Thursday, December 30, 2010

မီးလား၊ ပန်းလား၊ အားလုံးဟာအနက်ကောက်ခြင်းလား

စာသားမှာ တခုနှင့်အထက်ဗဟိုချက်တွေရှိတယ်လို့ အဆောက်အဦလွန်သမားတွေကဆိုတယ်။ ဒါကစာသားရဲ့ေ၀၀ါးနေတဲ့ အဓိပ္ပါယ်တွေကိုချုပ်လိုက်တယ်။ စာသားကိုတိကျတဲ့အဓိပ္ပါယ် တခုရှိလာစေတယ်ပေါ့။ စာသားဟာဆိုလိုရင်းကိုတည်ငြိမ်လာစေဖို့ ဒွိစုံတွဲ (Binary Oppositions) တွေဖန်တီးတည်ဆောက်လိုက်ရတယ်။
ဒီအတွဲတွေထဲမှာအပေါ်အောက်ဖိစီးမှုတွေဝင်လာတယ်။ ဆိုလိုတာက အဖြူဟာအမဲနဲ့၊ အကောင်းဟာအဆိုးနဲ့၊ အချစ်ဟာအမုန်းနဲ့ စတဲ့ဒွိစုံတွဲတွေမှာလူတွေက အဖြူကိုအပြုသဘောမြင်ပြီးအမဲကိုအပျက်သဘောမြင်တယ်။ အချစ်ဟာ အပေါင်းလက္ခဏာ အမုန်းဟာအနုတ်သဘော စသည်ဖြင့်တဘက်ဘက်ကို ဦးစားပေးအဖြစ်ကောက်ယူမိကြတယ်။ တခုကတခြားတခုကိုအသာစီးကနေပြီးအဓိပ္ပါယ်ဖွင့်ဆိုစေတာပဲ။ ဒီစုံတွဲတွေဟာ စာသားတွေထဲအမြဲလို ထင်ထင်ရှားရှားတွေ့ရတာတော့မဟုတ်ဘူး။
Poststructuralist သမားတွေက ဒီအတွဲတွေကိုရှာ၊ ကြားကဆက်သွယ်မှုကိုဖြည်ပစ်လိုက်ပြီး စာသားရဲ့တကယ့်မူလ သဘောကို ဖမ်းဆုပ်ဖို့ကြိုးစားတာ။ ဒါကိုပဲ Deconstruction လို့ဆိုတာပါ။

၂။
‘အချက်အလက်ဆိုတာမရှိဘူး၊ အားလုံးအနက်ကောက်ခြင်းပဲ’
နိရှေး
မူရင်းက “There are no facts, only interpretations.” ဖြစ်သည်။

ကဗျာဆရာက နိရှေးရဲ့အဆိုအမိန့်တခုကိုယူပြီး သူ့ကဗျာကိုစဖွင့်လိုက်သည်။
ကဗျာရဲ့ပထမစာကြောင်းမှာကိုပဲ အချက်အလက်နဲ့ အနက်ကောက်ခြင်းဟာ အတွဲတခုအနေနဲ့ထွက်လာတယ်။
ဟုတ်တယ်၊ ကျနော်တို့ရှေ့မှာပြောခဲ့ကြတဲ့ ဒွိစုံတွဲပေါ့။
ဒီလိုလုပ်ကြရအောင်၊ ကျနော်တို့စကားပြောခန်းတခုလောက်နားထောင်ကြည့်မယ်။
“ငါမနက်ကဈေးထဲမှာ မောင်ဘတို့ညီအကိုနှစ်ယောက်ကို အောင်မြန်မာ လက်ဘက်ရည်ဆိုင်မှာတွေ့ခဲ့တယ်။ သူ့ညီကအေးအေးဆေးဆေးပါပဲ။ ငါ့ကိုတောင်အစ်ကိုထိုင်ပါဦးလားပြောသေးတယ်။ ဒါပေမဲ့မောင်ဘကြည့်ရတာ ငါ့တို့ကိုသိပ်အစာကြေပုံမပေါ်ဘူး။ ညကကိစ္စကိုဒီကောင်စိတ်ခုသွားပုံပေါ်တယ်။”

