Saturday, September 18, 2010

မှောင်သောညတွေပြီးရင်တွေ့မယ် ငြိမ်းချမ်းသော တို့ဘ၀တို့ကမ္ဘာ

ကိုတီတူး

ကျနော်တို့ စာချုပ်ကိုလက်မှတ်ထိုးတဲ့လက်ဟာနိုင်ငံကိုဖျက်နေတယ်ဆိုတဲ့
ဘားတော့ဘရက်ကိုမပြောခင် မောင်ချောနွယ်ပြောတဲ့ ပေါင်မုန့်ဖုတ်တဲ့လက်ကပဲစကြရအောင်လား။

၁။
မာ့က်စ် က Man was born to labor လို့ပြောတော့ ကျနော်လည် ဘာမှန်းညာမှန်းမသိ ကော်ပီစာအုပ် ထဲကူးရေးတာပေါ့။ နောက်တော့ ဟိုနဲနဲဒီနဲနဲလေးဖတ်မိတော့မာ့က်စ် ရဲ့အလုပ်သမားလူတန်းစား ကိုညွတ်ချက်ဟာ အကြောင်းမဲ့မဟုတ်မှန်းသိလာတယ်။ သို့သော်ခုကျနော်ပြောမဲ့ ပေါင်မုန့်ဖုတ်တဲ့လက်ဟာ မာ့က်စ်ကိုညွန်းချင်တာလည်းမဟုတ်သလို ကျနော်တို့ခေတ်ရဲ့ ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်ကို ကိုးကားဖို့လည်းမဟုတ်ပါဘူး။ ရှင်းပါတယ်၊ လူဆိုတာအလုပ် လုပ်ဖို့တော့လိုတာပ။

၂။
“အေးစက်နေတဲ့တံတားသံလက်ရန်းပေါ်မှာ သူငယ်ချင်းနှစ်ယောက်မတူညီတဲ့ အတွေးနှစ်ခုကိုတွေးနေကြတယ်တဲ့”
ဆရာမြဘာသာပြန်ကဗျာတပုဒ်ထဲက၊ ပေါဗါရီလိန်း ထင်တာပါပဲ။ မသေချာတော့ဘူး။ ထားတော့။
မနက်ခင်းအလင်းမှိန်ပျပျ ဆိုတဲ့စာအုပ်ခင်ဗျားဖွင့်လိုက်တော့ မတူတဲ့အတွေးတွေနဲ့လမ်းပေါ်ရုန်းရင်းဆန်ခတ်သွားနေတဲ့လူတွေကိုတွေ့မှာပါ။
မော်ဒန်လူသားဟာအမှောင်ထဲသူ့ကိုယ်သူလှုပ်နှိုးလိုက်တယ်။ အိပ်ယာထဲက အိပ်မက်နဲ့ မတူနဲ့ နောက်ထပ်
အိပ်မက်တခုကို ကားပေါ်မှာ ရထားပေါ်မှာ သူဆက်မက်လိမ့်မယ်။ တနေ့တာ ရုံးဋ္ဌာနဖွဲ့စည်းအုပ်ချုပ်ပုံ စီမံခန့်ခွဲပုံ တခု ထဲမှာ ကျင်လည်ဖို့ သူ ဟာအိမ်ကို (သို့) သူ့အခန်းလေးကိုစွန့်ပစ်ထွက်ခွာလာခဲ့တယ်။ ဖိအားတွေရှိတဲ့ကော်ပိုရိတ်စီမံခန့်ခွဲမှုယန္တရားထဲသူဟာ ခွေးသွားစိတ်လေးတခုလိုလည်တော့မှာ။
လူသားဟာဒီခေတ်မှာကုန်ကြမ်းတမျိုးပဲ။
ဗျုရိုကရေစီတဲ့။ Bureau ကပြင်သစ်လိုရုံးပဲ၊ မူရင်းမတော့ လက်တင်တွေဘာတွေကလာကောင်းလာမယ်။ ရုံးကနေအုပ်ချုပ်တယ်လို့အလွယ်ပြောကြပါစို့။ ခေတ်မှီတဲ့လူ့ဘ၀ ဆိုတာက ပိုပြီးစံနစ်ကျလာတဲ့၊ နောက်တမျိုးပြောရရင် ခေတ်မှီအုပ်ချုပ်ရေးနည်းစံနစ်တွေနဲ့ ပိုပြီးထိန်းချုပ်ခံလာရတဲ့ လူ့ဘ၀ကိုဆိုလိုလာပုံပါ။ ပြောမယ်ဆို ခုခေတ်ရှိနေတဲ့ အင်စတီကျုးရှင်းအားလုံးက ခင်ဗျားလွတ်လပ်မှုကိုထိန်းချုပ်ထားလိုက်ပါပြီ။ ခင်ဗျားစနေနေ့အိုဗာတိုင်ဆင်းတာ ပိုက်ဆံတခုတည်းကြောင့်တော့မဟုတ်ဘူး။ ပရောဂျက်အချိန်မှီပြီးဖို့ ခင်ဗျားအသက်မွေးဝမ်းကျောင်းအရလူကြီးသဘောကျဖို့၊ ရာထူးတိုးဖို့။ ဒါတွေနဲ့လည်းပတ်သက်ကောင်းပတ်သက်နေပေလိမ့်မယ်။ လုပ်ငန်းခွင်ထက်အောက်ဖိစီးမှုဟာ မော်ဒန်ခေတ်မှာ ပိုများလာတယ်။ ဒါမော်ဒန်ဖြစ်မှုဆိုတော့ ခင်ဗျားတို့ကျနော်တို့ရှောင်လို့မရပေဘူး။

