တာ ရုံးဋ္ဌာနဖွဲ့စည်းအုပ်ချုပ်ပုံ စီမံခန့်ခွဲပုံ တခု ထဲမှာ ကျင်လည်ဖို့ သူ ဟာအိမ်ကို (သို့) သူ့အခန်းလေးကိုစွန့်ပစ်ထွက်ခွာလာခဲ့တယ်။ ဖိအားတွေရှိတဲ့ကော်ပိုရိတ်စီမံခန့်ခွဲမှုယန္တရားထဲသူဟာ ခွေးသွားစိတ်လေးတခုလိုလည်တော့မှာ။
လူသားဟာဒီခေတ်မှာကုန်ကြမ်းတမျိုးပဲ။
ဗျုရိုကရေစီတဲ့။ Bureau ကပြင်သစ်လိုရုံးပဲ၊ မူရင်းမတော့ လက်တင်တွေဘာတွေကလာကောင်းလာမယ်။ ရုံးကနေအုပ်ချုပ်တယ်လို့အလွယ်ပြောကြပါစို့။ ခေတ်မှီတဲ့လူ့ဘ၀ ဆိုတာက ပိုပြီးစံနစ်ကျလာတဲ့၊ နောက်တမျိုးပြောရရင် ခေတ်မှီအုပ်ချုပ်ရေးနည်းစံနစ်တွေနဲ့ ပိုပြီးထိန်းချုပ်ခံလာရတဲ့ လူ့ဘ၀ကိုဆိုလိုလာပုံပါ။ ပြောမယ်ဆို ခုခေတ်ရှိနေတဲ့ အင်စတီကျုးရှင်းအားလုံးက ခင်ဗျားလွတ်လပ်မှုကိုထိန်းချုပ်ထားလိုက်ပါပြီ။ ခင်ဗျားစနေနေ့အိုဗာတိုင်ဆင်းတာ ပိုက်ဆံတခုတည်းကြောင့်တော့မဟုတ်ဘူး။ ပရောဂျက်အချိန်မှီပြီးဖို့ ခင်ဗျားအသက်မွေးဝမ်းကျောင်းအရလူကြီးသဘောကျဖို့၊ ရာထူးတိုးဖို့။ ဒါတွေနဲ့လည်းပတ်သက်ကောင်းပတ်သက်နေပေလိမ့်မယ်။ လုပ်ငန်းခွင်ထက်အောက်ဖိစီးမှုဟာ မော်ဒန်ခေတ်မှာ ပိုများလာတယ်။ ဒါမော်ဒန်ဖြစ်မှုဆိုတော့ ခင်ဗျားတို့ကျနော်တို့ရှောင်လို့မရပေဘူး။

၃။

မတော်လို့အမှုအခင်းများဖြစ်ရင် ခုခေတ်မှာဘယ်သူများကိုယ်ပိုင်လျှောက်လဲကျလို့လဲ။ ရှေ့နေတွေဘာလို့လိုလာသလဲ။ ဥပဒေတွေကပိုရှုပ်ထွေးလာတယ်။ ထောင်တန်းကျဖို့ကိစ္စမပြောနဲ့၊ ဈေးထောင့်မှာကွမ်းယာဆိုင်လေးဖွင့်ဖို့ကိုပဲ မြူနီစပယ်အက်ဥပဒေရှိတယ်။ အခွန်ရှိတယ်။ အဲသည်လိုအသေးအမွှားလေးတွေကစလို့ ခင်ဗျားရဲ့နိုင်ငံသားဆုံးဖြတ်ခွင့်အထိပါယနေ့ခေတ်အုပ်ချုပ်ရေးစံနစ်က လက်တံ ရှည်နေပါတယ်။
တရုတ်ကုန်တွေအခွန်ပိုကောက်မယ်။ မိုနာကိုနိုင်ငံသားဖြစ်ဖို့ ဆွေစဉ်မျိုးဆက် ၄ခု တိတိသေတပန်သက်တဆုံး နေသွားကြောင်းသက်သေပြနိုင်ရမယ်။ သေခါနီးကျမှ ကက်စရိုကဆိုရှယ်လစ်စီးပွားရေးစံနစ် မှားပါတယ်ကိုသောင်းရယ်တဲ့။ ဒါပေမဲ့ ဖလော်ရီဒါကမ်းခြေအိမ်မက်နဲ့ ဂွန်ဇာလက်အမေကတော့ ပင်လယ်ထဲမျောနေတဲ့ စည်ပိုင်းထဲမှာသေသွားခဲ့တယ်။ စတိဂျော့ဟာ အိုင်ဖုန်းကိုဘယ်ဗားရှင်းထိ ထုတ်မယ်မခန့်မှန်းနိုင်တော့ဘူး။
ပြီးရင် ငွေဟာညီမလေးကိုအမှောင်ထဲပို့ခဲ့တယ်ဆိုတဲ့ကဗျာမျိးတွေ ကျနော်မဖတ်ရဲတော့ဘူး။
ဂျော့ရှ်ဘွတ်က အီရတ်ကိုပုံအောပြီးတိုက်ခဲ့တယ်။
ဟန်ဂေရီကိုဆိုဗီယက်တင့်ကားတွေဝင်တော့ ဖအေလုပ်တဲ့သူကပြင်သစ်ကိုပြေးလာတယ်။ အမယ်မင်းငါ့သား၊ ခုမော်ဒယ်ချောလေးလင်တော်မောင်သမ္မတကြီး ဆာကိုဇီက ရိုးမားကမ့်တွေကိုပြင်သစ်မှာနှိပ်ကွပ်နေပြီ။ ဘရပ်ဆဲကမောင်တွေကလူကြားကောင်းအောင်နဲနဲပါးပါးတော့ပြောလာကြတယ်။ ဗမာပြည်ဆိုတာအဝေးကြီး။ ထားတော့။

၎။

အုပ်ချုပ်သူမှာ အုပ်ချုပ်ခွင့်အာဏာရှိတယ်။ သူတို့ မတရားမသုံးစွဲအောင်ဥပဒေနဲ့ကန့်သတ်ဦးတော့ ခါးမှာဗျောက်ချိတ်ထားတဲ့ ရပ်ကွက်ငြိမ်ဝပ်ပိပြားဖို့တာဝန်ရှိသူ အုပ်ချုပ်သူလူငယ်ဟာ ဆယ်ကျော်သက်မလေး သူ့မိုဘိုင်းဖုန်းပေါ်သာယာသလိုမျိုး၊ မာန်တက်သလိုမျိုး၊ မသာရင်တောင်မလျှော့တဲ့စိတ်နဲ့ ဘူတာရုံထဲကင်းလှဲ့နေတာခင်ဗျားတွေ့ဘူးမှာပါ။ ခေတ်မှီနိုင်ငံတွေမှာကိုပဲ အရပ်သားလက်နက်ကိုင်ဆောင်ခွင့်တွေရှိနေတာ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်ကြောင့်ပဲ။ ကိုယ့်လွတ်လပ်ခွင့်ကိုထိပါးမဲ့ အုပ်ချုပ်သူအပါအ၀င် အခြားသူတွေရန်က ကာကွယ်ဖို့ပါ၊ သေချာစဉ်းစားရင် အသွားနှစ်ဘက်ရှိနေတယ်၊ ခင်ဗျားကိုချုပ်နှောင်ထားတဲ့ဥပဒေဟာခင်ဗျားကိုကာကွယ်ဖို့စဉ်းစားထားသေးတယ်။ တခါတခါတော့လည်းမစဉ်းစားချင်ဘူး။ ခက်တယ်။ ဘီယာဗူးဖွင့်တာထက်တော့အနဲနဲ့အများပိုခက်တာအမှန်ပဲ။

၅။

ညာဏ်အလင်းပွင့်ခေတ်ကစခဲ့တဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့တည်ဆောက်လာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ဒီနေ့ကမ္ဘာဟာ လူသားရဲ့လွတ်လပ်မှုနဲ့လုံခြုံမှုကို တချိန်လုံးခြိမ်းခြောက်နေတယ်။ တချိန်လုံးဖိအားပေးနေတယ်။ ခင်ဗျားမှာမနက်ရုံးမမှီမှာကိုစိုးရိမ်ရတယ်၊ ရေခွန်၊ မီတာခွန် မဆောင်ရင်ဒါဏ်ရိုက်ခံရမှာစိုးရိမ်ရတယ်၊ ဖုန်းခပေးဖို့ ၂လလောက် မေ့တာနဲ့လိုင်းကပြတ်ကရောပဲ။ ဒါကိုဟာဘားမားက Instrumental Actions တွေလို့ပြောတယ်။
System လို့ဆိုတယ်။ ခင်ဗျား သားတော်မောင်လေး ဘားရက်တီတူးအေ နဲ့ခင်ဗျားနဲ့ကြားက Lifeworld ကိုထိခိုက်လာတယ်လို့ဆိုတယ်။လူသားရဲ့ဆင်ခြုံတုံတရားဟာ လူသားကိုမော်ဒန်ဖြစ်မှု သံလှောင်ချိုင့်ထဲကိုထဲ့ခဲ့တယ်လို့ မက်စ်ဝက်ဘာကဒါကြောင့်ပြောခဲ့တယ်လို့ ကျနော်နားလည်မိတာပါပဲ။ ဒီတော့ဒါတွေကိုအကုန်မေ့ပြီး နောက်ကြောင်းပြန်လှည့်ကြမှာလား။ ဒီအုပ်ချုပ်ရေးနဲ့ ဗျုရိုကရေစီအထောက်အပံ့တွေမရှိရင် ကော လူ့ဘ၀ဟာ ပြန်ပြီးနေပျော်သွားမလား။ လုံခြုံလာရောလား။ လူသားရဲ့ခေတ်မှီပြီး နေပျော်တဲ့ဘ၀တခုအတွက် လူမှုဖြစ်စဉ် (Social Order)ကို သူတို့စဉ်းစားကြတာ၊ အဲဒါဗျာ၊ ခုကျနော်ပြန်ပြောကြည့်နေတာပါ။


