Moral Discourse အရဆက်စပ်ပတ်သက်နေသူအားလုံးလက်ခံနိုင်သည့်စံနှုန်းများလိုလာသည်။ Moral Discourse ကိုသုံးစွဲပြီးအရောက်သွားရမည့် Post-conventional Morality ၏အဆင့်ခြောက်တွင် ထိုစံနှုန်းများဖြင့် တရားမျှတမှု၊ညီမျှမှုတို့ဖြင့်လူသား၏ ဂုဏ်သိက္ခာကိုလေးစားသိမှတ်မှုပြုရမည်ဖြစ်သည်။ တဘက်တွင်မော်ဒန်လူ့အဖွဲ့အစည်းသည် ရှုပ်ထွေး၊ ကွဲပြား၊ယဉ်ကျေးမှုပေါင်းစုံရောနှောလာပြီး ဓလေ့ထုံးတမ်းစဉ်လာ စံတခုတည်း ခေါင်မှ ထိန်းချုပ်ထားမှုမျိုးမရှိတော့။ ဒီအချက်တွေက မော်ဒန်လူသား၏ ကိုယ်ပိုင်အတွေ့အကြုံနှင့်လောကအမြင် (Subjectivity) ကိုအခြားသူများနှင့်ညှိနှိုင်းရင်းဆုံးရှုံး ခံလိုက်ရမည်ဟုမဆိုလို၊ ကျယ်ပြန့်လာသည့်ကိုယ်ပိုင်အမြင် (larger self) တခုဖွံ့ဖြိုးလာစေရန်သာဖြစ်သည်။ တွေးခေါ် မျှော်မြင်မှုပြည့်ဝသည့် စုပေါင်းအမြင်တခု (an idealized we-perspective) ထူထောင်နိုင်ရန်ဖြစ်သည်။ ဟာဘားမား၏ ဆိုခဲ့ပါ အယူအဆသည် ဖီလော်ဆော်ဖီရှုထောင့်မှသည် နိုင်ငံရေးအမြင်တခုကိုရွေ့ပြောင်းလာခဲ့သည်။ တကယ်တမ်းဆိုလျှင် နိုင်ငံရေးနှင့်ဥပဒေကို ကိုယ်ကျင့်ရှုထောင့်မှ ခွာပြောရန်မဖြစ်နိုင်ပေ။
ဟာဘားမားကနိုင်ငံရေးကိုအ၀န်းအ၀ိုင်းနှစ်ခုခွဲပြောသည်။ စည်းတွင်းအ၀န်းအ၀ိုင်း (Formal Sphere) နှင့် စည်းပြင်အ၀န်းအ၀ိုင်း (Informal Sphere) ဖြစ်သည်။ စည်းပြင်ဝန်းဝိုင်းတွင် အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ရှိသည်။ အစိုးအရမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် မီဒီယာတို့သည် အရပ်ဘက်လူ့အဖွဲ့အစည်းထဲတွင်ပါသည်။ ဒီအဖွဲ့အစည်းတွေကအဆုံးအဖြတ်ပေးနိုင်သူတို့မဟုတ်။ သူတို့က နိုင်ငံ၏ ယေဘူယျပြဿနာများ၊ သီးခြားဖြစ်ရပ်များနှင့်ပါတ်သက်သည်တို့တွင်ဆွေးနွေး၊ နားလည်မှုယူ၊ အလျှော့အတင်းပြု၊ အယူအဆများစုစည်းတင်ပြကြသည်။ တဘက်တွင် ပါလီမန်၊ ၀န်ကြီးအဖွဲ့၊ ရွေးကောက်တင်မြှောက်ခံထားရသောအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသည် စည်းတွင်းဝန်းဝိုင်း ထဲတွင်ရှိပြီး ပေါ်လစီချမှတ်သူများ၊ ဆုံးဖြတ်နိုင်သူများ၊ ဥပဒေပြုသူများ ဖြစ်သည်။ ဟာဘားမားအယူအဆအရ နိုင်ငံရေးစံနစ်တခုတွင်ဆုံးဖြတ်ချက်ချနိုင်သော အဖွဲ့အစည်းများသည် အရပ်ဘက်လူ့အဖွဲ့အစည်း၏ တွေးခေါ်ယူဆချက်၊ဝေဖန်ပိုင်းဖြတ်ချက်များ စီးဝင်နိုင်စွမ်းရှိရမည်။ ဆုံးဖြတ်ချက်ချနိုင်သော အစိုးရအဖွဲ့အစည်းများသည် အသွင်း (Input) တွင်အရပ်ဘက် လူ့အဖွဲ့အစည်း၏ လူထုအယူအဆ၊ အတွေးအခေါ်များရှိပြီး အထွက် (Output) တွင် လူထုပေါ်လစီနှင့် ဥပဒေတို့ရှိရမည်။ ဒါကခေတ်မှီမော်ဒန်လူ့အဖွဲ့အစည်းတခုအတွက် အပြိုင်သွားနေရမည့်နိုင်ငံရေးစည်းတွင်းစည်းပြင်အ၀န်းအ၀ိုင်း နှစ်ခုဖြစ်သည်။