ကောင်းပြီ။ ဒီစကားပြောခန်းမှာ အချက်အလက်နဲ့ အနက်ကောက်ချက်တွေဟာ ရောထွေးနေတယ်။
အချက်အလက်တွေက ပြောသူဟာ မောင်ဘတို့ညီအကိုကိုတွေ့ခဲ့တယ်။ ညီဖြစ်သူကသူ့ကိုထိုင်ခိုင်းတယ်။ အနက်ကောက်ချက်တွေက ညီဖြစ်သူကပုံမှန်ဆက်ဆံတယ်။ မောင်ဘကတော့ကျနော်တို့မသိတဲ့ ညက အဖြစ်အပျက်တခုပေါ်မှာ စကားပြောသူကိုကြည်လင်ပုံမရ ဆိုတာ သွားတွေ့ရတယ်။
ဆိုတော့ အချက်အလက် (fact) ဆိုတာကတိကျမှုရှိတယ်။ အနက်ကောက်ခြင်း (Interpretation) ဟာထွေပြားတယ်။ ပြောသူရဲ့ယူဆချက်တို့ ခံစားမှုတို့ ပါလာတယ်။ မှန်ချင်မှမှန်မယ်။ မှန်ချင်လည်းမှန်မယ်။ ဒီဒွိစုံအတွဲမှာ ကဗျာဆရာဟာ အချက်အလက်ကိုအပေါ်တင်ပြီး အနက်ကောက်ခြင်းကိုဖိထားတာတွေ့ရတယ်။ နဲနဲတဆင့်တက်လိုက်ရင် ဒါဟာ ဒွိစုံတွဲရဲ့ပေါ်အောက်ဖိစီးမှု (Hierarchy) လို့ပြောနိုင်တယ်။ သူရည်ရွယ်ချင်မှရည်ရွယ်မယ်။ သို့သော် ဆက်ဖတ်တော့ဒီသဘောက ပိုပြီးပေါ်လွင်လာပါတယ်။

နိရှေးဟာလည်းငါ့အတွက်အချက်အလက်ထက်
အနက်ကောက်ခြင်းသက်သက်ပဲ သူ့ရဲ့ဆော့ခရတ္တိပေါ့
လူစည်ကားရာဈေးထဲပြေးဝင်လာတယ်
‘ဖန်ဆင်းရှင်သေဆုံးသွားပြီ”
ဇရသုစတြ ဟာသူ့ကိုယ်သူဖေါက်ခွဲပစ်လိုက်တယ်။

ကဗျာဆရာ ကိုးကားတဲ့ အဆိုအမိန့်ကိုရေးခဲ့တဲ့ ထင်ရှားတဲ့ဂျာမာန်တွေးခေါ်ရှင် နိရှေး ကိုယ်တိုင်သည်ပင်လျှင်ကဗျာဆရာအတွက်တော့ အချက်အလက်မဟုတ်ဘူး။ အနက်ကောက်ခြင်းပဲတဲ့။ သူဟာ နိရှေး ကိုတိုက်ရိုက်ထိတွေ့ရတာမဟုတ်ဘူး။ တခြားသူတွေဖွင့်ဆိုသလောက် (သို့မဟုတ်ရင်) သူနဲ့နိရှေးနဲ့ဟာ ကြားကတခြားလူတွေရဲ့ အနက်ကောက်ခြင်းကို ဘာသာစကားကခွင့်ပြုသလောက်သာသိရတာ။ ဒါဘယ်လောက်မှန်မယ်သူမသိဘူးလို့ဆိုချင်ပုံပဲ။