၅.၁။
အဖြေ ကလည်းကောင်းဘွိုင်သာသာပါဗျာ။

ချစ်ခင်စွာဖြင့်
KZကေ

Wednesday, September 15, 2010

၁၀။ သိပ္ပံ၊ ဥပဒေ၊ အနုပညာ၊ အာဏာ၊ ငွေ

မော်ဒန်ဝါဒ (Modernism) ၏ခေါင်းစဉ်အောက်တွင် မော်ဒန်ဖြစ်မှု (Modernity) ရှိသည်။ သို့သော်ကျနော်တို့ မော်ဒန်ဝါဒကိုငြင်းပယ်နိုင်သော်လည်း မော်ဒန်ဖြစ်မှုကိုမငြင်းပယ်နိုင်ပါ။ ထပ်ဆိုရလျှင် အနုပညာသမားတယောက်သည် မော်ဒန်အနုပညာဖန်တီးမှုကိုရှောင်လွှဲနိုင်သော်လည်း မော်ဒန်ဖြစ်မှုကိုမရှောင်လွှဲနိုင်ပါ။ မော်ဒန်ဖြစ်မှုဆိုသည်မှာ မော်ဒန်ဟု သတ်မှတ် ထားသောခေတ်ကာလအပိုင်းအခြားတခုအတွင်းရှိ ထင်ရှားစွာလွှမ်းမိုးထားသော စီးပွားရေး၊ နိုင်ငံရေး၊ယဉ်ကျေးမှု၊အဖွဲ့အစည်း နှင့် အတွေးအခေါ်များကိုဆိုလိုခြင်းဖြစ်သည်။ ဟာဘားမား၏ဆိုရှယ်သီအိုရီသည် မော်ဒန်ခေတ်လူမှုဘ၀ကို ဝေဖန်ရင်းအဖြေရှာထားခြင်းဖြစ်သည်။ မော်ဒန်နတီထဲတိမ်မြုပ်နေသည့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်းကိုပြန်လည်ဆန်းစစ်ဖော်ပြ ထားခြင်းလည်းဖြစ်သည်။
အလယ်ခေတ်မှအစပြုပြီးနှစ်ဆယ်ရာစုခေတ်နှောင်းပိုင်းအထိ အနောက်တိုင်းလူ့အဖွဲ့အစည်း၏ကျယ်ပြန့်သော သမိုင်းဖြတ်သန်းမှုတွင် ကြီးမားသောအပြောင်းအလဲတခုရှိခဲ့သည်။ ခရစ်ရှယန်ရှေးရိုးစဉ်လာဟောင်းမှ ခွဲထွက်လိုက်သော ဘာသာရေးအစွဲအလန်းကင်းသည့် ကျင့်ဝတ်ပုံစံတခုပေါ်ထွန်းလာခြင်းဖြစ်သည်။ ထိုအပြောင်းအလဲပေါ်တွင် ဟာဘားမားက လူမှုဖွံ့ဖြိုးမှုယုတ္တိ နှင့် လူမှုဆင့်ကဲပြောင်းလဲမှုသီအိုရီ တို့ကိုဖော်ထုတ်ခဲ့သည်။ တဘက်တွင် ဆင်ခြင်မှုပေါ်အခြေခံသော မျက်မှောက်ခေတ်သဘာဝသိပ္ပံပညာသည် အလယ်ခေတ်၏ အရစ္စတိုတယ်အစဉ်အလာနှင့် နောက်ပိုင်း ခရစ်ရှယန် ကျောင်းတော်၏လွှမ်းမိုးမှု ကိုကျော်လွန်ပြီး များစွာ တိုးတက်ခဲ့သည်။
ဟာဘားမားသည် Validity Claim သုံးခု ကို Discourse သုံးမျိုးနှင့် သာမက Lifeworld ကိုပါသုံးပိုင်းခွဲပြီးချိတ်ဆက်ထားခဲ့သည်။ Lifeworld သုံးခုမှာ Scientific – Technical, Moral – Legal နှင့် Aesthetic – Expressive တို့ဖြစ်သည်။ Scientific နှင့်ဆက်စပ်သည့် Lifeworld သည် နည်းပညာနှင့်ဆိုင်သည့် လူမှုဘ၀၊ Moral နှင့်ဆက်စပ်သည့် Lifeworld သည် ဥပဒေ နှင့်ဆိုင်သည့် လူမှုဘ၀၊ Aesthetic နှင့်ဆက်စပ်သည့် Lifeworld သည် အနုပညာ နှင့်ဆိုင်သည့် လူမှုဘ၀၊ ဟုညွှန်းဆိုထားခြင်းဖြစ်သည်။ Lifeworld ဆိုသည့်စကားလုံးကို အက်မွန်ဟတ်ဆယ် (Edmund Husserl 1859 – 1938) က လူတွေတဦးနှင့်တဦး ကူးလူးဆက်ဆံကြသည့်နေ့စဉ်ဘ၀ ကိုရည်ရွယ်ပြီး စတင်သုံးစွဲခဲ့သည်။ ဟတ်ဆယ်သည်ထင်ရှားသည့်ဂျာမန် တွေးခေါ်ရှင်တဦးဖြစ်ပြီး ဟိုက်ဒက်ဂါ၊ ဆာ့တ် နှင့် နောက်ပိုင်း ဒါရီဒါ အထိပါသြဇာသက်ရောက်ခဲ့ သူတဦးဖြစ်သည်။ ဟာဘားမားအသုံးပြုသည့် Lifeworld သည် လူသား၏ Social Life (မိသားစု၊ လူမှုရေး၊ ပါတီအဖွဲ့အစည်းများနှင့် မသက်ဆိုင်သောနိုင်ငံရေး၊ စသည်တို့) သက်သက်ကိုရည်ရွယ်သည်။ Lifeworld သည်ဘာသာစကား (တနည်းဆိုသော် Communication) ပေါ်တွင် အခြေခံဆက်ဆံသည်ဖြစ်သဖြင့် လူမှုပြဿနာများကို Communicative Action ဖြင့် ဖြေရှင်းရန်ဖြစ်သည်။ တဆင့်တက်သော် Validity Claim နှင့် Discourse၊ ကျိုးကြောင်းဆက်သဘောညီမှု တို့ဖြင့်သာ ဖြေရှင်းရန်ဖြစ်သည်။
System တွင်နှစ်ပိုင်းရှိပြီး တပိုင်းမှာ အရင်းရှင်စီးပွားရေးစံနစ်၊ ကျန်အပိုင်းတွင် အစိုးရအုပ်ချုပ်ရေးယန္တရား နှင့်ပတ်သက်နေသော အဖွဲ့အစည်းများ ဖြစ်သည်။ အချုပ်မှာ ငွေ နှင့် အာဏာ သာဖြစ်သည်။ Lifeworld တွင် Communicative Action ဖြင့်စခန်းသွားသလို System တွင် Instrumental Action ကအခရာကျသည်။ အာဏာနှင့်ငွေ သည် လူသား၏ နေ့စဉ်လူမှုဘ၀မျက်နှာပြင်ဝယ် နက်ရှိုင်းသော အရေးအစင်းကြောင်းများ ကိုထင်စေခဲ့သည်။ လူသားကို ကြိုတင်သိမှတ်ထားသော မိမိလိုအပ်ချက်ကိုသာ အလေးပေးစေသော အမူအကျင့်(Instrumental behavior) ဘောင်ထဲဆွဲသွင်းခဲ့သည်။ ကုမ္ပဏီတခုတွင် စီအီးအိုသည်လည်းကောင်း၊ စာရေးစာချီဝန်ထမ်းသည်လည်းကောင်း ငွေကိုသာမျက်နှာမူထားကြသည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မန်ချက်စတာအသင်း အားပေးသူများသည် ကလပ်အသင်းရှယ်ယာဝင်များ ကိုငွေရှာပေးနေသူများပဲဖြစ်သည်။ သို့သော် Liveworld တွင် လူမှုပေါင်းစည်းမှု (Social Integration) ရှိသလို System တွင်လည်း စံနစ်ပေါင်းစည်းမှု (System Integration) ရှိသည်။စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်ပိုင်း မော်ဒန်လူ့အဖွဲ့အစည်းသည် ပိုမိုကျယ်ဝန်းရှုပ်ထွေးလာသည်။ လူတွေကပိုပြီးရွှေ့ပြောင်း လာနိုင်ကြသည်။ လူမှုပေါင်းစည်းမှုသည်ပိုပြီးခက်ခဲလာသည်။ ဒါကို စီးပွားရေး နှင့် အုပ်ချုပ်ရေး (System) အဖွဲ့အစည်းတွေ ကညက်ညောစေသည် ဟုဟာဘားမားကဆိုသည်။ ဒါသည်ပင်ဟော့ကိုင်းမားနှင့်အာဒိုးနိုးတို့၏ အရင်းရှင်စီးပွားရေးနှင့်အုပ်ချုပ်ရေး အဆိုးမြင်မှုမှ ခွဲထွက်သည့် သူ၏ သုံးသပ်ချက်တခုဖြစ်သည်။
System သည် Lifeworld အထိုင်ပေါ်တွင်တည်ဆောက်ရမည်ဖြစ်သည်။ မိသားစု၊လူမှုရေး၊ယဉ်ကျေးမှု ဘ၀သည်သာ ဦးစားပေးဖြစ်ရမည်။ ငွေကြေးနှင့် ဗျုရိုကရေစီအုပ်ချုပ်ရေး (System) က Lifeworld ကိုပြန်ပြီး ချုပ်ကိုင်ထားဖို့မဟုတ်ပေ။ သို့သော် လက်တွေ့တွင် ငွေ နှင့် အာဏာသည် မိသားစု၊ယဉ်ကျေးမှု တန်ဖိုးများမှဖယ်ခွာလာခဲ့ပြီး ၎င်းတို့ကို လက်အောက်ခံအဖြစ်ကိုပင်ရောက်အောင်ပင်သိမ်းသွင်းလာခဲ့သည်။ အကျိုးဆက်မှာ ဟာဘားမားစကားဖြင့်ဆိုရသော် လူမှုဝေဒနာများ (Social Pathologies) ပေါ်ထွန်းလာခဲ့သည်။ လူသားချင်းပြန်လှန်နားလည်မှုများလျှော့ကျလာခြင်း၊ လူမှုစုစည်းမှုများပြေလျှော့လာခြင်း၊ ခေတ်ထဲကူကယ်ရာမဲ့နှင့်သူစိမ်းဆန်သောအတွေ့အကြုံများခံစားလာရခြင်း၊ တာဝန်ယူလိုစိတ်မရှိတော့ခြင်း နှင့် လူမှုမတည်ငြိမ်မှုများ မှာ Lifeworld ကို System ကကြီးစိုးခြင်းရောဂါ၏ထင်ရှားသောလက္ခဏာများဖြစ်သည်။
သို့ဖြင့် ဟာဘားမားကိုဝေဖန်သူများက ဗဟိုလက်ဝဲယိမ်း ဂျာမန်ဆိုရှယ်ဒီမိုကရေစီဟုဆိုပြီး Constitutional Welfare State ကိုအဆိုပြုလိုရင်းဟုဆိုခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ဟာဘားမားအနေဖြင့် မော်ဒန်ခေတ်ထဲ ဘာတွေမှားနေသလဲနှင့် ဘာကြောင့်မှားနေတာလဲဟု ထောက်ပြအဖြေရှာလိုရင်းသာဖြစ်သည်။ မော်ဒန်လူ့အဖွဲ့အစည်းထဲ လူသားကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ စံနစ်တွေဘာလို့ရပ်တည်နေနိုင်တာလဲ။ လူတဦးချင်းစီ၏ကိုယ်ကျိုးစီးပွားအခြေခံလုပ်ဆောင်ချက်များကြောင့်မဟုတ်။ ရှုတ်ထွေးေ၀၀ါးလွန်းသော Instrumental Reasoning ပုံစံများကြောင့်ဟုဆိုသည်။ ငွေ နှင့် အာဏာလွှမ်းမိုးထားသော စံနစ်ကြောင့်ဟုဆိုသည်။ ဆိုတော့ ဒီ ဈေးကွက်အရင်းရှင်စီးပွားရေး နှင့် အစိုးရအုပ်ချုပ်မှုပုံစံကို ပယ်ဖျက်ပစ်ဖို့မဟုတ်ပေ။ သို့သော်ဘယ်ပုံထိမ်းသိမ်းထားမလဲ။ ဒါက လူမှပြဿနာဆိုတာထက် နိုင်ငံရေး နှင့်ပိုသက်ဆိုင်လာသောကိစ္စဖြစ်သည်။
System အမှားဟုဆိုကတည်းက အစိုးရယန္တရားသည်ပင်ပြဿနာကိုယ်တိုင်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။ ဟာဘာမားအဖြေက Public Sphere ကိုပြန်လည်အသက်သွင်းဖို့ဖြစ်သည်။ နိုင်ငံရေးအရနိုးကြားသော၊ အကြမ်းမဖက်သော၊ တဦးချင်းစီ၏ကိုယ်ကျင့်တန်ဖိုးကိုယုံကြည်သော လူမှုဝန်းကျင်ကို လူသားချင်းဆက်သွယ်ဆောင်ရွက်မှုများ (Communicative Actions) ဖြင့်ပြန်လည် အသက်သွင်းဖို့ပင်ဖြစ်သည်။


KZကေ

Saturday, September 11, 2010

၉။ ခိုင်လုံအမှန်ကိုတောင်းဆိုခြင်းပုံစံများ။ သီအိုရီ၊ ကိုယ်ကျင့်နှင့် ရသ

ကိုလူ။ ။ စာသားချည်းသက်သက်အနက်က ပြင်ပကမ္ဘာကလာတဲ့အနက်၊ ဒါကို (cognitive function) ကပေးပြီး၊ ဆိုလိုရင်းကိုတကယ်နားလည်ဖို့ကျတော့ပြောသူနဲ့နားထောင်သူနှစ်ဦးရဲ့ပြန်လှန်ဆက်စပ်မှုက ပေးတဲ့အခြား ဖန်ရှင်နှစ်ခု ပိုအရေးပါတယ်လို့အကြမ်းဖျင်းနားလည်ထားပြီ။ ရှေ့ဆက်ပါဦး။
ကိုမူ။ ။ Communicative Action မှာက နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက သဘောတရားပိုင်း၊ Communicative Action နဲ့ Instrumental Action ဆိုပြီး ခွဲပြီးရှင်းတယ်။ ဒုတိယပိုင်းက Social Ontology အကြောင်းပြောတယ် ၊ မော်ဒန်လူ့အဖွဲ့အစည်းဟာ အပိုင်း၂ပိုင်း Lifeworld နဲ့ System ပေါင်းထားတာလို့ပြောတယ်။ ဒုတိယနှစ်ပိုင်းဟာ ပထမဆိုခဲ့တဲ့ Communicative Action နဲ့ Instrumental Action ၂ခုနဲ့ပြန်ယှက်နေတယ်။
ကိုလူ။ ။ Instrumental Action ကိုကျနော်နားလည်သလောက်အရင်ပြောကြည့်မယ်။ မူရင်းအင်္ဂလိပ်စကား အရဆိုရင် Instrumental Action ဆိုတာ နည်းလမ်းလုပ်ဆောင်မှု လို့ပြောရမယ်၊ ဥပမာ ကျနော်နို့ဆီဗူးကိုဖွင့်ဖို့ ဖောက်တံ (Instrument) ကိုသုံးတာ။ ဒါကို Strategic Action လို့လဲပြောတာကြားဖူးတယ်။ တူတူလို့ယူနိုင်မလား။
ကိုမူ။ ။ အတူတူလိုမျိုးသုံးတာလည်းရှိပါတယ်။ သို့ပေမဲ့ မဟာဗျုဟာ (Strategy) ဆိုတာကို ဟာဘားမားက နည်းလမ်းတမျိုးလိုသုံးပြောတာမျိုးရှိပေမဲ့ ထွက်လာမဲ့ ရလဒ် (end) ကို ဆက်စပ်နေသူချင်းနားလည်အောင် (တယောက်လိုအပ်ချက် ပန်းတိုင်ကိုတယောက်နားလည်အောင်) သုံးတာမျိုးကိုခေါ်တာပါ။ သုံးတဲ့နည်းလမ်း (mean) ချည်းသက်သက် ကိုဆိုချင်တဲ့ Instrumental Action နဲ့မတူဘူး။ နောက်တခုက မူရင်းအင်္ဂလိပ်မဟုတ်ဘူးနော်။ မူရင်းကဂျာမန်။ အင်္ဂလိပ်လိုပြန်ရေးသူတွေမှာလည်း ဟာဘားမားဆိုလိုတဲ့စကားလုံးတွေကိုရအောင်ကြိုးစားပြီး ဖလှယ်ထားကြတာ။
ကိုလူ။ ။ သဘောပေါက်ပါတယ်။ ကျုပ်လည်းခင်ဗျားအားတက်အောင်ကြိုးစားပြီးနမူနာပေးကြည့်တာပါ။
ကိုမူ။ ။ တဆင့်တက်ရရင် Instrumental Action ဟာနည်းလမ်းတခုဖြစ်လို့ ရလဒ် ကိုမမှီခိုဘူး။ နည်းလမ်းဆိုတာမျိုးက ရလဒ်ကိုကြည့်ပြီးနားလည်အောင်ကြိုးစားလို့မဖြစ်နိုင်ဘူး။ ရလဒ်ကနို့ဆီဗူးပွင့်ဖို့ပဲ။ ခင်ဗျားဘာနည်းလမ်းနဲ့ မဆိုဖွင့်နိုင်တယ်။ Instrumental Action ဆိုတာ ခင်ဗျားရဲ့လုပ်ဆောင်ချက်ကနေပဲ နားလည်နိုင်တာ။ ဆင်ခြင်ကြည့်ပြီးနားလည်နိုင်တာမျိုးမဟုတ်ဘူး။ Communicative Action ကျတော့ ရှေ့မှာပြောခဲ့တဲ့ Validity Claim နဲ့ အသိမှတ်ပြုလက်ခံရတာ။
ကိုလူ။ ။ နမူနာနဲနဲလောက်ပေးကြည့်ပါဦးလား။
ကိုမူ။ ။ ဆေးလိပ်မသောက်ဖို့ပြောခဲ့တာလေးပဲပြန်ကြည့်ရအောင်။ ကျနော့်အတွက်လိုရင်း (end) ကအခန်းထဲ ခင်ဗျား ဆေးလိပ်သောက်မသောက်ဖြစ်ဖို့။ တကယ်တမ်းခင်ဗျားကိုဆေးလိပ် မသောက်ဖို့ ကျနော်ကတောင်းဆိုတာဟာ Instrumental Action ပေါ့။ ဒါမှမဟုတ် ခင်ဗျားဆေးလိပ်သောက်ချင် ရင်အပြင်ထွက်သောက် နောက်အားမှပြန်လာပြီးပြောပေါ့လို့ဆိုရင်လည်းဖြစ်တာပဲ။ ပထမရလဒ် (ကျနော်ဆေးလိပ်ဖြတ်ထားလို့အခန်းထဲမှာ ဆေးလိပ်မသောက်ပါနဲ့ဆိုလို့ခင်ဗျာလက်ခံတာ) ကခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုကနေရတဲ့သဘောတူညီမှု။ ကျနော်တို့ရဲ့ Communicative Action ဟာ validity claim ကနေနှစ်ဦးပြေလည်တဲ့အနေအထားတခုကိုရောက် သွားရတယ်။
ကိုလူ။ ။ Validity Claim ကလည်းသုံးမျိုးဆို။
ကိုမူ၊ ။ Validity Claim to Truth, Right နဲ့ Truthfulness ဆိုပြီးခွဲထားတယ်။ ဥပမာ ရှေ့မှာပြောခဲ့တဲ့ မနေ့ကအင်းလေးမှာမိုးရွာတယ်လို့ကျနော်ခင်ဗျားကိုပြောခဲ့တာပြန်ကြည့်ရအောင်။ မနေ့ကတကယ်မိုးရွာခဲ့ရင် ဒါဟာ Validity Claim to Truth ပေါ့။ ဘယ်သူ့ကိုကျနော်ဒါပြောပြော ဒါအမှန်ပဲလေ။ သို့ပေလို့ ဒီစကားဟာ ကျနော်တို့နှစ်ယောက်စလုံးမှာရှိခဲ့တဲ့အတွေ့အကြုံနဲ့ ဆင်ခြင်မှုနဲ့ချိန်ဆလို့ မှန်နေသေးတယ်၊ နားလည်နိုင်သေးတယ်၊ အင်းလေးမှာမိုးရွာလိုက်တော့ ကန်ရေပြန်တက်လာမယ်၊ မှီခိုလုပ်ကိုင်စားသောက်နေကျတဲ့ လူ၊ တိရိစ္ဆာန်တွေ သဘာ၀၀န်းကျင်တွေ အနေအထားပြန်ကောင်းလာမယ် ဆိုတဲ့ ရည်ရွယ်လိုရင်း ကိုလည်းရောက်တယ်ဆိုရင် ဒါ Validity Claim to Truthfulness လို့ဆိုချင်တာ၊ Validity Claim to Right ကျတော့ ကိုယ်ကျင့်ပိုင်းပါလာတယ်။
ကိုလူ။ ။ အော် ဒါကြောင့်ရှေ့မှာခင်ဗျားက ဘာသာစကားကို ဟာဘားမားလက်ခံပုံနဲ့ဆက်စပ်တယ်လို့ ဆိုခဲ့တာကိုး ဆက်ပါဦးလေ။
ကိုမူ။ ။ သူများပစ္စည်းခိုးတာမကောင်းဘူး ဆိုတဲ့စာကြောင်းကိုကြည့်ဗျာ။ တခြားအဓိပ္ပါယ်က မခိုးနဲ့ပဲ။ ဒါ ဘာသာတရားကပဲကြည့်ကြည့် ကိုယ်ကျင့်တရားကပဲကြည့်ကြည့် ရှိနေတဲ့ စံနှုန်း (Norm) တခုခုကနေလက်ခံထားတာမျိုး။ ဒါကို Validity Claim to Right လို့ခေါ်တာ။
ကိုလူ။ ။ နဲနဲလေးအနှစ်ချုပ်လေးပြောကြည့်စမ်းပါဗျာ။
ကိုမူ။ ။ လူ့အဖွဲ့အစည်းထဲ လူသားတွေတဦးချင်း တဦးနဲ့တဦး ပူးပေါင်းဆက်ဆံနေကြရတယ်။ အဲဒီမှာနည်းလမ်းအဖြစ်သုံးနေတဲ့ Instrumental Actions တွေကိုကြည့်ရုံနဲ့ တယောက်ကိုတယောက်နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဟိုးရှေ့ဆုံးမှာပြောခဲ့သလို လူတယောက်ပြေးတာကြည့်ရုံနဲ့ ဘာကြောင့်ပြေးနေတာလဲကို နားမလည်နိုင်ဘူး။ Communicative Action ရဲ့ Validity Claim တွေကိုလက်ခံနိုင်လာမှသာ တဦးကိုတဦးနားလည်နိုင်မယ်။ ဒီတော့မှတဆင့်တက်ပြီး စေ့စပ်ညှိနှိုင်းကျရင်းသဘောတူညီမှုတခုကိုရမယ်။
ကိုလူ။ ။ ခင်ဗျားရှေ့မှာပြောထားတဲ့ Discourse ဆိုပါတော့။
ကိုမူ။ ။ အင်း ဆိုပါတော့။ Discourse နဲ့ပတ်သက်ပြီး ဟာဘားမားပြောချင်တာကိုချုပ်ရင် ၄ချက်ရှိမယ်။
၁။ သူ့အဓိပ္ပါယ်ကကျိုးကြောင်းဆက်စပ်ပြီးသဘောညီတာ၊ (Rationally motivated consensus)
၂။ ဒါဟာ ဒဿနသက်သက်အတွက်၊ ဘာသာဗေဒရဲ့တချို့သီးသန့်နေရာတွေအတွက် သုံးထားတာမဟုတ်ဘူး။ နေ့စဉ်လူနေမှုဘ၀ထဲကမပြေလည်မှုတွေကိုဦးတည်ပြီးဖြေရှင်းမှာ။
၃။ သူဟာ Validity Claim နဲ့သဘောချင်းအတော်တူတယ်။ Validity Claim ၃မျိုးရှိသလို Discourse မှာလည်းလိုက်ဖက်တဲ့ အသုံး ၃မျိုးရှိတယ်။ Validity Claim to Truth နဲ့ဆက်ပြီး Theoretical Discourse, Validity Claim to Right ကျတော့ Moral Discourse ဖြစ်ပြီး Validity Claim to Truthfulness အတွက်တော့ Aesthetic Discourse လို့ခွဲပြောတယ်။ ခင်ဗျားကျနော်တို့ပြောခဲ့တာတွေပြန်စဉ်းစားရင် သူပေးတဲ့နာမည်တွေသဘာဝကျတာကို လက်ခံမှာပါ။
၎။ ဒီကျိုးကြောင်းဆက်စပ်သဘောတူညီမှုဟာ ပါးစပ်ဖျားလေးပြောပြီး အလွယ်ရလာမှာမျိုးမဟုတ်ဘူး။ အတန်ရှုပ်ထွေးပြီး လက်တွေ့စံနစ်တကျလုပ်ရမှာဖြစ်တယ်။