ထို့အပြင် အခြေခံအတွေးအခေါ်ပိုင်းတွင်လည်း ဟာဘားမားသည် အစဉ်အလာ နိုင်ငံရေးအယူအဆ နှစ်ခုကိုမျှပြီးပုံဖော်ဖို့တင်ပြထားပြန်သည်။ ထိုနှစ်ခုမှာ Liberal Democracy နှင့် Civic Republican ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရေစီမှာ လူ့အခွင့်အရေးနှင့်တဦးချင်းလွတ်လပ်ခွင့် (Individual Self-determination) ပေါ်အခြေခံသည်။ လူတဦးချင်းစီ၏စိတ်ခံစားမှုအပေါ်မူတည်ပြီး လွတ်လပ်မှုကို အခွင့်အရေးအဖြစ် မြင်နိုင်သည့်အချက်ဖြစ်သည်။ Freedom ကို Opportunity အဖြစ်ဆွဲယူသုံးစွဲနိုင်ခြင်းဖြစ်သည်။ ရီပတ်ပလီကန်မှာ အချုပ်အချာခိုင်မာမှု၊ လူထုနှင့်နိုင်ငံရေးချုပ်ကိုင်မှု (Self-realization of the political community) ပေါ် အခြေခံသည်။ လူထု၏စုပေါင်းနိုင်ငံရေးချုပ်ကိုင်မှုဆိုသဖြင့် လူတဦးချင်းစီ၏လွတ်လပ်ခွင့် ကိုကန့်သတ်သည်။ လွတ်လပ်မှုကိုအလေ့အကျင့်အဖြစ်မြင်သည်။ Freedom ကို Exercise ဟုအနက်ဖွင့်သည်။
ဟာဘားမားကလူတဦးချင်းစီ၏လွတ်လပ်ခွင့်ကိုမထိပါးသည့်လူထုနိုင်ငံရေးအာဏာဖွင့်ဆိုလိုသူဖြစ်သည်။ ဒီမျှခြေကိုရှာလိုသဖြင့် ပါလီမန်၊ လွှတ်တော်စသည့် နိုင်ငံရေးအဖွဲ့အစည်း၏ဆုံးဖြတ်ခွင့်အတွင်း အရပ်ဘက်လူ့အဖွဲ့အစည်း၏ အယူအဆနှင့်အမြင်တို့ကိုထဲ့သွင်းစဉ်းစားစေလိုခြင်းဖြစ်သည်။
သို့သော် သြော်သို့သော်ဖြစ်သည်။ လူတဦးချင်းစီ၏လွတ်လပ်ခွင့်ဆိုသည်မှာအမြဲလိုလိုလူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုနှင့် တွန်းထိုးလွန်ဆွဲရမှုများရှိသည်။ ဒီနှစ်ခုကြားတင်းမာများရှိသည်။ ဒါကိုဟာဘားမားကမငြင်း။ အဖြေက ဥပဒေကိုကြားခံထားပြီးဖြေရှင်းဖို့ဖြစ်သည်။ ဥပဒေတရပ်သည်လိုက်နာရန်ကောင်းမွန်သည့်အချက်(Appreciable) ထင်ရှားရှိရမည်။ အသိအမှတ် ပြုခံရသည့်အဖွဲ့အစည်းတခုကချမှတ်ရမည် (Positive Effect)။ ဥပဒေကိုလိုက်နာဖို့ တင်းမာသည့်တွန်းအား (Coercible) ရှိရမည်။ ထိုအချက်များထင်ရှားမရှိပါက ဥပဒေအရပြဋ္ဌန်းထားသည့်လူ့အခွင့်အရေးသည် အရပ်ဘက်လူ့အဖွဲ့အစည်းကို ဈေးကွက်နှင့် အုပ်ချုပ်ရေးယန္တာရား၏ ခြစားမှုဒါဏ်မှ ကာကွယ်ပေးနိုင်ရန်ခဲယဉ်းမည်။ တနည်းဆိုလျှင်အားနည်းသည့်အရပ်ဘက်လူ့အဖွဲ့အစည်းများမှ နိုင်ငံရေးအဖွဲ့အစည်းများကိုမှန်ကန်စွာဆုံးဖြတ်ချက်ပေးရန်ပံ့ပိုးနိုင်စွမ်းရှိမည်မဟုတ်။ အကျိုးဆက်မှာအစိုးရ အဖွဲ့အစည်းအတွင်း အာဏာပါဝါကိုတည်ဆောက်နိုင်သည့် အုပ်စုတခုကသာနိုင်ငံ၏ကံကြမ္မာကိုချယ်လှယ်ခွင့် ရပေလိမ့်မည်။
KZကေ
No comments:
Post a Comment