ဆက်တိုက်ဆိုသလိုပင် ကဗျာဆရာသည် နိရှေးရဲ့ နောက်ထပ် အဆိုအမိန့်တခုကိုဖော်ပြသည်။ ဖန်ဆင်းရှင်သေဆုံးသွားပြီ။ မူရင်းက God is dead. ဒီအဆိုအမိန့်ကတော့ နိရှေး ရဲ့နာမည်ကျော် နာရေးကြော်ညာဖြစ်သည်။ ဒွိစုံတွဲမှာ ဖန်ဆင်းရှင်သေဆုံးသွားပြီ ရဲ့ကျန်တဖက်ကဘာဖြစ်မလဲ။ ဖန်ဆင်းခံရသူတွေသာကျန်ခဲ့တယ်ဆိုတာပေါ့။ ဒါကဗျာဆရာပြောချင်တဲ့အချက်ဖြစ်ပုံရတယ်။ ကျယ်ကျယ်လောင်လောင် ကိုကြားစေချင်တဲ့သဘောကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ လူစည်ကားတဲ့ဈေးရဲ့ဆူညံ ပျားပန်းခတ်မျှလှုပ်ရှားသွားလာမှု ရစ်သမ် ကိုဒီစကားလုံးနဲ့ဖောက်ခွဲပစ်လိုက်တာကိုး။
ဖန်ဆင်းရှင်သေပြီ ဖန်ဆင်းခံရတဲ့ လူသာမာန်တွေပဲကျန်ရှိနေတယ်ဆိုတာဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့လူအုပ်ကြီးရဲ့ နဲနဲချဲ့ကားပြောရရင် ခေတ်ကြီးတခုလုံးရဲ့ အာရုံစိုက်ခံရမှုကိုတောင်းဆိုလိုက်တယ်။ ဒါဟာအနဲဆုံး ကဗျာဆရာရဲ့သိစိတ်ရှိရှိ (သို့) မသိစိတ်ထဲကနေ ကဗျာဖတ်သူကိုပေးလိုက်တဲ့ အချက်အလက်တခုမဟုတ်ရင်တောင်မှ အနက်ဖွင့်မှုတခုတော့ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။

မဟုတ်ဘူး ငါဟာဆူပါမင်းမဟုတ်ဘူး
ငါ့မှာဗလလည်းမရှိဘူး အသားကပ်ဝတ်စုံလည်းမရှိဘူး
လေထဲလည်းမပျံတတ်ဘူး
အများနည်းတူနေထိုင်တတ်မှုဆုတံဆိပ်တွေ
ငါ့ရင်ဘတ်သားမှာတန်းစီလို့ တဆင့် နှစ်ဆင့် သုံးဆင့်
ငါ့ရင်ဘတ်ထဲကနှလုံးသားဟာတချက်ပြီးတချက်သတိပေးတယ်
ဒိုင်ခွက်ကဂဏန်းတွေဟာတလုံးစီ လျှော့လာတယ်
၂၅ - ၂၄ - ၂၃ - ၂၂ - ၂၁

ဒီအပိုဒ်မှာတွေ့ရတဲ့ ဆူပါမင်းမဟုတ်တာ ဗလမရှိတာ အများနည်းတူ ဤကိုကျွှဲဖတ်တာ ဟာ လူသာမန်တွေ ထဲကတယောက် အဖြစ်ကဗျာဆရာဖွဲ့ဆိုလိုတာဖြစ်တယ်။ နှလုံးဟာတချက်ချင်းခုန်နေတယ်။ သာမန်နေထိုင်မှုမျှသာ ထူပိန်းနေပြီး ဒီ့အတွက်ရတဲ့ မလုပ်၊မရှုပ်၊မပြုတ် ဆုတံဆိပ်တွေသာ တဆင့်ပြီးတဆင့်မြင့်တက်လာတယ်။ အပေါစားရှင်သန်မှုမြင့်မားလာတာရဲ့အခြားတဘက်မှာ ရခဲတယ်ဆိုတဲ့လူ့ဘ၀ဟာလက်ကျန်နဲလာတယ်။ တချက်ချင်း တနာရီချင်း တရက်ချင်း နေ့တွေ နာရီတွေ မိနစ်တွေ အသက်ဟာတလိမ့်ချင်း စိမ့်ကျနေတယ်။

၂၀
ဒီညသတင်းမှာမင်းငါ့ကိုတွေ့ရှိရမှာဖြစ်တယ်
အလကားတွေစည်ကားတဲ့ စကားလုံးအပိုင်းအစတွေ
အဓိပ္ပါယ်ကျဲကျဲ အကွက်အကွက်တွေ
အနက်တွေလိုက်ကောက်ရတဲ့လက်ပတ်တွေ
အကောင်းဆုံးကဗျာရေးနည်းဆိုတာမရှိတော့ဘူး။

