အထက်ပါအဖြစ်အပျက်များကိုအနှစ်ချုပ်ကြည့်လျှင် ၁၉၇၀ ပြည့်နှစ်များမှ ၁၉၉၀ ပြည့်နှစ်များအတွင်း ကမ္ဘာကြီး၏နေရာဒေသ ၇ခုတွင်ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင် ကိုအပြောင်းအလဲဖြစ်စေသည့် အဖြစ်အပျက်များကိုတွေ့ရပေမည်။
၁။ ၁၉၇၀နှစ်လည်နှစ်များ တွင်ဥရောပတောင်ပိုင်း၏ လက်ယာအာဏာရှင်အစိုးရများကျဆုံးခြင်း
၂။ ၁၉၇၀ပြည့်နှောင်းပိုင်းမှ ၁၉၈၀ပြည့်နှောင်းပိုင်း များအတွင်းလက်တင်အမေရိကတွင် စစ်အာဏာရှင်စံနစ် ကျဆုံးပြီး အရပ်သားအစိုးရများတက်လာခြင်း
၃။ ၁၉၈၀ပြည့်လယ်နှောင်းနှစ်များ အရှေ့နှင့်တောင် အာရှနိုင်ငံများတွင် အာဏာရှင်စံနစ်အခြေခံယိုင်နဲ့လာခြင်း
၎။ ၁၉၈၀ပြည့်နှစ်ကုန်များတွင် အရှေ့ဥရောပနိုင်ငံများတွင် ကွန်မြူနစ်အာဏာရှင်စံနစ်ပျက်စီးသွားခြင်း
၅။ ၁၉၉၁ တွင်ဆိုဗီယက်အင်ပါယာပြိုကွဲအပြီး နိုင်ငံ ၁၅နိုင်ငံကွဲထွက်လာခြင်း
၆။ ၁၉၉၀ မှ ၉၅ အတွင်းမှာပင် ဆပ်အာဖရိကနိုင်ငံများတွင်တပါတီအာဏာရှင်စံနစ်များနိမ့်ပါးလာခြင်း
၇။ ၁၉၉၀ ပြည့်နှစ်များအတွင်း အားနဲသော်လည်း သိသာသောလွတ်မြောက်ရေးလှုပ်ရှားမှုများအရှေ့အလယ်ပိုင်း ဒေသများတွင် ပေါ်ထွန်းလာခြင်း
စသည်တို့ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်များ အမေရိကကိုပြန်ကြည့်လျှင် ရေဂင်အစိုးရဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးသည် ဂျော့ရှုဇ်ဖြစ်သည်။ US အစိုးရ၏နိုင်ငံခြားရေးပေါ်လစီသည်သဘာဝကျစွာပင် တတိယလှိုင်းဒီမိုကရေစီရေစီးကို တွန်းအားပေးရန် ဖြစ်ခဲ့သည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ အဆိုပါကာလအပိုင်းအခြားကို အာဏာရှင်စံနစ်များမှ ဒီမိုကရေစီကူးပြောင်းမှုအချိန်ကာလအဖြစ် သတ်မှတ်ခဲ့ ကြသော်လည်း အခြေခံယူဆချက်တွင် အက်ကြောင်းများထင်လာခဲ့သည်။
နိုင်ငံအချို့ (ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ အက်စတိုးနီးယား၊ ဆလိုဗေးနီးယား၊ ချီလီ၊ ဥရုဂွေး နှင့် ထိုင်ဝမ်) တို့သည် ကြားခံကာလကိုအခက်အခဲများဖြင့်ကျော်ဖြတ်လာခဲ့ပြီး အချို့နိုင်ငံများ( ယူမေးနီးယား၊ ဘူဂေးယီးယား၊ မက်ဆီကို၊ ဘရာဇီး၊ ဂါနာ၊ ဖိလစ်ပိုင် နှင့် တောင်ကိုရီးယား) တို့တွင် ဒီမိုကရေစီအာရုဏ်ဦးကိုမြင်တွေ့ရရန် ပိုမိုခက်ခဲစွာအားထုတ်ခဲ့ရပေသည်။ အများစုနိုင်ငံများမှာ ဒီမိုကရေစီစံနှုန်းများ ပြည့်ဝစွာပေါ်ထွန်းမလာခဲ့ပဲ အာဏာရှင်အင်အားများ ပြန်လည်ခိုင်မာလာခဲ့ရာ ပညာရှင်များက တခုခုတိကျစွာ သတ်မှတ်ရန်မလွယ်သော နိုင်ငံရေးနယ် (political gray zone) များပေါ်ထွက်လာခဲ့သည်။ နမူနာအချို့မှာ ဥဘက်ကစ်စတန်၊ တာမင်နစ်စတန်၊ ဘီလာရုစ် နှင့် တိုဂိုတို့ဖြစ်သည်။
ဂရေးဇုန်ဟုသတ်မှတ်ခံရသဖြင့် အာဏာရှင်စံနစ်အစစ်လည်းမဟုတ် ဒီမိုကရေစီ ကိုလည်းအပြည့်မသွားနိုင်သည့် သဘောဖြစ်သည်။ အတိုက်အခံအတွက် အကန့်အသတ်နှင့်နိုင်ငံရေးနယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲများ နှင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများပေါ်ထွန်းလာခဲ့သည်။
Thomas Crothers (၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့အစည်းတခု၏ ဒုဥက္ကဋ္ဌ၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၏အရေးပါသော စာအုပ်စာတမ်းများပြုစုထားသူ) က ၂၀၀၂ တွင်သူပြုစုခဲ့သော ကြားခံပါရာဒိုင်းပြီးဆုံးခြင်းစာတမ်း (The end of transition paradigm) တွင် မီးခိုးရောင်နယ်တွင် ထင်ရှားသောနိုင်ငံရေးသွင်ပြင် နှစ်ခုပေါ်ထွန်းခဲ့သည်ဆိုပြီး မထိရောက်သောလူများစုဝါဒ (feckless pluralism) မဟုတ်လျှင် တပါတီကြီးစိုးသောနိုင်ငံရေး (Dominant-Power Politics) ဟုအမည်ပေးခဲ့သည်။ အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့သွားသည့် ကြားခံကာလ (transition period) ကုန်ဆုံးသွားပြီဟုလည်း ကောက်ချက်ချခဲ့သည်။
လက်တင်အမေရိကနိုင်ငံအများစု (နီဂွာဂါရာ၊ အီကွေဒေါ၊ ပနားမား၊ ဟွန်ဒူရပ် နှင့် ဘိုလီးဗီးယား) ကွန်မြူနစ်နိုင်ငံဟောင်းများ (မိုဒိုဗာ၊ ဘော့စနီးယား၊ အယ်ဘေးနီးယား နှင့် ယူကရိန်း)၊ အာရှတွင် နီပေါ၊ အာဖရိကတွင် မာဒါဂါစကာ တို့သည် သည် Feckless Pluralism ထဲတွင်ရှိပြီး ဘရာဇီး၊ အာဂျင်တီးနှင့် ဟူးဂိုးချေးဗက်၏ ဗင်နီဇွဲလား၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မွန်ဂိုးလီးယား တို့မှာ နယ်ခြားမျဉ်းပေါ်တွင် လစ်ဘရယ်စံနှုန်းအပြည့်ရရန် ရုန်းကန်နေရဆဲဖြစ်သည်။
တဘက်တွင် အစိုးရနှင့် အာဏာရပါတီကွဲပြားမှုမရှိသည့် Dominant-Power Politics ကိုတွေ့ရသည်။ နိုင်ငံပိုင်ငွေကြေး၊ မီဒီယာ၊ အလုပ်အကိုင်၊ တရားစီရင်ရေး တို့ကိုတပါတီထဲကသုံးဆွဲထားကြသည်။ အများအားဖြင့် အာဏာရှင်နိုင်ငံ အများစု မှာ တပါတီအားကြီးသည့်နိုင်ငံရေး အနေအထားထောင်ချောက်ထဲ သို့သာသက်ဆင်းခဲ့ကြရသည်။ ကင်မရွန်း၊ တန်ဇန်းနီးယား၊ ဂါဘွန်၊ ကင်ညာ၊ ဇမ်ဘီယာ၊ ကွန်ဂို၊ အဇာဘိုင်ဂျန်၊ ဂျော့ဂျီယာ၊ ကာဇက်စတန်၊ မော်ရိုကို၊ ဂျော်ဒန်၊ အယ်ဂျီးရီးယား၊ အီဂျစ်၊ ယီမင်၊ အီရန်၊ မလေးရှား၊ ကမ္ဘောဒီးယား နှင့် ဆိုဗီယက်ကွဲထွက်နိုင်ငံတို့မှာအဆိုပါသာဓကများ ဖြစ်ပေသည်။ အချို့မှာအလွန်ကန့်သတ်ခံထားရသည့်နိုင်ငံရေးဂွင်သာရှိသဖြင့် အာဏာရှင်စံနစ်သာသာမျှသာဖြစ်သည်။
