မေး။ ။ ခင်ဗျားမှာလူမည်းစာဖတ်ပရိတ်သတ်ရှိသလား။ ကျနော်ပြောချင်တာက ခင်ဗျားလက်ရာတွေကို အရသာခံနိုင်တာဆိုလို့လူဖြူဝေဖန်ရေးဆရာတွေနဲ့ကျောင်းသားတွေပဲရှိတာမလား။
ဖြေ။ ။ သူတို့မှတ်ဥာဏ်ရဲ့အမှန်တရားကိုပြန်ဖွင့်ဆိုဖို့ ဘာသာစကားရဲ့စွမ်းရည်ကိုစိမ်ခေါ်တဲ့ ကျမလို ကဗျာဆရာ၊ စာရေးဆရာတွေမှာ အကျဉ်းအကျပ် တခုထဲတော့ ကျရောက်ခဲ့တာပါပဲ။ ကျမတို့ရေးဖွဲ့တဲ့ ဘာသာစကားအခြေပြုဖန်တီးမှုတွေကို ဥရောပရသစာပေဖြစ်တဲ့ ဘာသာစကားကဗျာ (Language Poetry) နဲ့ ရောထွေးမြင်ခံရတယ်။ ကျမတို့ဖန်တီးမှုမူရင်းကတခြားဘာမှမဆိုင်တဲ့တနေရာကလာတာ။ အကြမ်းဖက်ခံရတဲ့ ဘာသာစကားနဲ့ ကြောက်မက်ဖွယ်တိတ်ဆိတ်မှုသာကြီးစိုးတဲ့ ကောမြေတခုကနေလာခဲ့တာ။ ဒါကိုလူဖြူတွေ ဥရောပသားတွေ နားလည်ဖို့မလွယ်ဘူး။ ဒါကိုသူတို့က ပို့စ်မော်ဒန်လို့မြင်ကြတယ်။
အစဉ်အလာအရ လူမည်းကဗျာဆရာတယောက်ရဲ့ တကယ့် ရပ်တည်ရင်ဆိုင်မှုတွေဟာ သူတို့လူမျိုးတွေ ကမ္ဘာသစ်ထဲအတင်းအကျပ်ရွှေ့ပြောင်းခံရတဲ့အချိန်ကစပြီးရုပ်ပိုင်းစိတ်ပိုင်း နှိပ်စက်ခံရမှုတွေကို ဆန့်ကျင်ဖော်ပြတာပဲ။ ဒီတော့ တဘက်ကကြည့်ရင် ကျမတို့ဟာ (ပုံမှန်သမရိုးကျ လူစိတ်ဝင်စားအောင် မရေးဖွဲ့သူများကိုဆိုလိုသည်) ကိုယ်ကိုယ်တိုင် ကျမတို့လူ့အဖွဲ့အစည်း (ပရိတ်သတ်နဲ့ဈေးကွက် အပါအ၀င်) ရဲ့ အမြင်မှာ တရားဝင်ဖြစ်မှုလျှော့ချခံရအောင်လုပ်နေသလိုပါပဲ။ အာဖရိက ဂီတပုံစံတခုထဲမှာ စကားလုံးတွေကိုကစားတဲ့အခါ ဘာသာစကားဟာ တိုက်ရိုက်ရလိုက်တာပေါ့။ ဘာမှပြုပြင်စီရင်စရာမလိုဘူး။
ပန်းဝါပန်းတပွင့်ဟာ ပန်းဝါပန်းတပွင့်မို့ ပန်းဝါပန်းတပွင့်သာ။*1
ကိုလိုနီနိုင်ငံတွေမှာ ကျမတို့ အင်္ဂလိပ်စာပေ ကိုလေ့လာတဲ့အခါ ဒီအရေးအသားအစား
ပန်းဝါပန်းဟာခေါင်ရမ်းပန်းမဟုတ်၊ ဂနိုင့်ကျက်သရေပန်းမဟုတ်။ ဆိုတာကမှအမှန်တရားနဲ့ အများကြီးပိုနီးစပ်လာတယ်။