လက်ရှိအနေအထားတွေကိုလှောင်ပြောင်ဖို့ကြိုးစားလိုက်တဲ့ ကဗျာဆရာရဲ့မဲ့ပြုံးကိုဒီအပိုဒ်မှာတွေ့ရပါတော့တယ်။
လူသာမန် လူဗလံလေး ဟာ ဒီနေ့ညနေခင်းသတင်းထဲမှာပါလာတော့မယ်တဲ့။ တယ်ဟုတ်ပါလား။ အရေးမပါဘူးဆိုပေမဲ့ သူဟာအရေးကြီးတဲ့သတင်းတွေထဲကတခုဖြစ်တော့မယ်။ အရေးမကြီးဘူးအမြဲေ၀၀ါးနေတယ်ဆိုတဲ့ဘာသာစကား။ စကားလုံးအကျိုးအပဲ့ အပိုင်းအစ တွေနဲ့စည်ကားနေတာဘယ်မှာလည်း။ အဓိပ္ပါယ်ကျဲကျဲတခွက်၊ မန္တလေးစီဘီယာ၂ ခွက်၊ ကဗျာဆရာဟာ လေးနက်မှုရှိသင့်တဲ့ အဓိပ္ပါယ်ဆိုတာကို ကျဲကျဲ တို့ အကွက်အကွက်တို့နဲ့လျှော့ချဖို့ကြိုးစားတယ်။
ကျနော်တို့ဟာ အမြဲတမ်းအဓိပ္ပါယ်တွေကိုပဲလိုက်ရှာနေကြတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ကိုကျနော်တို့လုပ်နိုင်တာမှမဟုတ်တာ။ သူဟာကွဲပြားခြားနားမှုကြောင့်ဖြစ်လာတာ။ ဘာသာစကားရဲ့မပြည့်စုံတဲ့တီထွင်မှုကပိတ်ဆို့ထားတဲ့အရာ။ အိုးထရက်ဖို့ဒ်ထဲလျှောက်ပြေးနေတဲ့ ရိုင်ယန်ဂစ်လိုပေါ့။ ဆိပ်ခံဘောတံတားမှာကုန်တင်ကုန်ချ အလုပ်သမားတွေကိုကြီးကြပ်ရသူတဦးလိုပေါ့။ ခင်ဗျားတို့ဟာအရေးပါတဲ့လက်ပတ်တွေနဲ့ ပြန့်ကျဲနေတဲ့ အဓိပ္ပါယ်တွေကိုလိုက်ကောက်ဖို့ကြိုးစားနေကြတာကလား။ သို့ပေမယ့်ကျနော်ပြောချင်တယ်။ ဒီမယ် အကောင်းဆုံးကဗျာရေးနည်း ဆိုတာကတော့ဖြင့် မရှိတော့ပေဘူး။

ကျနော်ဟာနိရှေးရဲ့နာမည်ကျော်ဇတ်ကောင် ဇရသုစတြလည်းမဟုတ်ဘူး။ နိရှေးစွန့်ပစ်လိုက်တဲ့ ခင်ဗျားတို့အားလုံး (သို့) လူ့အဖွဲ့အစည်းကြီးတခုလုံး အားကိုးတဲ့ ယုံကြည်တဲ့ ဖန်ဆင်းရှင်လည်းမဟုတ်ဘူး။ ဒီညသတင်းထဲဖျတ်ခနဲပါလာမဲ့ အချက်အလက်ကလေးတခုပါ။ အစက်အပြောက်လေးတခုပါ။ ဘင်္ဂလားပင်လယ်အော်မှာ ရံဖန်ရံခါမိုးသက်လေပြင်း များကြရောက်ပြီးလှိုင်းကြီးနိုင်ပါသည် ဆိုတဲ့ အချက်အလက်လေးတခုပဲ။ ဤတွင်သတင်းများကိုကြေညာလို့ပြီးပါပြီ ဆိုတာနဲ့မေ့ပစ်လို့ရနိုင်တဲ့ အချက်အလက်လေးတခုလောက်ပါပဲ။
ဒါပေမဲ့ ဇရသုစတြ တဲ့ ငါ့အလုပ်ငါလုပ်ပြီးပြီလို့တော့ကဗျာဆရာကဆိုလေရဲ့။ ကဗျာဆရာထားရစ်ခဲ့တဲ့နောက်ဆုံးဒွိစုံဟာ သူပေးချင်တဲ့နောက်ထပ်အချက်အလက်တခုလည်းဖြစ်ပေလိမ့်မယ်။