Feckless Pluralism သည် နိုင်ငံရေးလွတ်လပ်မှုပိုရှိ၊ ပုံမှန်ရွေးကောက်များရှိပြီး၊ အာဏာသည် နိုင်ငံရေးပါတီများအတွင်း လှည့်လည်နေသော်လည်း ခြစားမှုများ လက်သင့်ရာအခွင့်အရေးပေးမှုများ နှင့် အုပ်ချုပ်ရေးယန္တယားတွင်မတည်ငြိမ်မှုများရှိနေသည်။ Dominant Power Politics တွင် အကန့်အသတ်များလွန်းသော နိုင်ငံရေးလှုပ်ရှားမှုဂွင်သာရှိပြီး အာဏာရှင်စံနစ်သာသာမျှသာဖြစ်သည်။ ပညာရှင်အချို့ကတောင်အာဖရိကနှင့်ရုရှားကို ထိုအုပ်စုအတွင်းအတိုးတက်ဆုံးအဖြစ်သတ်မှတ်ထားသော်လည်း အတိုက်အခံအင်အားစုအားကောင်းလာရန်မှာမူ နှစ်ပေါင်းများစွာကြာရှည်ဦးမည်ဟု အကဲဖြတ်ခဲ့ကြသည်။
သို့သော် အဆိုပါသတ်မှတ်ချက်နှစ်မျိုးစလုံးတွင် နိုင်ငံရေးတည်ငြိမ်မှုများရှိနေသေးသည်။ Feckless Pluralism တွင် နိုင်ငံအာဏာသည် ချိန်သီးသဖွယ်ပါတီတခုမှ တခုသို့ကူးပြောင်းနေခဲ့ပြီး Dominant Power Politics တွင် အာဏာရပါတီက လူထုကို ဖိအားအလျှော့အတင်းကစားပြီး အတိုက်အခံပါတီနှင့် အင်အားစုများအား နိုင်ငံရေးကြိုးတန်း ပေါ်လမ်းလျှောက်ခိုင်းထားနိုင်ခဲ့ပေသည်။
သို့သော် အဆိုပါပုံစံများသည်ထာဝရတာရှည်ခံမည်တော့မဟုတ်ပေ။ ယူကရိန်းသည် Dominant Power Politics မှ Feckless Pluralism သို့ ၁၉၉၀ ပြည့်နှစ်များတွင်ကူးပြောင်းလာနိုင်ပြီး ဆီနီဂေါသည် ၂၀၀၀ပြည့်နှစ်တွင် အတိုက်အခံပါတီအာဏာရခဲ့ပြီး Feckless Pluralism သို့ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများဆီသို့ပင် ပြောင်းလဲလာနိုင်ခဲ့သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ငံအများစုသည်အဆိုပါပုံစံနှစ်ခုအတွင်းသက်ဆင်းခဲ့သည်ဆိုသော်လည်း အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ဆာဘီးယား နှင့် ခရိုအေးရှားတို့မှာ သီးခြားပုံစံများဖြစ်ထွန်းနေသဖြင့် အုပ်စုနှစ်ခုစလုံး နှင့်အကျုံးမ၀င်ဖြစ်နေခဲ့သည်။ ကွန်ဂို၊ လစ်ဘေးရီးယား နှင့် ဆိုမာလီတို့မှာ ၁၉၉၀ ပြည့်နောက်ပိုင်းများတွင် အပြောင်းအလဲအချို့ဖော်ဆောင်ခဲ့သော်လည်း နိုင်ငံတွင်းလူမှုပြဿနာများ နှင့် နိုင်ငံရေးမတည်ငြိမ်များ ကြီးစိုးလွန်းသဖြင့် ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းတွင်းသို့ပင် ချဉ်းကပ်နိုင်ခြင်းမရှိခဲ့ပေ။
KZကေ
Friday, February 25, 2011
Sunday, February 20, 2011
၁။ နိဒါန်း
၁၉၇၄။ ၄၈ နှစ်သက်တမ်းရှိသည့်ပေါ်တူဂီအာဏာရှင်ကိုစစ်တပ်ကဖြုတ်ချခဲ့သည်။ နောက်သုံးလကြာတော့ ဂရိ မှာ စစ်အာဏာရှင်စံနစ်ပြိုလဲသည်။ ၁၉၇၅ ရောက်တော့ ဖရန်စစ်စကို စပိန်မှာသေဆုံးပြီး သူ့ရဲ့ ၃၆နှစ် အာဏာရှင်စံနစ် တခန်းရပ်သည်။ နောက်သုံးနှစ်အတွင်း လက်တင်အမေရိကမှာ စစ်အုပ်ချုပ်ရေးတွေ ဖြည်းဖြည်းချင်းဆုတ်ခွာနေသည်။ ဂါနာနဲ့နိုင်ဂျီးရီးယားမှာစစ်တပ်ကရွေးကောက်ခံအရပ်သားအစိုးရတွေကို နေရာပေးသည်။ ဒီနှစ်နိုင်ငံမှာ အခြေအနေတွေကပြန်မတည်မငြိမ်ဖြစ်နေပေမဲ့ လက်တင်အမေရိက အလယ်ပိုင်းနှင့်တောင်ပိုင်း မှာဒီမိုကရေစီစံနှုန်းတွေစပြီးအထိုင်ကျလာခဲ့သည်။
၈၃ မှာတူရကီ၊ ၈၆ မှာဖိလစ်ပိုင်၊ ၈၇ မှာတောင်ကိုရီးယား ပြီးတော့ ဟန်ဂေရီ ပြီးတော့ အရှေ့ဥရောပ၊ ၁၉၈၉ ၏အထင်ကရ ဘာလင်တံတိုင်း၊ ၉၀ ကစပြီးအာဖရိကတိုက်မှာဒုတိယလွတ်မြောက်ရေးလှုပ်ရှားမှုများ (ပထမက ကိုလိုနီအောက်ကရုန်းထွက်ရတဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကိုဆိုလိုသည်) အပြီး ၁၉၉၄ တွင် ၄၇ နိုင်ငံရှိသည့်ဆပ်ဆာဟာရန်အာဖရိက (Sub-Saharan Africa) ၏ ၃၈ နိုင်ငံတွင်ပါတီစုံရွေးကောက်ပွဲတွေကျင်းပ လာနိုင်ခဲ့သည်။ (ယေဘူယျဖွင့်ဆိုချက်တွင် Sub-Saharan Africa ဆိုသည်မှာ ဆာဟာရသဲကန္တာရ၏ တောင်ပိုင်းအာဖရိကနိုင်ငံအားလုံးကို ဆိုလိုသည်။ မြောက်ပိုင်းအာဖရိကကို အာရပ်ကမ္ဘာထဲသို့သွင်းသည်။)
ပြီးတော့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီး ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းခဲ့သည်။
၁၀စုနှစ် ၂ခုအတွင်းဒီမိုကရေစီနိုင်ငံများပေါ်ထွန်းလာခဲ့ရာ အဆိုပါအခြေနေများအားလုံးကိုခြုံပြီး ဟန်တင်တန်က တတိယလှိုင်း (the third wave) ဟုအမည်ပေးသည်။ ကမ္ဘာပေါ်တွင်ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းများပေါ်ထွန်းခဲ့ရာ ပထမလှိုင်း (၁၉ရာစုအစောပိုင်း)၊ ဒုတိယလှိုင်း (ဒုတိယကမ္ဘာစစ်အပြီး) နှင့် တန်ပြန်လှိုင်းများရှိခဲ့ပြီး ၁၉၇၄ ပေါ်တူဂီ ကစခဲ့သည့် တတိယလှိုင်းသည် ၁၀စုနှစ် ၂ခုနီးပါးအရှိန်ရခဲ့ပြီး အားပျော့လာခဲ့သည်။
တတိယလှိုင်းအစတွင် ဒီမိုကရေစီ၃၉နိုင်ငံရှိရာမှ ၁၉၈၀မှာ ၅၂နိုင်ငံဖြစ်ပြီး ၁၉၉၀ မှာ ၇၆ နိုင်ငံဖြစ်လာခဲ့သည်။
ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းလာခဲ့သည်ဆိုသော်လည်း မူလလက်ဟောင်း စက်မှုထွန်းကားပြီး ကြွယ်ဝသောအနောက်၏ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများအတိုင်းတော့ဖြစ်မလာခဲ့။ လွတ်လပ်ပြီး မျှတသောပုံမှန်ရွေးကောက်ပွဲများမှာ ဒီမိုကရေစီ၏အခြေခံစံနှုန်းဖြစ်သော်လည်း လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွင် လူတဦးချင်းစီအခွင့်အရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပါတီအဖွဲ့အစည်း၊ စစ်ဘက်ကိုအရပ်ဘက်အစိုးရဖွဲ့စည်းပုံ အောက်တွင်ထားရှိခြင်း၊ တရားဥပဒေစိုးမိုးမှု၊ ခိုင်မာသောအင်စတီကျုးရှင်းများ ပါဝင်သည်။