KZကေ

Monday, August 23, 2010

၈။ အင်းလေးမှာရွာတဲ့မိုး၊အင်တာဆပ်ဂျက်တစ်နှင့်ကြောင်းကျိုးဆက်သဘောညီခြင်း

ကိုလူ။ ။ ဒါဆိုသူ့ရဲ့ဘာသာဗေဒအမြင်ဘယ်မှာအခြေခံသလဲနဲ့ဘယ်လိုပြောင်းသလဲဆိုတာလေးရှင်းပါဦး
ကိုမူ။ ။ သူ့ဘာသာဗေဒက သူ့ရှေ့ကဂျာမန်တယောက်ရဲ့မော်ဒယ်ကိုလက်ခံထားတာကစတာ။ ဖန်ရှင်သုံးခုရှိတယ်။ ပုံကိုအရင်ကြည့်လိုက်ရင်ကောင်းမယ်

ကိုလူ။ ။ ပြောသူ၊ နားထောင်သူ နဲ့ ၀န်းကျင်မှာရှိနေတဲ့ အချက်အလက်၊ အရာဝထ္ထု သုံးပိုင်းခွဲပြီး ဖန်ရှင်သုံးမျိုးခွဲထားတာကိုး။
ကိုမူ။ ။ ဟာဘားမားလက်ခံတဲ့ အဓိပ္ပါယ်တို့ နားလည်တာတို့ဆိုတာက ပြောသူ (Speaker) နဲ့ ပြင်ပကမ္ဘာ က၀ထ္ထု၊ အချက်အလက်တွေနေကပေးတဲ့ Cognitive function ကနေလာရတာမဟုတ်ဘူး၊ ပြောသူနဲ့ နားဆင်သူ (Hearer) ကြားကချိတ်ဆက်မှု Intersubjectivity ကလာတာ၊
ကိုလူ။ ။ အဓိပ္ပါယ်ဟာ Objective မဟုတ်ဘူး၊ Intersubjective လို့ဆိုချင်တာလား။
ကိုမူ။ ။ ဒီသဘောပါ။ ဥပမာဗျာ ခင်ဗျားနဲ့ မိတ်ဆွေတယောက် ဆူးလေဘုရားလမ်းပေါ်က ကော်ဖီဆိုင်မှာထိုင်နေတုန်း သူက မနေ့ကအင်းလေးမှာမိုးတော်တော်ရွာလိုက်တယ် လို့ပြောတယ်။ ဒီစကားမှာဘာများနားမလည်စရာပါသလဲ။ သူ့ရဲ့ စာသားအဓိပ္ပါယ် (Literal Meaning) ကိုခင်ဗျားသိတာပဲ။
အင်းလေးမှာမိုးရွာတာ ရန်ကုန်သားခင်ဗျားအတွက်ဘာအဓိပ္ပါယ်လဲ။ ရွာပေါ့၊ ဘာဖြစ်သလဲ။ ဒါပေမဲ့ အင်းလေးကန်ကောလာတဲ့ကိစ္စ မိုးနဲလို့ သဘာ၀၀န်းကျင်ပျက်စီးလို့ အစရှိတာတွေ ခင်ဗျားတို့ပြောခဲ့ဘူးရင် ဒီစကားဟာတစုံတရာ အဓိပ္ပါယ်ပိုရှိလာတယ်။
ကိုလူ။ ။ ခင်ဗျားက ပြီးခဲ့တဲ့တပတ်ကျော်ကဆွေးနွေးတဲ့ အဓိပ္ပါယ်တို့နားလည်ခြင်းတို့ကို နောက်ကွယ်က ကျိုးကြောင်းဆီလျှော်မှု နဲ့ပြန်ဆက်နေတာကိုး။ ဒါ Validity claim တခုလို့ဆိုချင်တယ်ပေါ့။
ကိုမူ။ ။ တခုတော့ရှိတယ်၊ ခုဟာဘာမားဆိုချင်တဲ့ Communicate လုပ် သူချင်း
ပြန်လှန်ချိတ်ဆက်သဘောညီမှု (Intersubjective agreement) ဟာ သူ့ရှေ့ကလူတွေ (contractual သမားတွေ) လက်ခံထားတဲ့ လူမှုအစီအစဉ်ဟာ Shared meaning and understanding ကနေယူရမယ် ဆိုတာ မျိုးတော့မဟုတ်ဘူး။ ဒီအချက်ကိုလက်မခံလို့ Intersubjective ကိုသူတင်ပြလာတာ။
ကိုလူ။ ။ သို့ပေမယ့်တခုတော့မေးချင်သေးတယ်။ ပြောသူရဲ့ validity claim ကိုနားထောင်သူက ငြင်းခဲ့လို့ ဆက်သွယ်မှုပြတ်တောက်သွားတာမျိုးကိုကောသူဘယ်လိုမှတ်ချက်ပေးသလဲ။
ကိုမူ။ ။ ဥပမာခင်ဗျားဆေးလိပ်ဗူးထုတ်တာတွေ့လို့ ကျနော်ကရုံးခန်းထဲဆေးလိပ်မသောက်ဖို့ပြောတယ်။ ခင်ဗျားကကျနော်ဆေးလိပ်သောက်တာသိတော့ ဒီလူဘာလဲပေါ့။ လက်မခံချင်ဘူး။ ပြီးတော့မှ ရှင်းပြလို့ ကျနော်ဆေးလိပ်ဖြတ်ထားတာသိသွားပြီး ဆေးလိပ်သောက်ဖို့ခနဆိုင်းထားလိုက်တယ်။ ဒီနေရာရောက်တော့ ကျိုးကြောင်းကျမှုကပံ့ပိုးတဲ့သဘောညီမှု (Rationally motivated consensus) တခုကိုပြန်ရတယ် လို့ဟာဘားမားကဆိုတယ် ။ ဒါ ခုနောက်ပိုင်း Social Scientist တွေအပြောများလာတဲ့ Discourse ဆိုတာပါပဲ။ Communication တခုမှာ ဆွေးနွေးညှိနှိုင်းမှုတခုကနေ ပြေလည်မှု တခုကိုရတယ်ဆို တာပေါ့။
ကိုလူ။ ။ တတ်နိုင်သမျှ လိုရင်းတိုရှင်းလေးတော့လုပ်ပါကိုယ့်ဆရာရယ်။ သီအိုရီသက်သက်တွေ ဘာသာရပ်ဆိုင်ရာစကားတွေ တတ်နိုင်သမျှလျှော့ပါမှ ကျနော်တို့အတွက်သက်သက်သာသာ ချင့်ချိန်နိုင်ပါလိမ့်မယ်။
ကိုမူ။ ။ စိတ်ချပါ။ ကျနော်လည်းအကျယ် ပြောရလောက်အောင်မသိပါဘူး။ ဒီစကားလုံးတွေနဲ့သဘောတရားတွေကို အကြမ်းပဲသွားမှာပါ။ Validity Claim သုံးမျိုး၊ Discourse သုံးလွှာ၊ လူမှုအစီအစဉ်နဲ့ ပြီးတော့ ကျင့်ဝတ် (Ethic) ပါးပါးပြောပြီးရင်ခင်ဗျားသဘောတွေ့နိုင်တဲ့ နိုင်ငံရေးတို့ ဒီမိုကရေစီတို့ ဥပဒေတို့ ပို့စ်နေရှင်နယ်စီတီဇင်ရှစ်ပ် တို့ပြောပြီးရင်တော့ ပြီးပါပြီ ။

KZကေ

Sunday, August 15, 2010

ဆဲဗင်းအလဲဗင်းဝင်ပြီးဘီယာဝယ်ရန်စိတ်ကူးမိသောစနေနေ့နှင့်နောက်တနေ့

ငါတော့သေခြင်းတရားကိုခုထိမြင်ကြည့်လို့မရသေးဘူး
ဒီတော့ဘယ်နှယ့်လုပ် ဟန်ဆောင်ပန်ဆောင် သံသရာ ဘာဝနာ နစ္စ ဂီတ အစရှိသည်
ငါ့အောက်မှာ ၁၀ထပ် ငါ့အထက်မှာ ငါးထပ်
အခန်းဟာ ၀က်နံရိုးလို အရိုးနဲ့အသားတထပ်စီရောနေတာမျိုး
တရုတ်ယဉ်ကျေးမှုက ရာစုနှစ်တွေချီနေတော့ ဒီအဟောင်းအမြင်းတွေကို
ရှေးခေတ်တောသူမတွေ သနပ်ခါးလိမ်းသလို ဘယ်လိုလုပ် ခြေဆုံးခေါင်းဖျားသိနိုင်မလဲ
ငါတို့တောင် ပျူလား၊ မွန်များ၊ တကောင်းက၊ လု့စ် ကုလားဖန်ထိုးထားတဲ့ ကျောက်ဆည်က၊
အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား
သမိုင်းဟာ ခုခေတ်ယုတ္တိဗေဒနဲ့ ပြန်တည်ဆောက်ထားတာပဲလို့
မျက်မှန်ထူထူနဲ့ အဖြူကောင်ကပြောတော့ ငါလည်းတောင်တောင်အီအီ စဉ်းစားမိတယ်
စနေနေ့ဟာပျော်စရာ မုတ်ဆိတ်ရိတ်စရာမလိုပဲ ကော်ဖီသောက်နိုင်တယ်
တကျပ်ဖိုးဆိုရင် နံနံပင်တွေလို သတင်းစာကတထပ်ကြီးရတယ်
နေ့ခင်းဆိုတာများဝင်းထိန်လို့ပဲ ပေါက်ပန်းဈေးဘတ်စ်ကားတွေဟာ
ချောင်ချောင်ချိချိနဲ့ အားအားယားယားပဲ
ဒီလိုပါပဲ တစ္ဆေတွေပျော်တဲ့ပွဲဆိုတော့ တရုတ်လုပ်စက္ကူနဲ့ ပိုက်ဆံအတုမီးရှို့ညှော်က
အပေါ်ထိတက်လာတယ်
အချိန်အားကိုရှာတော့ ညတွေကိုတွေ့တယ်
သန်းကောင်ယံ ၁၂ နာရီ တယ်လီဖုန်းကိုငါ့ညီက အပျိုပေါက်ကလေးလို ကလိနေတယ်
ခေတ်နဲ့အညီယှဉ်တွဲလို့သာ ပညာရေးကိုဆီ တဲ့
အညာဌာနီ တခါလာပြီ ကျနော့်အတွက်တော့မေ့မရနိုင်လေပြီ တဲ့
ချစ်ရတာလွယ်ပါတယ်ကအစ ၀ါကာဘလာဘလာတို့
မောစရာတွေနဲ့ ရှာကြံပျော်ကြရရှာတာပါပဲ
ပိုက်ပိုက်က ၇၃၅ဆပိုများတယ်ဆိုတော့ ငါ့လူတွေလည်း မမိုက်ပါဘူးဗျာဆိုပေမဲ့
မလိမ်မိုးမလိမ်မာလေးတွေပါပဲ၊ မိန်းမမှာတော်ပုံနဲ့ ကလေးဓါတ်ပုံနဲ့
ဟသညာဏ်များထက်သန်ရင် ဆွေးမြေ့သောရယ်ရွှင်စရာများပါပဲ
အသွင်ကူးပြောင်းရေးသဘာဝတွေတဲ့လား ပြဿနာက အကန်းရဲ့ရေမြေတောတောင်ဘွဲ့ကိုရေးချင်နေတာပဲ
ဒင်းအတွေးအခေါ်က ကျွန်စော်နံတယ်ဆိုရအောင်
ငါ့မှာကလည်း သခင်မျိုးဟေ့ ဒို့မပါဆိုတော့ ခက်နေတာပေါ့
ဒီမှာတော့ မြန်မာတွေကော မြန်မာဘီယာကော အားလုံးဈေးပေါပါတယ်
အဖေနေကောင်းတယ်မလား ကယ်လစီယမ်ပါတဲ့အးဆေးအဲတာမျိုးနေ့တိုင်းစား
အမေကော အငယ်မဆီက ပြန်လာတော့မယ်မလား သားလား ကောင်းတယ်ကောင်းတယ်
လာမယ် နိုဝင်ဘာထဲ(ခနဖြစ်ဖြစ်) လာမှာ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဒါပဲအဖေ တမိနစ်ပဲကျန်တော့တယ်
………………………….
ငါမသေနိုင်သေးဘူး ဒီတခုတော့ ငါအကောင်းမြင်နေတုန်းပဲ။

