အထက်ပါအဖြစ်အပျက်များကိုအနှစ်ချုပ်ကြည့်လျှင် ၁၉၇၀ ပြည့်နှစ်များမှ ၁၉၉၀ ပြည့်နှစ်များအတွင်း ကမ္ဘာကြီး၏နေရာဒေသ ၇ခုတွင်ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင် ကိုအပြောင်းအလဲဖြစ်စေသည့် အဖြစ်အပျက်များကိုတွေ့ရပေမည်။
၁။ ၁၉၇၀နှစ်လည်နှစ်များ တွင်ဥရောပတောင်ပိုင်း၏ လက်ယာအာဏာရှင်အစိုးရများကျဆုံးခြင်း
၂။ ၁၉၇၀ပြည့်နှောင်းပိုင်းမှ ၁၉၈၀ပြည့်နှောင်းပိုင်း များအတွင်းလက်တင်အမေရိကတွင် စစ်အာဏာရှင်စံနစ် ကျဆုံးပြီး အရပ်သားအစိုးရများတက်လာခြင်း
၃။ ၁၉၈၀ပြည့်လယ်နှောင်းနှစ်များ အရှေ့နှင့်တောင် အာရှနိုင်ငံများတွင် အာဏာရှင်စံနစ်အခြေခံယိုင်နဲ့လာခြင်း
၎။ ၁၉၈၀ပြည့်နှစ်ကုန်များတွင် အရှေ့ဥရောပနိုင်ငံများတွင် ကွန်မြူနစ်အာဏာရှင်စံနစ်ပျက်စီးသွားခြင်း
၅။ ၁၉၉၁ တွင်ဆိုဗီယက်အင်ပါယာပြိုကွဲအပြီး နိုင်ငံ ၁၅နိုင်ငံကွဲထွက်လာခြင်း
၆။ ၁၉၉၀ မှ ၉၅ အတွင်းမှာပင် ဆပ်အာဖရိကနိုင်ငံများတွင်တပါတီအာဏာရှင်စံနစ်များနိမ့်ပါးလာခြင်း
၇။ ၁၉၉၀ ပြည့်နှစ်များအတွင်း အားနဲသော်လည်း သိသာသောလွတ်မြောက်ရေးလှုပ်ရှားမှုများအရှေ့အလယ်ပိုင်း ဒေသများတွင် ပေါ်ထွန်းလာခြင်း
စသည်တို့ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်များ အမေရိကကိုပြန်ကြည့်လျှင် ရေဂင်အစိုးရဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးသည် ဂျော့ရှုဇ်ဖြစ်သည်။ US အစိုးရ၏နိုင်ငံခြားရေးပေါ်လစီသည်သဘာဝကျစွာပင် တတိယလှိုင်းဒီမိုကရေစီရေစီးကို တွန်းအားပေးရန် ဖြစ်ခဲ့သည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ အဆိုပါကာလအပိုင်းအခြားကို အာဏာရှင်စံနစ်များမှ ဒီမိုကရေစီကူးပြောင်းမှုအချိန်ကာလအဖြစ် သတ်မှတ်ခဲ့ ကြသော်လည်း အခြေခံယူဆချက်တွင် အက်ကြောင်းများထင်လာခဲ့သည်။
နိုင်ငံအချို့ (ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ အက်စတိုးနီးယား၊ ဆလိုဗေးနီးယား၊ ချီလီ၊ ဥရုဂွေး နှင့် ထိုင်ဝမ်) တို့သည် ကြားခံကာလကိုအခက်အခဲများဖြင့်ကျော်ဖြတ်လာခဲ့ပြီး အချို့နိုင်ငံများ( ယူမေးနီးယား၊ ဘူဂေးယီးယား၊ မက်ဆီကို၊ ဘရာဇီး၊ ဂါနာ၊ ဖိလစ်ပိုင် နှင့် တောင်ကိုရီးယား) တို့တွင် ဒီမိုကရေစီအာရုဏ်ဦးကိုမြင်တွေ့ရရန် ပိုမိုခက်ခဲစွာအားထုတ်ခဲ့ရပေသည်။ အများစုနိုင်ငံများမှာ ဒီမိုကရေစီစံနှုန်းများ ပြည့်ဝစွာပေါ်ထွန်းမလာခဲ့ပဲ အာဏာရှင်အင်အားများ ပြန်လည်ခိုင်မာလာခဲ့ရာ ပညာရှင်များက တခုခုတိကျစွာ သတ်မှတ်ရန်မလွယ်သော နိုင်ငံရေးနယ် (political gray zone) များပေါ်ထွက်လာခဲ့သည်။ နမူနာအချို့မှာ ဥဘက်ကစ်စတန်၊ တာမင်နစ်စတန်၊ ဘီလာရုစ် နှင့် တိုဂိုတို့ဖြစ်သည်။