သို့ဖြစ်၍ လစ်ဘရယ်စံနှုန်းအပြည့်မရှိသေးသည့် အဆိုပါဒီမိုကရေစီနိုင်ငံများကို ရွေးကောက်ခံဒီမိုကရေစီ နိုင်ငံများဟုနာမည်ပေးကြသည်။ သို့သော် ပညာရှင်များကြားတွင်ပင် အခေါ်အဝေါ်များနှင့်ပတ်သက်ပြီး သဘောညီကြသေးသည်တော့မဟုတ်။
တတိယလှိုင်းအပြီး ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းလာခဲ့သဖြင့် ဒီမိုကရေစီသည် ကမ္ဘာ့နိုင်ငံအများစု၏ ရွေးချယ်မှုဖြစ်လာခဲ့သည်။ သို့သော် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း တူရကီ၊ ပါကစ္စတန်၊ ပီရှုး၊ ဘရာဇီး၊ အီကွေဒေါနှင့် ဇမ်ဘီယာစသည့် တတိယလှိုင်းဒီမိုကရေစီနိုင်ငံများတွင်သာမက အိန္ဒိယ၊သိရိလကာင်္၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့တွင် လွတ်လပ်ခွင့်များလျှော့နည်းလာခဲ့သည်။ ထို့အပြင်ဒေသပေါ်မူတည် ပြီး ဒီမိုကရေစီ၏စံနှုန်းအလျှော့အတင်းကိုလည်းတွေ့ရပြန်သည်။ ဥရောပအနောက်ကို ရာနှုန်းပြည့်ယူလျှင် အမေရိကသည် ၈၉% ၊ အရှေ့ဥရောပသည် ၆၉% ၊ အာရှပိစိဖိတ်တွင် ၆၃% နှင့် အာဖရိကတွင် ၃၄% ဟုအကြမ်းဖြင်းခန့်မှန်းကြပေသည်။ တတိယလှိုင်းသည် ဒီမိုကရေစီစံနှုန်းအနေဖြင့် ကျယ်ပြန့်မှုရှိခဲ့သော်လည်း နက်ရှိုင်းမှုတွင်တော့အားနည်းခဲ့သည်။ သို့ဖြစ်၍အဆိုပါ ရွေးကောက်ခံဒီမိုကရေစီနိုင်ငံများကို လစ်ဘရယ် ဒီမိုကရေစီ စံနှုန်း အပြည့်ရစေမည့်ဖြစ်စဉ်တရပ်လိုအပ်လာသည်။
အရေးကြီးဆုံးလိုအပ်ချက်မှာအစိုးရအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းအားလုံးသည် နိုင်ငံရေးအရ တဘက်နှင့်တဘက်ယုံကြည်မှုရှိခြင်း၊ စိတ်ရှည်ခြင်း၊ တဦးနှင့်တဦး ညှိနှိုင်းဆောင်ရွက်လိုခြင်း၊ ဒီမိုကရေစီကိုသက်ဝင်ယုံကြည်မှုရှိခြင်း စသည့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားလာစေရေးဖြစ်သည်။ ထိုအချက်ကိုအကောင်အထည်ဖော်နိုင်သည့် ပိုလန်၊ ဟန်ဂေရီ နှင့် ချက် တို့၏ ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းသည် လက်တင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံများထက် ပိုမိုမြန်ဆန်ခဲ့ပေသည်။

Friday, February 4, 2011
တိတ်ဆိတ်မှု၊ ခန္ဓာကိုယ်မှတ်ဥာဏ်၊ နေရာ
ဖြေ။ ။ ကျမတခါက “Discourse on the logic of language” ကဗျာကိုတခြားအမျိုးသမီးနှစ်ယောက်နဲ့ ဖတ်ကြည့်ဖူးတယ်။ တယောက်က ဥရောပနောက်ခံကနေဒါသူ၊ ။ နောက်တယောက်က အန္ဒိယမျိုးနွယ် ကနေဒါသူ (First Nations Woman။ မှတ်ချက်။ ကနေဒါမှာ အာရှဘက်၊ အထူးသဖြင့် အိန္ဒိယအနွယ်ဘက်ကလာတဲ့ သူတွေကို East Indian လို့သုံးပြီး၊ ကာရေဘီယံဘက်ကလာသူတွေကို West Indian လို့သုံးတယ်)။ ဖတ်ပြီးတော့ လူဖြူအမျိုးသမီးက အာဖရိကန်တွေကိုသူတို့ကိုယ်ပိုင်ဘာသာစကားမပြောဖို့ တားမြစ်ထားတာအတွက် တော်တော့်ကိုစိတ်ကသက်မသာဖြစ်ရတယ်လို့ပြောတယ်။ ဒါပေမဲ့ ဒီလိုခံစားရတာဟာ သူ့အတွက် အရေးကြီးတဲ့သင်ခန်းစာလို့တော့သူနားလည်သွားတယ်။
လူမည်းအမျိုးသမီးကတော့ ဦးနှောက်ဘယ်လိုအလုပ်လုပ်သလဲဖော်ပြတဲ့အပိုင်းကိုဖတ်ရတော့အတော်တုန်လှုပ် သွားမိတယ်လို့ပြောတယ်။ အခန်းတခန်းမှာ ၁၉ရာစု ဆရာဝန်နှစ်ယောက်က အာဖရိကန်တွေ၊ တခြားအသားအရောင်နဲ့လူမျိုးတွေ၊ မိန်းမတွေဟာ လူဖြူယောင်္ကျားထက်အဆင့်အတန်းနိမ့်ကျတယ်လို့ ယုံကြည်ကြတယ်။ ဦးနှောက်ရဲ့အစိတ်အပိုင်းတခုက ခုလိုလက်ခံထားတဲ့အသိဟာ ကျမတို့ပြောစကားကို ထိန်းချုပ်တယ်။ စိတ်ထဲရှိတဲ့အတိုင်းပြောခွင့်မရဘူး၊ မပြောရဲဘူး။ ကျမတို့ (အာဖရိကန်မိန်းမတွေပဲဖြစ်ဖြစ်၊ အန္ဒိယမျိုးနွယ်တွေပဲဖြစ်ဖြစ်၊ လူမည်းမိန်းမတွေ) ဟာဘယ်တုန်းကမှ ကိုယ့်ကိုယ်ပိုင်ဘ၀ ကိုထိမ်းချုပ်ဖို့ သတ်မှတ်မခံခဲ့ရဘူး (မှတ်ချက်။ ကိုယ့်ဦးနှောက်ပေးတဲ့အသိကိုက ငါတို့ဟာလူ့အဖွဲ့အစည်းမှာ အဖြည့်ခံတွေပဲ၊ ကိုယ့်ဘ၀ ကိုယ်ဖန်တီးဖို့ ဆိုတာငါတို့အလုပ်မဟုတ်ဘူးလို့ ကိုတွေးထင်နေတာမျိုး၊ လူ့အဖွဲ့အစည်းကလည်းသူတို့ကိုဒီလိုပဲမြင်နေတာမျိုးကို ဆိုချင်ပုံရသည်)။
ဒီနမူနာကို ကျမအစာစားတဲ့ဘက်ကိုလှည့်ယူကြည့်မယ်။ ကျမတို့ဖွံ့ဖြိုးဆဲကမ္ဘာရဲ့အစိတ်အပိုင်းတော်တော် များများဟာ အနောက်ရဲ့စားသုံးမှုကိုခံရတယ်။ ပါးစပ်ထဲ၊ လည်ချောင်းထဲကတဆင့်ဝမ်းဗိုက်တွေထဲအထိ ရောက်သွားတယ်။ အဲဒီမှာအစာချက်ပြီးမူရင်းအတိုင်းမဟုတ်တဲ့တုပထားတဲ့အစိတ်အပိုင်းတခုပုံစံပြောင်းပြီး ပြန်ထွက်လာတယ်။ ပြီးတော့ ကမ္ဘာ့ဂီတဆိုပြီးတံဆိပ်တခုကပ်ပြီးထွက်လာတဲ့အခါ ဒီထုတ်ကုန်ဟာ မူရင်းဇစ်မြစ်ကနေလွဲထွက်သွားတော့တယ်။ ဒီတော့ ခုလိုအစာကြေညက်ဖို့လိုနေတဲ့ ကမ္ဘာကြီးမှာစားသုံးမှုကို ခက်ခဲအောင်လုပ်ထားတာဟာ တန်ဖိုးထားသင့်တဲ့အရည်အချင်းတခုလို့မြင်မကြည့်နိုင်ဘူးလား။
မေး။ ။ ခင်ဗျားဟာ သမိုင်းနဲ့ မှတ်ဥာဏ်ကိုတခါထက်မကပြောခဲ့တယ်။ ခုခင်ဗျားသမိုင်းကိုပြောပြနိုင်မလား။
ဖြေ။ ။ ဒါကျမသမိုင်းသက်သက်မဟုတ်ဘူး။ ရှင့်သမိုင်းဆိုလည်းဟုတ်တယ်။ ရှင်လက်ခံမလား ဒါကျမတို့သမိုင်းပဲ။
မေး။ ။ ဒါဆိုရင်လည်း ကျနော်တို့သမိုင်းကိုပြောပါဦး။ ခင်ဗျားအရေးအသားပေါ်ဘယ်လိုသြဇာ သက်ရောက်ခဲ့သလဲ။