KZကေ

Saturday, August 14, 2010

၇။ မော်ဒန်နတီ၏ မပြီးဆုံးသေးသောပန်ချီကား

1980 အာဒိုနိုးဆုချီးမြှင့်ခံရသည့်အခမ်းအနားတွင်ပြောသည့် ဟာဘာမား မိန့်ခွန်းတွင် မော်ဒန်ဖြစ်မှု ကိုမပြီးဆုံးသေးသောပရောဂျက်တခု (Modernity – an Unfinished Project) အဖြစ်တင်ပြခဲ့သည်။ ညာဏ်အလင်းပွင့်ခေတ်ကစတင်ခဲ့သည့်မော်ဒန်နတီကို လက်ပြနှုတ်ဆက်နေကြသည့် ပို့စ်မော်ဒန် အယူအဆ များအားကောင်းနေသည့်အချိန်ဖြစ်သဖြင့် နိုင်ငံရေးတွေးခေါ်ရှင်များကြားလှုပ်ခတ်စေခဲ့သည်။ ဟာဘာမားဇောင်းပေးခဲ့သည့်အချက်၂ချက်မှာ မော်ဒန်နတီသည်သမိုင်းဆိုင်ရာခေတ်ကာလတခုမဟုတ် ပရောဂျက်တခုဖြစ်သည်။ ထိုပရောဂျက်သည်(ပြီးသင့်ပြီးနိုင်ပါသော်လည်း၊ မဖြစ်နိုင်တာမဟုတ်သော်လည်း) မပြီးသေးဟုဆိုသည်။
မော်ဒန်ခေတ်ကာလအတွင်း မော်ဒန်ဖြစ်မှုကိုသွားသည့် ဖြစ်စဉ်အတွင်းပေါ်ထွက်လာသည့် ပြဿနာများကိုဆန့်ကျင်သည့် ယဉ်ကျေးမှုလှုပ်ရှားမှုများဖြစ်သဖြင့် ပရောဂျက်တခုအဖြစ်သူယူဆခဲ့သည်။
ဆိုခဲ့ပါပြဿနာများသည်မဖြေရှင်းရသေး။ သို့သော်မော်ဒန်ဖြစ်မှုကိုသွားနေသည့်ဖြစ်စဉ်ကိုရပ်တန့်ဖို့၊ နောက်ကြောင်းပြန်လှည့်ဖို့ မဟုတ်။ မော်ဒန်ကိုဆန့်ကျင်မှုတခုဖြစ်သည့် ဟိုက်ဒက်ဂါတင်ပြသည့် Anti-modern သည်ရှေးရိုးလမ်းဟောင်းကိုပြန်သွားခြင်းဖြစ်သဖြင့် သူလက်မခံ။ Pre-modern ကိုလက်မခံသလို နောက်တမျိုးဖြစ်သည့် Post-modern ကိုလည်းလက်မခံပြန်။ ပြင်သစ်သြဇာညောင်းသည့် ပို့စ်မော်ဒန်အယူအဆသည်ဂျာမနီတွင် Irrationalism ပြန်လည်ထွန်းကားလာစေဖို့ ထရိုဂျင်မြင်းတကောင် ဖြစ်လာမှာကိုသူစိုးရိမ်သည်။ မော်ဒန်နှင့်အတူအားကောင်းလာသည့် အသိပညာဖွံ့ဖြိုးမှု၊ စီပွားရေးအကျိုးအမြတ်၊ တဦးချင်းလွတ်လပ်ခွင့်ကျယ်ဝန်းလာသည်တို့ကိုစတေးပစ်ရန်မလို။ ဘာသာရေးအစွဲအလမ်းကင်းသည့်နှုန်းစံများတွင်အခြေခံသောမော်ဒန်ကမ္ဘာ၏ ယဉ်ကျေးမှု၊ နည်းပညာ နှင့်စီးပွားရေးအခွင့်အလမ်းများကိုပစ်ပယ်စရာမလိုပေ။ မော်ဒန်အကြိုနှင့် မော်ဒန်လွန်ကြားထဲမှ ဟာဘာမားအားထဲ့ထားသည့် ဗဟိုလက်ဝဲ (Centered Left) သည် အရင်းရှင်စံနစ်မဟုတ်သည့် လမ်းကြောင်းများမှတဆင့် မော်ဒန်စံနှုန်းစံထားများကို တည်ဆောက်ထိမ်းသိမ်းဖို့ဖြစ်သည်။
ဒီ့အတွက်ဟာဘားမားရည်ရွယ်ချင်သည့် Communicative Action သည် သူပြန်လည်ဆင်ခြင်ထားသည့် ဆိုရှယ်သီအိုရီ နှင့်ချိတ်ဆက်ထားပြီး ဘာသာစကားမှ အဓိပ္ပါယ်၊ နားလည်ခြင်း စသည်တို့ကိုသူ့အမြင်နှင့်တင်ပြလာခဲ့သည်။ ထိုသဘောကိုခြုံငုံမိ ရန်မှာ သူတည်ထားသည့် ဘာသာစကားအမြင်၏မြစ်ဖျားခံရာကိုဦးစွာသိရှိဖို့လိုလာသည်။ Theory of Meaning/ Understanding of Meaning၊ အဓိပ္ပါယ်များကိုခွဲခြမ်းစိတ်ဖြာရင်း သူ၏ ဘာသာဗေဒအလှည့် (Linguistics Turn) တွင်သဘောတွေ့စရာများနှင့် ရှုပ်ထွေးမှုများသဘာဝကျစွာပါဝင်ခဲ့သည်။ ထိုမှတဆင့် လူတဦးချင်းစီဘာသာစကားအခြေခံကူးလူးဆက်ဆံမှုမှသည် လူအဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု နှင့် စီးပွားရေးနယ်များအထိဆန့်ထွက်လာခဲ့ရာ ဆိုလိုရင်းကို အနဲငယ်မျှဆုပ်ကိုင်မိဖို့ရာပင် ဆိုခဲ့ပါနယ်ပယ်များနှင့် မရင်းနှီးလှပါက ပိုမိုအားစိုက်ဖို့လိုအပ်လာပါသည်။

ုKZကေ

Sunday, August 8, 2010

၆။ ဟာဘားမားပြန်လည်ဆင်ခြင်ထားသော လူမှုသီအိုရီ၏ အရေးပါသောပြဿနာများ

ကိုလူ။ ။ လူမှုသိပ္ပံ (Social Science) မှာရှိတဲ့အဓိပ္ပါယ်ဆိုတာကိုဘယ်လိုနားလည်သလဲကစတာဆိုတဲ့ ပထမအချက်ကိုရှင်းပါဦး
ကိုမူ။ ။ သိပ္ပံဆိုတာက စမ်းသတ်ချက် တမျိုးအနေနဲ့နားလည်ထားတာ။ ဒါပေမဲ့ လူမှုသိပ္ပံ မပါပဲ သဘာဝသိပ္ပံ (Natural Science)တခုထဲနဲ့ လူ့အပြုအမူကိုနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးး။ လူ့အပြုအမူဆိုတာက သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့လည်းဆိုင်တယ်။ သဘာဝသိပ္ပံက ဥပမာ ခင်ဗျားပြေးတာကို (လှုပ်ရှားမှုကို) physics နဲ့ရှင်းပြနိုင်တာရှိတယ်၊ တနာရီဘယ်နှစ်မိုင်နှုန်း၊ ဒါပေမဲ့ဘာလို့ပြေးတာလဲ အားကစားလုပ်တာလား နောက်ကလိုက်နေလို့လား စတဲ့အဓိပ္ပါယ်ဝင် လာတဲ့အခါ ပြုသူရဲ့အနေအထားကိုနားလည်ဖို့လိုလာတယ်။
ကိုလူ။ ။ အပြုအမူတခုရဲ့အဓိပ္ပါယ်ရှိမှုဆိုတာ ပြုသူရဲ့အတွေ့အကြုံ စိတ်ခံစားမှု။ ဆင်ခြေပေါ်မှာလာတည်တယ် လို့ဆိုချင်တာပေါ့။
ကိုမူ။ ။ တကယ်တမ်းကတော့ အပြုအမူတခုကို ပြင်ပကမြင်တဲ့အမြင်တခုတည်းနဲ့မဆုံးဖြတ်နိုင်ဘူး။ နောက်ကွယ်ကအကြောင်းရင်းကို ဆုပ်မိရမယ်။ ဒီအပြုအမူကို အဓိပ္ပါယ်ဖေါ်ဖို့ရာမှာ စောင့်ကြည့်လေ့လာသူဟာ ပြုသူရဲ့စိတ်အခြေအနေ၊ ရည်ရွယ်ချက် စတာတွေကိုဖမ်းမိနိုင်တဲ့ အခြေခံလည်းရှိရမယ်လို့ဟာဘားမားကဆိုတယ်။
ကိုလူ။ ။ နောက်အချက်ကကောဘာများပါလိမ့်။
ကိုမူ။ ။ ဆိုရှယ်သီအိုရစ်တွေလေ့လာနေခဲ့တာတခုရှိတယ်။ လူသားဟာ ဘာလို့သူ့ကိုချုပ်နှောင်နေတဲ့ ထိမ်းချုပ်ဖို့ ဖန်တီးနေတဲ့ ဒီအဖွဲ့အစည်း စည်းမျဉ်း ဥပဒေတွေကို လက်ခံကြရတာလဲတဲ့။
ကိုလူ။ ။ အမှန်အတိုင်း မမြင်နိုင်ကြလို့၊ false belief တခုရှိနေတာကိုး။
ကိုမူ။ ။ ဒီလောက်တော့မလွယ်ဘူးထင်တယ်။ အမှားကိုမှားပါတယ်လို့ရှင်းလို့အမှားမှန်းသိသွားတဲ့အထိ ဆက်လက်ခံထားနေတာတွေရှိတယ်။ Critical Thinking မှာဒီကိစ္စအကျယ်ရှိတယ်။ ထားပါတော့ လူမှုပြုပြင်ပြောင်းလဲရေးဆိုတာက ဒါမှားနေတယ် ဒါအမှန် ဒီလိုလေးပြန်ပြင်လိုက် နဲ့တော့မရဘူး။ ပလေတိုပြောသလိုဆို အကန်းမျက်စိထဲ အလင်းရောင်ကိုလောင်းထည့်ပြီး ဘယ်ပြန်မြင်မလဲပေါ့
ဖဲသုံးချပ်သမားက ဂျိုကာကိုလှန်ပြပြီး အလယ်မှာနေရာချလိုက်တယ်။ ခင်ဗျားကဖဲသုံးချပ်သမားဘယ်လိုလှည့်စားလိုက်တယ်ရှင်းမပြဘဲ (သို့) သေချာနားလည်အောင်ရှင်းမပြနိုင်ပဲ ထိုးသားရဲ့မျက်မြင်ယုံကြည်မှုကိုကျော်ပြီး ညာဘက်စွန်ကိုထိုးလို့ဘယ်လိုသွားနားချမလဲ။
ကိုလူ။ ။ ဒါကြောင့်ပဲ ဘယ်နေရာမှားနေသလဲ ဒါကိုဘယ်လိုပြုပြင်ပေးရမလဲဆိုတာက မာ့က်စ်ဆိုရှယ်သီအိုရီဆရာတွေအတွက် လက်တွေ့ပြဿနာတရပ်ဖြစ်လာတာကိုး။
ကိုမူ။ ။ ဟာဘားမားက အမှားကိုလက်ခံတာ (illusion of ideology) နဲ့ ဒါကိုဝေဖန်တာ (ideology criticism) ကို Communicative နဲ့ Instrumental Action ဆိုပြီး ခွဲပြီးရှင်းတယ်။ လူတွေဟာ အများစုထင်နေသလို ကျိုးကြောင်းဆီလျော်မှုမရှိလို့ ကျိုးကြောင်းတကျ မတွေးတတ်လို့ ဒီလိုလက်ခံနေကြတာမဟုတ်ဘူးတဲ့။ စီးပွားရေးနဲ့အုပ်ချုပ်ရေးစံနစ်တွေက သူတို့ရဲ့ဆင်ခြေနည်းလမ်းတကျ အမြင်ပေါ်ကိုမှားယွင်းယူဆဖြစ်အောင်ကို လမ်းကြောင်း ပေးခံရတာလို့ ဆိုတယ်။
ကိုလူ။ ။ တတိယအချက်ကကော၊
ကိုမူ။ ။ Social Order နဲ့ဆိုင်တယ်။ ဒီ လူမှုအစီအစဉ် ကိုစဉ်းစားတဲ့သူတွေကတော့ အများကြီးပေါ့။ ဒီအထဲ Thomas Hobbes လည်းအပါအ၀င်ပဲ။ တယောက်နဲ့တယောက်မသိတဲ့၊ မရေတွက်နိုင်တဲ့ လူများစုကြီးထဲက လူတဦးချင်းစီရဲ့လုပ်ဆောင်ချက်တွေ ကနေ တိကျတဲ့ သဘောတူညီမှုတခုဘယ်လို ထွက်လာနိုင်မလဲ။
ကိုလူ။ ။ ဥပဒေနဲ့ထိန်းရမှာပေါ့။ ဥပမာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း တွေရှိလို့မို့ပေါ့။ မဟုတ်ရင်တနေ့တနေ့ တိုက်ခိုက်နေကြမှာပဲ။
ကိုမူ။ ။ ဟော့ဘ် ကတော့ဒီ့ထက်နဲနဲပိုပြင်းထန်တယ်။ ဥပဒေနဲ့ လုပ်ပိုင်ခွင့်နဲ့ ပါဝါအပြည့်ရှိတဲ့အုပ်ချုပ်သူက မလိုက်နာရင် သေချာတဲ့ ပြစ်ဒါဏ်ခံရနိုင်တယ်ဆိုတဲ့ အချက်နဲ့ လူမှုအစီအစဉ်တခုကိုဖော်ဆောင်ရမယ်ဆိုတယ်။
ကိုလူ။ ။ ဒါပေမဲ့ ပြဿနာက အပြစ်လုပ်လို့ခံရမဲ့အချက်ထက် စည်းကမ်းဖောက်လို့ ရမဲ့အကျိုးအမြတ်က ပိုကြီးနေရင် လူတွေပြစ်မှုကျုးလွန်တာ ကျိုးကြောင်းဆီလျှော်တယ်ပြောနိုင်တာပဲ။
ကိုမူ၊ ။ ကျနော်တို့ ဥပဒေ စည်းမျဉ်းတွေကိုချိုးဖောက်လို့အကျိုးရှိတယ်ဆိုဦး၊ လူနည်းစုက ဒီစံတွေကိုသွေဖီပြီး ကိုယ်ကျိုးရှာ ကြတယ်ဆိုဦး၊ လူများစုလိုက်နာကြမယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းမှာ စုပေါင်းကိုယ်ကျင့်သိစိတ် (Collective moral consciousness) တခုရှိလာမယ်။ ဒါဆိုရင်ဒီလူ့အဖွဲ့အစည်းဟာ လုံခြုံမှု ရှိတယ်လို့တော့ပြောနိုင်ပါတယ်။
ကိုလူ။ ။ ဟာဘားမားအယူအဆကကောဘယ်လိုများလဲ။
ကိုမူ။ ။ သူကဒီလိုဆိုတယ်။ လူတွေရဲ့ပြုမူဆောင်ရွက်ချက်တွေဟာအခြေခံမှာ ဘာသာစကားနဲ့ ချိတ်ဆက်ထားကြတာတဲ့။ လူတွေဘာသာစကားအသုံးပြုပြီး တဦးနဲ့တဦးဆက်သွယ်တိုင်းမှာ သူတို့အပြုအမူတွေ (စကားလုံးတွေ) ဟာ ဆင်ခြေကောင်းတွေပေါ်အခြေခံတာပါလို့ အနည်းနဲ့အများ ဖော်ထုတ်ကြတာပါပဲ။
ကိုလူ။ ။ အင်း မိုးလေးနဲနဲအေးလို့ ဆေးဖြစ်ဝါးဖြစ်ကလေး လုပ်လိုက်တာပါဆိုတာမျိုးပေါ့။
ကိုမူ။ ။ ဒါကို ဟာဘားမားက validity claim လို့ဆိုတယ်။ လူအဖွဲ့အစည်းထဲက လူတဦးတယောက်အတွက် သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ ကောင်းမွန်တဲ့အခြေခံရှိတယ်၊ အကျိုးသင့်အကြောင်းသင့်ဖြစ်တယ်လို့ သက်သေပြနိုင်ရင်၊ ဒီအလေ့အကျင့်နေရာယူလာရင် ဒါဟာ လူမှုအစီအစဉ် စတင်လာတာလို့ဆိုတယ်။ ပြစ်ဒါဏ်နဲ့ ဘာသာရေးဓလေ့ထုံးစံတွေနဲ့ တခြားကိုယ်ကျင့်စံတွေပေါ်တိုက်ရိုက်မမှီခိုဘူးလို့ဆိုတယ်။
ကိုလူ။ ။ ဟာဘားမား ဟာ Rationality နဲ့ Reason ကို ပဲကိုင်ထားတာပဲဗျ နော။
ကိုမူ။ ။ ပထမအချက် Understanding of Meaning မှာ ပြုသူ (Agent) ရဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့ ဆုံးဖြတ်သူ (Interpreter) ရဲ့ ဆင်ခြင်နိုင်စွမ်း ကိုယူထားတယ်။ ဒုတိယအချက်မှာ Ideology တခုကိုလက်ခံရာမှာ Rationality ပုံမပေါ် ရတာဟာ စီးပွားရေးနဲ့အုပ်ချုပ်ရေးရိုက်ခတ်မှုကြောင့်လို့ တင်ပြတယ်။ နောက်ဆုံး Good reasons တွေပေါ်အခြေခံတဲ့ လူမှုအစီအစဉ် ကိုစဉ်းစားစေတာပါပဲ။ ခင်ဗျားမငြီးငွေ့သေးဘူးဆိုရင် ရှေ့မှာ သူ့ရဲ့ဒီအယူအဆတွေကိုပိုပြီးနားလည်အောင်အားထုတ်ကြတာပေါ့လေ။