၃။

မတော်လို့အမှုအခင်းများဖြစ်ရင် ခုခေတ်မှာဘယ်သူများကိုယ်ပိုင်လျှောက်လဲကျလို့လဲ။ ရှေ့နေတွေဘာလို့လိုလာသလဲ။ ဥပဒေတွေကပိုရှုပ်ထွေးလာတယ်။ ထောင်တန်းကျဖို့ကိစ္စမပြောနဲ့၊ ဈေးထောင့်မှာကွမ်းယာဆိုင်လေးဖွင့်ဖို့ကိုပဲ မြူနီစပယ်အက်ဥပဒေရှိတယ်။ အခွန်ရှိတယ်။ အဲသည်လိုအသေးအမွှားလေးတွေကစလို့ ခင်ဗျားရဲ့နိုင်ငံသားဆုံးဖြတ်ခွင့်အထိပါယနေ့ခေတ်အုပ်ချုပ်ရေးစံနစ်က လက်တံ ရှည်နေပါတယ်။
တရုတ်ကုန်တွေအခွန်ပိုကောက်မယ်။ မိုနာကိုနိုင်ငံသားဖြစ်ဖို့ ဆွေစဉ်မျိုးဆက် ၄ခု တိတိသေတပန်သက်တဆုံး နေသွားကြောင်းသက်သေပြနိုင်ရမယ်။ သေခါနီးကျမှ ကက်စရိုကဆိုရှယ်လစ်စီးပွားရေးစံနစ် မှားပါတယ်ကိုသောင်းရယ်တဲ့။ ဒါပေမဲ့ ဖလော်ရီဒါကမ်းခြေအိမ်မက်နဲ့ ဂွန်ဇာလက်အမေကတော့ ပင်လယ်ထဲမျောနေတဲ့ စည်ပိုင်းထဲမှာသေသွားခဲ့တယ်။ စတိဂျော့ဟာ အိုင်ဖုန်းကိုဘယ်ဗားရှင်းထိ ထုတ်မယ်မခန့်မှန်းနိုင်တော့ဘူး။
ပြီးရင် ငွေဟာညီမလေးကိုအမှောင်ထဲပို့ခဲ့တယ်ဆိုတဲ့ကဗျာမျိးတွေ ကျနော်မဖတ်ရဲတော့ဘူး။
ဂျော့ရှ်ဘွတ်က အီရတ်ကိုပုံအောပြီးတိုက်ခဲ့တယ်။
ဟန်ဂေရီကိုဆိုဗီယက်တင့်ကားတွေဝင်တော့ ဖအေလုပ်တဲ့သူကပြင်သစ်ကိုပြေးလာတယ်။ အမယ်မင်းငါ့သား၊ ခုမော်ဒယ်ချောလေးလင်တော်မောင်သမ္မတကြီး ဆာကိုဇီက ရိုးမားကမ့်တွေကိုပြင်သစ်မှာနှိပ်ကွပ်နေပြီ။ ဘရပ်ဆဲကမောင်တွေကလူကြားကောင်းအောင်နဲနဲပါးပါးတော့ပြောလာကြတယ်။ ဗမာပြည်ဆိုတာအဝေးကြီး။ ထားတော့။

၎။

အုပ်ချုပ်သူမှာ အုပ်ချုပ်ခွင့်အာဏာရှိတယ်။ သူတို့ မတရားမသုံးစွဲအောင်ဥပဒေနဲ့ကန့်သတ်ဦးတော့ ခါးမှာဗျောက်ချိတ်ထားတဲ့ ရပ်ကွက်ငြိမ်ဝပ်ပိပြားဖို့တာဝန်ရှိသူ အုပ်ချုပ်သူလူငယ်ဟာ ဆယ်ကျော်သက်မလေး သူ့မိုဘိုင်းဖုန်းပေါ်သာယာသလိုမျိုး၊ မာန်တက်သလိုမျိုး၊ မသာရင်တောင်မလျှော့တဲ့စိတ်နဲ့ ဘူတာရုံထဲကင်းလှဲ့နေတာခင်ဗျားတွေ့ဘူးမှာပါ။ ခေတ်မှီနိုင်ငံတွေမှာကိုပဲ အရပ်သားလက်နက်ကိုင်ဆောင်ခွင့်တွေရှိနေတာ ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့်ကြောင့်ပဲ။ ကိုယ့်လွတ်လပ်ခွင့်ကိုထိပါးမဲ့ အုပ်ချုပ်သူအပါအ၀င် အခြားသူတွေရန်က ကာကွယ်ဖို့ပါ၊ သေချာစဉ်းစားရင် အသွားနှစ်ဘက်ရှိနေတယ်၊ ခင်ဗျားကိုချုပ်နှောင်ထားတဲ့ဥပဒေဟာခင်ဗျားကိုကာကွယ်ဖို့စဉ်းစားထားသေးတယ်။ တခါတခါတော့လည်းမစဉ်းစားချင်ဘူး။ ခက်တယ်။ ဘီယာဗူးဖွင့်တာထက်တော့အနဲနဲ့အများပိုခက်တာအမှန်ပဲ။