ဖြေ။ ။ တယောက်ယောက်ကကာရေဘီယံမှာရှိတဲ့ အာဖရိကရဲ့ပေါက်ကွဲပွင့်ထွက်နေတာကိုဘယ်လိုရေးမလဲ။ ဘယ်သူရေးနိုင်မလဲ။ ပထမ တိတ်ဆိတ်မှုကိုသိမှတ်ပြုရမယ်။ စကားလုံးတွေအားလုံး၊ ပြီးတော့ ကျန်နေခဲ့မယ့်တိတ်ဆိတ်မှု။ ဘာလို့လဲဆိုတော့ဖြစ်ပျက်ခဲ့တာတွေက ဒါကိုတောင်းဆိုနေလို့ပဲ။ ဒီဖြစ်ပျက်ခဲ့မှုတွေကိုအရိုအသေပေးတဲ့ပုံစံတခုအနေနဲ့ပေါ့။ ဒါပေမဲ့ စာရေးဆရာတယောက်အနေနဲ့ ကဗျာဆရာတယောက်အနေနဲ့ လှုံ့ဆော်မှုကအမြဲ စကားလုံးတွေဆီမှာရှိနေတယ်။ မေးခွန်းက ရှင် သဲထိတ်ရင်ဖို သမိုင်းတခုကို လှလှပပလေးဖြစ်အောင်ရေးမှာလား။ စားသုံးလို့လွယ်ကူတဲ့အလှအပ တခုဖြစ်အောင်ဖန်တီးလိုက်မှာလား။ ကျမကတော့ ဒီကျွန်စံနစ်နဲ့ပါတ်သက်လို့ အဆင်ပြေအောင်၊ဖတ်ပျော်ဘွယ် ဖြစ်အောင်ရေးထားတာတွေတွေ့ရင် စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ဘာသာစကားနဲ့ဆွဲဆောင်ဖွယ်ဖြစ်အောင် ရေးထားလေ၊ ရာစုနှစ်နဲ့ချီရှိခဲ့တဲ့မယုံကြည်မှုမျိုးနဲ့ ဘာသာစကားအပေါ်အယုံအကြည်မဲ့လေပဲ။ ဒါပေါ့လေ တဘက်မှာတော့ သက်တောင့်သက်သာရှိလိုတဲ့ စာဖတ်သူတို့ ဈေးကွက်တို့လို ထဲ့တွက်ရမဲ့ အစိတ်အပိုင်းတွေကလည်းရှိနေတယ်ပေါ့။
မေး။ ။ ဒီတော့ ခင်ဗျားကိုယ့်ပြဿနာကိုယ်ရှာသလိုဖြစ်မနေဘူးလား။ ခင်ဗျားပဲ စာဖတ်ပရိတ်သတ်ကို ကျယ်ကျယ်ပြန့်ပြန့်လိုချင်တယ်ပြောခဲ့တယ်မလား။
ဖြေ။ ။ စာရေးသူတိုင်းဒါကိုလိုချင်ကြတာပဲ။ ပြဿနာက ဒီပရိတ်သတ်ကိုရဖို့ ဘယ်လောက်အလျှော့ပေးဖို့လို မလဲဆိုတာပဲ။ ကျမအတွက် စိန်ခေါ်မှုက ဘာသာစကားကခွင့်ပြုထားတဲ့ဘောင်ထဲကနေ ကျမဘယ်အထိပြောနိုင်မလဲ ဘာတွေပြောလို့မရနိုင်ဘူးလဲ ဆိုတာကွဲပြားဖို့ပဲ။
မေး။ ။ ခင်ဗျားဘာလို့မပြောနိုင်ဘူးလို့ ပြောရတာလဲ။ ကျနော့်အမြင်မှာ ခင်ဗျား….အဲ.. ခင်ဗျားပြောတဲ့အတိုင်းဆို ကမ္ဘာသစ်ထဲကကျနော်တို့သမိုင်း ပဲမဟုတ်ဘူးလား။ ဒါကို ခင်ဗျား “ Discourse …….” မှာ ပြောခဲ့တယ်မဟုတ်လား။
ဖြေ။ ။ ဘာလို့လဲဆိုတော့ ဒါဟာ အင်္ဂလိပ်ဘာသာစကားထဲမှာဖြစ်ခဲ့တာမဟုတ်ဘူး။ ပြင်သစ် သို့ စပိန် ဘာသာစကားထဲမှာဖြစ်ခဲ့တာမဟုတ်ဘူး။ ဒါဟာကျမအတွက်သူစိမ်းဖြစ်နေတဲ့ တခြားဘာသာစကား တခုထဲမှာဖြစ်ခဲ့တာ။ ဒီတော့ကျမဘယ်လိုရေးမလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ ဖြစ်နေတာ၊ ဖြစ်ပြီးသွားတာတွေဟာ စကားလုံးတခုနဲ့တခုကြားက ကွက်လပ်တွေထဲမှာ၊ ကျပ်ညပ်ပြီး ထူပိန်းနေတဲ့ စကားလုံးတွေကြားထဲမှာ၊ စာကြောင်းတွေကြားထဲမှာ။
မေး။ ။ ကိုယ့်သမိုင်းပြန်ရေးဖို့အခက်အခဲဖြစ်နေတယ်လို့ ခင်ဗျား ပြောနေတာလား
ဖြေ။ ။ ဟုတ်တယ်။ ရှေးရိုးအရလက်ခံထားတဲ့ သမိုင်းဆိုတဲ့နားလည်မှုကို မှတ်ဥါဏ်ကလက်ခံထားတဲ့အတိုင်း ပြန်ရေးဖို့။
မေး။ ။ ဒါဆို ဒီနှစ်ခုကိုတခုနဲ့တခုဆန့်ကျင်ဘက်ဖြစ်တယ်လို့မြင်နေတယ်ပေါ့။
ဖြေ။ ။ ရှင်ကောမမြင်ဘူးလား။ မှတ်ဥါဏ်တွေအများကြီး၊ တချို့ကအားလုံး၊ တချို့တွေကမပြည့်မစုံနဲ့။ ဒါပေမဲ့မှတ်ဥာဏ် တခုလည်းပဲရှိနေတယ်။ တခုတည်းသောမှတ်ဥာဏ်။ ဆုံးရှုံးမှု၊ အဆုံးအရှုံး။ ဆုံးရှုံးမှု၊ အဆုံးအရှုံး။ ဆုံးရှုံးမှု၊ အဆုံးအရှုံး……။ ဘာမှမရှိခြင်း ရှင်သဘောတူမလား။ တိတ်ဆိတ်မှုအပြင်ဘက်က ကဗျာကိုရေးဖွဲ့ဖို့။
မေး။ ။ ကျနော် ခင်ဗျားပြောတဲ့ အသံတခုထက်ပိုပြီးပြောနေတဲ့ကဗျာတွေကိုခင်ဗျားဘယ်လိုဖတ်တယ်ဆိုတာ ကိုစိတ်ဝင်စားတယ်။
ဖြေ။ ။ နှစ်တွေတော်တော်များများ ကျမဟာ လွယ်လွယ်ကူကူပဲ အသံတမျိုးပဲပေးတဲ့ ကဗျာတွေကိုပဲ ဖတ်ခဲ့မိတယ်။ တချိန်မှာကျောင်းသားတယောက်က ကျမကို “Universal Grammar” (She tries ……ထဲမှ) သူ့ကိုဖတ်ပြဖို့လာပေးတယ်။ မင်းငါနဲ့တူတူဖတ်ရင်ငါလည်းဖတ်တာပေါ့လို့ကျမလည်းပြန်ပြောမိတယ်။ အဲဒီမှာ ကျမသဘောပေါက်လာတယ်။ ကဗျာဟာကျမကြိုတင်တွေးထားသလိုမဟုတ်ဘဲ တခြားနည်းလမ်းတခုနဲ့လည်း အောင်မြင်မှုရနိုင်တယ်ဆိုတာ သိမြင်သွားခဲ့တယ်။ ကျမ၀န်ခံသင့်တာတခုက “She tries ……..” နဲ့ပါတ်သက်ပြီး ကျမ နားလည်သိမြင်မှုအတော်များများကို ဒီလက်ရာတွေဖန်တီးပြီးမှသာရခဲ့တယ်ဆိုတာပဲ။ ရှေ့မှာကျမပြောခဲ့ပါတယ်၊ ကဗျာရဲ့ပြေပြစ်စီးဆင်းနေတဲ့အသံကို ကျမဖျက်ပစ်ချင်မိခဲ့တယ်ဆိုတာ။ လူမည်းတယောက်အနေနဲ့၊ မိန်းမတယောက်အနေနဲ့ ကိုလိုနီပြုခံရတဲ့အရာဝထ္ထုတခုအနေနဲ့ ငါ့ကြမ္မာငါပိုင်စိုးမှု ဟာဘယ်ကလာတာလည်း၊ ဒါဟာတကယ်ကောလိုအပ်သလား။ တခုခုကိုဖွင့်ထုတ်ပြောဆိုဖို့၊ လူထုပရိတ်သတ်ကိုငါ့အသံဖွင့်ဟပြောဆိုနိုင်ဖို့။ ဒါတွေဟာတကယ်ကောလိုအပ်လို့လား။ ယောင်္ကျားမဟုတ် လူဖြူမဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းတည်ဆောက်ခွင့်တောင်မရှိပဲ ကဗျာရေးဖို့ကောလိုလို့လား။ ငါတကယ်တခုခုပြောနိုင်ရဲ့လား။ ငါပြောနိုင်တာတိတ်ဆိတ်မှုတခုပဲလား။
ကျမကိုယ်တိုင်ကြိုမသိထားပဲ မင်းငါနဲ့တူတူဖတ်ရင်ငါလည်းဖတ်တာပေါ့ လို့ပြောခဲ့တာဟာ ကဗျာရဲ့အသံကိုပြောင်းလိုက်တာပဲ။ အနဲဆုံး အဲဒီစာမျက်နှာကိုတခြားအသံတွေနဲ့ တခြားသမိုင်းတွေနဲ့ ဝေမျှလိုက်တာပဲ။ ဗဟိုကနေစီးခိုင်းလိုက်တယ်။ နေရာလွတ်တခု ရှင်းပေးလိုက်တယ်။ ကျမဟာ တခြားအသံတွေကိုကြားခွင့်ပြုလိုက်တယ်။ အသံစုံ စကားစုံ တီးတိုးစကားသံပြိုင်၊ အမျိုးသမီးတွေစု စကားပြောနေတာနဲ့ဆင်လာတယ်။ ရှေ့မှာပြောခဲ့တဲ့ အော်သံနဲ့ပဲ့တင်လိုဖြစ်လာတယ်၊ ပြီးတော့စာသားတွေဟာ ဂျက်ဇ် စာသားတွေနဲ့တူနေမယ်။ ရှင် “Discourse ……” ကိုကြည့်မယ်ဆိုရင် အလယ်မှာပြန်ကျော့ထားတဲ့ အပိုဒ်ဟာ အဓိကတေးသွားဖြစ်ပြီး အနားမှာဝန်းရံနေတဲ့ဘာသာဗေဒဖြစ်ရပ်တွေကို ဂျက်ဇ်မှာသုံးတဲ့ အပိုဒ်တိုလေးတွေလိုမြင်ကြည့်နိုင်မယ်။ ဘာသာစကားတခုရဲ့ဆုံးရှုံးမှုကိုဖွဲ့ဆိုထားတာပေါ့။
မေး။ ။ ကျနော်ပထမမေးခွန်းကိုပြန်သွားရဦးမယ်။ ခင်ဗျားဒီပြဿနာတွေကိုရေးဖွဲ့တဲ့နေရာမှာ…….