KZကေ

Wednesday, July 28, 2010

ပညာရှင်စံ ဘရစ်တနီစပီးယားပေါင်တံနှင့် အသိညာဏ်

ဘလော့ရေးတာနှစ်ပေါက်လာပြီး ကျနော့်တွင်တိုတိုစစ ပို့စ်ပေါင်းရာကျော်ရှိလာပါသည်။
ပြောရလျှင် တခါတခါတော့ ငါဘာလို့ဒါတွေလျောက်ရေးနေတာပါလိမ့်လို့ ပေါ့လျှပ်လျှပ်တွေးမိတာလည်းရှိပါသည်။
ဆန်းဆန်းပြားပြားစကားလုံးတွေရှာကြံသုံးပြီး ရိုးရိုးသားသားကဗျာရေးနေလျှင်ဖြင့်မပြောလိုပါ။
ခုတော့တတ်ယောင်ကား ပညာရပ်ဆန်ဆန် ဟန်တလုံးပန်တလုံးများလုပ်နေတော့ တခါတခါ ကိုယ့်ဘာသာလည်းသိပ်ကြည့်ရတာတော့မဟုတ်လှပါ။
ထပ်ပြီးပြောရပါလျှင် ပို့စ်မော်ဒန်သည်လည်းကောင်း နိုင်ငံရေးအတွေးအခေါ်များသည်လည်းကောင်း စာပေဝေဖန်ရေးယောင်ယောင်များသည်လည်းကောင်း ကျနော့်အသက်မွေးဝမ်းကျောင်းပညာရပ်များနှင့် တိတိကျကျဆိုသော် ကျနော်ထမင်းစားဖို့ ကလေးများ ကင်တာကီကြက်ကျော်စားပြီး ဗိုလ်အစစ်များသင်သည့်အင်္ဂလိပ်စာသင်ကျောင်းတက်ဖို့ လုပ်နေသောအလုပ်များနှင့် အဆက်အစပ်ကိုရှာရသည်မဟုတ်ပါ။
အသက်မွေးဝမ်းကျောင်းနှင့်ဆက်စပ်သည့်အလုပ်များသည်ပင်လျှင်၊ ဆိုကြပါစို့ အခုအသစ်စက်စက်တည်ဆောက်ပြီးကာစ ရေနံချက်စက်ရုံတခုကို ဓါတ်ဆီ ဒီဆယ် လေယာဉ်ဆီများ ရသည့်အထိ ဘယ်လိုထိမ်းကျောင်းမောင်းနှင်ရမည်ဟု ကျနော် စာအုပ်တအုပ်ရေးမည်ဆိုပါက ပညာရှင်များက အချိန်နဲ့ပိုက်ဆံပေါနေရင်လည်း ချောင်းသာ ကိုအပန်းဖြေခရီးလေးဘာလေးထွက်ဖို့ကောင်းတာပေါ့လို့ အကြံပြုလာနိုင်ပါသည်။
ဆိုလိုသည်မှာ ကျနော့်တွင် ကိုယ်နဲနဲသိသည်ဆိုနိုင်သောပညာရပ်များနှင့်ဘာမှမဆိုင်သည့်ခုလိုအသိညာဏ် တ၀င်းဝင်းဒါးခုတ်ရာမှာ အမှန်တော့ လက်ဝင်ရှို ရန်သင့်လှသည်တော့မဟုတ်ပါ။
စိတ်နာနာနှင့်ပြောရလျှင် အသိညာဏ်ဆိုသည်မှာ လက်ဝါးကြီးအုပ်ခံထားရတာကြာပါပြီ။ ၂၀၀၆ ကထင်ပါသည်။
ဝီကီပီးဒီးယားနှင့်ဘရစ်တနီကာ ကိုပညာရှင်ဆိုသူများကစီစစ်ကြည့်ကြရာ ပညာရှင်များတည်းဖြတ်သုတ်သင်ထားသည့် ဘရစ်တနီကာသည် ကြိုက်တဲ့သူဝင်ပြင်ဟုလူများစုကြီးကို ဖွင့်ပေးထားသည့်ဝီကီလောက်အမှားမများဟုဆိုပါသည်။ ကောက်ချက်ချရလျှင် ပညာရှင်ဆိုသူများက စွယ်စုံကျမ်းများခေါင်းတိုက်ခိုင်းပြီး အသိပညာကိုအာဏာသိမ်းခဲ့ခြင်းဖြစ်ပါသည်။ ဒါနဲ့ကျနော်လည်း လူရာဝင်ချင်ဇောအားကြီးပြီး ဘရစ်တနီစပီးယားအခွေအစား မှားယွင်းစွာ ဘရစ်တနီကာကိုအွန်လိုင်းမှဝယ်ခဲ့မိပါသည်။
Knowledge ဆိုတာ Power နဲ့ခွဲထားလို့မဖြစ်နိုင်ပါ ဟုကျနော်ကစာတကြောင်းရေးလျှင် ဒါက ဖူးကို (Foucault) ကို ကိုးကား တာဖြစ်ပြီး ထိုစာကြောင်းကို မျက်ကွင်းအဖွင့်အပိတ်နှင့် ဖော်ပြရပါသည်။
မော်ဒန်ခေတ်တွင် အသိပညာဆိုသည်မှာအားလုံးအတွက် တခုတည်းသတ်မှတ်ထားချက် (Objective Reality) ဖြစ်ပြီး ယေဘူယျအားဖြင့် ဥရောပတိုက်သား သက်လတ်ပိုင်း လူဖြူယောကျာင်္း ၏အမြင်တွင်တည်နေပါသည်။ သို့ဖြစ်ရကား အသိပညာကို အားကြီးမှု နှင့်တည်ဆောက်ယူခဲ့ခြင်းဖြစ်ပြီး စသည်စသည်တို့ကိုရေးမည်ဆိုပါက မူရင်းစာရေးသူအမည်၊ စာအုပ်အမည်နှင့်စာမျက်နှာစသည်တို့ကို အောက်ခြေမှတ်စုတွင် ထည့်သွင်းဖော်ပြရပါသည်။ အမေရိကန်စိတ်ပညာအသင်း (American Psychological Association) ၏ APA format ကိုလိုက်နာပြီးရေးသားမှသာ ဆရာများစိတ်တူသဘောဖြူကြပါသည်။
သို့ဖြစ်ရကား ကျနော့်စာများတွင် အသိပညာကို ဒီမိုကရေစီဇတ်သွင်းရန်အားထုတ်သည့်အနေဖြင့် ကိုယ်ကြိုက်သလိုရေးနေခြင်းတော့မဟုတ်ပါ။ ကျနော်လည်းနိုင်သလောက် အမှားကင်းအောင်အားထုတ်ထားပါသည်။ မြန်မာပြည်နိုင်ငံရေးနှင့်တိုက်ရိုက်ပတ်သက်သည့်စာတမ်းဆန်ဆန်တခု ရေးသားရန်အကြံရှိပြီး မရှက်မကြောက်ရေးဖြစ်မည်ဆိုပါက ခိုင်မာမှုရှိစေရန် ပညာရှင်စံကိုလိုက်နာဖြစ်ပါလိမ့်မည်။ လောလောဆယ်တွင်ကျနော့်ညာဏ်သုံးတောင့်ထွာနှင့်ရေးသောဘလော့ကိုစိတ်ရှည်ရှည်ဖတ်သောဆရာလူမိုက်များကိုအမှန်တကယ် ကျေးဇူးတင်ရှိပါကြောင်း ဘာစာမှမရေးဖြစ်တာကြာသဖြင့်ခုပို့စ်ကိုရှာကြံရေးသားမိပါသည်။