၅။

ညာဏ်အလင်းပွင့်ခေတ်ကစခဲ့တဲ့ ကျိုးကြောင်းဆီလျှော်မှုနဲ့တည်ဆောက်လာခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ဒီနေ့ကမ္ဘာဟာ လူသားရဲ့လွတ်လပ်မှုနဲ့လုံခြုံမှုကို တချိန်လုံးခြိမ်းခြောက်နေတယ်။ တချိန်လုံးဖိအားပေးနေတယ်။ ခင်ဗျားမှာမနက်ရုံးမမှီမှာကိုစိုးရိမ်ရတယ်၊ ရေခွန်၊ မီတာခွန် မဆောင်ရင်ဒါဏ်ရိုက်ခံရမှာစိုးရိမ်ရတယ်၊ ဖုန်းခပေးဖို့ ၂လလောက် မေ့တာနဲ့လိုင်းကပြတ်ကရောပဲ။ ဒါကိုဟာဘားမားက Instrumental Actions တွေလို့ပြောတယ်။
System လို့ဆိုတယ်။ ခင်ဗျား သားတော်မောင်လေး ဘားရက်တီတူးအေ နဲ့ခင်ဗျားနဲ့ကြားက Lifeworld ကိုထိခိုက်လာတယ်လို့ဆိုတယ်။လူသားရဲ့ဆင်ခြုံတုံတရားဟာ လူသားကိုမော်ဒန်ဖြစ်မှု သံလှောင်ချိုင့်ထဲကိုထဲ့ခဲ့တယ်လို့ မက်စ်ဝက်ဘာကဒါကြောင့်ပြောခဲ့တယ်လို့ ကျနော်နားလည်မိတာပါပဲ။ ဒီတော့ဒါတွေကိုအကုန်မေ့ပြီး နောက်ကြောင်းပြန်လှည့်ကြမှာလား။ ဒီအုပ်ချုပ်ရေးနဲ့ ဗျုရိုကရေစီအထောက်အပံ့တွေမရှိရင် ကော လူ့ဘ၀ဟာ ပြန်ပြီးနေပျော်သွားမလား။ လုံခြုံလာရောလား။ လူသားရဲ့ခေတ်မှီပြီး နေပျော်တဲ့ဘ၀တခုအတွက် လူမှုဖြစ်စဉ် (Social Order)ကို သူတို့စဉ်းစားကြတာ၊ အဲဒါဗျာ၊ ခုကျနော်ပြန်ပြောကြည့်နေတာပါ။