ဖြေ။ ။ ကျမ ကဗျာရေးတဲ့အခါ ပြဿနာတွေကိုမရေးဖြစ်အောင်ကြိုးစားပါတယ်။
မေး။ ။ ဒါဆိုခင်ဗျားဘာကိုကြိုးစားပြီးရေးသလဲ
ဖြေ။ ။ တချို့အတွေ့အကြုံတွေရဲ့အမှန်တရားကိုသာရေးတာပါ။
မေး။ ။ မေးခွန်းကဖြေဖို့ ကျန်နေတုန်းပဲ။ ခင်ဗျား တခုခုကိုရေးတဲ့အခါမှာခင်ဗျားမျှဝေချင်တဲ့ပရိတ်သတ်တော့ စိတ်ထဲမှာရှိနေလိမ့်မယ်လို့ကျနော်ယူဆတယ်။ ဒါပေမဲ့ ဒီပြဿနာတွေ ဒါမှမဟုတ် အဲဒါတွေကိုခင်ဗျားချဉ်းကပ်တဲ့ အခါမှာ တွေ့နေရတဲ့ပုံစံက………… (စိတ်ထဲမျှဝေချင်တဲ့ပရိတ်သတ်တော့ရှိပြီး ရေးချလိုက်တဲ့အခါ ရှုတ်ထွေးလွန်းတဲ့အရေးအသားတွေဖြစ်နေတော့ကိုယ်ပေးချင်တဲ့အချက်ကိုပရိတ်သတ်ကကောရပါ့မလားဆိုတာကိုမေးချင်ပုံရတယ်)
ဖြေ။ ။ ရှင် ကကျမရေးဖွဲ့ပုံရဲ့ ရှုတ်ထွေးပြီးနားလည်ရခက်တာကိုပြန်ပြောချင်ပြန်ပြီ ထင်တယ်။ ဟုတ်တယ်မလား။ ဒီကြားထဲကကွာဟမှုကိုကျမဘယ်လိုစေ့ပေးရမလဲ။ ကျမ၀န်ခံပါတယ်။ “She tries …..” ကိုရေးပြီးတဲ့အခါ သိလာတာတခုက စာမျက်နှာပေါ် တခုပြီးဆုံးသွားတဲ့အခါ ကျမနောက်ထပ်တခုကိုလည်း ပြီးဆုံးအောင်လုပ်ပေးရဦးမယ်ဆိုတာပေါ့။ အဲဒါ အသက်ဝင်လှုပ်ရှားမှု (Performance) ပဲ။ ကျမယုံကြည်တာက ကာရေဘီယံ အနုရသရဲ့ အရမ်းအရေးပါတဲ့အချက်တခုဟာ အသက်ဝင်လှုပ်ရှားမှု ပဲ။ ကဗျာတွေကိုသက်ဝင်စေမယ်။ စာသင်ခန်းတခုထဲမှာသူတို့ကိုရွတ်ဆိုတဲ့အခါ ကွဲပြားတဲ့ နားလည်မှုနဲ့ခံစားမှုတွေ၊ မှန်ကန်မှုအသစ်တွေထွက်လာနိုင်မယ်။ ကျမနဲ့အမျိုးသမီးနှစ်ယောက် ကဗျာတွေကိုအတူဖတ်ခဲ့ကြသလိုမျိုးပေါ့။
မေး။ ။ ခန္ဓာကိုယ်ဟာကြီးမားတဲ့အစိတ်အပိုင်းတခုအနေနဲ့ဝင်ရောက်သရုပ်ဆောင်ရမယ်ဆိုပါတော့။
ဖြေ။ ။ မှန်တယ်။ ခန္ဓာကိုယ်ဟာ မျှော်လင့်မထားတဲ့ပုံစံတမျိုးမျိုးနဲ့ပွင့် ထွက်ပြီး She tries… ထဲကစာသားတွေထဲ ၀င်သွားဖို့လိုမယ်။ အာဖရိကန်ခန္ဓာကိုယ်ဟာကမ္ဘာသစ်ထဲ ထိုးသွင်းခံခဲ့ရသလိုလေ။ အာဖရိကန်ခန္ဓာကိုယ်ပေါ့။ ယဉ်ယဉ်ကျေးကျေးသုံးရရင်တော့ ကမ္ဘာသစ်ရဲ့ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်မှုပေါ့။ အာဖရိကန်တွေဟာ ကမ္ဘာသစ်ကိုခန္ဓာကိုယ်တခုတည်းနဲ့ရောက်လာခဲ့ကြတယ်။ ဒီခန္ဓာကိုယ်ထဲပဲသူတို့ဆက်လက် ရှင်သန်ဖို့လိုအပ်တာတွေအားလုံးထဲ့သွင်းသိုမှီးခဲ့ကြတယ်။ ခန္ဓာကိုယ်မှတ်ဥာဏ်ပေါ့ ရှင်သဘောကျတယ်မလား။ နှစ်ပေါင်း ၄၀၀ လောက်အင်ပါယာရဲ့လူမဆန်မှုကိုကြံ့ကြံ့ခံခဲ့ရတဲ့ လူမည်းခန္ဓာကိုယ်တွေပေါ့။ တကယ်တော့ အင်ပါယာနဲ့အစွမ်းကုန်ဖိနှိပ်ခံရမှုကြား တခုတည်းထဲရင်ဆိုင်ရပ်တည်ခဲ့ရတဲ့ လူမည်းခန္ဓာကိုယ်တွေပေါ့။ သမိုင်းကိုလှပစွာပုံဖော်ဖို့ ဒီမှတ်ဥာဏ်ကိုဖျက်ပစ်တယ်။ ခန္ဓာကိုယ်ကိုဖျက်ပစ်တော့မှတ်ဥာဏ်လည်းပျက်ပြယ် သွားရမယ်လေ။
မေး။ ။ ခင်ဗျားစာအုပ်ကို ကနေဒါမှာဘယ်လိုလက်ခံကြသလဲ။
ဖြေ။ ။ ကျမ ကနေဒါကိုနေရာတခုအနေနဲ့ရွေးခဲ့တာပါ။ နေရာတခု ဒါ ကနေဒါပေါ့။ ကျမစာအုပ်တွေဖြစ်တဲ့ She tries ……… နဲ့ Looking for Livingstone တို့ဟာ ကနေဒါလိုနေရာမျိုးမှာသာရေးလို့ရနိုင်မှာမို့ပါ။
မေး။ ။ ဘာကြောင့်ဒီလိုပြောနိုင်ရတာလဲ
ဖြေ။ ။ အာဖရိကန်အမေရိကန် ယဉ်ကျေးမှုကအားကောင်းတဲ့ အမေရိက မှာဆိုရင် အာဖရိကန်ဟာ ကာရေဘီယံဟာ ဒါဏ်ရာတခုပဲလို့ပြောချင်တဲ့ ဒီလိုအနုပညာမျိုး ကျမ ဖန်တီးနိုင်ပါ့မလား သံသယရှိမိတယ်။ အင်္ဂလန်မှာဆိုလည်းဒီလိုအတားအဆီးမျိုးရှိနိုင်တာပဲ။ အင်ပါယာနဲ့ ဓနသဟာယ ဆိုတာကရှိနေတယ်လေ။ ကနေဒါမှာပဲကျမလိုချင်တဲ့ ပတ်ဝန်းကျင်မျိုးရှိနေတယ်။ အခြေအနေအားလုံးဟာ ပျက်စီးပြီး တွင်းနက်ကြီးတခုထဲစုပ်ယူပျောက်ကွယ်သွားနိုင်တဲ့အန္ဓရာယ် မျိုးရှိတယ်လို့ခံစားကြည့်နိုင်တယ်။ ယူအက်စ် နဲ့ အင်္ဂလန်မှာက အာဖရိကန်ယဉ်ကျေးမှုကို ညှိယူဖို့လုပ်တဲ့အစီအစဉ်တွေ နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တယ်။ ကနေဒါမှာကြတော့ တောင်ပိုင်း အွန်တာရီယို နဲ့ မာရီတိုင်းမ် တွေမှာလွတ်လပ်ရေးစစ်ပွဲကာလလောက်က လုပ်ခဲ့တာတချို့ကလွဲလို့ ဒါတွေမရှိဘူး။ ယဉ်ကျေးမှုပေါင်းစုံ ဆိုပြီးထဲ့သွင်းပြောဆို နိုင်တဲ့အခြေကျပြီးသား အာဖရိကန်အလေ့အထတချို့ကလွဲရင် ကနေဒါရဲ့ယဉ်ကျေးမှုဟာ အာဖရိကန်ယဉ်ကျေးမှုကိုထဲ့သွင်းပေါင်းစပ်ပေးဖို့အထိ တည်ငြိမ်မှု ရင့်ကျက်မှု မရှိသေးဘူး။ ဒီတော့ ယဉ်ကျေးမှုပေါင်းစုံယှဉ်တွဲတည်ရှိခြင်းရဲ့ကောင်းတဲ့အချက်တွေကို မကြာခဏပညာပေးပြောဆိုနေကြတုန်းပဲ။ လူဖြူအခွင့်ထူးခံလူ့အဖွဲ့အစည်းတခုအဖြစ်ရှိနေတုန်းပါပဲ။
ဒီလိုဆိုပေမယ့်လို့ တဘက်မှာ ကျမစာတွေကို အဖွဲ့အစည်းတချို့မှာသင်ကြားတယ်လို့ကြားရတော့ ကျေနပ်မိပါတယ်။ ကျမစောစောကပြောခဲ့သလိုပေါ့။ ခန္ဓာကိုယ်ကိုဖျက်ပစ်တာဟာမှတ်ဥာဏ်ကိုပါ ဖျက်ပစ်တာပါပဲ။ သီးခြားအရည်အသွေးတွေနဲ့ ဒီလူမည်းခန္ဓာကိုယ်ဟာ လူဖြူတွေရဲ့နေရာဖြစ်တဲ့ ကနေဒါ မှာရှိနေတယ်။ ဒါဆို မှတ်ဥာဏ်ဟာပျောက်ပျက်မသွားဘူးပေါ့။
Assembling Alternatives: Reading Postmodern Poetries Transnationally. Wesleyan University Press 2003 စာအုပ်မှ Interview with an Empire by M. NourbeSe Philip အခန်းကို ဆီလျှော်အောင်ပြန်ရေးပါတယ်။
ချစ်ခင်စွာဖြင့်

Tuesday, February 1, 2011
ပန်းဝါပန်းပွင့်ကြေမွ
မေး။ ။ ခင်ဗျားမှာလူမည်းစာဖတ်ပရိတ်သတ်ရှိသလား။ ကျနော်ပြောချင်တာက ခင်ဗျားလက်ရာတွေကို အရသာခံနိုင်တာဆိုလို့လူဖြူဝေဖန်ရေးဆရာတွေနဲ့ကျောင်းသားတွေပဲရှိတာမလား။
