Wednesday, June 30, 2010

၅။ ဒါဗင်ချီ၊ ဂျွန်လော့ခ်။ ပြုံးနေသောမိုနာလီဇာနှင့်ရုန်းနေသောအခြေခံဥပဒေ

ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...
ကိုလူ။ ။ ဟိုးဆရာ ရီနေးဆန်းကစကြမယ်လေ။ကျနော်တို့ကအဲဒီခေတ်ပိုင်းခြားပုံတွေနဲ့မရင်းလှဘူး။
ကိုမူ။ ။ ပြီးခဲ့တဲ့အပတ်က ကျနော်ပြောခဲ့သလိုပေါ့။ အီတာလျံတွေကစခဲ့တာ။ ဖလောရင့်ဟာ ရီနေးဆန်းမြို့တော်ပဲ။ အတော်သာယာတယ်ဆိုတယ်။ ပြင်သစ်စကား naissance ဆိုတာမွေးတာ။ re ထည့်လိုက်တော့ပြန်လည်မွေးဖွားခြင်း၊ ပြန်လည်ဆန်းသစ်ခေတ်ပဲပြောပါတော့။ အလယ်ခေတ်အနှောင်းမှာ စတည်တယ်။
ကိုလူ။ ။ ဒီပြန်လည်ဆန်းသစ်ခေတ်နဲ့ ခင်ဗျားဆရာသမားတွေရဲ့ညာဏ်အလင်းခေတ်ကဘာကွာသလဲ
ကိုမူ။ ။ ရီနေးဆန်းက အနုပညာနဲ့စီးပွားရေးကိုအလေးပေးပြီး Enlightenment ကဒဿန နဲ့ နိုင်ငံရေးဘက်ကို ကဲတယ်လို့ယေဘူယျတော့ပြောနိုင်ပါလိမ့်မယ်။
ကိုလူ။ ။ အင်း။ လီယိုနာဒိုဒါဗင်ချီ နဲ့ မိုက်ကယ်အိန်ဂျလိုဟာ ရီနေးဆန်းမင်းသားတွေပေါ့ ဟုတ်လား။
ကိုမူ။ ။ ခေတ်ပြိုင်တွေပေါ့၊ ဒါဗင်ချီရဲ့ မိုနာလီဇာကို ပါရီက Louvre လုဗ့်မှာ၊ နောက်ဆုံးညစာကို မီလန်မှာ ကြည့်ခဲ့ဖူးတယ်။ ပန်းချီနားမလည်တော့ မဝေဖန်ရဲပါဘူး။ ကြည့်ဖူးတယ်လို့ပြောနိုင်တယ်ပေါ့။ မိုက်ကယ်အိန်ဂျလိုကိုတော့ စာအုပ်တအုပ်မှာ ခဲခြစ်ပုံကြမ်းတွေ ကြည့်ဖူးတယ်မှတ်တယ်။ လေထဲပျံဖို့ဖြစ်နိုင်ခြေကိုကြံဆတယ်ဆိုလား ကျနော်သိပ်မမှတ်မိတော့ဘူး။ သူကပန်းချီအပြင် ဗိသုကာ၊ ပန်းပုဆရာ၊ ကျောက်တုံးထဲမှာပုံကရှိပြီးသား၊ သူကအပေါ်ယံကို ဖယ်ထုတ်ပြီး အတွင်းသားပုံကိုလွတ်လပ်ခွင့်ပေးတာပါ လို့ဆိုတဲ့ဆရာသမားပေါ့။ သချာင်္လည်းတော်တယ်ဆိုတယ်။
ကိုလူ။ ။ ညာဏ်အလင်းခေတ်ဆရာတွေကိုလည်းပြောပါဦး။
ကိုမူ။ ။ ရူးဆိုး၊ ကျနော်ပြောခဲ့ပြီးပါပြီ၊ ပြင်သစ်တော်လှန်ရေးကြွေးကြော်သံတွေကိုဖန်တီးခဲ့သူ။ လွတ်လပ်ခြင်း ညီမျှခြင်း ညီနောင်သားရင်းချစ်ကြည်ခြင်း ဟာ ရူးဆိုးရဲ့လက်ရာ။ ဒါ့အပြင် မွန်တက်စကျူ (Montesquieu) တို့ ဂျွန်လော့ခ်(John Locke) တို့ကိုခင်ဗျား ကြားဖူးမှာပါ။