KZကေ

Saturday, July 10, 2010

ဘာစီလိုနာညချမ်း ၂၀၁၀ အမ်စတာဒမ်အလွမ်း

ကိုတီတူး။
ဒါနဲ့ပဲ ကျနော်လည်းကျားကိုအင်္ဂလိပ်စာသင်ပေးရအောင်လို့ပြောမိတယ်။
ဒီလိုဆိုတော့ကျနော့်ကိုဆပ်ကပ်ထဲကလူတယောက်လို့ထင်ကြတော့မှာပဲ။
ဆပ်ကပ်ထဲကဆိုလို့ကျနော်ဟာစက်ဝိုင်းထဲမှာကပ်နေတဲ့ အမျိုးသမီးကိုဒါးနဲ့ပေါက်တဲ့လူနဲ့တော့
တူကောင်းတူပေလိမ့်မယ်။ သိတဲ့အတိုင်းကျနော်စာရေးရင်လိုရင်းမရောက်ဘူး။ ပစ်မှတ်ကိုမထိဘူးပြောနိုင်တာပေါ့။ ကွာတာကတော့ဆပ်ကပ်ထဲအဲသလိုများ အကြိုအကြားတွေဒါးစိုက်သွားလို့
ကတော့ (ချိုင်းကြားတို့ ပေါင်ကြားတို့ ကိုပြောချင်တာ) ပရိတ်သတ်ကအားပေးကြတာကလား။
ကျနော်မှာတော့ ခေတ်ကမကောင်းတော့ကိုယ်ပြောချင်တာရဲရဲမပြောရဲတဲ့အကျင့်ကရလာတော့ ဒီလိုပဲ သေကွင်းသေကွက်နဲ့နီးတဲ့နေရာလေးတွေဝေ့၀ိုက်ပစ်တဲ့အကျင့်ကရလာတယ်။ ပိုလန်းစကီးကတော့ ဒါဟာနှင်းခဲလျောစီးသူတွေလိုပဲတဲ့ အနုပညာဆိုတာဒီလိုအလံတိုင်လေးတွေကြားကသွားတတ်ရတယ် လို့ပြောဘူးတယ်လို့မှတ်မိသလိုပဲ။ ကြာပီ ဒီအကြောင်းကျနော်ပြောတာ ဘာကလေမှာဂျာနယ်လစ်ဆမ်သွား တက်တဲ့ ကျနော့်သူငယ်ချင်းနဲ့ ဂွတ်တလစ်နားကအရက်ဆိုင်လေးတဆိုင်မှာ ကြာပီပေါ့။ ကျနော်ဆေးလိပ်မပြတ် သေးဘူး။ မြင်းခြံဘော့တွေခဲနေတုန်း၊ ရန်ကုန်မှာ စင်တင်ဂီတတွေအားကောင်းတုန်း၊ လူတွေပန်းကုံးတွေသောက်သောက်လဲစွပ်တုန်း၊ ကာရာအိုကေဆိုတာ ဘာလဲလို့လူတွေမေးရကောင်းမှန်းတောင် မသိကြသေးဘူးဆိုတဲ့အချိန်တုန်းကပေါ့။ တိုက်ဂါးဘီယာမပေါ်သေးဘူး၊ အေဘီစီလည်းမပေါ်သေးဘူး။ ကျနော်လည်း ကျားကိုအင်္ဂလိပ်လိုတတ်အောင်မသွန်သင်နိုင်သေးဘူးပေါ့။
တကယ်တမ်းကျနော်ပြောချင်တာ ကျားနဲ့ ဘာမှမဆိုင်ဘူးရယ်။ ရေဘ၀ဲဗျ ရေဘ၀ဲ၊ ဒီလောက်ဆိုခင်ဗျားသိသွားပါပြီ။ ကျနော်ဘာပြောတော့မယ်ဆိုတာ။ အေးဗျာ ခက်သားကလား၊ ခုခေတ် မီဒီယာ ဆိုတာက မင်းသမီးလေးသွေးစုနာပေါက်တာကစလို့ အင်္ဂါဂြိုလ်မှာရေတွေ့တဲ့အထိအကုန်သိတာကလား။ ဟုတ်တယ်၊ ဘောလုံးပေါ့ အဲဒီလုံးနေတဲ့ဘောပေါ့ဗျာ။ ခုကျနော်အဲဒီအကြောင်းပြောချင်နေတာပါပဲ။ ခုလိုပညာတတ်တွေ ဂလိုဘယ်လိုက်ဇေးရှင်းလို့အော်နေတဲ့ခေတ်မှာ ကျနော်လိုထူထူပိန်းပိန်းကောင်က တခြားဟာတွေနားမလည်တောင်မှ ကမ္ဘာနဲ့အ၀ှမ်းစိတ်ဝင်စားတဲ့ ဒီဘောပွဲတော့နဲနဲဝင်ရောသင့်တာပေါ့။
တနေ့မှာကျနော်တို့အခန်းထောင့်ကတရုတ်ကကျနော့်ကိုမေးတယ်။ ဘယ်အသင်းကြိုက်သလဲတဲ့။ ကျနော်တောင် ဘာမှပြန်မပြောရသေးဘူးသူက ဂျာမနီနိုင်မှာတဲ့ အော်တိုပတ်စ်က ဂျာမနီကိုရွေးလိုက်တယ်လို့ပြောတယ်။
အဲဒီနေ့က ကွာတားပွဲ၊ ဂျာမနီနဲ့ အာဂျင်တီးနားတွေ့တဲ့နေ့၊ ကျနော့်စိတ်ထဲတော့ ဂျာဂင်ကလင်းစမန်းတို့ ဂျာဂင်ဟာဘားမားတို့ကိုရင်းနှီးနေပေမဲ့ အာဂျင်တိုင်းတွေကိုပဲနိုင်စေချင်တယ်။ မြန်မာတွေက အာဂျင်တိုင်းပရိတ်သတ်များတာကိုး။ ဒိုင်တော့မစားစေချင်ဘူးလေ။ ခက်တာက ဘောပွဲလောင်းတယ်ဆိုတာက ပိုက်ဆံလိုချင်လို့လောင်းကြတာဆိုပေမဲ့ လူတွေက ကိုယ်ကြိုက်တဲ့အသင်းဘက်ကလောင်းကြတာများတယ်။ ဆိုလိုတာကဗျာ နိုင်ဖို့အရေးကြီးတယ် ဆိုတာထက် ကြိုက်တာကိုဦးစားပေးတာကိုး။ အဖြူရောင်လေးဝယ်ရင် ကျောင်းလည်းဝတ်လို့ရတယ်ဆိုပေမဲ့ အနက်ကလေးကြိုက်လို့ဝယ်လာခဲ့တယ်ဆိုတာမျိုးကြားဘူးပါလိမ့်မယ်။ အော်လူတွေ ဆင်ခြင်တုံတရားဆိုတာ နားလည်တယ်ဆိုဦးတော့ လက်တွေ့မှာ ဆုံးဖြတ်ချက် ဆိုတာ Irrational လို့ပြောတော့ ငြင်းရတာခက်တာပေါ့ဗျာ။ ထားတော့ ဘယ်နားရောက်သွားပါလိမ့်၊ ဟုတ်ပြီ အဲဒီနေ့ကကျနော်သူငယ်ချင်းတယောက်အိမ်သွားပြီးဘောပွဲကြည့်ဖြစ်တယ်၊ ဂျာမန်တွေဗျာ လေးဂိုးတောင် သွင်းလိုက်တာ ကျနော့်မှာ မက်ဆီလေးနဲ့ ၀တ်လစ်စလစ်နဲ့ ဗျုနိုအေရီလမ်းတွေပေါ်ပြေးမယ်ဆိုတဲ့ သူ့ဆရာ မာရာဒိုနာတို့ကို သနားသလိုတောင်ဖြစ်မိတယ်။ နောက်တော့လည်းမနိုင်တော့ရှုံးမှာပေါ့လေ ဒီကောင်တွေ ငါ့စပင်းနစ်တွေနဲ့တွေ့ကြတာပေါ့လို့တေးထားမိတယ်။ အဲဒီမှာဇတ်လမ်းကစတာပဲ။ အင်္ဂလန်ကိုလေးဂိုး တဂိုး၊ အဂျင်တီးနားကို လေးဂိုးပြတ်သွင်းလာတဲ့ ဂျာမန်တွေကို အားလုံးကချန်ပီယံလို့သတ်မှတ်လိုက်ကြပီပဲ။
ဒီမှာကျနော်နဲ့ဘောလုံးပွဲတွေအကြောင်းနဲနဲတော့ပြောရတော့မှာပဲ။ ကျနော်ဘောလုံးပွဲစကြည့်တော့နယ်မှာ။ ၈၈ အရေးအခင်းဖြစ်ပြီးနောက်ပိုင်းကျောင်းတွေပိတ်ထားချိန်ပေါ့။ ကျနော်လည်းလက်ဘက်ရည်ဆိုင်ကို နေ့မီးညမီးထိုင်နေတဲ့အချိန်ပေါ့။ တီဗွီရှိတဲ့သူငယ်ချင်းကစနေတနင်္ဂနွေတွေမှာ ဘောပွဲ ကြည့်ဖို့လာလာခေါ်တယ်
အလန်ရှီးယား ဘလက်ဘန်းမှာကန်နေတဲ့အချိန်ပေါ့။ ဒါပေမဲ့စာဆောင်တွေအရ ကျနော်စကြိုက်တဲ့ဘောသမား တွေက ဒတ်ခ်ျတွေပဲ အေစီမီလန်ရောက်ဟော်လန်ရဲသုံးဘော်ပဲ။ ဗာစတင်၊ ဂူးလစ်၊ ဘားကမ့် တို့သုံးယောက်ပေါ့။
အဲဒီကနေကျနော်ဘောပွဲတွေနဲနဲသတိထားမိတာမှာ ကျောင်းပြန်တက်တော့ ရန်ကုန်ကို တောင်ကိုးရီးယားက ပေါ့စကိုအတမ်ဆိုတဲ့အသင်းတသင်းလာတယ်။ စီဆောင်မှာပြတဲ့မြန်မာ့လက်ရွေးစင်အသင်းနဲ့ကန်တဲ့ပွဲ ဒီမှာတင် ကျနော်နားလည်ထားတဲ့ဘောလုံး ကစားနည်းဟာပြောင်းသွားပြီလို့ခံစားမိတော့တယ်။ ကျနော်ဟာဘောလုံးပွဲကို ပြည်တွင်းတိုင်းနဲ့ပြည်နယ် ပွဲတွေ ရေဒီယိုကကြော်ညာတဲ့ ခေတ်ကစလို့ ကျနော်တို့နယ်သားတယောက်က အကောက်ခွန်မှာညွှန်မှုးဖြစ်တဲ့အချိန် အကောက်ခွန်က မြန်မာပြည် အကောင်းဆုံးဘောသမားတွေ တောကွင်းမှာလားကစားတာတွေကို ကလေးဘ၀ကတည်းကကြည့်ခဲ့ဘူးပါတယ်။
နောက်တော့ မျိုးလှိုင်ဝင်း နဲ့ ကျနော်တို့ကျောင်းတော်သား သန်းတိုးအောင်တို့ဟာ ဆီဂိမ်းမှာ ဒုတိယ ရလာခဲ့တဲ့အချိန်မှာ ဟော်လန်မှာ အက်ဂါဒေးဗစ်တို့ ဆီးဒေါ့တို့ နောက်တန်းမှာ ဘိုဝါးအမွှာညီအကိုတို့ ခေတ်ကိုရောက်လာတယ်၊ အေဂျက်အမ်စတာဒမ်ဟာ ဥရောပရဲ့အကောင်းဆုံး ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်ရခဲ့တယ်လို့ထင်တယ်။ ကျနော် အမ်စတာဒမ်ကိုကြိုက်ပါတယ်။ မြို့ဟာတူးမြောင်းတွေနဲ့လှတယ်။ လှေအဟောင်းတွေကိုစားသောက်ဆိုင်ပြန်လုပ်ထားတာ၊ မြို့လယ်ညဘက်လမ်းကြားတွေမှာဆေးခြောက်တရားဝင်သုံးခွင့်ရတာ၊ ရော့တာဒမ်ကလေရဟတ်တွေ။ ဒတ်ခ်ျတွေဟာစည်းကမ်းရှိတယ်၊ ဥါဏ်ကောင်းတယ်။အင်္ဂလိပ်စကားပြောကောင်းတယ်ဆိုပေမဲ့ စီးပွားရေးမဟာဘွဲ့ရ အာဆင်ဝင်းဂါးရဲ့အာဆင်နယ် အသင်းမှာခြေစွမ်းပြတတ်တဲ့ ဗန်ပါစီလောက်နဲ့ ဘန်ဘရွန်ခရော့စ် လောက်နဲ့ ဂျာမန်တွေကိုဘောလုံးအဖျက်နဲ့ စင်တာပတ်စ်တွေသင်တန်းပေးခဲ့တဲ့ စပိန်တွေကိုဘယ်လိုနိုင်အောင်ကန်မှာလဲ။ အထိန်း အဖျက် ဘောလုံးဖြန့်ဝေမှု အစစမှာ စပိန်ဟာ ဂျိုဟန်ခရိုက်ရဲ့ သားမြေးတွေကို သာပါတယ်။
ကျနော်ဟာအကြိုက်အရ နိုင်ငံအသင်းမှာ စပိန်၊ ကလပ်အသင်းမှာ မန်ယူပါ။ တကယ်တော့ မေးရိုးတွေထောင်အောင် ဟစ်အော်ပြီးအသင်းကိုမောင်းတဲ့ ကွင်းလယ်မှာဘောလုံးဖြန့်ဝေမှုကောင်းတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ဘောလုံးပိုင်ဆိုင်မှုများအောင်ကစားတဲ့ မန်ယူရဲ့ ကပ္ပတိန်ဟောင်း အိုင်းရစ်သူပုန် ရိုင်းကိန်း၊ ကျနော်အကြိုက်ဆုံး ဘောသမားတွေထဲကတယောက်ကို ခုဘာစီလိုနာနဲ့ စပိန် ကွင်းလယ်ဖန်တီးရှင်ဇာဗီ ဟာ ရှေ့တက်ဂိုးသွင်းတတ်တာနဲ့ အသင်းမောင်းနှင်အားကလွဲလို့ကျန်တဲ့နေရာတွေအားလုံးမှာသာပါတယ်။ ဂျိုဟန်ခရိုက် နည်းပြလုပ်ဖူးတဲ့ ဘာစီလိုနာအသင်း။ အဲဒီအသင်းသား ခြောက်ယောက် လိုင်းနပ်အပြည့်ကစားနေတဲ့ စပိန်ကို တိုတယ်ဖွတ်ဘောနဲ့ ဟော်လန်ကအနိုင်ယူမယ်ပြောရင်တော့ မြေးကလေးဆုံးလို့ပူဆွေးနေတဲ့ တောင်အာဖရိကရဲ့ဖခင်ကြီး မန်ဒဲလားကပြုံးပါလိမ့်မယ်။
တခုပဲ ခုနယ်သာလန် ဘရာဇီးကိုကစားသွားတာဟာ ခေတ်အဆက်ဆက် သူ့နောင်တော်တွေကစားခဲ့တဲ့ ဘောလုံးရသအပြည့်ပေးခဲ့တဲ့ ဟော်လန်တွေရဲ့ညက်ညောတဲ့ကစားဟန်မဟုတ်ပါဘူး။ ခုအင်္ဂလိပ်ကလပ် ချန်ပီယံချယ်ဆီးကိုနည်းပြခဲ့ဘူးတဲ့ ရုဂူးလစ်ဟာ တခါက ပွဲစဉ်အရကွာတားမှာဘရာဇီးနဲ့တွေ့ဖို့ရှိနေတယ်။ နည်းပြနဲ့ကြိုညှိရာမှာ ဟော်လန်စတိုင်အပွင့်တိုက်စစ်နဲ့ကစားခွင့်မရဘူးဆိုတဲ့ နည်းစံနစ်ပိုင်းဆိုင်ရာ ငြင်းခုန်မှုတခုကြောင့် ကမ္ဘာ့ဖလားပွဲကိုငြင်းဆန်ခဲ့တယ်။ ခုရှေ့တန်းကရော်ဘင် အလယ်ကနာမည်ရနေတဲ့ ဆရာလေး (ကျနော်နံမည်မေ့နေတယ်) လောက်နဲ့တော့ လီဗာပူးဂိုးသွင်းဘုရင်တောရက်နဲ့ ဂိုးသွင်းစက် ဗီလာ တို့ အသက်နှစ်ဆယ့်တစ်နှစ်နဲ့ အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ်နဲ့ ဖာဘရီဂတ်စ်တို့ ကွင်းလယ်က ဇာဗီနဲ့ အင်နီအက်စ်ထရာတို့ ဘာစီလိုနာ ကပ္ပတိန် နောက်တန်းခံစစ်မှုး၊ ပူရိုးတို့ပါတဲ့ စပိန်ကိုဘယ်လိုနိုင်အောင်ကန်မှာလဲ။
တခုပဲ နောက်ဆုံးပြောစရာ တခုပဲ။ နောက်ညာအစွန်ကရာမို့စ်ဟာရှေ့တန်းတိုက်စစ်ထိပါတယ် ကွင်းလယ်မှာအဖျက်ကစားတယ် ကျွံလာတဲ့ညာနောက်ခံလူကိုထိမ်းကျောင်းတယ်။ အားနဲချက်၂ခုဖြစ်လာနိုင်တယ်။ ဟော်လန် ခံစစ်ကကောင်တာပေးရင် သူနေရာမှန်ပြန်ရောက်မလား နဲ့ သူ့အဖျက်ကကြမ်းတော့ နီသွားနိုင်တာတခုရှိတယ်။ ဒီအဆင့်မှာ ၁၀ယောက် ၁၁ယောက်ကစားပြီဆိုရင် နိုင်ဖို့မစဉ်းစားပါနဲ့။ ပြီးတော့ တည်ဘောတွေ။ ထောင့်ကန်ဘောနဲ့ ပြစ်ဒါဏ်ဘောတွေကနေဘယ်လိုဂိုးရမလည်း ခုဟော်လန်အသင်းနည်းပြရဲ့အတွေးဟာ ဒီနှစ်ချက်ပေါ်မှာရှိနိုင်ပါတယ်။ ပင်နယ်တီမှာတော့ ရော်နယ်ဒို၊ ဇီဒန်း၊ ဘက်ခမ်း၊ ဖီဂို တို့တပြိုင်နက်ကစားတဲ့ ရီးရဲမက်ဒရစ် ဂိုးပေါက်ကိုစောင့်ကြပ်သူ စပိန်ခေါင်းဆောင် ကားဆီးလတ်နဲ့ နယ်သာလန်ဂိုးသမား ကွာပါတယ် (နယ်သာလန်ကို မန်ယူဂိုး သမားဖမ်းနေတာတော့မတွေ့မိဘူး) ။ ပြောရရင်နှစ်ဘက်စလုံးဟာ မိနစ်ကိုးဆယ်အတွင်း အပြတ်ဖြတ်ကြမဲ့ နည်းပရိယါယ်တွေရှိနေပါလိမ့်မယ်။ Little India က ကြက်တူရွေးက ဟော်လန်တွေကို ရွေးတယ်ဆိုဦးတော့ ကျနော်ကတော့စပိန်ပါပဲ။ အားကစားဟာမော်ဒန်အရင်းရှင်ခေတ်က လူတန်းစားလွတ်မြောက်မှု တွေကိုလမ်းကြောင်းလွှဲဖို့ အစိုးရတွေကစံနစ်တကျဖန်တီးလိုက်တာလို့ ဖရင့်ဖတ်ဂိုဏ်းသား ဂျာမန်တွေးခေါ်ရှင်တွေကသုံးသပ်ခဲ့ပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောရုံကလွဲလို့ ခုကမ္ဘာ့ဖလားရဲ့သြဇာကိုကျနော်လည်းအလုံးစုံမလွန်ဆန်နိုင်ပါဘူး။ မက်စ်ဝက်ဘာပြောတဲ့ မော်ဒန်သံလှောင်အိမ်ထဲ တနလာင်္နေ့မနက်စောစောမှာ ကျနော်တော့ခေါင်းထိုးဝင်ရပေဦးမယ်။ မြန်မာ့အားကစားဟာ ကမ္ဘာကိုမီးလာရင် ချောင်းကြည့်နေရတုန်းပါပဲ။ နိုင်ငံစုံအရင်းရှင်ခေတ်၊ အားကစားဟာဒီနေ့ခေတ်ရဲ့ ဖျော်ဖြေမှုတခုဖြစ်လာပုံကအစ၊ နိုင်ငံတကာမှာကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးမာန်မာန နိမ့်ကျလာပုံအလယ်၊ အစရှာမရသေးတဲ့ နိုင်ငံပြန်လည် တည်ဆောက်ပုံ အဆုံး၊ ကျနော်ဟာ ဂျုရောင်းအနောက်ကိုဝင်လာတဲ့ နေရောင်ကိုကြည့်ရင်း ခဲရောင်နောက်နောက်တရုတ်ကော်ဖီကိုသောက်ရင်း ဘောလုံးပွဲတွေပြီးသွားမဲ့ ၂၀၁၀ ရဲ့အနောက်ဘက် ရန်ကုန်မြင်ကွင်း ကိုမျှော်ကြည့်နေခဲ့မိတာပါပဲ။

ချစ်ခင်စွာဖြင့်
KZကေ

Saturday, July 3, 2010

အောက်စဖို့ဒ် ဟော်နန်းနံရံပေါ်မှ Thomas Hobbes အရိပ်နှင့် John Locke အရောင်

တနေ့အတန်းထဲမှာကြည်ထင်ကိုဆမ်မြူရယ်ကနောက်ကနေတွန်းလိုက်တယ်။
ဒါခုမှ တခါစလုပ်တာမဟုတ်ဘူး။ သူ ဒီလိုစနောက်နေတာအနဲဆုံးငါးခါလောက်တော့ရှိပြီ။
မခံနိုင်လို့မနေ့ကမုန့်စားကျောင်းချိန်မှာ သူပြန်တွန်းမယ်လုပ်တော့ဆမ်မြူရယ်ထွက်ပြေးတယ်။
ခုလဲစာသင်နေတုန်း ဆရာလစ်တုန်း စပြန်တယ်။ ဒီတိုင်းဆိုရင်ပြီးမှာမဟုတ်ဘူး ဒီတော့သူဆရာကိုတိုင်လိုက်တော့တယ်။
ဒီအဖြစ်အပျက်လေးကို ကျနော်ပြောရတာအကြောင်းရှိပါတယ်။ ဒီကလေးဟာ စာသင်ခန်းရဲ့တည်ငြိမ်မှုအတွက်ပြန်လုပ်ချင်တဲ့သူ့ဆန္ဒကိုထိန်းချုပ်လိုက်တယ်။
အကျယ်ပြောရရင် သူ့လွတ်လပ်ခွင့်ကိုလူ့အဖွဲ့အစည်း ရဲ့လုံခြုံရေး နဲ့ တည်ငြိမ်မှုအတွက် ပေးဆပ်လိုက်ရတာပါပဲ။
ကျောင်းသားတွေ တယောက်နဲ့တယောက်ထင်သလိုထိုးကြိတ်နေကြရင် စာဘယ်လိုသင်မလဲ။
အားနဲတဲ့သူက ပြန်ထိုးဖို့မဖြစ်ရင်အမြဲပဲခံနေရမလား။ ဆရာကကောဘယ်သူလွန်မှန်းသေချာမလေ့လာဘဲ
နှစ်ယောက်စလုံးခုံပေါ်တက် မတ်တပ်ရပ်ဆိုတာကကောဖြစ်သင့်သလား။
အဲဒီမှာရှိတဲ့ ကျောင်းသားတွေအကြား ပြီးတော့ ကျောင်းသားတွေနဲ့ဆရာ အကြား။ ချဲ့လိုက်ရင် လူတဦးချင်းစီကြားမှာရှိတဲ့ ဆက်ဆံရေးနဲ့၊ လူတဦးချင်းစီနဲ့ အစိုးရကြားမှာရှိတဲ့ ဆက်ဆံရေးကို Social Contract လို့သုံးပါတယ်။
Locke နဲ့ Hobbes ကြားကကွာဟချက်တွေထဲက အရေးပါတာတခုက ဒီ လူမှုပဋိညာဉ် မှာ လော့ခ်ကလွတ်လပ်မှုကိုပိုစေချင်ပြီး ဟော့ဘ်ကလုံခြုံရေးကိုပိုစေချင်တာပါ။
Libral သမားတွေက The least government is the best government လို့ပြောကြတယ်။ ခု Financial Crisis နောက်ပိုင်း Big Government အယူအဆကပြန်အားကောင်းနေပြန်ပါတယ်။ အိုဘားမား အစိုးရလည်း Health Care Reform bill ကိုလက်မှတ်ထိုးနိုင်တာ Big Government လုပ်တာလို့ပြောနိုင်ပါတယ်။
ရှေ့မှာ ကျနော် လေဘာနဲ့ကွန်ဆာဗေးတစ် တွေအကြောင်းပြောတာမှတ်မိမယ်ထင်ပါတယ်။ equality နဲ့ freedom ကိုဒိုင်ယာလက်တစ်ကိုရှင်းရင်းပါသွားတာလေ။ သဘောချင်းတူနေတယ်မထင်ဘူးလား။ တူမှာပေါ့ လော့ခ် (1632-1704) ကော ဟော့ဘ် (1588-1679) ကော အင်္ဂလိပ်တွေကိုး၊ အောက်စဖို့ဒ် ထွက်တွေ၊
ဟော့ဘ် ကအင်္ဂလန်ပြည်တွင်းစစ် ကိုဖြတ်သန်းခဲ့ရတယ်။ မင်းညီမင်းသားတွေကိုစာသင်ခဲ့ရတယ်။ လော့ခ်လက်ထက်ရောက်တော့စစ်ပြီးပြီ။ နောက်ခံသမိုင်း ဖြစ်တဲ့ ပြည်တွင်းစစ်ကသူတို့ကြားမှာရှိတဲ့နိုင်ငံရေးအမြင်တွေကို ကွဲပြားစေတာထဲကကြီးတဲ့သက်ရောက်မှုတခုဖြစ်နိုင်ပါတယ်။
လော့ခ်ကိုဒီနေ့တွေမှာပြောနေတဲ့ဒီမိုကရေစီစံနှုန်းတွေဟာသူ့အတွေးအခေါ်နဲ့နီးစပ်ပြီး ဟော့ဘ်ဟာ အာဏာရှင်ဆန်တဲ့ ထိမ်းချုပ်မှု ကိုအလေးပေးတယ်လို့ပြောရင်ရနိုင်ကောင်းပါတယ်။
စာအုပ်တွေအနေနဲ့ ကျနော်မဖတ်ဘူးတဲ့ Locke (Two Treatises on Government) နဲ့ Hobbes (Leviathan) တို့မှာသူတို့အယူအဆတွေကိုကျယ်ဝန်းစွာလေ့လာနိုင်လိမ့်မယ်လို့ယူဆကြောင်းပါခင်ဗျား။