ဖြေ။ ။ သူတို့မှတ်ဥာဏ်ရဲ့အမှန်တရားကိုပြန်ဖွင့်ဆိုဖို့ ဘာသာစကားရဲ့စွမ်းရည်ကိုစိမ်ခေါ်တဲ့ ကျမလို ကဗျာဆရာ၊ စာရေးဆရာတွေမှာ အကျဉ်းအကျပ် တခုထဲတော့ ကျရောက်ခဲ့တာပါပဲ။ ကျမတို့ရေးဖွဲ့တဲ့ ဘာသာစကားအခြေပြုဖန်တီးမှုတွေကို ဥရောပရသစာပေဖြစ်တဲ့ ဘာသာစကားကဗျာ (Language Poetry) နဲ့ ရောထွေးမြင်ခံရတယ်။ ကျမတို့ဖန်တီးမှုမူရင်းကတခြားဘာမှမဆိုင်တဲ့တနေရာကလာတာ။ အကြမ်းဖက်ခံရတဲ့ ဘာသာစကားနဲ့ ကြောက်မက်ဖွယ်တိတ်ဆိတ်မှုသာကြီးစိုးတဲ့ ကောမြေတခုကနေလာခဲ့တာ။ ဒါကိုလူဖြူတွေ ဥရောပသားတွေ နားလည်ဖို့မလွယ်ဘူး။ ဒါကိုသူတို့က ပို့စ်မော်ဒန်လို့မြင်ကြတယ်။
အစဉ်အလာအရ လူမည်းကဗျာဆရာတယောက်ရဲ့ တကယ့် ရပ်တည်ရင်ဆိုင်မှုတွေဟာ သူတို့လူမျိုးတွေ ကမ္ဘာသစ်ထဲအတင်းအကျပ်ရွှေ့ပြောင်းခံရတဲ့အချိန်ကစပြီးရုပ်ပိုင်းစိတ်ပိုင်း နှိပ်စက်ခံရမှုတွေကို ဆန့်ကျင်ဖော်ပြတာပဲ။ ဒီတော့ တဘက်ကကြည့်ရင် ကျမတို့ဟာ (ပုံမှန်သမရိုးကျ လူစိတ်ဝင်စားအောင် မရေးဖွဲ့သူများကိုဆိုလိုသည်) ကိုယ်ကိုယ်တိုင် ကျမတို့လူ့အဖွဲ့အစည်း (ပရိတ်သတ်နဲ့ဈေးကွက် အပါအ၀င်) ရဲ့ အမြင်မှာ တရားဝင်ဖြစ်မှုလျှော့ချခံရအောင်လုပ်နေသလိုပါပဲ။ အာဖရိက ဂီတပုံစံတခုထဲမှာ စကားလုံးတွေကိုကစားတဲ့အခါ ဘာသာစကားဟာ တိုက်ရိုက်ရလိုက်တာပေါ့။ ဘာမှပြုပြင်စီရင်စရာမလိုဘူး။
ပန်းဝါပန်းတပွင့်ဟာ ပန်းဝါပန်းတပွင့်မို့ ပန်းဝါပန်းတပွင့်သာ။*1
ကိုလိုနီနိုင်ငံတွေမှာ ကျမတို့ အင်္ဂလိပ်စာပေ ကိုလေ့လာတဲ့အခါ ဒီအရေးအသားအစား
ပန်းဝါပန်းဟာခေါင်ရမ်းပန်းမဟုတ်၊ ဂနိုင့်ကျက်သရေပန်းမဟုတ်။ ဆိုတာကမှအမှန်တရားနဲ့ အများကြီးပိုနီးစပ်လာတယ်။
မေး။ ။ ကျနော်ခင်ဗျားဆိုလိုချင်တာကိုနားလည်ရဲ့လားမသေချာဘူး။
ဖြေ။ ။ ကာရစ်ဘီယံမှာကျမတို့သင်ခဲ့တဲ့အင်္ဂလိပ်စာပေမှာအချက်အချာကျတဲ့ပုံရိပ်တခုရှိတယ်ဆိုရင် ဒါဟာ ပန်းဝါပန်းပဲ။ ကျောင်းတိုင်းမှာကျောင်းသားတွေ တချိန်မှာတော့ ၀ါ့ဒ်ဝါ့သ် (Wordsworth) ရဲ့ ပန်းဝါပန်း (Daffodil) ကိုသင်ကြရတယ်။ ကျမတိုအားလုံးနီးပါး ဒီပန်းကိုမမြင်ဘူးကြဘူး။ ဒါပေမဲ့ ကျမတို့အနာဂတ်ဟာ တခါမှမမြင်ဘူးတဲ့ ဒီဘာမှမဟုတ်တဲ့ ပန်းတွေအပေါ်ရေးဖွဲ့နိုင်မှုပေါ်မူတည်ခဲ့တယ်။
မေး။ ။ အင်း ကျနော်မြင်ပြီ။
ဖြေ။ ။ တကယ်သာ ကျမအနေနဲ့ဒီပန်းကို ဂျက်ဇ်နဲ့ဖန်တီး၊ (ဂီတနဲ့ကစား) ခွင့်ရမယ်ဆိုရင် ခုလိုမျိုးဆန်ဆန်လုပ်မိမှာပဲ။
“ပန်းဝါပန်းတပွင့်မဟုတ်
ဆိုတာ
နှင့် မဟုတ်
ဆိုတာ - “*2
ကျမအနေနဲ့ ခုလိုဘာသာစကားရဲ့တည်ဆောက်ပုံကို ဖျက်ပစ်ပြီး
ပန်းဝါပန်းရဲ့ပုံရိပ်ကိုမတည်ငြိမ်အောင် လုပ်ဖို့ ပိုစိတ်ဝင်စားမိမှာပဲ။ ဒါပေမဲ့ အာဖရိကန်တွေရဲ့လက်ရှိနာကျင်မှုတွေအတွက်အရေးတကြီးလိုအပ်နေတာကတော့ ဒီလိုစကားလုံးတွေနဲ့ကစားတာမျိုး ဖြစ်ချင်မှတော့ဖြစ်မယ်။ ကျမတို့ကြုံခဲ့ရတဲ့အဆုံးအရှုံးနဲ့စာရင် ခုလိုရေးဖွဲ့တာဟာ ဘာမှမလေးနက်သလို အမြင်ခံရနိုင်တယ်။ ကမ္ဘာသစ်ထဲ ကျမတို့တွေရဲ့ ဂျက်ဇ်ဂီတလို ဆန်းပြားတဲ့ ဂီတ ဘာသာစကားနဲ့ အင်္ဂလိပ်စာ စာပေအနုပညာ ဘာသာစကားကြားမှာ ခုထိတော့ အပြိုင်ထားပြီး နှိုင်းယှဉ်ကြည့်မခံရသေးပါဘူး။ ဂီတ၊ အာဖရိအခြေခံဂီတ တီးမှုတ်ဖျော်ဖြေမှုတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ရဲ့စရိုက်လကဏ္ခာတရပ်အနေနဲ့သတ်မှတ်မခံရသေးပါဘူး။ တဘက်မှာတော့ ရှင် အင်္ဂလိပ်လို ပြင်သစ်လို စပိန်လို လူဖြူတွေလို သေသေချာချာပြောနိုင် ရေးနိုင်ရင် လူကြီးလူကောင်းပဲ။ ဒါဆိုရင် ရှင်နဲ့ ရှင့်အာဖရိကန်ညီအကိုမောင်နှမတွေကြားအတားအဆီးတခု၊ အကွာအဝေးတခုရှိသွားပြီ။ လောလောဆယ်အငြင်းအခုံဖြစ်နေတဲ့ အီဘိုးနစ် (Ebonics ။ အာဖရိကန်အမေရိကန်အင်္ဂလိပ်စာ စကား ကို လူမည်းအင်္ဂလိပ်ဘာသာစကား/အာဖရိကန်ဒိုင်ယာလက် တခုအဖြစ်တရားဝင်အသိအမှတ်ပြုခြင်း) ကိစ္စဟာ လူဖြူအသိုင်းအ၀ိုင်းကဘာသာစကားနဲ့ပါတ်သက်လို့ နဲနဲပြောင်းလဲလက်ခံလာတယ်လို့တော့ပြောနိုင်တယ်။
ခုထိတော့ ကျမတို့အာဖရိကန် တော်တော်များများဟာ အင်္ဂလိပ်ဘာသာစကားကိုကုန်ကြမ်းတခုလို၊ ခွဲစိတ်ထုဆစ် ပြန်ပြီးချောမွေ့အောင်ပုံဖော်ရဦးမဲ့ ကျောက်ရိုင်းတုံးတခုလိုမမြင်နိုင်ကြသေးဘူး။
မေး။ ။ ခင်ဗျားလက်ရာတွေကို ပို့စ်မော်ဒန်အနုပညာတခုအဖြစ်ဖော်ပြလို့ သတ်မှတ်လို့ရမလား
ဖြေ။ ။ ရှင် အဲသည်လိုဆိုချင်ရင်တော့ အဲသည်လိုပေါ့။
မေး။ ။ ခင်ဗျားဘာကိုဆိုလိုတာလည်း။
ဖြေ။ ။ နှစ်တော်တော်ကြာပြီ။ ကျမ ဥပဒေပါမောက္ခတယောက်အတန်းမှာ ဆော့ကရေးတီးနည်းနာ နဲ့ပါတ်သက်လို့တက်နေတဲ့အချိန်ပေါ့။ သူကမေးခွန်းတွေကိုဘယ်တော့မှမဖြေဘူး။ ဥပဒေပထမနှစ်ကျောင်းသား တွေကို မေးခွန်းတွေနဲ့ပါတ်သက်ပြီး သူပြန်ပြောလေ့ရှိတာတခုကတော့ မင်းဒီလိုဆိုချင်ရင်တော့ ဒီလိုပေါ့ (It is if you say it is) ပဲ။ ဒီအဖြေဟာ ကျမစာအုပ်ဖြစ်တဲ့ “She Tries Her Tongue; Her Silence Softly Breaks” ကို ပို့စ်မော်ဒန်လက်ရာလားလို့မေးတဲ့သူတွေအတွက် သင့်တော်တဲ့အဖြေပါ။ ဒါပေမဲ့ “She Tries ….” ကို ပို့စ်မော်ဒန်လက်ရာတခုအနေနဲ့ပဲမြင်ပြီးကြည့်မယ်ဆိုရင်တော့သူ့ဆိုလိုရင်းအခြားအချက်တော်တော်များများနဲ့ လွဲချော်သွားမှာပဲ။ ခုအသုံးတွင်ကျယ်လာတဲ့ ပို့စ်မော်ဒန်စကားလုံးရဲ့ အခင်းအကျင်းတွေဟာ ကာရေဘီယံဝန်းကျင်မှာ ဟိုးအရင်တည်းက ရှိခဲ့ပြီးသားလို့ သဘောပေါက်မထားခဲ့ဘူးဆိုရင်ပေါ့။
မေး။ ။ ကုဒ်တွေအပြောင်းအလဲလုပ်တာ၊ နမူနာပုံစံတွေထုတ်တာ၊ တီထွင်ဖန်တီးတာ တွေဟာ ပို့စ်မော်ဒန်သမားတွေရဲ့ထင်ရှားတဲ့အမှတ်အသားတွေပဲမဟုတ်ဘူးလား။