ကိုလူ။ ။ မကြားဖူးဘူး၊ ဗော်တဲယားတောင်မှ ဇော်(ပျဉ်းမနား)ရဲ့ "ဗော်တဲယားကိုရိုက်ရင်သူ့ခေါင်းကိုမထိစေနဲ့" ဆိုလား ကဗျာတပုဒ်ထဲကစာသားကြောင့်သိတာ။ ပြီးတော့ တခါ “ခင်ဗျားပြောတာကို ကျနော်လက်မခံဘူး၊ ဒါပေမဲ့ခင်ဗျားပြောချင်တာ ပြောခွင့်ရဖို့ကိုတော့ကျနော်အသက်ပေးဝံ့ပါတယ်” ဆိုတဲ့သူ့အပြောကိုတော့ သဘောကျလှတယ်။ မွန်တက်စကျူ ကဘယ်သူလဲ။
ကိုမူ။ ။ နိုင်ငံတော်အာဏာကို Executive, Legislative နဲ့ Judicial လို့သုံးပိုင်းခွဲသင့်ကြောင်းတင်ပြခဲ့ သူပေါ့။ ဒီအတွေးအခေါ်ဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသြဇာသက်ရောက်ခဲ့တယ်။ အာဏာဟာ လူကိုပျက်စီးစေတယ်။ အကြွင်းမဲ့အာဏာဟာလူကိုအကြွင်းမဲ့ပျက်စီးစေတယ် ဆိုတယ်မဟုတ်လား။ အာဏာရဲ့သဘောဟာ သူ့ကိုသူနဲ့ပဲပြန်ထိန်းကျောင်းနိုင်တာပါပဲ။ ဒီတော့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကိုသီးခြားဖြစ် စေချင်တဲ့ (Division of Power) ကိုတင်ပြခဲ့တဲ့ မွန်တက်စကျူ ရဲ့နိုင်ငံရေး တွေးခေါ်မျှော်မြင်မှု ကိုခင်ဗျားခန့်မှန်းနိုင် လောက်ရောပေါ့။
ကိုလူ။ ။ လူတယောက်၊ အဖွဲ့အစည်းတခုဆီမှာ အာဏာတရပ်လုံးပေးမထားချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုပဲ အာဏာသုံးရပ်နဲ့ခွဲဝေ ထားတယ်။ ဒါကိုပဲ ဒီမိုကရေစီရဲ့ဒေါက်သုံးဒေါက်လို့ကျနော်တို့နားလည်ထားကြပါတယ်။
ကိုမူ။ ။ ဒါနဲ့မပြီးဘူး၊ အမေရိကန်တွေအင်္ဂလိပ်တွေဆီကလွတ်လပ်ရေးရတော့ မြောက်ပိုင်းပြည်နယ် ၁၃ခုရှိတယ်။ အဲဒါကိုဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်သူတို့စီစဉ်ခဲ့တာ။ ပြောချင်တာက သူတို့ဟာ အာဏာကို နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့်ဆိုပြီးကိုထပ်ခွဲထားသေးတယ်။ ဗဟိုမှာစုမနေအောင်လို့ Decentralization လုပ်ထားတာပေါ့။ စာပေမှာလို ခေါင်းစဉ်ကနေ တပုဒ်လုံးကိုချုပ်မထားချင်လို့ ဖြည်ထားတာ။ ခင်ဗျားတို့ ပို့စ်မော်ဒန်သမားတွေဒါတွေနားလည်ပါတယ်။
ကိုလူ။ ။ ကောင်းပြီ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီသွားဖို့ ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဥပဒေအရကိုအာဏာကို တဘက်ထဲထိုးပေး ထားတာကိုရောဘယ်လိုသဘော ထားမလဲ။