၅.၁။
အဖြေ ကလည်းကောင်းဘွိုင်သာသာပါဗျာ။

ချစ်ခင်စွာဖြင့်
KZကေ

Wednesday, September 15, 2010

၁၀။ သိပ္ပံ၊ ဥပဒေ၊ အနုပညာ၊ အာဏာ၊ ငွေ

မော်ဒန်ဝါဒ (Modernism) ၏ခေါင်းစဉ်အောက်တွင် မော်ဒန်ဖြစ်မှု (Modernity) ရှိသည်။ သို့သော်ကျနော်တို့ မော်ဒန်ဝါဒကိုငြင်းပယ်နိုင်သော်လည်း မော်ဒန်ဖြစ်မှုကိုမငြင်းပယ်နိုင်ပါ။ ထပ်ဆိုရလျှင် အနုပညာသမားတယောက်သည် မော်ဒန်အနုပညာဖန်တီးမှုကိုရှောင်လွှဲနိုင်သော်လည်း မော်ဒန်ဖြစ်မှုကိုမရှောင်လွှဲနိုင်ပါ။ မော်ဒန်ဖြစ်မှုဆိုသည်မှာ မော်ဒန်ဟု သတ်မှတ် ထားသောခေတ်ကာလအပိုင်းအခြားတခုအတွင်းရှိ ထင်ရှားစွာလွှမ်းမိုးထားသော စီးပွားရေး၊ နိုင်ငံရေး၊ယဉ်ကျေးမှု၊အဖွဲ့အစည်း နှင့် အတွေးအခေါ်များကိုဆိုလိုခြင်းဖြစ်သည်။ ဟာဘားမား၏ဆိုရှယ်သီအိုရီသည် မော်ဒန်ခေတ်လူမှုဘ၀ကို ဝေဖန်ရင်းအဖြေရှာထားခြင်းဖြစ်သည်။ မော်ဒန်နတီထဲတိမ်မြုပ်နေသည့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်ပိုင်းကိုပြန်လည်ဆန်းစစ်ဖော်ပြ ထားခြင်းလည်းဖြစ်သည်။
အလယ်ခေတ်မှအစပြုပြီးနှစ်ဆယ်ရာစုခေတ်နှောင်းပိုင်းအထိ အနောက်တိုင်းလူ့အဖွဲ့အစည်း၏ကျယ်ပြန့်သော သမိုင်းဖြတ်သန်းမှုတွင် ကြီးမားသောအပြောင်းအလဲတခုရှိခဲ့သည်။ ခရစ်ရှယန်ရှေးရိုးစဉ်လာဟောင်းမှ ခွဲထွက်လိုက်သော ဘာသာရေးအစွဲအလန်းကင်းသည့် ကျင့်ဝတ်ပုံစံတခုပေါ်ထွန်းလာခြင်းဖြစ်သည်။ ထိုအပြောင်းအလဲပေါ်တွင် ဟာဘားမားက လူမှုဖွံ့ဖြိုးမှုယုတ္တိ နှင့် လူမှုဆင့်ကဲပြောင်းလဲမှုသီအိုရီ တို့ကိုဖော်ထုတ်ခဲ့သည်။ တဘက်တွင် ဆင်ခြင်မှုပေါ်အခြေခံသော မျက်မှောက်ခေတ်သဘာဝသိပ္ပံပညာသည် အလယ်ခေတ်၏ အရစ္စတိုတယ်အစဉ်အလာနှင့် နောက်ပိုင်း ခရစ်ရှယန် ကျောင်းတော်၏လွှမ်းမိုးမှု ကိုကျော်လွန်ပြီး များစွာ တိုးတက်ခဲ့သည်။
ဟာဘားမားသည် Validity Claim သုံးခု ကို Discourse သုံးမျိုးနှင့် သာမက Lifeworld ကိုပါသုံးပိုင်းခွဲပြီးချိတ်ဆက်ထားခဲ့သည်။ Lifeworld သုံးခုမှာ Scientific – Technical, Moral – Legal နှင့် Aesthetic – Expressive တို့ဖြစ်သည်။ Scientific နှင့်ဆက်စပ်သည့် Lifeworld သည် နည်းပညာနှင့်ဆိုင်သည့် လူမှုဘ၀၊ Moral နှင့်ဆက်စပ်သည့် Lifeworld သည် ဥပဒေ နှင့်ဆိုင်သည့် လူမှုဘ၀၊ Aesthetic နှင့်ဆက်စပ်သည့် Lifeworld သည် အနုပညာ နှင့်ဆိုင်သည့် လူမှုဘ၀၊ ဟုညွှန်းဆိုထားခြင်းဖြစ်သည်။ Lifeworld ဆိုသည့်စကားလုံးကို အက်မွန်ဟတ်ဆယ် (Edmund Husserl 1859 – 1938) က လူတွေတဦးနှင့်တဦး ကူးလူးဆက်ဆံကြသည့်နေ့စဉ်ဘ၀ ကိုရည်ရွယ်ပြီး စတင်သုံးစွဲခဲ့သည်။ ဟတ်ဆယ်သည်ထင်ရှားသည့်ဂျာမန် တွေးခေါ်ရှင်တဦးဖြစ်ပြီး ဟိုက်ဒက်ဂါ၊ ဆာ့တ် နှင့် နောက်ပိုင်း ဒါရီဒါ အထိပါသြဇာသက်ရောက်ခဲ့ သူတဦးဖြစ်သည်။ ဟာဘားမားအသုံးပြုသည့် Lifeworld သည် လူသား၏ Social Life (မိသားစု၊ လူမှုရေး၊ ပါတီအဖွဲ့အစည်းများနှင့် မသက်ဆိုင်သောနိုင်ငံရေး၊ စသည်တို့) သက်သက်ကိုရည်ရွယ်သည်။ Lifeworld သည်ဘာသာစကား (တနည်းဆိုသော် Communication) ပေါ်တွင် အခြေခံဆက်ဆံသည်ဖြစ်သဖြင့် လူမှုပြဿနာများကို Communicative Action ဖြင့် ဖြေရှင်းရန်ဖြစ်သည်။ တဆင့်တက်သော် Validity Claim နှင့် Discourse၊ ကျိုးကြောင်းဆက်သဘောညီမှု တို့ဖြင့်သာ ဖြေရှင်းရန်ဖြစ်သည်။
System တွင်နှစ်ပိုင်းရှိပြီး တပိုင်းမှာ အရင်းရှင်စီးပွားရေးစံနစ်၊ ကျန်အပိုင်းတွင် အစိုးရအုပ်ချုပ်ရေးယန္တရား နှင့်ပတ်သက်နေသော အဖွဲ့အစည်းများ ဖြစ်သည်။ အချုပ်မှာ ငွေ နှင့် အာဏာ သာဖြစ်သည်။ Lifeworld တွင် Communicative Action ဖြင့်စခန်းသွားသလို System တွင် Instrumental Action ကအခရာကျသည်။ အာဏာနှင့်ငွေ သည် လူသား၏ နေ့စဉ်လူမှုဘ၀မျက်နှာပြင်ဝယ် နက်ရှိုင်းသော အရေးအစင်းကြောင်းများ ကိုထင်စေခဲ့သည်။ လူသားကို ကြိုတင်သိမှတ်ထားသော မိမိလိုအပ်ချက်ကိုသာ အလေးပေးစေသော အမူအကျင့်(Instrumental behavior) ဘောင်ထဲဆွဲသွင်းခဲ့သည်။ ကုမ္ပဏီတခုတွင် စီအီးအိုသည်လည်းကောင်း၊ စာရေးစာချီဝန်ထမ်းသည်လည်းကောင်း ငွေကိုသာမျက်နှာမူထားကြသည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မန်ချက်စတာအသင်း အားပေးသူများသည် ကလပ်အသင်းရှယ်ယာဝင်များ ကိုငွေရှာပေးနေသူများပဲဖြစ်သည်။ သို့သော် Liveworld တွင် လူမှုပေါင်းစည်းမှု (Social Integration) ရှိသလို System တွင်လည်း စံနစ်ပေါင်းစည်းမှု (System Integration) ရှိသည်။စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်ပိုင်း မော်ဒန်လူ့အဖွဲ့အစည်းသည် ပိုမိုကျယ်ဝန်းရှုပ်ထွေးလာသည်။ လူတွေကပိုပြီးရွှေ့ပြောင်း လာနိုင်ကြသည်။ လူမှုပေါင်းစည်းမှုသည်ပိုပြီးခက်ခဲလာသည်။ ဒါကို စီးပွားရေး နှင့် အုပ်ချုပ်ရေး (System) အဖွဲ့အစည်းတွေ ကညက်ညောစေသည် ဟုဟာဘားမားကဆိုသည်။ ဒါသည်ပင်ဟော့ကိုင်းမားနှင့်အာဒိုးနိုးတို့၏ အရင်းရှင်စီးပွားရေးနှင့်အုပ်ချုပ်ရေး အဆိုးမြင်မှုမှ ခွဲထွက်သည့် သူ၏ သုံးသပ်ချက်တခုဖြစ်သည်။