မဟုတ်ဘူး ငါဟာဇရသုစတြမဟုတ်ဘူး
ငါဟာဖန်ဆင်းရှင်လည်းမဟုတ်ဘူး
ဒီညသတင်းမှာငါဟာလည်းမင်းအတွက်
မေ့လွယ်ပျောက်လွယ် အချက်အလက်သက်သက်ပဲ
ဖြစ်လိမ့်မယ်။
ဇရသုစတြ
၁၈ မိနစ်တိတိနောက်ကျတဲ့ ဇရသုစတြ
ငါ့အလုပ်ငါလုပ်ပြီးပြီ
မင်းလုပ်စရာရှိတာဆက်လုပ်။

၃။
ကဗျာဖတ်ပြီးပြီးချင်းပဲကျနော့်စိတ်ထဲမှာတခုခုဟာ ကဗျာရဲ့ဗဟိုချက်ကနေလွတ်နေတဲ့ခံစားမှုကိုရတယ်။ ဟုတ်တယ်။ ဆော့ခရတ္တိဟာ အစွန်အဖျားတနေရာမှာမှိန်ပြစွာရပ်နေတယ်။ သူ့ကိုကျနော်ကဗျာနဲ့ကြိုးစားချိတ်ဆက်လိုက်တိုင်းသူဟာလွတ်ထွက်နေတယ်လို့ခံစားရတယ်။ ကဗျာထဲမှာမနေပဲ ကဗျာအပြင်ဘက်ကနေတချိန်လုံးစောင့်ကြည့်နေတာ ဆော့ခရတ္တိများလား။ အေသင်မြို့ကြီးသားများက ခုလက်ခံထားတဲ့အယူအဆကိုစွန့်မလား မေးတော့ ဆော့ခရတ္တိကအဆိပ်ခွက်ကို အားဖြည့်ဘီယာစတောက်လို ကောက်မော့ချလိုက်တာအားလုံးသိပြီးဖြစ်မှာပါ။
သူမှန်တယ်ထင်တဲ့ယုံကြည်ချက်နဲ့သူဟာတချက်ထဲကျင်းစိမ်သွားခဲ့တယ်။ သူ့အသက်ကိုတစက်ချင်းစိမ့်အကျမခံခဲ့ဘူး။
ဒါပေမဲ့ ခေတ်တိုင်းမှာ အဆိပ်ခွက်ဟာပြန်ပြီးပြည့်လျှံလာစမြဲပဲ။ လူများစုရဲ့အထိုင်ကျနေတဲ့အတွေးအခေါ်တွေကိုငြင်းဖို့ ဖိစီးထားတဲ့လက်ပတ်တွေကိုငြင်းဖို့ ဆော့ခရတ္တိချန်ထားခဲ့တဲ့စိမ်းဖန့်ဖန့်အချိုရည်ဟာ ယနေ့ရဲ့မီးလျှံထဲလျှံကျနေစမြဲပဲ။
၃.၁။
လုပ်စရာရှိတာဆက်လုပ် ကြဖို့ပဲ။

၎။
ဇရသုစတြ မင်းလုပ်စရာရှိတာဆက်လုပ်
ဇေယျာလင်း

‘အချက်အလက်ဆိုတာမရှိဘူး၊ အားလုံးအနက်ကောက်ခြင်းပဲ’
နိရှေး

နိရှေးဟာလည်းငါ့အတွက်အချက်အလက်ထက်
အနက်ကောက်ခြင်းသက်သက်ပဲ သူ့ရဲ့ဆော့ခရတ္တိပေါ့
လူစည်ကားရာဈေးထဲပြေးဝင်လာတယ်
‘ဖန်ဆင်းရှင်သေဆုံးသွားပြီ”
ဇရသုစတြ ဟာသူ့ကိုယ်သူဖေါက်ခွဲပစ်လိုက်တယ်။

မဟုတ်ဘူး ငါဟာဆူပါမင်းမဟုတ်ဘူး
ငါ့မှာဗလလည်းမရှိဘူး အသားကပ်ဝတ်စုံလည်းမရှိဘူး
လေထဲလည်းမပျံတတ်ဘူး
အများနည်းတူနေထိုင်တတ်မှုဆုတံဆိပ်တွေ
ငါ့ရင်ဘတ်သားမှာတန်းစီလို့ တဆင့် နှစ်ဆင့် သုံးဆင့်
ငါ့ရင်ဘတ်ထဲကနှလုံးသားဟာတချက်ပြီးတချက်သတိပေးတယ်
ဒိုင်ခွက်ကဂဏန်းတွေဟာတလုံးစီ လျှော့လာတယ်
၂၅ - ၂၄ - ၂၃ - ၂၂ - ၂၁