ကိုမူ။ ။ ကျနော်က ဟာဘားမားဆီကိုသွားတာ လမ်းနဲနဲချော်ပြီး အိုဘားမားဆီရောက်သွားတာပြန်လှည့်မလို့ပါ။ ခင်ဗျားက ကိုဘားမားဘက်ဆွဲကွေ့ပြီပဲ။ အင်းပေါ့လေ ဒါဟာ ၂၀၁၀ ရဲ့စိန်ခေါ်နေတဲ့မေးခွန်းတခုဖြစ်နေတာကိုး။ ၁၈ရာစု ကုန်ခါနီးဆွဲခဲ့တဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရာစု၂ဆက်ကိုဖြတ်သန်းလာခဲ့တယ်။ Addendum တွေရှိတယ်။ Social Change အနေနဲ့ ကျွန်စံနစ်ဖျက်သိမ်းတာတို့ လူမဲအခွင့်အရေးတို့ ဆိုတာတွေပေါ်လာတယ်။ ဥပဒေတွေပြင်တယ်။ သို့သော် ကျောရိုးကမပြောင်းဘူး။ အစကောင်းခဲ့တာကိုး။ ကျနော်တို့ဆီမှာ ဒီဥပဒေနဲ့ ၂၀၁၀ ကိုဖြတ်သန်းဖို့ ဘယ်အနေအထားကြောင့်ပဲဖြစ်ဖြစ် လက်ခံသူတွေဟာ ကျောရိုးမှာကိုအားနားချက်တွေရှိနေတယ်။ အခြားလုပ်ဆောင် စရာတွေလုပ်နေရင်းမှာပဲ ဒါကိုတနေ့ပြန်ပြင်ရမယ်ဆိုတဲ့ အသိတခုတော့အနိမ့်ဆုံးသွင်းထားဖို့လိုမယ်။ သမိုင်းပေးတာဝန် လို့ခင်ဗျားပြောချင်လည်းပြောပေါ့။
ကိုလူ။ ။ ကိုယ့်လူကပျော့လှပါလား။
ကိုမူ။ ။ ကျနော်ကလည်းပြင်းချင်ပါတယ်။ သီးခြားပြောကြသေးတာပေါ့လေ။ ရှေ့ဆက်တက်မယ်ဆိုရင် ကျနော် ဂျွန်လော့ခ် (John Locke) ကိုနဲနဲပြောပြီးဖြတ်တော့မယ်။
ကိုလူ။ ။ ဆက်ပါ ဆက်ပါ။
ကိုမူ။ ။ သူ့ကိုလစ်ဘရယ်ဝါဒရဲ့ဖခင်ကြီးလို့သတ်မှတ်ခံရပါတယ်။ အမေရိကန် တော်လှန်ရေးနဲ့နိုင်ငံထူထောင်သူတွေဖြစ်တဲ့
ဂျော့ခ်ျဝါရှင်တန် (Gorge Washington)၊ ဘင်ဂျမင်ဖရင်ကလန် (Benjamin Frinklin) တို့ အထူးသဖြင့် ဂျိမ်းစ်မေဒီဆန် (James Madison)တို့ သောမတ်ဂျက်ဖာဆန် (Thomas Jefferson) တို့နဲ့သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ဂျွန်လော့ခ် ရဲ့အတွေးအခေါ်စိတ်ပုတီးမှာ ရိပ်ကြီးခိုခဲ့ကြတာပါ။
ကိုလူ။ ။ ကောင်းပြီလေ။ ရီနေးဆန်းကနေတည်ပြီး ကိုယ့်လူက Enlightenment နဲ့အမေရိကန်ဥပဒေချီးမွမ်းခန်းဖွင့်လိုက်တာကိုး။ ခင်ဗျား ဂျာမန်ကြီး ဂျာဂန်ဟာဘားမား ကိုဆက်ပါဦး။ ခင်ဗျားစပြောတဲ့ လူမှုသီအိုရီရဲ့ပထမပြဿနာဆိုတာ။
ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...