System သည် Lifeworld အထိုင်ပေါ်တွင်တည်ဆောက်ရမည်ဖြစ်သည်။ မိသားစု၊လူမှုရေး၊ယဉ်ကျေးမှု ဘ၀သည်သာ ဦးစားပေးဖြစ်ရမည်။ ငွေကြေးနှင့် ဗျုရိုကရေစီအုပ်ချုပ်ရေး (System) က Lifeworld ကိုပြန်ပြီး ချုပ်ကိုင်ထားဖို့မဟုတ်ပေ။ သို့သော် လက်တွေ့တွင် ငွေ နှင့် အာဏာသည် မိသားစု၊ယဉ်ကျေးမှု တန်ဖိုးများမှဖယ်ခွာလာခဲ့ပြီး ၎င်းတို့ကို လက်အောက်ခံအဖြစ်ကိုပင်ရောက်အောင်ပင်သိမ်းသွင်းလာခဲ့သည်။ အကျိုးဆက်မှာ ဟာဘားမားစကားဖြင့်ဆိုရသော် လူမှုဝေဒနာများ (Social Pathologies) ပေါ်ထွန်းလာခဲ့သည်။ လူသားချင်းပြန်လှန်နားလည်မှုများလျှော့ကျလာခြင်း၊ လူမှုစုစည်းမှုများပြေလျှော့လာခြင်း၊ ခေတ်ထဲကူကယ်ရာမဲ့နှင့်သူစိမ်းဆန်သောအတွေ့အကြုံများခံစားလာရခြင်း၊ တာဝန်ယူလိုစိတ်မရှိတော့ခြင်း နှင့် လူမှုမတည်ငြိမ်မှုများ မှာ Lifeworld ကို System ကကြီးစိုးခြင်းရောဂါ၏ထင်ရှားသောလက္ခဏာများဖြစ်သည်။
သို့ဖြင့် ဟာဘားမားကိုဝေဖန်သူများက ဗဟိုလက်ဝဲယိမ်း ဂျာမန်ဆိုရှယ်ဒီမိုကရေစီဟုဆိုပြီး Constitutional Welfare State ကိုအဆိုပြုလိုရင်းဟုဆိုခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ဟာဘားမားအနေဖြင့် မော်ဒန်ခေတ်ထဲ ဘာတွေမှားနေသလဲနှင့် ဘာကြောင့်မှားနေတာလဲဟု ထောက်ပြအဖြေရှာလိုရင်းသာဖြစ်သည်။ မော်ဒန်လူ့အဖွဲ့အစည်းထဲ လူသားကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ စံနစ်တွေဘာလို့ရပ်တည်နေနိုင်တာလဲ။ လူတဦးချင်းစီ၏ကိုယ်ကျိုးစီးပွားအခြေခံလုပ်ဆောင်ချက်များကြောင့်မဟုတ်။ ရှုတ်ထွေးေ၀၀ါးလွန်းသော Instrumental Reasoning ပုံစံများကြောင့်ဟုဆိုသည်။ ငွေ နှင့် အာဏာလွှမ်းမိုးထားသော စံနစ်ကြောင့်ဟုဆိုသည်။ ဆိုတော့ ဒီ ဈေးကွက်အရင်းရှင်စီးပွားရေး နှင့် အစိုးရအုပ်ချုပ်မှုပုံစံကို ပယ်ဖျက်ပစ်ဖို့မဟုတ်ပေ။ သို့သော်ဘယ်ပုံထိမ်းသိမ်းထားမလဲ။ ဒါက လူမှပြဿနာဆိုတာထက် နိုင်ငံရေး နှင့်ပိုသက်ဆိုင်လာသောကိစ္စဖြစ်သည်။
System အမှားဟုဆိုကတည်းက အစိုးရယန္တရားသည်ပင်ပြဿနာကိုယ်တိုင်ဖြစ်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။ ဟာဘာမားအဖြေက Public Sphere ကိုပြန်လည်အသက်သွင်းဖို့ဖြစ်သည်။ နိုင်ငံရေးအရနိုးကြားသော၊ အကြမ်းမဖက်သော၊ တဦးချင်းစီ၏ကိုယ်ကျင့်တန်ဖိုးကိုယုံကြည်သော လူမှုဝန်းကျင်ကို လူသားချင်းဆက်သွယ်ဆောင်ရွက်မှုများ (Communicative Actions) ဖြင့်ပြန်လည် အသက်သွင်းဖို့ပင်ဖြစ်သည်။