ဂရေးဇုန်ဟုသတ်မှတ်ခံရသဖြင့် အာဏာရှင်စံနစ်အစစ်လည်းမဟုတ် ဒီမိုကရေစီ ကိုလည်းအပြည့်မသွားနိုင်သည့် သဘောဖြစ်သည်။ အတိုက်အခံအတွက် အကန့်အသတ်နှင့်နိုင်ငံရေးနယ်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲများ နှင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများပေါ်ထွန်းလာခဲ့သည်။
Thomas Crothers (၀ါရှင်တန်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့အစည်းတခု၏ ဒုဥက္ကဋ္ဌ၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၏အရေးပါသော စာအုပ်စာတမ်းများပြုစုထားသူ) က ၂၀၀၂ တွင်သူပြုစုခဲ့သော ကြားခံပါရာဒိုင်းပြီးဆုံးခြင်းစာတမ်း (The end of transition paradigm) တွင် မီးခိုးရောင်နယ်တွင် ထင်ရှားသောနိုင်ငံရေးသွင်ပြင် နှစ်ခုပေါ်ထွန်းခဲ့သည်ဆိုပြီး မထိရောက်သောလူများစုဝါဒ (feckless pluralism) မဟုတ်လျှင် တပါတီကြီးစိုးသောနိုင်ငံရေး (Dominant-Power Politics) ဟုအမည်ပေးခဲ့သည်။ အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့သွားသည့် ကြားခံကာလ (transition period) ကုန်ဆုံးသွားပြီဟုလည်း ကောက်ချက်ချခဲ့သည်။
လက်တင်အမေရိကနိုင်ငံအများစု (နီဂွာဂါရာ၊ အီကွေဒေါ၊ ပနားမား၊ ဟွန်ဒူရပ် နှင့် ဘိုလီးဗီးယား) ကွန်မြူနစ်နိုင်ငံဟောင်းများ (မိုဒိုဗာ၊ ဘော့စနီးယား၊ အယ်ဘေးနီးယား နှင့် ယူကရိန်း)၊ အာရှတွင် နီပေါ၊ အာဖရိကတွင် မာဒါဂါစကာ တို့သည် သည် Feckless Pluralism ထဲတွင်ရှိပြီး ဘရာဇီး၊ အာဂျင်တီးနှင့် ဟူးဂိုးချေးဗက်၏ ဗင်နီဇွဲလား၊ ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် မွန်ဂိုးလီးယား တို့မှာ နယ်ခြားမျဉ်းပေါ်တွင် လစ်ဘရယ်စံနှုန်းအပြည့်ရရန် ရုန်းကန်နေရဆဲဖြစ်သည်။
တဘက်တွင် အစိုးရနှင့် အာဏာရပါတီကွဲပြားမှုမရှိသည့် Dominant-Power Politics ကိုတွေ့ရသည်။ နိုင်ငံပိုင်ငွေကြေး၊ မီဒီယာ၊ အလုပ်အကိုင်၊ တရားစီရင်ရေး တို့ကိုတပါတီထဲကသုံးဆွဲထားကြသည်။ အများအားဖြင့် အာဏာရှင်နိုင်ငံ အများစု မှာ တပါတီအားကြီးသည့်နိုင်ငံရေး အနေအထားထောင်ချောက်ထဲ သို့သာသက်ဆင်းခဲ့ကြရသည်။ ကင်မရွန်း၊ တန်ဇန်းနီးယား၊ ဂါဘွန်၊ ကင်ညာ၊ ဇမ်ဘီယာ၊ ကွန်ဂို၊ အဇာဘိုင်ဂျန်၊ ဂျော့ဂျီယာ၊ ကာဇက်စတန်၊ မော်ရိုကို၊ ဂျော်ဒန်၊ အယ်ဂျီးရီးယား၊ အီဂျစ်၊ ယီမင်၊ အီရန်၊ မလေးရှား၊ ကမ္ဘောဒီးယား နှင့် ဆိုဗီယက်ကွဲထွက်နိုင်ငံတို့မှာအဆိုပါသာဓကများ ဖြစ်ပေသည်။ အချို့မှာအလွန်ကန့်သတ်ခံထားရသည့်နိုင်ငံရေးဂွင်သာရှိသဖြင့် အာဏာရှင်စံနစ်သာသာမျှသာဖြစ်သည်။