ဆက်ပါဦးမည်
KZကေ

Sunday, June 20, 2010

သမီးတနေ့ဖတ်ဖို့ တိုးမြစ်ရေဆန်

အံ့အားသင့်စရာမဟုတ်ပေမဲ့ သမီးကိုဇွန်၁၉မှာမွေးခဲ့ပါတယ်။
အဲဒီတုန်းကကျနော်တို့နယ်မှာနေကြတာပါ၊
“ပုသိမ်ကိုပြန်မလော့တွေးတော့ ရွေးမြစ်ကယ်ပြင်စလူနဲ့ ဧရာသူဖျာပုံမွေးတယ်
ဘိုလေးမှာသက်ကယ်ဝယ်လို့ လက်မလွယ်ကိုသံဒိရယ်နဲ့ တိုးလို့ထွက်ပြေး”။
ဒါက ကျနော်ငယ်ငယ်က ပထီဝီနိုင်ငံရေးတို့ ပထ၀ီ တေဇော အာပေါ ၀ါယော တို့ မကြားဘူးခင် ဧရာဝတီမြစ်လက်တက်တွေကိုမှတ်မိအောင်ကျက်တဲ့ ကဗျာလေးတပုဒ်ပါ။
ကြီးလာတော့ “ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန် လွန်းတောင်ပေါ်ကမုတ်သုံ ယုံကြည်တတ်ရင် ဒါရင်ခုန်မြင့်မြတ်” လို့ ကိုအောင်းဝေးက ယာမာဂူချီ ခင်ဆွေရီ မှာစာဖွဲ့ထားတာကိုနှစ်သက်ခဲ့သူဖေဖေက သမီးမွေးတော့ တိုးမြစ်ပြင်ပေါ်ကညတွေနဲ့ နုငယ်သော သမီးလေး လှုပ်ခတ်တဲ့ ဘ၀အစကို ကြည့်မောကြည်နူးခဲ့ရပါတယ်။
မုတ္တမပင်လယ်ကွေ့မှာလေးပတ်၊ နောင်နှစ်များကြာတော့ နာဂစ်ကမွှေနှောက်ခြောက်ခြားခဲ့တဲ့ မြို့ငယ်လေးမှာ လေးပတ်။ လေးပတ်လုပ် လေးပတ်နားနဲ့ သမီးမွေးခါနီးတော့ ရန်ကုန်ကျောက်မြောင်းမှာ ကျနော်တို့အခန်းငှားပါတယ်။ သူ့ကိုကို လို ကန်တော်ကြီး ဆေးခန်းမှာ မွေးဖို့ပါ။ အခြေအနေတွေအရ ဆာကူရာမှာမွေးဖို့ဖြစ်လာပါတယ်။
သမီး၁နှစ်မှာ ကျနော့်အလုပ်ကရန်ကုန်မှာနေဖို့ဖြစ်လာပါတယ်။ ဒီတော့လည်းပြောင်းပေါ့၊ ကျနော်တို့ပြောင်းတော့
ခု တိုးမြစ်ပြင်ပေါ်ခံ့ငြားနေတဲ့ မြစ်ကူးတံတားကမရှိသေးပါဘူး။
ရှိစုမဲ့စု ပစ္စည်းတွေကိုသဘောင်္နဲ့ ရန်ကုန်ကိုသယ်ပါတယ်။ အဲဒီတုန်းက ခြေသလုံးအိမ်တိုင်စားသောက်ဆိုင်များ လို့ ကဗျာတပုဒ်မှာကျနော်ရက်ရက်စက်စက်စာဖွဲ့ခဲ့တဲ့ တိုးမြစ်ကမ်းတနေရာက ဆိုင်တဆိုင်မှာညလုံးပေါက်နီးပါး
ထိုင်ပြီးကျနော်တို့သဘောင်္စောင့်ခဲ့တာခုစာရေးရင်းသတိရမိနေပါတယ်။