၂၀
ဒီညသတင်းမှာမင်းငါ့ကိုတွေ့ရှိရမှာဖြစ်တယ်
အလကားတွေစည်ကားတဲ့ စကားလုံးအပိုင်းအစတွေ
အဓိပ္ပါယ်ကျဲကျဲ အကွက်အကွက်တွေ
အနက်တွေလိုက်ကောက်ရတဲ့လက်ပတ်တွေ
အကောင်းဆုံးကဗျာရေးနည်းဆိုတာမရှိတော့ဘူး။

မဟုတ်ဘူး ငါဟာဇရသုစတြမဟုတ်ဘူး
ငါဟာဖန်ဆင်းရှင်လည်းမဟုတ်ဘူး
ဒီညသတင်းမှာငါဟာလည်းမင်းအတွက်
မေ့လွယ်ပျောက်လွယ် အချက်အလက်သက်သက်ပဲ
ဖြစ်လိမ့်မယ်။

ဇရသုစတြ
၁၈ မိနစ်တိတိနောက်ကျတဲ့ ဇရသုစတြ
ငါ့အလုပ်ငါလုပ်ပြီးပြီ
မင်းလုပ်စရာရှိတာဆက်လုပ်။

၅။
ကျနော့်ဘက်က အနက်ကောက်ကြည့်ခြင်းသက်သက်မျှသာပါ။

KZကေ

Tuesday, December 28, 2010

မီးလား၊ ပန်းလား။ နီရဲသောဘာသာစကား၏ခြေရာ

Structuralism မှာတုန်းက signifier နဲ့ signified အကြောင်းပြောကြတယ်။ မြင်းလို့ပြောလိုက်တော့ မြင်းဆိုတဲ့စကားလုံးနဲ့ မြင်းလို့ကိုင်တွယ်ညွှန်ပြလို့ရတဲ့ပြင်ပကသက်ရှိ၊(အရာဝထ္ထုစသည်)တခုနဲ့ဆိုပြီး အညွှန်းနဲ့ အညွှန်းခံ ကိုနားလည်ခဲ့တယ်။ ဒါတင်မက ထိုနှစ်ခုကြား အဆက်အစပ်မဲ့ပုံကိုပါသိခဲ့ကြတယ်။ ဘယ်သူကမှ မြင်းကိုဘာလို့မြင်းလို့ခေါ်ရသလဲမသိသလိုမေးလည်းမမေးခဲ့ကြဘူး။ ပြီးတော့ မြန်မာကမြင်းလို့ပြောပြီး အင်္ဂလိပ်က Horse လိုပြောတာ အတူတူပဲ။ ငါတို့ဒီတိရိစ္ဆာန်ကိုမြင်းလို့ခေါ်တာ သူတို့ Horse လို့ခေါ်တာထက်ပိုသင့်တော်တယ်ဆိုတာမျိုးဘယ်သူကမှ မနှိုင်းယှဉ်ခဲ့ကြဘူး။ ဆိုလိုတာက ဘာသာစကားနဲ့ပတ်သက်လို့ကျနော်တို့ဟာ ကိုယ့်ဘာသာစကားနဲ့ကိုယ် သီးခြားယုံကြည်မှုရှိခဲ့ကြတယ်။ မြန်မာကထွက်တဲ့သစ်ကနိုင်ငံခြားသစ်တွေထက်ပိုကောင်းတယ်လို့ပြောပေမဲ့ မြန်မာလိုကျွန်းသစ်လို့ခေါ်တာ အင်္ဂလိပ်လို teak