မေး။ ။ ကျနော်ခင်ဗျားဆိုလိုချင်တာကိုနားလည်ရဲ့လားမသေချာဘူး။
ဖြေ။ ။ ကာရစ်ဘီယံမှာကျမတို့သင်ခဲ့တဲ့အင်္ဂလိပ်စာပေမှာအချက်အချာကျတဲ့ပုံရိပ်တခုရှိတယ်ဆိုရင် ဒါဟာ ပန်းဝါပန်းပဲ။ ကျောင်းတိုင်းမှာကျောင်းသားတွေ တချိန်မှာတော့ ၀ါ့ဒ်ဝါ့သ် (Wordsworth) ရဲ့ ပန်းဝါပန်း (Daffodil) ကိုသင်ကြရတယ်။ ကျမတိုအားလုံးနီးပါး ဒီပန်းကိုမမြင်ဘူးကြဘူး။ ဒါပေမဲ့ ကျမတို့အနာဂတ်ဟာ တခါမှမမြင်ဘူးတဲ့ ဒီဘာမှမဟုတ်တဲ့ ပန်းတွေအပေါ်ရေးဖွဲ့နိုင်မှုပေါ်မူတည်ခဲ့တယ်။
မေး။ ။ အင်း ကျနော်မြင်ပြီ။
ဖြေ။ ။ တကယ်သာ ကျမအနေနဲ့ဒီပန်းကို ဂျက်ဇ်နဲ့ဖန်တီး၊ (ဂီတနဲ့ကစား) ခွင့်ရမယ်ဆိုရင် ခုလိုမျိုးဆန်ဆန်လုပ်မိမှာပဲ။
“ပန်းဝါပန်းတပွင့်မဟုတ်
ဆိုတာ
နှင့် မဟုတ်
ဆိုတာ - “*2
ကျမအနေနဲ့ ခုလိုဘာသာစကားရဲ့တည်ဆောက်ပုံကို ဖျက်ပစ်ပြီး
ပန်းဝါပန်းရဲ့ပုံရိပ်ကိုမတည်ငြိမ်အောင် လုပ်ဖို့ ပိုစိတ်ဝင်စားမိမှာပဲ။ ဒါပေမဲ့ အာဖရိကန်တွေရဲ့လက်ရှိနာကျင်မှုတွေအတွက်အရေးတကြီးလိုအပ်နေတာကတော့ ဒီလိုစကားလုံးတွေနဲ့ကစားတာမျိုး ဖြစ်ချင်မှတော့ဖြစ်မယ်။ ကျမတို့ကြုံခဲ့ရတဲ့အဆုံးအရှုံးနဲ့စာရင် ခုလိုရေးဖွဲ့တာဟာ ဘာမှမလေးနက်သလို အမြင်ခံရနိုင်တယ်။ ကမ္ဘာသစ်ထဲ ကျမတို့တွေရဲ့ ဂျက်ဇ်ဂီတလို ဆန်းပြားတဲ့ ဂီတ ဘာသာစကားနဲ့ အင်္ဂလိပ်စာ စာပေအနုပညာ ဘာသာစကားကြားမှာ ခုထိတော့ အပြိုင်ထားပြီး နှိုင်းယှဉ်ကြည့်မခံရသေးပါဘူး။ ဂီတ၊ အာဖရိအခြေခံဂီတ တီးမှုတ်ဖျော်ဖြေမှုတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ရဲ့စရိုက်လကဏ္ခာတရပ်အနေနဲ့သတ်မှတ်မခံရသေးပါဘူး။ တဘက်မှာတော့ ရှင် အင်္ဂလိပ်လို ပြင်သစ်လို စပိန်လို လူဖြူတွေလို သေသေချာချာပြောနိုင် ရေးနိုင်ရင် လူကြီးလူကောင်းပဲ။ ဒါဆိုရင် ရှင်နဲ့ ရှင့်အာဖရိကန်ညီအကိုမောင်နှမတွေကြားအတားအဆီးတခု၊ အကွာအဝေးတခုရှိသွားပြီ။ လောလောဆယ်အငြင်းအခုံဖြစ်နေတဲ့ အီဘိုးနစ် (Ebonics ။ အာဖရိကန်အမေရိကန်အင်္ဂလိပ်စာ စကား ကို လူမည်းအင်္ဂလိပ်ဘာသာစကား/အာဖရိကန်ဒိုင်ယာလက် တခုအဖြစ်တရားဝင်အသိအမှတ်ပြုခြင်း) ကိစ္စဟာ လူဖြူအသိုင်းအ၀ိုင်းကဘာသာစကားနဲ့ပါတ်သက်လို့ နဲနဲပြောင်းလဲလက်ခံလာတယ်လို့တော့ပြောနိုင်တယ်။
ခုထိတော့ ကျမတို့အာဖရိကန် တော်တော်များများဟာ အင်္ဂလိပ်ဘာသာစကားကိုကုန်ကြမ်းတခုလို၊ ခွဲစိတ်ထုဆစ် ပြန်ပြီးချောမွေ့အောင်ပုံဖော်ရဦးမဲ့ ကျောက်ရိုင်းတုံးတခုလိုမမြင်နိုင်ကြသေးဘူး။
မေး။ ။ ခင်ဗျားလက်ရာတွေကို ပို့စ်မော်ဒန်အနုပညာတခုအဖြစ်ဖော်ပြလို့ သတ်မှတ်လို့ရမလား
ဖြေ။ ။ ရှင် အဲသည်လိုဆိုချင်ရင်တော့ အဲသည်လိုပေါ့။
မေး။ ။ ခင်ဗျားဘာကိုဆိုလိုတာလည်း။
ဖြေ။ ။ နှစ်တော်တော်ကြာပြီ။ ကျမ ဥပဒေပါမောက္ခတယောက်အတန်းမှာ ဆော့ကရေးတီးနည်းနာ နဲ့ပါတ်သက်လို့တက်နေတဲ့အချိန်ပေါ့။ သူကမေးခွန်းတွေကိုဘယ်တော့မှမဖြေဘူး။ ဥပဒေပထမနှစ်ကျောင်းသား တွေကို မေးခွန်းတွေနဲ့ပါတ်သက်ပြီး သူပြန်ပြောလေ့ရှိတာတခုကတော့ မင်းဒီလိုဆိုချင်ရင်တော့ ဒီလိုပေါ့ (It is if you say it is) ပဲ။ ဒီအဖြေဟာ ကျမစာအုပ်ဖြစ်တဲ့ “She Tries Her Tongue; Her Silence Softly Breaks” ကို ပို့စ်မော်ဒန်လက်ရာလားလို့မေးတဲ့သူတွေအတွက် သင့်တော်တဲ့အဖြေပါ။ ဒါပေမဲ့ “She Tries ….” ကို ပို့စ်မော်ဒန်လက်ရာတခုအနေနဲ့ပဲမြင်ပြီးကြည့်မယ်ဆိုရင်တော့သူ့ဆိုလိုရင်းအခြားအချက်တော်တော်များများနဲ့ လွဲချော်သွားမှာပဲ။ ခုအသုံးတွင်ကျယ်လာတဲ့ ပို့စ်မော်ဒန်စကားလုံးရဲ့ အခင်းအကျင်းတွေဟာ ကာရေဘီယံဝန်းကျင်မှာ ဟိုးအရင်တည်းက ရှိခဲ့ပြီးသားလို့ သဘောပေါက်မထားခဲ့ဘူးဆိုရင်ပေါ့။
မေး။ ။ ကုဒ်တွေအပြောင်းအလဲလုပ်တာ၊ နမူနာပုံစံတွေထုတ်တာ၊ တီထွင်ဖန်တီးတာ တွေဟာ ပို့စ်မော်ဒန်သမားတွေရဲ့ထင်ရှားတဲ့အမှတ်အသားတွေပဲမဟုတ်ဘူးလား။