ရန်ကုန်မှာနေလို့မှ ၂နှစ်မပြည့်ခင် ကျော်ကြားသောအမြင့်တခုရဲ့ထိပ်ဖျားကိုငါတက်ခဲ့တယ်၊ အီဖယ် အို အသင်….. အစရှိသည်ဖြင့် ကျနော်ကဗျာရေး ခဲ့သော ကမ္ဘာကျော်မြို့တော်တခုကိုသွားရပါတယ်။ ရေခြားမြေခြား သမီးလေး ဘာသာစကားအသစ် ကျောင်းအသစ်မှာ ရုန်းကန်ခဲ့ရတာကို ခုနေပြန်တွေးတော့သနားနေမိပါတယ်။
သမီးက သူ့စရိုက်နဲ့တူပါတယ်၊ ဖိအားပေးတိုင်းမရွေ့ပါဘူး။ ခုခေတ်ပြောနေတဲ့ စမတ်ပါဝါကို သုံးတိုင်းလည်းမရပါဘူး။
သူ့ဆရာမနာမည်က ရိုဝယ်တဲ့၊ ခလေးတွေကိုကြင်နာပြီး နားလည်မှုပေးတဲ့ဆရာမတယောက်ပုံစံပါ။
သို့ပေမဲ့ သမီးနဲ့ပါတ်သက်ပြီး ကျနော်ကျောင်းကိုသွားတွေ့ရတာတွေရှိပါတယ်။ အဓိက ကပြောတိုင်းမလုပ်တာပါ။
ကျနော် အလုပ်က အဲဒီမြေကြီးထဲရွေ့လျားနေတဲ့ဓါတ်သတ္တုတွေအကြောင်းနဲ့ဆက်စပ်ပါတယ်။ ဥရောပဆောင်းရာသီကိုအံတုထားတဲ့ ကြွက်တွင်းလိုမြေအောက်လမ်းကြောင်းတွေနဲ့သဘာဝဓါတ်ငွေ့၊ ဆောင်းငွေ့
နှင်းမှုန်၊ ခဲနေတဲ့စိတ်ကူးတွေကြားမှာပဲ ကျနော်တို့နောက်တမြို့ကိုပြောင်းခဲ့ကြပါတယ်။ သမီးငါးနှစ်။
ခေတ်ဆိုးကြီးက သတင်းဆိုးတွေအကြောင်းပြောပါတယ်။ ဥရောပရဲ့အနွေးထည်အထပ်ထပ်ကြားမှာ ပဲချွေးစို့ခဲ့ရတဲ့ သတင်းတွေကိုနားဆင်ရင်း သမီးလေးမျိုးခြားဘာသာစကားကိုလည်ပတ်စွာပြောနိုင်တာကို ငေးကြည့်ရင်း ရန်ကုန်ပြန်ဖို့ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ မေ နာဂစ် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရေသန့်ဘူးတွေကိုလက်ပေါက်အောင်သယ်ရင်း တာပေါ်လင်ဖျင်စတွေထမ်းချရင်း မြန်မာစည်ဘီယာအခါးကိုသောက်ရင်း ကျနော်ဟာစိတ်ကူးထဲကတော်လှန်ရေးကို ခေတ္တပဲဖြစ်ဖြစ် နှုတ်ဆက်ခဲ့ပါတယ်။ နောက်တော့ အဘူမိဒေါ နဲ့ အဘီဆစ်၊ နောက်တော့လီကွမ်ယူနဲ့ ဘယ်တော့ရီချ လိုက်မယ်မှန်း မသိရဘူးလို့ သူငယ်ချင်းတယောက်ကဝေဖန်ခဲ့တဲ့ လီရှန်လွန်း၊ ပေါက်ဈေးရတိုင်းကျနော် လိုက်မယ်လို့ သွားခဲ့တဲ့နေရာတိုင်းမိသားစုနဲ့အတူ သမီးလေးပါခဲ့ရတယ်။