လို့ခေါ်တာထက်ပိုသဘာဝကျတယ်လို့ဘယ်သူမှမနှိုင်းယှဉ်ကြဘူး။ အဆက်အစပ်မဲ့တယ်ဆိုပေမဲ့ မံမံ ဆိုတော့စားစရာပေါ့။ အီးအီးဆိုတော့ရွံစရာပေါ့။ သားသား ဟိုအကောင်ဘာကောင်လဲပြောလိုက်စမ်းဆိုတော့ ကြောင်ပေါ့၊ ခွေးပေါ့။ ဒီကောင်လေးအတတ်မြန်လိုက်တာပေါ့။ ဆိုတော့ ဘာသာစကားရဲ့သတ်မှတ်ချက် တွေပေါ်မှာ အားလုံးသက်တောင့်သက်သာရှိစွာသဘာဝအလျှောက်သင်ယူ လက်ခံနိုင်ခဲ့ကြတယ်။
ရှေ့မှာတုန်းကကျနော်တို့ဘာသာစကားနဲ့အဓိပ္ပါယ်အကြောင်းပြောတော့အဓိပ္ပါယ်ကိုကျနော်တို့လုပ်နေတာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ အဓိပ္ပါယ်ဆိုတာခြားနားခြင်းကဖြစ်လာတာလို့ပြောခဲ့တယ်။ နမူနာတခုလောက်ပြန် ကြည့်ကြရင် ဥပမာ မီးပွိုင့်မှာမီးနီတဲ့အခါကျနော်တို့ရပ်ကြရတယ်။ ဒီလိုမီးနီရင်ရပ်ဆိုတဲ့အသိဟာ သူ့ချည်းရပ်တည်နေတာတော့မဟုတ်ဘူး။ မီဝါနဲ့ မီးစိမ်းနဲ့ဆက်စပ်ပြီးရလာတဲ့အဓိပ္ပါယ်ပဲ။ မတူလို့ဖြစ်လာရတဲ့ အဓိပ္ပါယ်ပဲ။ စကားလုံးတခု၊ စာသားတခုဟာ သူ့ချည်းအဓိပ္ပါယ်မရှိဘူး။ မီးနီကိစ္စမှာ သုံးပွင့်ဆိုင် Structure တခုကနေအဓိပ္ပါယ်ကိုထုတ်ပေးလိုက်တာ။ အနီဆိုတာ ရပ်ဆိုတာမျိုးအမြဲယူလို့ဘယ်ဖြစ်တော့မလဲ။ စိန်ပန်းအနီဟာလောကအပူကိုအံတုတဲ့အဓိပ္ပါယ်ဖြစ်လာနိုင်တယ်၊ နှင်းဆီအနီဟာ ချစ်ခြင်းရဲ့ရဲရင့်မှုဖြစ်လာနိုင်တယ်။ စကားလုံးတွေဟာမတည်ငြိမ်ဘူး။ အချိန်အလိုက် နေရာအလိုက် အဓိပ္ပါယ်တွေ ပြောင်းနေတယ်။ ဘာသာစကားဆိုတာက သူ့အရင်ရှိနေတဲ့အရာတွေကိုဖွင့်ဆိုဖို့ပေါ်လာတာ ဆိုပေမဲ့ တကယ်တမ်းကျတော့ အစစ်အမှန်တရားကိုဖော်ပြဖို့ရာမစွမ်းသာဘူး။ လူနဲ့တကယ့်အစစ်အမှန်တရားကြားမှာ ဘာသာစကားနဲ့အမြဲကာစီးထားခြင်းခံရတယ်လို့ ပြောဖို့ဖြစ်လာတယ်။

