Saturday, November 13, 2010

၁၆။ အားလုံးမလွတ်မြောက်မချင်းမည်သူမျှလွတ်မြောက်လိမ့်မည်မဟုတ်

ဥရောပပေါင်းစည်းရေးအတွက်စဉ်းစားလာရသည့်အချက်တချက်မှာ ကမ္ဘာလုံးစီးပွားရေးစံနစ်၏ နိုင်ငံတခုချင်းပေါ်သို့ရိုက်ခတ်ချက်ကြောင့်ဖြစ်သည်။ ယေဘူယျဆိုရလျှင် ခေတ်မှီဖွံ့ဖြိုးပြီးနည်းပညာ ရှေ့တန်းရောက်နေသည့်စက်မှုနိုင်ငံကြီးများတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံရေးနှင့်လူမှုရေးဘက်တွင် ပေးဆပ်ရတတ်သည်ဆိုသည့်အချက်ဖြစ်သည်။ ဒါတွေက အလုပ်လက်မဲ့နှုန်းများလာခြင်း၊ ဆင်းရဲမွဲတေမှု နှင့် ၀င်ငွေမညီမျှမှုတို့ဖြစ်သည်။ အဆိုပါအချက်များကလူမှုပေါင်းစည်းရေးကိုပြေလျှော့စေသည်။ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုကိုထိပါးစေသည်။ လူမှုဖူလုံရေးစံနစ်၊ အလုပ်သမားဈေးကွက်ကိုအလျှော့ အတင်းပြုခြင်း၊ ပြန်လည်ဖြန့်ဖြူးရေးပေါ်လစီ တို့ဖြင့်အထက်ကဆိုခဲ့သည့်အကျပ်အတည်းများကိုဖြေရှင်းနိုင်သည်။
သို့သော် ကမ္ဘာလုံးစီးပွားရေး နှင့် ငွေကြေးဈေးကွက်တို့က စီးပွားရေးဖွံ့ဖြိုးမှု၏ဘေးထွက်ပြဿနာများကို လူမှုဖူလုံရေးစံနစ်ဖြင့်ထိမ်းကျောင်းနိုင်စွမ်းကို ထိခိုက်လာစေသည်။ ဆိုလိုသည်မှာကမ္ဘာလုံးစီးပွားရေးနှင့် အတူပေါ်ပေါက်လာသော နိုင်ငံစုံကော်ပိုးရေးရှင်းကြီးများကသူတို့ရင်းနှီးမြှုပ်နှံသည့်နိုင်ငံတွင် အလုပ်သမား ဈေးကွက်ကိုဥပဒေများသုံးပြီးထိမ်းချုပ်လာပါက အခြားလုပ်အားဈေးချို ပြီးကန့်သတ်မှုနဲသည့်နိုင်ငံသို့ပြောင်းရွေ့ ရင်းနှီးမြှုပ်နှံပေလိမ့်မည်။ ဒီခြိမ်းခြောက်မှုကနိုင်ငံများအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန်၊ ၀င်လာပြီးသားမြှုပ်နှံမှုများပြန်ထွက်မသွားစေရန် ထိုလုပ်ငန်းများအရင်းအနှီးများအတွက်အခွန်အကောက်နှုန်းများ ကိုတိုးမြှင့်ကောက်ခံရန်မလွယ်ကူပေ။ တဘက်တွင်လည်းလူမှုဖူလုံရေးဝန်ထုပ်ဝန်ပိုးကလည်းရှိပြန်သည်။ အခွန်ငွေတိုးချဲ့ကောက်ခံဖို့ကလည်းအမြဲလိုကျားမြီးဆွဲရသလိုဖြစ်နေသည့်အတွက် အစိုးရ၏အုပ်ချုပ်ရေး ယန္တယားလည်ပတ်စေမည့် ဘတ်ဂျက်လိုငွေကိုရှာဖွေရန်ခက်ခဲလာပေသည်။
ဒီပြဿနာတွေကိုဖြေရှင်းရန် ဟာဘားမားကဖြစ်နိုင်ခြေနှစ်ခုတင်ပြထားသည်။ ပထမတချက်က အသုံးစရိတ် တွေကိုလျှော့ချ၊ လေဘာမားကက်ကိုဖွင့်ပေးထား၊ သို့သော်လူမှုဖူလုံရေးကိုမလုပ်နှင့်တော့။ ဖျားမယ်နာမယ်ဆို ကိုယ့်စရိတ်နဲ့ကိုယ်ကု၊ ဆေးရုံတက်လို့ကတော့စုထားတာလေးတွေထုတ်သုံးပေတော့။ ဆိုလိုတာကနိုင်ငံသား တွေစီးပွားရေးဘက်ကအသာရထားသမျှ လူမှုရေးနှင့်နိုင်ငံရေးတွင်ပြန်လည်ပေးဆပ်ရပေတော့မည်။ ဒါကနီယိုလစ်ဘရယ်နည်း၊ ဟာဘားမားသိပ်သဘောတွေ့ပုံမပေါ်။ နောက်တနည်းက နိုင်ငံရေးကိုပါ ကမ္ဘာလုံးဇတ်သွင်းဖို့ဖြစ်သည်။ ကမ္ဘာပတ်နေသည့် လက်ရှိဂလိုဘယ်စီးပွားရေးကိုနှင်တံလေးနှင့် မောင်းဖို့ဖြစ်သည်။ ဒီအယူအဆကိုအားလုံးကမျက်ခုံးပင့်ပြီးကြည့်ကြသည်။ ဟုတ်ပါ့မလားမောင်ကာလုရဲ့ဆိုသည့်မျက်နှာပေးတွေနဲ့။ ဟာဘားမားကတော့အောင်မြင်မည်မဆို။ စမ်းကြည့်ရမည်တဲ့။ ခုကိုပဲစတင်နေပါပြီ။ ဥရောပယူနီယံဖြစ်သည်။ ဟာဘားမားကတော့ ဒါကပုံစံပြောင်းတာမဟုတ်။ တိုးချဲ့နေခြင်းလို့ဆိုသည်။ စံနစ်တခုကနေ၊ ပုံစံတခုကနေ တခြားတခုကို ကူးပြောင်းနေတာမဟုတ်။ ပုံစံတူကိုတိုးချဲ့နေခြင်းဟုဆိုသည်။ ဒေသမတူ၊ ဘာသာစကားမတူ၊ ယဉ်ကျေးမှုအခြေခံမတူသည့် အဖွဲ့ဝင်နိုင်ငံများအားလုံး ဥရောပသမဂ္ဂဆိုသည့်ခေါင်းစဉ်တခုတည်း အောက်တွင်မည်သို့စုစည်းကြမည်နည်း။ ဒါလည်းပဲ မေးစရာကောင်းသည့်အချက်တခုဖြစ်သည်။ သို့သော် ယဉ်ကျေးမှုပေါင်းစုံရောပြွန်းလာပြီး လူများရွှေ့ပြောင်းနေထိုင်နိုင်စွမ်းအားမြင့်လာသည့် အတွက်ရေရှည်တွင်လည်းနိုင်ငံဆိုသည့်စည်းတခုတားပြီး အထီးတည်းနေဖို့မလွယ်တော့ပါဟု ဟာဘားမားကထောက်ပြထားသည်။ ယဉ်ကျေးမှုများအပြန်အလှန်လေ့လာခြင်း၊ ခရီးသွားလာမှုများလွယ်ကူအောင်ပြုလုပ်ခြင်း၊ တက္ကသိုလ်များတွင်ကူးပြောင်းပရိုဂရမ်များထဲ့သွင်းခြင်း တို့သည်အဖွဲ့ဝင်နိုင်ငံများအတွင်း ကောင်းမွန်သောနားလည်ယုံကြည်မှုကိုရေရှည်တွင်ပေးပေလိမ့်မည်။ ဥရောပအဖွဲ့ဝင်နိုင်ငံများအနေဖြင့်အစောပိုင်းကာလများတွင် ဒေသသတ်မှတ်ချက်အရနိုင်ငံပုံစံယှဉ်ပြိုင်မှုများရှိ နေပေဦးမည်။ သို့သော်တချိန်တွင်ယူနီယံအဆင့်ထိနားလည်တိုးမြှင့်ခံစားလာနိုင်မည်ဟုဆိုသည်။ ဒီပုံစံကသင်ခန်းစာနှင့်အတွေ့အကြုံများသည် ကော်စမိုပေါ်လီတန်ကမ္ဘာ့နိုင်ငံရေးထဲကိုဝင်ရောက်လာ နိုင်ပေလိမ့်မည်။ နောက်ဆုံးသွားမည့်ပန်းတိုင်မှာ ကမ္ဘာဈေးကွက်စီးပွားရေးနှင့် သူ့ကိုတည့်မတ်မည့် ကမ္ဘာ့နိုင်ငံရေးဖြစ်သည်။
ဒါက ကမ္ဘာသားတွေအတွက်အကောင်းဆုံးနိုင်ငံရေးပုံစံဖြစ်ပြီး အားလုံးကြိုးစားရမည့် ဖြစ်စဉ်တခုလို့လည်းဆိုသည်။ အားလုံးဆက်လက်စမ်းသတ်သွားရမည့်နည်းလမ်းလို့လဲဆိုသည်။ ဘာလို့လဲ၊ အခြားနည်းတွေကပိုဆိုးမည့်အကျိုးဆက်တွေကိုတွေ့နေရလို့ပဲဖြစ်သည်။ အရင်းရှင်စံနစ်ကိုဇက်ကြိုးဖြည်ပြီး လွှတ်ပေးလိုက်လို့မဖြစ်။ စမ်းသတ်ချက်သေချာပေါက်အောင်မြင်မည်မဆိုနိုင်၊ သို့သော် မဖြစ်နိုင်သောကိစ္စလည်းမဟုတ်။ ဒီမိုကရက်တစ်စံနှုန်းများအရ လွတ်လပ်ပြီးညီမျှသည့်နိုင်ငံသားတွေစုပေါင်းပြီး သူတို့လူမှုကမ္ဘာကိုပုံဖော်နိုင်စွမ်းသည် အခွင့်အရေးကိုဘာလို့လက်လွှတ်ခံမည်နည်း။ ဟာဘားမားကတော့ အားလုံးမလွတ်မြောက်မချင်းမည်သူမျှလွတ်မြောက်လိမ့်မည်မဟုတ် ဟုဆိုသည်။

KZကေ

Main References:
HABERMAS (a very short introduction) by James Gordon Finlayson 2005, Oxford
Fifty Major Political Thinkers (Second Edition, 2007) by Ian Adams and R.W. Dyson, Routledge

No comments:

Post a Comment