စင်ကာပူရောက်တော့ပထမအပတ်မှာပဲ ဒီကျောင်းကိုသမီးမတက်ချင်တော့ဘူးလို့ ပြောပြီးငိုတော့ ကျနော့်မှာ
စိတ်မကောင်းဖြစ်ရတယ်၊ ခုတော့နဲနဲနေသားကျလာပြီဆိုပေမဲ့၊ ဖေဖေ သမီးပြောတဲ့အင်္ဂလိပ်စကားကိုသူတို့ နားမလည်လို့ သူတို့နားလည်တဲ့ အင်္ဂလိပ်စကားကိုပြောရတယ်လို့ဆိုတော့ ကျနော့်မှာ ဘာပြန်ဖြေသိမ့်ရမယ်မှန်း မသိရပါ။
ကမ္ဘာဟာရှုတ်ထွေးတယ်သမီးလေးရယ်၊ ဖေဖေမျှော်လင့်ထားတာထက်ပိုပြီးကွေ့ကောက်နေတာပါပဲ။ ဖေဖေကတော့ တဂိုးကဗျာကိုဆရာမြဘာသာပြန်သလို ရွှံ့ရုပ်တွေနဲ့ဆော့တဲ့အတတ်ပညာကိုမေ့လျော့ခဲ့ပါပြီ။
သမီးကိုဖေဖေဘာဖြစ်စေချင်လည်းဆိုရင် သမီးဖြစ်ချင်တာပါ၊ အဲဒါကို သမီးကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အထိ ဖေဖေ ထိန်းကျောင်းရပါလိမ့်မယ်။
သမီးထက်နဲနဲအသက်ပိုမယ့်သမီးလေးတယောက်ရှိတဲ့ ဖေ့ဖေ့သူငယ်ချင်းတယောက်က တခါကစာရေးတယ်။
ကြွေနေတဲ့ပန်းလေးများလိုက်ကောက်ခြင်းမှာပျော်တတ်တဲ့ရိုးသားမှုကို ဘယ်လိုလူ့လောကစည်းစိမ်အတွက် မှမစတေးနဲ့ ဆိုတဲ့သီချင်းကို သူ့သမီးလေးမွေးနေ့မှာဆိုခဲ့တယ်ဆိုပဲ။
ဖေဖေတော့ဘာဆုတောင်းပေးရမယ် မဝေခွဲတတ်ပါဘူး။ ရိုးသားပြီးမျှတသော စိတ်ကူးတခုသမီးမှာရှိလျှင်ဖေဖေ ဖြည့်စည်းပေးဖို့ပါပဲ၊
ကိုယ် စိတ် နှလုံး သုံးပါးစလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် ဘ၀ကို သမီးလေး ရင်ဆိုင်ခံစားပျော်ရွှင်နိုင်ပါစေ။

တနေ့သမီးလေးကြီးမြင့်လာလို့ ဘလော့တွေဖတ်တတ်လာတဲ့အခါဖတ်ဖို့သမီးမွေးနေ့မှာဖေဖေရေးပါတယ်။

ချစ်သောဖေဖေ
KZကေ

Thursday, June 10, 2010

၎။ လူထုစုဝေး(သို့) ရီနေးဆန်းကောင်းကင်မှလစ်ဘရယ်လရောင်နု

ဟာဘားမားကို၁၉၂၉ ခုတွင်ဂျာမနီနိုင်ငံ ဒူးဆဲဒေါ့ မြို့တွင်မွေးသည်။ အာဒိုးနိုး၏ လက်ထောက်အဖြစ် (၁၉၅၆ - ၅၉ ) ထိလုပ်ခဲ့သည်။