KZကေ

Saturday, September 11, 2010

၉။ ခိုင်လုံအမှန်ကိုတောင်းဆိုခြင်းပုံစံများ။ သီအိုရီ၊ ကိုယ်ကျင့်နှင့် ရသ

ကိုလူ။ ။ စာသားချည်းသက်သက်အနက်က ပြင်ပကမ္ဘာကလာတဲ့အနက်၊ ဒါကို (cognitive function) ကပေးပြီး၊ ဆိုလိုရင်းကိုတကယ်နားလည်ဖို့ကျတော့ပြောသူနဲ့နားထောင်သူနှစ်ဦးရဲ့ပြန်လှန်ဆက်စပ်မှုက ပေးတဲ့အခြား ဖန်ရှင်နှစ်ခု ပိုအရေးပါတယ်လို့အကြမ်းဖျင်းနားလည်ထားပြီ။ ရှေ့ဆက်ပါဦး။
ကိုမူ။ ။ Communicative Action မှာက နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက သဘောတရားပိုင်း၊ Communicative Action နဲ့ Instrumental Action ဆိုပြီး ခွဲပြီးရှင်းတယ်။ ဒုတိယပိုင်းက Social Ontology အကြောင်းပြောတယ် ၊ မော်ဒန်လူ့အဖွဲ့အစည်းဟာ အပိုင်း၂ပိုင်း Lifeworld နဲ့ System ပေါင်းထားတာလို့ပြောတယ်။ ဒုတိယနှစ်ပိုင်းဟာ ပထမဆိုခဲ့တဲ့ Communicative Action နဲ့ Instrumental Action ၂ခုနဲ့ပြန်ယှက်နေတယ်။
ကိုလူ။ ။ Instrumental Action ကိုကျနော်နားလည်သလောက်အရင်ပြောကြည့်မယ်။ မူရင်းအင်္ဂလိပ်စကား အရဆိုရင် Instrumental Action ဆိုတာ နည်းလမ်းလုပ်ဆောင်မှု လို့ပြောရမယ်၊ ဥပမာ ကျနော်နို့ဆီဗူးကိုဖွင့်ဖို့ ဖောက်တံ (Instrument) ကိုသုံးတာ။ ဒါကို Strategic Action လို့လဲပြောတာကြားဖူးတယ်။ တူတူလို့ယူနိုင်မလား။
ကိုမူ။ ။ အတူတူလိုမျိုးသုံးတာလည်းရှိပါတယ်။ သို့ပေမဲ့ မဟာဗျုဟာ (Strategy) ဆိုတာကို ဟာဘားမားက နည်းလမ်းတမျိုးလိုသုံးပြောတာမျိုးရှိပေမဲ့ ထွက်လာမဲ့ ရလဒ် (end) ကို ဆက်စပ်နေသူချင်းနားလည်အောင် (တယောက်လိုအပ်ချက် ပန်းတိုင်ကိုတယောက်နားလည်အောင်) သုံးတာမျိုးကိုခေါ်တာပါ။ သုံးတဲ့နည်းလမ်း (mean) ချည်းသက်သက် ကိုဆိုချင်တဲ့ Instrumental Action နဲ့မတူဘူး။ နောက်တခုက မူရင်းအင်္ဂလိပ်မဟုတ်ဘူးနော်။ မူရင်းကဂျာမန်။ အင်္ဂလိပ်လိုပြန်ရေးသူတွေမှာလည်း ဟာဘားမားဆိုလိုတဲ့စကားလုံးတွေကိုရအောင်ကြိုးစားပြီး ဖလှယ်ထားကြတာ။
ကိုလူ။ ။ သဘောပေါက်ပါတယ်။ ကျုပ်လည်းခင်ဗျားအားတက်အောင်ကြိုးစားပြီးနမူနာပေးကြည့်တာပါ။
ကိုမူ။ ။ တဆင့်တက်ရရင် Instrumental Action ဟာနည်းလမ်းတခုဖြစ်လို့ ရလဒ် ကိုမမှီခိုဘူး။ နည်းလမ်းဆိုတာမျိုးက ရလဒ်ကိုကြည့်ပြီးနားလည်အောင်ကြိုးစားလို့မဖြစ်နိုင်ဘူး။ ရလဒ်ကနို့ဆီဗူးပွင့်ဖို့ပဲ။ ခင်ဗျားဘာနည်းလမ်းနဲ့ မဆိုဖွင့်နိုင်တယ်။ Instrumental Action ဆိုတာ ခင်ဗျားရဲ့လုပ်ဆောင်ချက်ကနေပဲ နားလည်နိုင်တာ။ ဆင်ခြင်ကြည့်ပြီးနားလည်နိုင်တာမျိုးမဟုတ်ဘူး။ Communicative Action ကျတော့ ရှေ့မှာပြောခဲ့တဲ့ Validity Claim နဲ့ အသိမှတ်ပြုလက်ခံရတာ။
ကိုလူ။ ။ နမူနာနဲနဲလောက်ပေးကြည့်ပါဦးလား။
ကိုမူ။ ။ ဆေးလိပ်မသောက်ဖို့ပြောခဲ့တာလေးပဲပြန်ကြည့်ရအောင်။ ကျနော့်အတွက်လိုရင်း (end) ကအခန်းထဲ ခင်ဗျား ဆေးလိပ်သောက်မသောက်ဖြစ်ဖို့။ တကယ်တမ်းခင်ဗျားကိုဆေးလိပ် မသောက်ဖို့ ကျနော်ကတောင်းဆိုတာဟာ Instrumental Action ပေါ့။ ဒါမှမဟုတ် ခင်ဗျားဆေးလိပ်သောက်ချင် ရင်အပြင်ထွက်သောက် နောက်အားမှပြန်လာပြီးပြောပေါ့လို့ဆိုရင်လည်းဖြစ်တာပဲ။ ပထမရလဒ် (ကျနော်ဆေးလိပ်ဖြတ်ထားလို့အခန်းထဲမှာ ဆေးလိပ်မသောက်ပါနဲ့ဆိုလို့ခင်ဗျာလက်ခံတာ) ကခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုကနေရတဲ့သဘောတူညီမှု။ ကျနော်တို့ရဲ့ Communicative Action ဟာ validity claim ကနေနှစ်ဦးပြေလည်တဲ့အနေအထားတခုကိုရောက် သွားရတယ်။