ဖြေ။ ။ ကာရေဘီယံမှာလည်းဒါမျိုးတွေရှိတယ်။ အရမ်းကိုကွဲတဲ့ အခြေအနေတခုမှာပေါ့။ ကွဲပြားတဲ့အခြေအနေတခု၊ အာဖရိကန်၊ ယူရိုပီယန်၊ အေးရှန်း ပြီးတော့ ကပြားတွေ သွေးနှောတွေ အားလုံး တပြိုင်နက်တည်း ဖြစ်နေရှိနေတဲ့အခြေအနေတခု။ ဒါပေမဲ့ ကျမကောင်းကောင်းနားလည်ထားတာ တခုတော့ရှိပါတယ်။ သမိုင်းလိုပဲ စာရေးဆရာဟာသေဆုံးသွားပြီ။ ကျမရည်ရွယ်လိုရင်းတွေဟာ အဝေးကိုလွင့်ပါးမှိန်ဖျော့သွားနေတယ်ဆိုတာ။
မေး။ ။ အားလုံးတော့မဟုတ်ဘူးပေါ့လေ။
ဖြေ။ ။ ကျမရိုးရိုးလေးပြောချင်တာဒီလိုပါ။ ကျမလက်ရာဟာဘဲတကောင်နဲ့တူချင်တူမယ်။ ဘဲလိုလျှောက်တယ်။ ဘဲလိုတောင်ပြောချင်ပြောမယ်။ ဒါပေမဲ့ ဘဲတော့မဟုတ်ဘူး။ ဒီဖန်တီးမှုရဲ့ နက်ရှိုင်းတဲ့ ပုံသဏန်ဟာ အာဖရိကန်ကာရေဘီယံကလာတာ။ ဒီစာအုပ်ထဲဖန်တီးထားတဲ့ ဟိုက်ပါတက်စ်၊ မာတီကုဒ်၊ အဆိုအမိန့်တွေ၊ အသံပေါင်းစုံ ထောင့်ပေါင်းစုံ ဟာ စာဖတ်သူကို ပို့စ်မော်ဒန်လက်ရာတခုအဖြစ်မြင်စေလိမ့်မယ်။ ဒါပေမဲ့ ကျမပြောချင်တာက နှစ်ခုတွဲပြီးဖြစ်နေတယ်။ ဒီဖန်တီးမှုဟာ တပြိုင်တည်းမှာ ပို့စ်မော်ဒန်လည်းဖြစ်တယ်။ အခြားပုံစံတခုအဖြစ်လည်း ကွဲထွက်နေတယ်။
မော်ဒန်ဝါဒဟာ အခြေခံ မှာတော့ အနောက်တိုင်း ဥရောပ အခြေအနေတွေကထွက်လာတာ လို့နားလည် ထားကြတယ်။ ဒါကို တတိယကမ္ဘာ ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတခု အဖြစ်တော့ မြင်မကြည့်ကြဘူး။ မော်ဒန်ကိုအနောက်ရဲ့ဖွံ့ဖြိုးလာတဲ့ ယဉ်ကျေးမှုအဖြစ်ပဲ ဂုဏ်ယူခဲ့ကြတယ်။ ပီကာဆို၊ ဘရန်ကူစီ နဲ့သူတို့အပေါင်းအဖော်တွေဟာထင်ရှားတဲ့မော်ဒန်သမားတွေပါ။ သို့ပေမယ့်လို့ သူတို့ရဲ့ အယူအဆ အတွေးအခေါ်တွေမှာ အာဖရိကနဲ့ သမုဒ္ဒရာဒေသကြီးတွေကရိုက်ခတ်ချက်တွေ၊ သြဇာလွှမ်းမိုးမှုတွေ ရှိခဲ့တယ်။ ပြီးတော့ ဂျက်ဇ်၊ ကမ္ဘာသစ်ထဲ အာဖရိကန်တွေဖန်တီးခဲ့တဲ့ ဂီတဟာ ဘ၀ရဲ့အခြေခံအမြင် အတွေး၊ စည်းချက်နဲ့တိုင်ပင် တွေကိုအပြောင်းအလဲဖြစ်စေခဲ့တယ်။
ခုတခါ မော်ဒန်ရဲ့ဆွေမျိုးသားချင်းအဖြစ် ပို့စ်မော်ဒန်ကို ကျမတို့ ဟာ ဥရောပထွက်ကုန်တခု အဖြစ်ထပ်မြင် နေကြပြန်ပြီ။ အဲသည်အမြင်မှာအခြေခံရင် ကျမလက်ရာဟာ ပို့စ်မော်ဒန်လက်ရာမဟုတ်ဘူး။ မော်ဒန်တို့ ပို့စ်မော်ဒန်တို့ကို ဥရောပကိုချီးပဖို့ မွှမ်းဖို့ဆိုတာအပြင် အာဖရိကန်ကာရေဘီယံ ရဲ့ပို့စ်မော်ဒန်လို့မြင်လာရင် ကျမလက်ရာကို ပို့စ်မော်ဒန်လို့ပြောချင်ပြောပေါ့။
မေး။ ။ ဒါဆိုခင်ဗျား ကျနော့်ကို ကာရေဘီယံကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုစေချင်သလဲ။
ဖြေ။ ။ ကာရေဘီယံကိုနားလည်ဖို့ဆိုရင် အဲသည်လူဟာ ကာရေဘီယံနဲ့ ကမ္ဘာသစ်တခုလုံးကို အဆက်မပြတ် အလုံးအရင်းနဲ့ နှောက်ယှက်ခံနေရတဲ့ဒေသတခုအဖြစ်မြင်တတ်ဖို့လိုတယ်။ ကျွန်ကုန်ကူးတဲ့စံနစ်ကြောင့် စိတ်ပိုင်းဆိုင်ရာအပြင်းအထန်ခံစားခဲ့ရတဲ့အာဖရိကန်တွေရဲ့ဘ၀ဟာ ပွင့်ထွက်ပြိုကွဲပြီးသေလုမျောပါး ဖြစ်ခဲ့ရတယ်။ အေးရှန်းတွေကိုတခါဒီဒေသထဲသွတ်သွင်းပြန်တော့ နောက်ထပ်အနှောက်အယှက်တခု ဖြစ်ခဲ့ပြန်တယ်။ (မှတ်ချက်။ အင်္ဂလိပ်တွေကအိန္ဒိယတွေကို မြန်မာပြည်ကိုလယ်ကူလီသွင်းသလိုမျိုးလုပ်ခဲ့တာကို ရည်ညွှန်းပုံရတယ်)။ ကာရေဘီယံရဲ့လူနေမှုဘ၀မှာ အဖြတ်အတောက်တွေအများကြီးကြုံခဲ့ရတယ်။ ပြိုကွဲတာ၊ ပျက်စီးတာ၊ သေဆုံးတာ၊ ပြန်လည်မွေးဖွားတာတွေ။
ရှင် မိန်းမတယောက်ရဲ့ ခန္ဓာကိုယ် ပုံရိပ်ကိုစိတ်ကူးနဲ့ ကိုင်တွယ်ကြည့်လိုက်စမ်းပါ။ လူမည်းမိန်းမတယောက်ရဲ့ ခန္ဓာကိုယ်၊ ကာရေဘီယံဒေသတခုလုံးမှာဖြစ်ပျက်နေတာတွေရဲ့ဗဟိုချက်တခုလိုသဘောထားပြီး ကိုင်ကြည့်လိုက်စမ်းပါ။ ဘာလို့လဲဆိုတော့ ကာရေဘီယံကို ကျမတို့စဉ်းစားကြည့်တဲ့အခါ ရှရာတွေ၊ ပြတ်ရာတွေ၊ ဒါဏ်ရာတွေကိုပဲ စဉ်းစားမိမှာပဲ။ ပြီးတော့ မိန်းမတယောက်ရဲ့မျိုးပွားအင်္ဂါရပ် အဲဒီထဲ သူ့အရှင်သခင်တွေရဲ့ ကိုယ်စား ကိုလံဗတ်နဲ့သံတမန်အဖွဲ့တခုလုံးဖောက်ထွင်းသွားခဲ့ပုံတွေ ရှင်စဉ်းစားမိမှာပဲ။ ဒါလူငှားသုံးပြီးစော်ကား အဓ္ဓမပြုကျင့်ခဲ့တာပဲ။ အင်္ဂလိပ်တွေအတွက်တော့ဒါနယ်မြေသစ်ရှာဖွေတဲ့ အယ်ဒိုရာဒိုပုံပြင်တခုပဲ။ ဟော့ကင်း (Hawkins) တို့ ဒရိတ် (Drake) တို့လိုပင်လယ်ဓားမြတွေဟာ သူရဲကောင်းတွေပေါ့။ တဘက်မှာဒါဟာ သေခြင်းတရား၊ ရောဂါဘယ နဲ့ ကပ်ဆိုးဘေးဆိုးတွေကိုသယ်ဆောင်လာခဲ့တာပဲ။
မေး။ ။ ဒါဟာ အရမ်း လိင်(မိန်းမ) ဆန်တဲ့ ကာရေဘီယံရဲ့ဖွင့်ဆိုချက်ပဲ ဆိုပါတော့။
ဖြေ။ ။ ဒီလိုမဟုတ်လို့ တခြားဖွင့်ဆိုစရာနည်းလမ်းကောရှိသေးလို့လား။ စဉ်းစားကြည့်၊ ကိုလံဘတ်ဟာ အယ်လီဇဘက် ဘုရင်မအုပ်ချုပ်တဲ့ စပိန်အလံကိုလွှင့်ထူပြီးရွက်လွှင့်ခဲ့တယ်။ ဟော့ကင်းတွေဟာ အယ်လီဇဘက် ဘုရင်မဆီက ကျွန်ကုန်ကူးလို့ရတဲ့ ပထမဆုံးအဖိုးအခတွေကိုယူခဲ့တယ်။ ကိုလိုနီစံနစ်စီမံကိန်းကြီးတခုလုံးမှာ ဒီလိုအာဏာပါဝါအပြည့်ရှိတဲ့မိန်းမ တွေရဲ့ပါဝင်ခဲ့တဲ့အခန်းကိုနားလည်ဖို့ အလုပ်တွေအများကြီးလုပ်ဖို့ လိုနေပါသေးတယ်။
မေး။ ။ အဲဒါကို ခင်ဗျားဖန်တီးမှုမှာဘယ်လိုပေါ်လွင်အောင်အားထုတ်ခဲ့သလဲ။ ခင်ဗျားဒါကိုကြိုးစား ကောကြည့်မိဘူးလား။
ဖြေ။ ။ ပိုင်းဖြတ်စိတ်မွှာပစ်တာတွေ၊ ကျိုးပြတ်သွားတာတွေ၊ အဆက်အစပ်မဲ့တာတွေနဲ့ပေါ့။ မဟုတ်လို့ “She tries ….” ကို ယုတ္တိကျိုးကြောင်းတကျနဲ့မျဉ်းဖြောင့်သဘောဖတ်လို့ရနိုင်တဲ့စာအုပ်တအုပ်ဖြစ်အောင် ဇွတ်အားထုတ် မယ်ဆိုရင် ကျမအတွက် ဒါဟာနောက်ထပ်ရုန်းရင်းဆန်ခတ်ဖြစ်မှုတခုပဲဖြစ်မှာ။ ပိုင်းဖြတ်စိတ်မွှာတဲ့တင်ပြပုံသည်သာလျှင်တကယ့်သမိုင်းကိုပြန်ပြောဖို့ ဆီလျှော်တဲ့ တင်ပြပုံတခုဖြစ်မှာပါ။ ရှင်ဒီလက်ရာကို တချို့ “Discourse on the logic of Language” လို ကဗျာမျိုးကလွဲလို့ ဘယ်နေရာ ဘယ်ကဗျာကမဆိုစဖတ်ကြည့်လိုက်။ ကိုလိုနီပြုမှုစီမံကိန်းတခုလုံးကို ပုံစံတမျိုးမျိုးနဲ့ဖော်ပြနေတယ်လို့ မြင်မကြည့်နိုင်ဘူးလား။