၁၉၆၄ တွင်ဖရင့်ဖတ်ကျောင်း၌ Philosophy နှင့် Sociology ဋ္ဌာနတွင်ပါမောက္ခ ဖြစ်သည်။ Starnberg ၏ Max Planck Institute တွင်အတိုင်းအတာတခုထိတာဝန်ထမ်းဆောင်ခဲ့ပြီး ဖရင့်ဖတ်ကို၁၉၈၂တွင်ပြန်ရောက်သည်။ အငြိမ်းစားယူသည့် ၁၉၉၄အထိဖရင့်ဖတ်မှမခွာတော့ပေ။ ထင်ရှားသည့် ကျမ်းမှာ The Structural Transformation of the Public Sphere နှင့် The Theory of Communicative Action တို့ဖြစ်သည်။
ပထမစာအုပ်ကို ၁၉၆၂တွင်ဂျာမာန်ဘာသာနှင့်ရေးသားခဲ့သော်လည်း အင်္ဂလိပ်ဘာသာသို့ ၁၉၈၉မှသာပြန်ဆိုနိုင်ခဲ့သည်။ လူထုစုဝေး (Public Sphere) သဘောမှာ ဥရောပ၏ ပြန်လည်ဆန်းသစ်ကာလ (Renaissance) ကိုအခြေခံသည်။ ကော်ဖီဆိုင်မှာကုန်သည်တွေစုမိပြီးဈေးကွက်ကို စနည်းနာသည်။ ပင်လယ်ကိုဖြတ်နေတဲ့ဂျုံတွေ ကမ်းကပ်တဲ့အခါဖြစ်နိုင်မဲ့ဈေးတွေကို ဆေးလိပ်ငွေ့တွေနဲ့အတူပုံဖော်ကြသည်။ အနုပညာသမားတွေက လမ်းဘေးကဖေးလေးငါထိုင်ငေး သီချင်းကိုဖွင့်ခိုင်းပြီး စာအုပ်တွေဖတ် ပြဇတ်တွေကြည့်ပြီး လေပန်းကြသည်။ ဒီမှာ လူထုကဖြည်းဖြည်းချင်းစုမိလာသည်။ အုပ်ချုပ်ရေးယန္တရားကိုထင်မြင်ချက် တွေပေးသည်။ အားပြိုင်သည်။ ယဉ်ကျေးမှုအဟောင်းကို မွှသည်။ အတွေးအခေါ်အဟောင်းကိုဆွသည်။ ကော်ဖီဆိုရင်ခါးခါးသောက်မိတယ် ဆိုသည့်အီတာလျံတွေ အက်ပရက်ဆို၊ မာတီနီ တို့နှင့်မြည်းကြသောသတင်းတွေ ကိုဆွေးနွေးဖို့၊ တရားထောက်ဖို့၊ နတ်ကရာကြည့်မောဖို့ စုမိသော ဘူဇွာလူထုယဉ်ကျေးမှုသည် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ စသည့်အနောက်ဥရောပနှင့် အမေရိကားကိုပြန့်ခဲ့သည်။ ၁၈နှင့်၁၉ ရာစုနှစ်၂ခုနီးပါးကြာအရှိန်ရှိခဲ့သည်။ မော်ဒန်ခေတ်ဦးကိုဖန်တီးခဲ့သည်။ ဒီမိုကရေစီအခြေခံကိုသွန်းထုခဲ့သည်။ ဒါက ဟာဘားမား၏နုစဉ်က Public Sphere နှင့်ပတ်သက်သောအတွေးအခေါ်ဖြစ်သည်။
သူညွှန်းသည့်လူထုစုဝေးမှာ အပေါ်လွှာတွေများသည်။ ရေပေါ်ဆီစီးပွားရေးသမားတွေ၊ လူပေါ်ကြော့တွေခံစားသည့်အနုပညာ ဖန်တီးသူတွေမျှသာ၊ အားလုံးကိုခြုံယူ လောက်အောင်ကျယ်ပြန့်မှုမရှိ စသည်ဖြင့်ဝေဖန်ခံရသည်။ သို့ပေမဲ့ဟာဘာမားကဒီ Public Sphere ရဲ့အကျိုးဆက်သည် စက်မှုအရင်းရှင်စံနစ်မတိုင်မီ အရင်းရှင်ခေတ်ဦးကိုမွေးဖွားပေးခဲ့ပြီး ဥါဏ်အလင်းပွင့်ခေတ် တွေးခေါ်ရှင်များအတွက် လစ်ဘရယ်မျိုးစေ့ကိုချပေးခဲ့သည်ဟုကောက်ချက်ဆွဲသည်။