ချစ်ခင်စွာ
KZကေ

PS: Hobbes ကို ဟာဘားမားရဲ့ Social Theory ရဲ့တတိယပြဿနာ ကိုပြောတဲ့အခါ နဲနဲပြန်ကိုးကားရဖို့ရှိပါတယ်။
နောက်ဘယ်သူမဆို ခက်ခက် တွေမေးမယ်ဆိုရင် ဆီဒိုးနားမှာ ထက်ထက် နဲ့အရင်ဗျူးရပါမယ်။ ဒါကတော့ လော့ခ် တို့ ဟော့ဘ်တို့ ထက်သာတဲ့ ကျနော့်ကိုယ်ပိုင်အယူအဆ ဖြစ်ပါတယ်။

Wednesday, June 30, 2010

၅။ ဒါဗင်ချီ၊ ဂျွန်လော့ခ်။ ပြုံးနေသောမိုနာလီဇာနှင့်ရုန်းနေသောအခြေခံဥပဒေ

ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...
ကိုလူ။ ။ ဟိုးဆရာ ရီနေးဆန်းကစကြမယ်လေ။ကျနော်တို့ကအဲဒီခေတ်ပိုင်းခြားပုံတွေနဲ့မရင်းလှဘူး။
ကိုမူ။ ။ ပြီးခဲ့တဲ့အပတ်က ကျနော်ပြောခဲ့သလိုပေါ့။ အီတာလျံတွေကစခဲ့တာ။ ဖလောရင့်ဟာ ရီနေးဆန်းမြို့တော်ပဲ။ အတော်သာယာတယ်ဆိုတယ်။ ပြင်သစ်စကား naissance ဆိုတာမွေးတာ။ re ထည့်လိုက်တော့ပြန်လည်မွေးဖွားခြင်း၊ ပြန်လည်ဆန်းသစ်ခေတ်ပဲပြောပါတော့။ အလယ်ခေတ်အနှောင်းမှာ စတည်တယ်။
ကိုလူ။ ။ ဒီပြန်လည်ဆန်းသစ်ခေတ်နဲ့ ခင်ဗျားဆရာသမားတွေရဲ့ညာဏ်အလင်းခေတ်ကဘာကွာသလဲ
ကိုမူ။ ။ ရီနေးဆန်းက အနုပညာနဲ့စီးပွားရေးကိုအလေးပေးပြီး Enlightenment ကဒဿန နဲ့ နိုင်ငံရေးဘက်ကို ကဲတယ်လို့ယေဘူယျတော့ပြောနိုင်ပါလိမ့်မယ်။
ကိုလူ။ ။ အင်း။ လီယိုနာဒိုဒါဗင်ချီ နဲ့ မိုက်ကယ်အိန်ဂျလိုဟာ ရီနေးဆန်းမင်းသားတွေပေါ့ ဟုတ်လား။
ကိုမူ။ ။ ခေတ်ပြိုင်တွေပေါ့၊ ဒါဗင်ချီရဲ့ မိုနာလီဇာကို ပါရီက Louvre လုဗ့်မှာ၊ နောက်ဆုံးညစာကို မီလန်မှာ ကြည့်ခဲ့ဖူးတယ်။ ပန်းချီနားမလည်တော့ မဝေဖန်ရဲပါဘူး။ ကြည့်ဖူးတယ်လို့ပြောနိုင်တယ်ပေါ့။ မိုက်ကယ်အိန်ဂျလိုကိုတော့ စာအုပ်တအုပ်မှာ ခဲခြစ်ပုံကြမ်းတွေ ကြည့်ဖူးတယ်မှတ်တယ်။ လေထဲပျံဖို့ဖြစ်နိုင်ခြေကိုကြံဆတယ်ဆိုလား ကျနော်သိပ်မမှတ်မိတော့ဘူး။ သူကပန်းချီအပြင် ဗိသုကာ၊ ပန်းပုဆရာ၊ ကျောက်တုံးထဲမှာပုံကရှိပြီးသား၊ သူကအပေါ်ယံကို ဖယ်ထုတ်ပြီး အတွင်းသားပုံကိုလွတ်လပ်ခွင့်ပေးတာပါ လို့ဆိုတဲ့ဆရာသမားပေါ့။ သချာင်္လည်းတော်တယ်ဆိုတယ်။
ကိုလူ။ ။ ညာဏ်အလင်းခေတ်ဆရာတွေကိုလည်းပြောပါဦး။
ကိုမူ။ ။ ရူးဆိုး၊ ကျနော်ပြောခဲ့ပြီးပါပြီ၊ ပြင်သစ်တော်လှန်ရေးကြွေးကြော်သံတွေကိုဖန်တီးခဲ့သူ။ လွတ်လပ်ခြင်း ညီမျှခြင်း ညီနောင်သားရင်းချစ်ကြည်ခြင်း ဟာ ရူးဆိုးရဲ့လက်ရာ။ ဒါ့အပြင် မွန်တက်စကျူ (Montesquieu) တို့ ဂျွန်လော့ခ်(John Locke) တို့ကိုခင်ဗျား ကြားဖူးမှာပါ။
ကိုလူ။ ။ မကြားဖူးဘူး၊ ဗော်တဲယားတောင်မှ ဇော်(ပျဉ်းမနား)ရဲ့ "ဗော်တဲယားကိုရိုက်ရင်သူ့ခေါင်းကိုမထိစေနဲ့" ဆိုလား ကဗျာတပုဒ်ထဲကစာသားကြောင့်သိတာ။ ပြီးတော့ တခါ “ခင်ဗျားပြောတာကို ကျနော်လက်မခံဘူး၊ ဒါပေမဲ့ခင်ဗျားပြောချင်တာ ပြောခွင့်ရဖို့ကိုတော့ကျနော်အသက်ပေးဝံ့ပါတယ်” ဆိုတဲ့သူ့အပြောကိုတော့ သဘောကျလှတယ်။ မွန်တက်စကျူ ကဘယ်သူလဲ။
ကိုမူ။ ။ နိုင်ငံတော်အာဏာကို Executive, Legislative နဲ့ Judicial လို့သုံးပိုင်းခွဲသင့်ကြောင်းတင်ပြခဲ့ သူပေါ့။ ဒီအတွေးအခေါ်ဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသြဇာသက်ရောက်ခဲ့တယ်။ အာဏာဟာ လူကိုပျက်စီးစေတယ်။ အကြွင်းမဲ့အာဏာဟာလူကိုအကြွင်းမဲ့ပျက်စီးစေတယ် ဆိုတယ်မဟုတ်လား။ အာဏာရဲ့သဘောဟာ သူ့ကိုသူနဲ့ပဲပြန်ထိန်းကျောင်းနိုင်တာပါပဲ။ ဒီတော့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကိုသီးခြားဖြစ် စေချင်တဲ့ (Division of Power) ကိုတင်ပြခဲ့တဲ့ မွန်တက်စကျူ ရဲ့နိုင်ငံရေး တွေးခေါ်မျှော်မြင်မှု ကိုခင်ဗျားခန့်မှန်းနိုင် လောက်ရောပေါ့။
ကိုလူ။ ။ လူတယောက်၊ အဖွဲ့အစည်းတခုဆီမှာ အာဏာတရပ်လုံးပေးမထားချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုပဲ အာဏာသုံးရပ်နဲ့ခွဲဝေ ထားတယ်။ ဒါကိုပဲ ဒီမိုကရေစီရဲ့ဒေါက်သုံးဒေါက်လို့ကျနော်တို့နားလည်ထားကြပါတယ်။
ကိုမူ။ ။ ဒါနဲ့မပြီးဘူး၊ အမေရိကန်တွေအင်္ဂလိပ်တွေဆီကလွတ်လပ်ရေးရတော့ မြောက်ပိုင်းပြည်နယ် ၁၃ခုရှိတယ်။ အဲဒါကိုဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်သူတို့စီစဉ်ခဲ့တာ။ ပြောချင်တာက သူတို့ဟာ အာဏာကို နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့်ဆိုပြီးကိုထပ်ခွဲထားသေးတယ်။ ဗဟိုမှာစုမနေအောင်လို့ Decentralization လုပ်ထားတာပေါ့။ စာပေမှာလို ခေါင်းစဉ်ကနေ တပုဒ်လုံးကိုချုပ်မထားချင်လို့ ဖြည်ထားတာ။ ခင်ဗျားတို့ ပို့စ်မော်ဒန်သမားတွေဒါတွေနားလည်ပါတယ်။
ကိုလူ။ ။ ကောင်းပြီ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီသွားဖို့ ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဥပဒေအရကိုအာဏာကို တဘက်ထဲထိုးပေး ထားတာကိုရောဘယ်လိုသဘော ထားမလဲ။
ကိုမူ။ ။ ကျနော်က ဟာဘားမားဆီကိုသွားတာ လမ်းနဲနဲချော်ပြီး အိုဘားမားဆီရောက်သွားတာပြန်လှည့်မလို့ပါ။ ခင်ဗျားက ကိုဘားမားဘက်ဆွဲကွေ့ပြီပဲ။ အင်းပေါ့လေ ဒါဟာ ၂၀၁၀ ရဲ့စိန်ခေါ်နေတဲ့မေးခွန်းတခုဖြစ်နေတာကိုး။ ၁၈ရာစု ကုန်ခါနီးဆွဲခဲ့တဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရာစု၂ဆက်ကိုဖြတ်သန်းလာခဲ့တယ်။ Addendum တွေရှိတယ်။ Social Change အနေနဲ့ ကျွန်စံနစ်ဖျက်သိမ်းတာတို့ လူမဲအခွင့်အရေးတို့ ဆိုတာတွေပေါ်လာတယ်။ ဥပဒေတွေပြင်တယ်။ သို့သော် ကျောရိုးကမပြောင်းဘူး။ အစကောင်းခဲ့တာကိုး။ ကျနော်တို့ဆီမှာ ဒီဥပဒေနဲ့ ၂၀၁၀ ကိုဖြတ်သန်းဖို့ ဘယ်အနေအထားကြောင့်ပဲဖြစ်ဖြစ် လက်ခံသူတွေဟာ ကျောရိုးမှာကိုအားနားချက်တွေရှိနေတယ်။ အခြားလုပ်ဆောင် စရာတွေလုပ်နေရင်းမှာပဲ ဒါကိုတနေ့ပြန်ပြင်ရမယ်ဆိုတဲ့ အသိတခုတော့အနိမ့်ဆုံးသွင်းထားဖို့လိုမယ်။ သမိုင်းပေးတာဝန် လို့ခင်ဗျားပြောချင်လည်းပြောပေါ့။
ကိုလူ။ ။ ကိုယ့်လူကပျော့လှပါလား။
ကိုမူ။ ။ ကျနော်ကလည်းပြင်းချင်ပါတယ်။ သီးခြားပြောကြသေးတာပေါ့လေ။ ရှေ့ဆက်တက်မယ်ဆိုရင် ကျနော် ဂျွန်လော့ခ် (John Locke) ကိုနဲနဲပြောပြီးဖြတ်တော့မယ်။
ကိုလူ။ ။ ဆက်ပါ ဆက်ပါ။
ကိုမူ။ ။ သူ့ကိုလစ်ဘရယ်ဝါဒရဲ့ဖခင်ကြီးလို့သတ်မှတ်ခံရပါတယ်။ အမေရိကန် တော်လှန်ရေးနဲ့နိုင်ငံထူထောင်သူတွေဖြစ်တဲ့
ဂျော့ခ်ျဝါရှင်တန် (Gorge Washington)၊ ဘင်ဂျမင်ဖရင်ကလန် (Benjamin Frinklin) တို့ အထူးသဖြင့် ဂျိမ်းစ်မေဒီဆန် (James Madison)တို့ သောမတ်ဂျက်ဖာဆန် (Thomas Jefferson) တို့နဲ့သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ဂျွန်လော့ခ် ရဲ့အတွေးအခေါ်စိတ်ပုတီးမှာ ရိပ်ကြီးခိုခဲ့ကြတာပါ။
ကိုလူ။ ။ ကောင်းပြီလေ။ ရီနေးဆန်းကနေတည်ပြီး ကိုယ့်လူက Enlightenment နဲ့အမေရိကန်ဥပဒေချီးမွမ်းခန်းဖွင့်လိုက်တာကိုး။ ခင်ဗျား ဂျာမန်ကြီး ဂျာဂန်ဟာဘားမား ကိုဆက်ပါဦး။ ခင်ဗျားစပြောတဲ့ လူမှုသီအိုရီရဲ့ပထမပြဿနာဆိုတာ။
ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...