ဖြေ။ ။ ကာရေဘီယံမှာလည်းဒါမျိုးတွေရှိတယ်။ အရမ်းကိုကွဲတဲ့ အခြေအနေတခုမှာပေါ့။ ကွဲပြားတဲ့အခြေအနေတခု၊ အာဖရိကန်၊ ယူရိုပီယန်၊ အေးရှန်း ပြီးတော့ ကပြားတွေ သွေးနှောတွေ အားလုံး တပြိုင်နက်တည်း ဖြစ်နေရှိနေတဲ့အခြေအနေတခု။ ဒါပေမဲ့ ကျမကောင်းကောင်းနားလည်ထားတာ တခုတော့ရှိပါတယ်။ သမိုင်းလိုပဲ စာရေးဆရာဟာသေဆုံးသွားပြီ။ ကျမရည်ရွယ်လိုရင်းတွေဟာ အဝေးကိုလွင့်ပါးမှိန်ဖျော့သွားနေတယ်ဆိုတာ။
မေး။ ။ အားလုံးတော့မဟုတ်ဘူးပေါ့လေ။
ဖြေ။ ။ ကျမရိုးရိုးလေးပြောချင်တာဒီလိုပါ။ ကျမလက်ရာဟာဘဲတကောင်နဲ့တူချင်တူမယ်။ ဘဲလိုလျှောက်တယ်။ ဘဲလိုတောင်ပြောချင်ပြောမယ်။ ဒါပေမဲ့ ဘဲတော့မဟုတ်ဘူး။ ဒီဖန်တီးမှုရဲ့ နက်ရှိုင်းတဲ့ ပုံသဏန်ဟာ အာဖရိကန်ကာရေဘီယံကလာတာ။ ဒီစာအုပ်ထဲဖန်တီးထားတဲ့ ဟိုက်ပါတက်စ်၊ မာတီကုဒ်၊ အဆိုအမိန့်တွေ၊ အသံပေါင်းစုံ ထောင့်ပေါင်းစုံ ဟာ စာဖတ်သူကို ပို့စ်မော်ဒန်လက်ရာတခုအဖြစ်မြင်စေလိမ့်မယ်။ ဒါပေမဲ့ ကျမပြောချင်တာက နှစ်ခုတွဲပြီးဖြစ်နေတယ်။ ဒီဖန်တီးမှုဟာ တပြိုင်တည်းမှာ ပို့စ်မော်ဒန်လည်းဖြစ်တယ်။ အခြားပုံစံတခုအဖြစ်လည်း ကွဲထွက်နေတယ်။
မော်ဒန်ဝါဒဟာ အခြေခံ မှာတော့ အနောက်တိုင်း ဥရောပ အခြေအနေတွေကထွက်လာတာ လို့နားလည် ထားကြတယ်။ ဒါကို တတိယကမ္ဘာ ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတခု အဖြစ်တော့ မြင်မကြည့်ကြဘူး။ မော်ဒန်ကိုအနောက်ရဲ့ဖွံ့ဖြိုးလာတဲ့ ယဉ်ကျေးမှုအဖြစ်ပဲ ဂုဏ်ယူခဲ့ကြတယ်။ ပီကာဆို၊ ဘရန်ကူစီ နဲ့သူတို့အပေါင်းအဖော်တွေဟာထင်ရှားတဲ့မော်ဒန်သမားတွေပါ။ သို့ပေမယ့်လို့ သူတို့ရဲ့ အယူအဆ အတွေးအခေါ်တွေမှာ အာဖရိကနဲ့ သမုဒ္ဒရာဒေသကြီးတွေကရိုက်ခတ်ချက်တွေ၊ သြဇာလွှမ်းမိုးမှုတွေ ရှိခဲ့တယ်။ ပြီးတော့ ဂျက်ဇ်၊ ကမ္ဘာသစ်ထဲ အာဖရိကန်တွေဖန်တီးခဲ့တဲ့ ဂီတဟာ ဘ၀ရဲ့အခြေခံအမြင် အတွေး၊ စည်းချက်နဲ့တိုင်ပင် တွေကိုအပြောင်းအလဲဖြစ်စေခဲ့တယ်။