Feckless Pluralism သည် နိုင်ငံရေးလွတ်လပ်မှုပိုရှိ၊ ပုံမှန်ရွေးကောက်များရှိပြီး၊ အာဏာသည် နိုင်ငံရေးပါတီများအတွင်း လှည့်လည်နေသော်လည်း ခြစားမှုများ လက်သင့်ရာအခွင့်အရေးပေးမှုများ နှင့် အုပ်ချုပ်ရေးယန္တယားတွင်မတည်ငြိမ်မှုများရှိနေသည်။ Dominant Power Politics တွင် အကန့်အသတ်များလွန်းသော နိုင်ငံရေးလှုပ်ရှားမှုဂွင်သာရှိပြီး အာဏာရှင်စံနစ်သာသာမျှသာဖြစ်သည်။ ပညာရှင်အချို့ကတောင်အာဖရိကနှင့်ရုရှားကို ထိုအုပ်စုအတွင်းအတိုးတက်ဆုံးအဖြစ်သတ်မှတ်ထားသော်လည်း အတိုက်အခံအင်အားစုအားကောင်းလာရန်မှာမူ နှစ်ပေါင်းများစွာကြာရှည်ဦးမည်ဟု အကဲဖြတ်ခဲ့ကြသည်။
သို့သော် အဆိုပါသတ်မှတ်ချက်နှစ်မျိုးစလုံးတွင် နိုင်ငံရေးတည်ငြိမ်မှုများရှိနေသေးသည်။ Feckless Pluralism တွင် နိုင်ငံအာဏာသည် ချိန်သီးသဖွယ်ပါတီတခုမှ တခုသို့ကူးပြောင်းနေခဲ့ပြီး Dominant Power Politics တွင် အာဏာရပါတီက လူထုကို ဖိအားအလျှော့အတင်းကစားပြီး အတိုက်အခံပါတီနှင့် အင်အားစုများအား နိုင်ငံရေးကြိုးတန်း ပေါ်လမ်းလျှောက်ခိုင်းထားနိုင်ခဲ့ပေသည်။
သို့သော် အဆိုပါပုံစံများသည်ထာဝရတာရှည်ခံမည်တော့မဟုတ်ပေ။ ယူကရိန်းသည် Dominant Power Politics မှ Feckless Pluralism သို့ ၁၉၉၀ ပြည့်နှစ်များတွင်ကူးပြောင်းလာနိုင်ပြီး ဆီနီဂေါသည် ၂၀၀၀ပြည့်နှစ်တွင် အတိုက်အခံပါတီအာဏာရခဲ့ပြီး Feckless Pluralism သို့ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများဆီသို့ပင် ပြောင်းလဲလာနိုင်ခဲ့သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ငံအများစုသည်အဆိုပါပုံစံနှစ်ခုအတွင်းသက်ဆင်းခဲ့သည်ဆိုသော်လည်း အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ဆာဘီးယား နှင့် ခရိုအေးရှားတို့မှာ သီးခြားပုံစံများဖြစ်ထွန်းနေသဖြင့် အုပ်စုနှစ်ခုစလုံး နှင့်အကျုံးမ၀င်ဖြစ်နေခဲ့သည်။ ကွန်ဂို၊ လစ်ဘေးရီးယား နှင့် ဆိုမာလီတို့မှာ ၁၉၉၀ ပြည့်နောက်ပိုင်းများတွင် အပြောင်းအလဲအချို့ဖော်ဆောင်ခဲ့သော်လည်း နိုင်ငံတွင်းလူမှုပြဿနာများ နှင့် နိုင်ငံရေးမတည်ငြိမ်များ ကြီးစိုးလွန်းသဖြင့် ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းတွင်းသို့ပင် ချဉ်းကပ်နိုင်ခြင်းမရှိခဲ့ပေ။
KZကေ
No comments:
Post a Comment