ဒီတော့ သူ့တည်ဆောက်ပုံစံနစ်ကိုနားလည်ဖို့လိုတယ်။ မိမိကိုယ်ကိုယ် နဲ့ ကမ္ဘာကြီးကို နားလည်ဖို့ဆိုတာ ဘာသာစကား ဟာအချက်အချာပဲလို့ Structuralist တွေကယူခဲ့ကြတယ်။ ဘာသာစကားကိုအဓိကထားတဲ့အချက်ကို Poststructuralist တွေကဆက်ယူခဲ့ကြပါတယ်။ Structuralism မရှိရင် Post structuralism ဆိုတာလည်းမရှိနိုင်ဘူး။ သူတို့ဟာ ခက်ရင်းရဲ့ခွနှစ်ဘက်ပဲ။ သို့ပေမဲ့ ဒီနှစ်ခုအဓိကကွဲလွဲချက်ကလည်း ဘာသာစကားပေါ်မှာပဲရှိနေတယ်။
ဘာသာစကားဟာထင်သလောက်မရိုးစင်းဘူး။ သူ့မှာထူးခြားချက်တွေရှိတယ်။ မောင်ချစ်ရဲ့ မြင်းက ဒီရွာမှာတော့ အချောဆုံးပဲ အပြေးနိုင်ဆုံးပဲလို့ ဘာသာစကားကိုသုံးပြီးရှင်းပြနိုင်တယ်။ မြို့တက်တော့ငါ့ကောင်ရေ လိုင်းကားတွေမောင်းတာကသောက်ကျိုးနဲမြန်တာကလားလို့လဲပဲ ဘာသာစကားကိုသုံးပြီးရှင်းပြနိုင်တယ်။ ဒါပေမဲ့ ဘာသာစကားတခုအကြောင်းကို ဘာသာစကားမသုံးပဲ ဘာနဲ့ရှင်းပြလို့ရမလဲဆိုတော့ အင်းဒါတော့အဲ လို့ပြောရတော့တယ်။ မြင်းကို ဒါမှမဟုတ် ကားကို သူ့အပြင်ဘက်ထွက်ပြီး ကြည့်ပြီး ပြောပြ ရှင်းပြနိုင်ပေမဲ့ ဘာသာစကားကိုသူ့အပြင်ဘက်ကကြည့်ပြီးပြောလို့မရဘူး။ ကျနော်တို့ဟာပိတ်မိနေတယ်၊ ဒါပေါ့ ဘာသာစကားထဲမှာပေါ့။ ကျနော်တို့ဟာ Structure တွေကိုမြင်ပြီးနားလည် နေတာမဟုတ်ဘူးတဲ့။ ကျနော်တို့ဟာ Structure ထဲမှာနေနေရတာတဲ့။ ကျနော်တို့ဟာ ဘာသာစကားကိုအသုံးပြုဖို့အတွက် သူကတည်ဆောက်ထားတဲ့စံနစ်ရဲ့ထိမ်းချုပ်မှုကိုခံလိုက်ရတယ်။ ကျနော်တို့ဟာကိုယ်ပြောချင်တဲ့ စကားရဲ့အဓိပ္ပါယ်ကိုမထိန်းချုပ်နိုင်ဘူး။ ကိုယ်ရေးချင်တဲ့စာသားရဲ့အဓိပ္ပါယ်ကိုမထိမ်းချုပ်နိုင်ဘူး။ ကျနော်တို့ကဘာသာစကားကိုသုံးနေတာမဟုတ်ဘူး။ ဘာသာစကားကလူကိုသုံးနေတာလို့ဆိုတယ်။ ဒီတော့ ဘာသာစကားကို ကရိယာတန်ဆာပလာအဖြစ်သုံးပြီးအနုပညာကိုဖန်တီးနေတယ်ဆိုတာက ဒါရီဒါ ပြောချင်တာနဲ့လွဲနေတယ်လို့ပြောမယ်ဆိုပြောနိုင်တယ်ပေါ့။
သူပြောတဲ့အတိုင်းပြန်ပြောရရင် Il n’y a de hors-texte (there is nothing outside text) ပေါ့။ စာသားရဲ့အပြင်မှာဘာမှမရှိဘူးတဲ့။ ဒီလိုပြောင်းလာတာ Post structuralism အမြင်ဖြစ်တယ်။ ဒါဟာ ဒါရီဒါ (Jacques Derrida 1930-2004) ရဲ့အယူအဆဖြစ်ပြီး သူ့ရဲ့ Of Grammatology (1967) မှာ Deconstruction ဆိုတဲ့စကားလုံးကိုစတင်မိတ်ဆက်အသုံးပြုခဲ့တယ်။ ဒါကြောင့်သူမြင်တဲ့ အဆောက်အအုံလွန်ဝါဒ ဟာ Deconstruction လို့လည်းလူသိများတယ်။ Structuralism သမားတွေရဲ့ တည်ဆောက်ပုံစံနစ်တွေကို ပြန်ပြီးပိုင်းဖြတ်ကြည့်လို့မို့ Deconstruction လို့သုံးတာဖြစ်ပြီး ဒါရီဒါ နဲ့ Deconstruction ဟာခွဲလို့မရအောင် ဖြစ်လာခဲ့ရတယ်။

KZကေ