ကိုလူ။ ။ Validity Claim ကလည်းသုံးမျိုးဆို။
ကိုမူ၊ ။ Validity Claim to Truth, Right နဲ့ Truthfulness ဆိုပြီးခွဲထားတယ်။ ဥပမာ ရှေ့မှာပြောခဲ့တဲ့ မနေ့ကအင်းလေးမှာမိုးရွာတယ်လို့ကျနော်ခင်ဗျားကိုပြောခဲ့တာပြန်ကြည့်ရအောင်။ မနေ့ကတကယ်မိုးရွာခဲ့ရင် ဒါဟာ Validity Claim to Truth ပေါ့။ ဘယ်သူ့ကိုကျနော်ဒါပြောပြော ဒါအမှန်ပဲလေ။ သို့ပေလို့ ဒီစကားဟာ ကျနော်တို့နှစ်ယောက်စလုံးမှာရှိခဲ့တဲ့အတွေ့အကြုံနဲ့ ဆင်ခြင်မှုနဲ့ချိန်ဆလို့ မှန်နေသေးတယ်၊ နားလည်နိုင်သေးတယ်၊ အင်းလေးမှာမိုးရွာလိုက်တော့ ကန်ရေပြန်တက်လာမယ်၊ မှီခိုလုပ်ကိုင်စားသောက်နေကျတဲ့ လူ၊ တိရိစ္ဆာန်တွေ သဘာ၀၀န်းကျင်တွေ အနေအထားပြန်ကောင်းလာမယ် ဆိုတဲ့ ရည်ရွယ်လိုရင်း ကိုလည်းရောက်တယ်ဆိုရင် ဒါ Validity Claim to Truthfulness လို့ဆိုချင်တာ၊ Validity Claim to Right ကျတော့ ကိုယ်ကျင့်ပိုင်းပါလာတယ်။
ကိုလူ။ ။ အော် ဒါကြောင့်ရှေ့မှာခင်ဗျားက ဘာသာစကားကို ဟာဘားမားလက်ခံပုံနဲ့ဆက်စပ်တယ်လို့ ဆိုခဲ့တာကိုး ဆက်ပါဦးလေ။
ကိုမူ။ ။ သူများပစ္စည်းခိုးတာမကောင်းဘူး ဆိုတဲ့စာကြောင်းကိုကြည့်ဗျာ။ တခြားအဓိပ္ပါယ်က မခိုးနဲ့ပဲ။ ဒါ ဘာသာတရားကပဲကြည့်ကြည့် ကိုယ်ကျင့်တရားကပဲကြည့်ကြည့် ရှိနေတဲ့ စံနှုန်း (Norm) တခုခုကနေလက်ခံထားတာမျိုး။ ဒါကို Validity Claim to Right လို့ခေါ်တာ။
ကိုလူ။ ။ နဲနဲလေးအနှစ်ချုပ်လေးပြောကြည့်စမ်းပါဗျာ။
ကိုမူ။ ။ လူ့အဖွဲ့အစည်းထဲ လူသားတွေတဦးချင်း တဦးနဲ့တဦး ပူးပေါင်းဆက်ဆံနေကြရတယ်။ အဲဒီမှာနည်းလမ်းအဖြစ်သုံးနေတဲ့ Instrumental Actions တွေကိုကြည့်ရုံနဲ့ တယောက်ကိုတယောက်နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဟိုးရှေ့ဆုံးမှာပြောခဲ့သလို လူတယောက်ပြေးတာကြည့်ရုံနဲ့ ဘာကြောင့်ပြေးနေတာလဲကို နားမလည်နိုင်ဘူး။ Communicative Action ရဲ့ Validity Claim တွေကိုလက်ခံနိုင်လာမှသာ တဦးကိုတဦးနားလည်နိုင်မယ်။ ဒီတော့မှတဆင့်တက်ပြီး စေ့စပ်ညှိနှိုင်းကျရင်းသဘောတူညီမှုတခုကိုရမယ်။
ကိုလူ။ ။ ခင်ဗျားရှေ့မှာပြောထားတဲ့ Discourse ဆိုပါတော့။
ကိုမူ။ ။ အင်း ဆိုပါတော့။ Discourse နဲ့ပတ်သက်ပြီး ဟာဘားမားပြောချင်တာကိုချုပ်ရင် ၄ချက်ရှိမယ်။
၁။ သူ့အဓိပ္ပါယ်ကကျိုးကြောင်းဆက်စပ်ပြီးသဘောညီတာ၊ (Rationally motivated consensus)
၂။ ဒါဟာ ဒဿနသက်သက်အတွက်၊ ဘာသာဗေဒရဲ့တချို့သီးသန့်နေရာတွေအတွက် သုံးထားတာမဟုတ်ဘူး။ နေ့စဉ်လူနေမှုဘ၀ထဲကမပြေလည်မှုတွေကိုဦးတည်ပြီးဖြေရှင်းမှာ။
၃။ သူဟာ Validity Claim နဲ့သဘောချင်းအတော်တူတယ်။ Validity Claim ၃မျိုးရှိသလို Discourse မှာလည်းလိုက်ဖက်တဲ့ အသုံး ၃မျိုးရှိတယ်။ Validity Claim to Truth နဲ့ဆက်ပြီး Theoretical Discourse, Validity Claim to Right ကျတော့ Moral Discourse ဖြစ်ပြီး Validity Claim to Truthfulness အတွက်တော့ Aesthetic Discourse လို့ခွဲပြောတယ်။ ခင်ဗျားကျနော်တို့ပြောခဲ့တာတွေပြန်စဉ်းစားရင် သူပေးတဲ့နာမည်တွေသဘာဝကျတာကို လက်ခံမှာပါ။
၎။ ဒီကျိုးကြောင်းဆက်စပ်သဘောတူညီမှုဟာ ပါးစပ်ဖျားလေးပြောပြီး အလွယ်ရလာမှာမျိုးမဟုတ်ဘူး။ အတန်ရှုပ်ထွေးပြီး လက်တွေ့စံနစ်တကျလုပ်ရမှာဖြစ်တယ်။


KZကေ