ဆက်ပါဦးမည်
KZကေ

Sunday, June 20, 2010

သမီးတနေ့ဖတ်ဖို့ တိုးမြစ်ရေဆန်

အံ့အားသင့်စရာမဟုတ်ပေမဲ့ သမီးကိုဇွန်၁၉မှာမွေးခဲ့ပါတယ်။
အဲဒီတုန်းကကျနော်တို့နယ်မှာနေကြတာပါ၊
“ပုသိမ်ကိုပြန်မလော့တွေးတော့ ရွေးမြစ်ကယ်ပြင်စလူနဲ့ ဧရာသူဖျာပုံမွေးတယ်
ဘိုလေးမှာသက်ကယ်ဝယ်လို့ လက်မလွယ်ကိုသံဒိရယ်နဲ့ တိုးလို့ထွက်ပြေး”။
ဒါက ကျနော်ငယ်ငယ်က ပထီဝီနိုင်ငံရေးတို့ ပထ၀ီ တေဇော အာပေါ ၀ါယော တို့ မကြားဘူးခင် ဧရာဝတီမြစ်လက်တက်တွေကိုမှတ်မိအောင်ကျက်တဲ့ ကဗျာလေးတပုဒ်ပါ။
ကြီးလာတော့ “ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန် လွန်းတောင်ပေါ်ကမုတ်သုံ ယုံကြည်တတ်ရင် ဒါရင်ခုန်မြင့်မြတ်” လို့ ကိုအောင်းဝေးက ယာမာဂူချီ ခင်ဆွေရီ မှာစာဖွဲ့ထားတာကိုနှစ်သက်ခဲ့သူဖေဖေက သမီးမွေးတော့ တိုးမြစ်ပြင်ပေါ်ကညတွေနဲ့ နုငယ်သော သမီးလေး လှုပ်ခတ်တဲ့ ဘ၀အစကို ကြည့်မောကြည်နူးခဲ့ရပါတယ်။
မုတ္တမပင်လယ်ကွေ့မှာလေးပတ်၊ နောင်နှစ်များကြာတော့ နာဂစ်ကမွှေနှောက်ခြောက်ခြားခဲ့တဲ့ မြို့ငယ်လေးမှာ လေးပတ်။ လေးပတ်လုပ် လေးပတ်နားနဲ့ သမီးမွေးခါနီးတော့ ရန်ကုန်ကျောက်မြောင်းမှာ ကျနော်တို့အခန်းငှားပါတယ်။ သူ့ကိုကို လို ကန်တော်ကြီး ဆေးခန်းမှာ မွေးဖို့ပါ။ အခြေအနေတွေအရ ဆာကူရာမှာမွေးဖို့ဖြစ်လာပါတယ်။
သမီး၁နှစ်မှာ ကျနော့်အလုပ်ကရန်ကုန်မှာနေဖို့ဖြစ်လာပါတယ်။ ဒီတော့လည်းပြောင်းပေါ့၊ ကျနော်တို့ပြောင်းတော့
ခု တိုးမြစ်ပြင်ပေါ်ခံ့ငြားနေတဲ့ မြစ်ကူးတံတားကမရှိသေးပါဘူး။
ရှိစုမဲ့စု ပစ္စည်းတွေကိုသဘောင်္နဲ့ ရန်ကုန်ကိုသယ်ပါတယ်။ အဲဒီတုန်းက ခြေသလုံးအိမ်တိုင်စားသောက်ဆိုင်များ လို့ ကဗျာတပုဒ်မှာကျနော်ရက်ရက်စက်စက်စာဖွဲ့ခဲ့တဲ့ တိုးမြစ်ကမ်းတနေရာက ဆိုင်တဆိုင်မှာညလုံးပေါက်နီးပါး
ထိုင်ပြီးကျနော်တို့သဘောင်္စောင့်ခဲ့တာခုစာရေးရင်းသတိရမိနေပါတယ်။
ရန်ကုန်မှာနေလို့မှ ၂နှစ်မပြည့်ခင် ကျော်ကြားသောအမြင့်တခုရဲ့ထိပ်ဖျားကိုငါတက်ခဲ့တယ်၊ အီဖယ် အို အသင်….. အစရှိသည်ဖြင့် ကျနော်ကဗျာရေး ခဲ့သော ကမ္ဘာကျော်မြို့တော်တခုကိုသွားရပါတယ်။ ရေခြားမြေခြား သမီးလေး ဘာသာစကားအသစ် ကျောင်းအသစ်မှာ ရုန်းကန်ခဲ့ရတာကို ခုနေပြန်တွေးတော့သနားနေမိပါတယ်။
သမီးက သူ့စရိုက်နဲ့တူပါတယ်၊ ဖိအားပေးတိုင်းမရွေ့ပါဘူး။ ခုခေတ်ပြောနေတဲ့ စမတ်ပါဝါကို သုံးတိုင်းလည်းမရပါဘူး။
သူ့ဆရာမနာမည်က ရိုဝယ်တဲ့၊ ခလေးတွေကိုကြင်နာပြီး နားလည်မှုပေးတဲ့ဆရာမတယောက်ပုံစံပါ။
သို့ပေမဲ့ သမီးနဲ့ပါတ်သက်ပြီး ကျနော်ကျောင်းကိုသွားတွေ့ရတာတွေရှိပါတယ်။ အဓိက ကပြောတိုင်းမလုပ်တာပါ။
ကျနော် အလုပ်က အဲဒီမြေကြီးထဲရွေ့လျားနေတဲ့ဓါတ်သတ္တုတွေအကြောင်းနဲ့ဆက်စပ်ပါတယ်။ ဥရောပဆောင်းရာသီကိုအံတုထားတဲ့ ကြွက်တွင်းလိုမြေအောက်လမ်းကြောင်းတွေနဲ့သဘာဝဓါတ်ငွေ့၊ ဆောင်းငွေ့
နှင်းမှုန်၊ ခဲနေတဲ့စိတ်ကူးတွေကြားမှာပဲ ကျနော်တို့နောက်တမြို့ကိုပြောင်းခဲ့ကြပါတယ်။ သမီးငါးနှစ်။
ခေတ်ဆိုးကြီးက သတင်းဆိုးတွေအကြောင်းပြောပါတယ်။ ဥရောပရဲ့အနွေးထည်အထပ်ထပ်ကြားမှာ ပဲချွေးစို့ခဲ့ရတဲ့ သတင်းတွေကိုနားဆင်ရင်း သမီးလေးမျိုးခြားဘာသာစကားကိုလည်ပတ်စွာပြောနိုင်တာကို ငေးကြည့်ရင်း ရန်ကုန်ပြန်ဖို့ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ မေ နာဂစ် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရေသန့်ဘူးတွေကိုလက်ပေါက်အောင်သယ်ရင်း တာပေါ်လင်ဖျင်စတွေထမ်းချရင်း မြန်မာစည်ဘီယာအခါးကိုသောက်ရင်း ကျနော်ဟာစိတ်ကူးထဲကတော်လှန်ရေးကို ခေတ္တပဲဖြစ်ဖြစ် နှုတ်ဆက်ခဲ့ပါတယ်။ နောက်တော့ အဘူမိဒေါ နဲ့ အဘီဆစ်၊ နောက်တော့လီကွမ်ယူနဲ့ ဘယ်တော့ရီချ လိုက်မယ်မှန်း မသိရဘူးလို့ သူငယ်ချင်းတယောက်ကဝေဖန်ခဲ့တဲ့ လီရှန်လွန်း၊ ပေါက်ဈေးရတိုင်းကျနော် လိုက်မယ်လို့ သွားခဲ့တဲ့နေရာတိုင်းမိသားစုနဲ့အတူ သမီးလေးပါခဲ့ရတယ်။
စင်ကာပူရောက်တော့ပထမအပတ်မှာပဲ ဒီကျောင်းကိုသမီးမတက်ချင်တော့ဘူးလို့ ပြောပြီးငိုတော့ ကျနော့်မှာ
စိတ်မကောင်းဖြစ်ရတယ်၊ ခုတော့နဲနဲနေသားကျလာပြီဆိုပေမဲ့၊ ဖေဖေ သမီးပြောတဲ့အင်္ဂလိပ်စကားကိုသူတို့ နားမလည်လို့ သူတို့နားလည်တဲ့ အင်္ဂလိပ်စကားကိုပြောရတယ်လို့ဆိုတော့ ကျနော့်မှာ ဘာပြန်ဖြေသိမ့်ရမယ်မှန်း မသိရပါ။
ကမ္ဘာဟာရှုတ်ထွေးတယ်သမီးလေးရယ်၊ ဖေဖေမျှော်လင့်ထားတာထက်ပိုပြီးကွေ့ကောက်နေတာပါပဲ။ ဖေဖေကတော့ တဂိုးကဗျာကိုဆရာမြဘာသာပြန်သလို ရွှံ့ရုပ်တွေနဲ့ဆော့တဲ့အတတ်ပညာကိုမေ့လျော့ခဲ့ပါပြီ။
သမီးကိုဖေဖေဘာဖြစ်စေချင်လည်းဆိုရင် သမီးဖြစ်ချင်တာပါ၊ အဲဒါကို သမီးကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အထိ ဖေဖေ ထိန်းကျောင်းရပါလိမ့်မယ်။
သမီးထက်နဲနဲအသက်ပိုမယ့်သမီးလေးတယောက်ရှိတဲ့ ဖေ့ဖေ့သူငယ်ချင်းတယောက်က တခါကစာရေးတယ်။
ကြွေနေတဲ့ပန်းလေးများလိုက်ကောက်ခြင်းမှာပျော်တတ်တဲ့ရိုးသားမှုကို ဘယ်လိုလူ့လောကစည်းစိမ်အတွက် မှမစတေးနဲ့ ဆိုတဲ့သီချင်းကို သူ့သမီးလေးမွေးနေ့မှာဆိုခဲ့တယ်ဆိုပဲ။
ဖေဖေတော့ဘာဆုတောင်းပေးရမယ် မဝေခွဲတတ်ပါဘူး။ ရိုးသားပြီးမျှတသော စိတ်ကူးတခုသမီးမှာရှိလျှင်ဖေဖေ ဖြည့်စည်းပေးဖို့ပါပဲ၊
ကိုယ် စိတ် နှလုံး သုံးပါးစလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် ဘ၀ကို သမီးလေး ရင်ဆိုင်ခံစားပျော်ရွှင်နိုင်ပါစေ။

တနေ့သမီးလေးကြီးမြင့်လာလို့ ဘလော့တွေဖတ်တတ်လာတဲ့အခါဖတ်ဖို့သမီးမွေးနေ့မှာဖေဖေရေးပါတယ်။

ချစ်သောဖေဖေ
KZကေ

Thursday, June 10, 2010

၎။ လူထုစုဝေး(သို့) ရီနေးဆန်းကောင်းကင်မှလစ်ဘရယ်လရောင်နု

ဟာဘားမားကို၁၉၂၉ ခုတွင်ဂျာမနီနိုင်ငံ ဒူးဆဲဒေါ့ မြို့တွင်မွေးသည်။ အာဒိုးနိုး၏ လက်ထောက်အဖြစ် (၁၉၅၆ - ၅၉ ) ထိလုပ်ခဲ့သည်။
၁၉၆၄ တွင်ဖရင့်ဖတ်ကျောင်း၌ Philosophy နှင့် Sociology ဋ္ဌာနတွင်ပါမောက္ခ ဖြစ်သည်။ Starnberg ၏ Max Planck Institute တွင်အတိုင်းအတာတခုထိတာဝန်ထမ်းဆောင်ခဲ့ပြီး ဖရင့်ဖတ်ကို၁၉၈၂တွင်ပြန်ရောက်သည်။ အငြိမ်းစားယူသည့် ၁၉၉၄အထိဖရင့်ဖတ်မှမခွာတော့ပေ။ ထင်ရှားသည့် ကျမ်းမှာ The Structural Transformation of the Public Sphere နှင့် The Theory of Communicative Action တို့ဖြစ်သည်။
ပထမစာအုပ်ကို ၁၉၆၂တွင်ဂျာမာန်ဘာသာနှင့်ရေးသားခဲ့သော်လည်း အင်္ဂလိပ်ဘာသာသို့ ၁၉၈၉မှသာပြန်ဆိုနိုင်ခဲ့သည်။ လူထုစုဝေး (Public Sphere) သဘောမှာ ဥရောပ၏ ပြန်လည်ဆန်းသစ်ကာလ (Renaissance) ကိုအခြေခံသည်။ ကော်ဖီဆိုင်မှာကုန်သည်တွေစုမိပြီးဈေးကွက်ကို စနည်းနာသည်။ ပင်လယ်ကိုဖြတ်နေတဲ့ဂျုံတွေ ကမ်းကပ်တဲ့အခါဖြစ်နိုင်မဲ့ဈေးတွေကို ဆေးလိပ်ငွေ့တွေနဲ့အတူပုံဖော်ကြသည်။ အနုပညာသမားတွေက လမ်းဘေးကဖေးလေးငါထိုင်ငေး သီချင်းကိုဖွင့်ခိုင်းပြီး စာအုပ်တွေဖတ် ပြဇတ်တွေကြည့်ပြီး လေပန်းကြသည်။ ဒီမှာ လူထုကဖြည်းဖြည်းချင်းစုမိလာသည်။ အုပ်ချုပ်ရေးယန္တရားကိုထင်မြင်ချက် တွေပေးသည်။ အားပြိုင်သည်။ ယဉ်ကျေးမှုအဟောင်းကို မွှသည်။ အတွေးအခေါ်အဟောင်းကိုဆွသည်။ ကော်ဖီဆိုရင်ခါးခါးသောက်မိတယ် ဆိုသည့်အီတာလျံတွေ အက်ပရက်ဆို၊ မာတီနီ တို့နှင့်မြည်းကြသောသတင်းတွေ ကိုဆွေးနွေးဖို့၊ တရားထောက်ဖို့၊ နတ်ကရာကြည့်မောဖို့ စုမိသော ဘူဇွာလူထုယဉ်ကျေးမှုသည် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ စသည့်အနောက်ဥရောပနှင့် အမေရိကားကိုပြန့်ခဲ့သည်။ ၁၈နှင့်၁၉ ရာစုနှစ်၂ခုနီးပါးကြာအရှိန်ရှိခဲ့သည်။ မော်ဒန်ခေတ်ဦးကိုဖန်တီးခဲ့သည်။ ဒီမိုကရေစီအခြေခံကိုသွန်းထုခဲ့သည်။ ဒါက ဟာဘားမား၏နုစဉ်က Public Sphere နှင့်ပတ်သက်သောအတွေးအခေါ်ဖြစ်သည်။
သူညွှန်းသည့်လူထုစုဝေးမှာ အပေါ်လွှာတွေများသည်။ ရေပေါ်ဆီစီးပွားရေးသမားတွေ၊ လူပေါ်ကြော့တွေခံစားသည့်အနုပညာ ဖန်တီးသူတွေမျှသာ၊ အားလုံးကိုခြုံယူ လောက်အောင်ကျယ်ပြန့်မှုမရှိ စသည်ဖြင့်ဝေဖန်ခံရသည်။ သို့ပေမဲ့ဟာဘာမားကဒီ Public Sphere ရဲ့အကျိုးဆက်သည် စက်မှုအရင်းရှင်စံနစ်မတိုင်မီ အရင်းရှင်ခေတ်ဦးကိုမွေးဖွားပေးခဲ့ပြီး ဥါဏ်အလင်းပွင့်ခေတ် တွေးခေါ်ရှင်များအတွက် လစ်ဘရယ်မျိုးစေ့ကိုချပေးခဲ့သည်ဟုကောက်ချက်ဆွဲသည်။
ဥါဏ်အလင်းခေတ်တွေးခေါ်ရှင်တွေယူဆခဲ့သည့် ဆင်ခြင်ဥါဏ်ပညာဖြင့် လွတ်လပ်ပြီးပျော်ရွှင်ဖွယ် လူ့ဘောင်ကိုဖန်တီးနိုင်မည်ဆိုသည့်အချက်ကိုသူ့ရှေ့ကဆရာတွေဖြစ်သည့် ဟော့ကိုင်းမားနှင့် အာဒိုနိုး၊ နောက်ဆုံး မားကူ့စ် ကပါမှားသည်ဟုဆိုသည်။ မော်ဒန်အရင်းရှင်ခေတ်နှင့်ဗျုရိုကရေစီယန္တရား၏ခိုင်မြဲသည့်ထိန်းကွပ်မှုသည်ဖျက်စီးဖို့မလွယ်။ မက်စ်ဝက်ဘာ (Max Weber) ပြောခဲ့သလို ကြောင်းကျိုးဆီလျော်မှုနှင့်ထိန်းထားသည့် သိပံ္ပနှင့် ဆင်ခြေနည်းလမ်းကျအဖွဲ့အစည်းများသည် လူသားကို မော်ဒန်ဖြစ်မှုသံလှောင်ချိုင့် (Iron Cage of Modernity) ထဲကိုပင်ပို့ခဲ့သည် ဆိုသည့်မှတ်ချက်ကိုသူတို့လက်ခံခဲ့တော့သည်။ သူတို့နှင့်မတူသည့်အချက်မှာ ဟာဘားမားက Reason ကိုမပယ်။ Rationality ကိုမပယ်။ ဆင်ခြင်တုံတရားနှင့်ပြည့်စုံသည့် လွတ်လပ်သောလူ့အဖွဲ့အစည်းသည်ဖြစ်နိုင်ခြေရှိသည်ဟုတောက်လျောက်လက်ခံထားသူဖြစ်သည်။ ဥါဏ်အလင်းပွင့်ခေတ်ကစတည်ခဲ့သည့် မော်ဒန်လူ့အဖွဲ့အစည်းစီမံကိန်းသည် မပြီးဆုံးသေး၊ ဆက်ရဦးမည်ဟုဆိုသည်။ ထို့ကြောင့်ပင် သူ့ကိုပေါ်ထွန်းသမျှ တွေးခေါ်ရှင်များအားလုံးတွင် အကြီးမြင့်ဆုံး ဆင်ခြင်တုံတရားဝါဒီဟုဆိုကြခြင်းဖြစ်သည်။
The Theory of Communicative Action (၁၉၈၁) ထွက်လာတော့ နိုင်ငံရေးတွေးခေါ်ရှင်အသိုင်းအ၀ိုင်းက ဟာဘားမား၏ မြင့်မားရင့်ကျက်လာမှုကိုလုံးလုံးလျားလျားအသိအမှတ်ပြုခဲ့သည်။ Public Sphere နှင့် Communicative Action ကြား နှစ်၂၀နီးပါးကွာဟ မှုတွင်ဟာဘားမားစံနစ်တကျတင်ပြလာသည်မှာ လူမှုသီအိုရီ၏ အရေးပါသောပြဿနာသုံးရပ်ဖြစ်သည်။

ကျန်ရှိနေသောငြီးငွေ့ဖွယ်ရာများဖြင့်
သင်ကောင်းသော်လည်းကျွန်နူပ်ဆိုးရပါဦးမည်
KZကေ