မေး။ ။ ဘယ်လိုမျိုးလဲ
ဖြေ။ ။ လူတော်တော်များများ၊ ကျမကေ့စ်မှာတော့အာဖရိကန်တွေဟာ။ အရင်ကလည်းဘာအတိတ်မှမရှိခဲ့၊ နောင်လည်းဘာအနာဂတ်မှမရှိတော့သလို တနေရာရာကနေစဖို့ အင်အားသုံးပြီးခိုင်းစေခံခဲ့ရတယ်။ ဘ၀ကို ဘယ်နေရာကမဆိုစလိုက် ဆိုတာပဲ။ ကျမစပြီးဒါကို တွန်းလှန်ချင်စိတ်၊ ချေဖျက်အားနဲချိနဲ့သွားအောင် လုပ်ပစ်ချင်စိတ်ပေါ်လာပြီး၊ ကဗျာရဲ့အသံ (Lyric Voice) ကိုပျက်စီးသွားစေချင်စိတ်တွေရှိလာခဲ့တယ်။
ဒါတကယ်တော့ကျမသမိုင်း (သူ့ဖန်တီးမှုအနုပညာသမိုင်းကိုဆိုလိုချင်ပုံပေါ်ပါသည်) ကိုထိခိုက်နိုင်ပါတယ် (ဒီဖန်တီးမှုရဲ့ဆိုးကျိုးသက်ရောက်မှုကိုပြောချင်ပုံပါ)။ ခုပြောနေတာတွေအားလုံးမှာ၊ ကျမရန်လိုနေတယ်၊ ခက်ထန်နေတယ်လို့ ရှင်ထင်ချင်လည်းထင်မယ်။ ဒါပေမဲ့ ဒါကျမတကယ်ခံစားခဲ့ရတာတွေပါ။ ကျမစဉ်းစားကြည့်မိတယ်။ ကဗျာဆရာတယောက်ရဲ့အစဉ်အလာအရ လက်ခံထားတဲ့ ခိုင်မာတဲ့အသံကို။ ဆိုကြပါစို့ ယောင်္ကျားတယောက်၊ လူဖြူယောင်္ကျား၊ သူ့လူ့အဖွဲ့အစည်းထဲ သိမြင်နှံ့စပ်မှုနဲ့ ဥာဏ်ပညာကိုထဲ့ဝင်နေတဲ့သူ၊ ပံ့ပိုးနေတဲ့သူတယောက်။ သူဟာ သူ့လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကိုကိုယ်စားပြုပြီးပြောနေတယ်။ ပြောရေးဆိုခွင့်ရသူတဦးရဲ့အသံနဲ့ပြောနေတယ်။ သူဟာ တခုခုကြောင့်သူ့လူ့အဖွဲ့အစည်းကနေပထုတ်ခံရဦးတော့ သူပြောနေတာတွေဟာတန်ဖိုးထားခံနေရတုန်းပဲ။ မြူနှင်းတွေဟာ ကာရေဘီယံမှာ ပဲဆိုဦးတော့ မြူနှင်းတွေလို့ပဲယူဆခံရသင့်တယ်မလား။ ကာရေဘီယံကလူမဲကောင်မလေးတယောက်မှာလည်း Prufrock*3 နဲ့တူညီတဲ့စိတ်လှုပ်ရှားမှုမျိုး ခံစားချက်မျိုး ရှိနိုင်တယ်လို့ယူဆခံရသင့်တယ်မလား။
မေး။ ။ ခင်ဗျား ကဗျာရဲ့အသံကို ဖျက်စီးကြည့်ဖို့ကြိုးစားတာအောင်မြင်ခဲ့လား
ဖြေ။ ။ ကျမ မသိဘူး၊ ကျမသိတာသေချာတာက ဒီအားထုတ်မှုတွေကို အစဉ်အလာအမြင်တွေနဲ့ဖတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာပဲ။ တိတ်ဆိတ်မှုတွေကိုဖော်ပြမခံရဖို့ စာမျက်နှာပေါ်မှာအဖြစ်အပျက်တွေ အများကြီးဖြစ်နေတယ်။ ဘာသာစကား၏ယုတ္တိကျမှုကိုပြောကြည့်ခြင်း (Discourse on the logic of language) ကဗျာဟာဒီပုံစံပဲ။ ကဗျာထဲ မတူတဲ့ အသံလေးခု မျက်နှာခြင်းဆိုင်စုစည်းထားတဲ့ စာမျက်နှာတွေပေါ်အော် နေတယ်။
ဒါ အော်သံနဲ့ပဲ့တင် (call and response) လို့ခေါ်တဲ့ အာဖရိက ဂီတပုံစံနည်းစံနစ်တမျိုးနဲ့ဆင်တူတယ်။ ရှေ့မျိုးဆက်က အော်သံကို ကျမတို့က တုန့်ပြန်အသံပေးတာပဲ။ အပြန်အလှန်အနေနဲ့ ကျမတို့လူသားတွေက ကျမတို့မူလဇစ်မြစ်တွေဆီ အော်သံပေးတယ်။ ကျမတို့ ဘ၀တွေထဲဝင်ရောက်ပူးပေါင်းဆောင်ရွက်ဖို့ပေါ့။ သူ့အမြီးသူပြန်မျိုနေတဲ့မြွေတကောင်ပုံနဲ့တူနေလိမ့်မယ်။ ဒီပုံစံဟာ ကဗျာတွေထဲ၊ ကဗျာတပုဒ်နဲ့တပုဒ်ကြား သုံးစွဲလို့ရတဲ့ နည်းတခုပါ။
ဒါမျိုးကို ပုံမှန်ပြေပြစ်နေတဲ့ လိုင်းရစ်ကဗျာအမျိုးအစားမှာဖော်ပြဖို့မဖြစ်နိုင်ဘူး။ ကျမကတော့ ကဗျာရဲ့အသံကို ကိုလိုနီစံနစ်အဆုံးသတ်ဖို့ ဖော်ပြတဲ့ကရိယာတန်ဆာပလာတခုအနေနဲ့မြင်တယ်။ ပြီးတော့ ရှုပ်ထွေးပြီး စိတ်ရှုတ်ထွေးမှုကိုပေးတဲ့ သမိုင်းကြောင်းထဲ ကဗျာကိုစိမ့်ဝင်အောင်အားထုတ်ခဲ့တယ်။ ပို့စ်မော်ဒန်သမားတွေပြောသလိုသမိုင်းဟာကျမအတွက်တော့ သေဆုံးမသွားသေးပါဘူး။ ကျမအမြင်အသိ မှတ်ဥာဏ်တွေအရ ဒီသမိုင်းကိုပြန်ရေးဖို့ကျမ အခွင့်အရေးတခုတော့ရချင်တယ်။ ဒီမှာအဂတိတွေ၊ ရန်လိုမှုတွေ ပါလာနိုင်တယ်လို့ယူဆမယ်ဆိုရင် ကျမတို့သမိုင်းကိုရေးခဲ့တဲ့သူတွေရဲ့အဂတိနဲ့ရန်လိုမှုလောက်တော့ပြင်းထန် မှာမဟုတ်ပါဘူး။ ဒါကိုဖတ်ပြီး စာဖတ်သူမှာတုန်လှုပ်မယ်။ စိတ်မသက်မသာဖြစ်မယ်။ မွန်းကျပ်ဆို့တက်လာမယ် ဆိုရင် ကျမအောင်မြင်မယ်ပေါ့။
မေး။ ။ ခင်ဗျား အောင်မြင်မှုကို၊ ဘယ်လို၊ စာဖတ်သူစိတ်မသက်မသာဖြစ်၊ မွန်ကျပ်တုန်လှုပ် ရတာနဲ့ ညီမျှခြင်းချပြတာလည်း။ ကျနော်နားလည်ကြည့်လို့မရဘူး။
*1
မူရင်းတွင် A daffodil is a daffodil is a daffodil ဖြစ်သည်။
ထိုပန်း၏ မြန်မာနာမည်ရှိပြီးသားလား မသေချာပါ။ အ၀ါရောင်အဆင်းရှိသည်။
“အ၀ါရောင်ပန်းများပွင့်လို့သာ ယိမ်းနွဲ့ကာရယ်၊ နှင်လေရာအသက်နဲ့ထပ်လို့သာတမ်းတနေမယ် တောင်ပေါ်သူရယ် အိမ်ပြန်ချိန်ခွဲကြရတော့ ….” အစရှိသည့် ခင်ဝမ်း၏ တောင်ပေါ်သူလွမ်းတေး သီချင်းထဲက အ၀ါရောင်ပန်းသည် daffodil ကိုရည်ရွယ်ခဲ့လေသလားမဆိုနိုင်။
*2
Is not a daffodil
is
and not
is
*3
အဲလိယော့၏ နာမည်ကြီးကဗျာတပုဒ် (The love song of J Alfred Prufrock) မှဖြစ်သည်။ စိတ်ခံစားမှုများကို တကိုယ်တည်းပြောစကား၊ သိစိတ်အလျှဉ်ရေးနည်းတို့ဖြင့်ဖွဲ့ဆိုထားသည်။ ပရူးဖရော့ခ်၏မေတ္တာတေး ဟု ဇေယျာလင်း ဘာသာပြန်ခဲ့ဘူးသည်ထင်သည်။
မှတ်ချက်။ ။ အင်တာဗျုးဖြေဆိုသူ၏မူရင်းဆိုလိုရင်းကိုမပျောက်ပျက်ရန် (တတ်နိုင်သမျှ) ကြိုးစားထားပါသည်။ စာပေဆိုင်ရာသမိုင်းကြောင်း၊ အာဖရိကသမိုင်းကြောင်းများ ကိုကြိုတင်သိရန်လိုအပ်နိုင်သည့် ဖြေဆိုမှု (အနည်းငယ်) ကိုချန်လှပ်ထားခဲ့ပါသည်။
သူတော်တော်ပြောတယ်၊ နဲနဲကျန်သေးတယ်။

Subscribe to:
Posts (Atom)