ဥါဏ်အလင်းခေတ်တွေးခေါ်ရှင်တွေယူဆခဲ့သည့် ဆင်ခြင်ဥါဏ်ပညာဖြင့် လွတ်လပ်ပြီးပျော်ရွှင်ဖွယ် လူ့ဘောင်ကိုဖန်တီးနိုင်မည်ဆိုသည့်အချက်ကိုသူ့ရှေ့ကဆရာတွေဖြစ်သည့် ဟော့ကိုင်းမားနှင့် အာဒိုနိုး၊ နောက်ဆုံး မားကူ့စ် ကပါမှားသည်ဟုဆိုသည်။ မော်ဒန်အရင်းရှင်ခေတ်နှင့်ဗျုရိုကရေစီယန္တရား၏ခိုင်မြဲသည့်ထိန်းကွပ်မှုသည်ဖျက်စီးဖို့မလွယ်။ မက်စ်ဝက်ဘာ (Max Weber) ပြောခဲ့သလို ကြောင်းကျိုးဆီလျော်မှုနှင့်ထိန်းထားသည့် သိပံ္ပနှင့် ဆင်ခြေနည်းလမ်းကျအဖွဲ့အစည်းများသည် လူသားကို မော်ဒန်ဖြစ်မှုသံလှောင်ချိုင့် (Iron Cage of Modernity) ထဲကိုပင်ပို့ခဲ့သည် ဆိုသည့်မှတ်ချက်ကိုသူတို့လက်ခံခဲ့တော့သည်။ သူတို့နှင့်မတူသည့်အချက်မှာ ဟာဘားမားက Reason ကိုမပယ်။ Rationality ကိုမပယ်။ ဆင်ခြင်တုံတရားနှင့်ပြည့်စုံသည့် လွတ်လပ်သောလူ့အဖွဲ့အစည်းသည်ဖြစ်နိုင်ခြေရှိသည်ဟုတောက်လျောက်လက်ခံထားသူဖြစ်သည်။ ဥါဏ်အလင်းပွင့်ခေတ်ကစတည်ခဲ့သည့် မော်ဒန်လူ့အဖွဲ့အစည်းစီမံကိန်းသည် မပြီးဆုံးသေး၊ ဆက်ရဦးမည်ဟုဆိုသည်။ ထို့ကြောင့်ပင် သူ့ကိုပေါ်ထွန်းသမျှ တွေးခေါ်ရှင်များအားလုံးတွင် အကြီးမြင့်ဆုံး ဆင်ခြင်တုံတရားဝါဒီဟုဆိုကြခြင်းဖြစ်သည်။
The Theory of Communicative Action (၁၉၈၁) ထွက်လာတော့ နိုင်ငံရေးတွေးခေါ်ရှင်အသိုင်းအ၀ိုင်းက ဟာဘားမား၏ မြင့်မားရင့်ကျက်လာမှုကိုလုံးလုံးလျားလျားအသိအမှတ်ပြုခဲ့သည်။ Public Sphere နှင့် Communicative Action ကြား နှစ်၂၀နီးပါးကွာဟ မှုတွင်ဟာဘားမားစံနစ်တကျတင်ပြလာသည်မှာ လူမှုသီအိုရီ၏ အရေးပါသောပြဿနာသုံးရပ်ဖြစ်သည်။

ကျန်ရှိနေသောငြီးငွေ့ဖွယ်ရာများဖြင့်
သင်ကောင်းသော်လည်းကျွန်နူပ်ဆိုးရပါဦးမည်
KZကေ