ခုတခါ မော်ဒန်ရဲ့ဆွေမျိုးသားချင်းအဖြစ် ပို့စ်မော်ဒန်ကို ကျမတို့ ဟာ ဥရောပထွက်ကုန်တခု အဖြစ်ထပ်မြင် နေကြပြန်ပြီ။ အဲသည်အမြင်မှာအခြေခံရင် ကျမလက်ရာဟာ ပို့စ်မော်ဒန်လက်ရာမဟုတ်ဘူး။ မော်ဒန်တို့ ပို့စ်မော်ဒန်တို့ကို ဥရောပကိုချီးပဖို့ မွှမ်းဖို့ဆိုတာအပြင် အာဖရိကန်ကာရေဘီယံ ရဲ့ပို့စ်မော်ဒန်လို့မြင်လာရင် ကျမလက်ရာကို ပို့စ်မော်ဒန်လို့ပြောချင်ပြောပေါ့။
မေး။ ။ ဒါဆိုခင်ဗျား ကျနော့်ကို ကာရေဘီယံကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုစေချင်သလဲ။
ဖြေ။ ။ ကာရေဘီယံကိုနားလည်ဖို့ဆိုရင် အဲသည်လူဟာ ကာရေဘီယံနဲ့ ကမ္ဘာသစ်တခုလုံးကို အဆက်မပြတ် အလုံးအရင်းနဲ့ နှောက်ယှက်ခံနေရတဲ့ဒေသတခုအဖြစ်မြင်တတ်ဖို့လိုတယ်။ ကျွန်ကုန်ကူးတဲ့စံနစ်ကြောင့် စိတ်ပိုင်းဆိုင်ရာအပြင်းအထန်ခံစားခဲ့ရတဲ့အာဖရိကန်တွေရဲ့ဘ၀ဟာ ပွင့်ထွက်ပြိုကွဲပြီးသေလုမျောပါး ဖြစ်ခဲ့ရတယ်။ အေးရှန်းတွေကိုတခါဒီဒေသထဲသွတ်သွင်းပြန်တော့ နောက်ထပ်အနှောက်အယှက်တခု ဖြစ်ခဲ့ပြန်တယ်။ (မှတ်ချက်။ အင်္ဂလိပ်တွေကအိန္ဒိယတွေကို မြန်မာပြည်ကိုလယ်ကူလီသွင်းသလိုမျိုးလုပ်ခဲ့တာကို ရည်ညွှန်းပုံရတယ်)။ ကာရေဘီယံရဲ့လူနေမှုဘ၀မှာ အဖြတ်အတောက်တွေအများကြီးကြုံခဲ့ရတယ်။ ပြိုကွဲတာ၊ ပျက်စီးတာ၊ သေဆုံးတာ၊ ပြန်လည်မွေးဖွားတာတွေ။
ရှင် မိန်းမတယောက်ရဲ့ ခန္ဓာကိုယ် ပုံရိပ်ကိုစိတ်ကူးနဲ့ ကိုင်တွယ်ကြည့်လိုက်စမ်းပါ။ လူမည်းမိန်းမတယောက်ရဲ့ ခန္ဓာကိုယ်၊ ကာရေဘီယံဒေသတခုလုံးမှာဖြစ်ပျက်နေတာတွေရဲ့ဗဟိုချက်တခုလိုသဘောထားပြီး ကိုင်ကြည့်လိုက်စမ်းပါ။ ဘာလို့လဲဆိုတော့ ကာရေဘီယံကို ကျမတို့စဉ်းစားကြည့်တဲ့အခါ ရှရာတွေ၊ ပြတ်ရာတွေ၊ ဒါဏ်ရာတွေကိုပဲ စဉ်းစားမိမှာပဲ။ ပြီးတော့ မိန်းမတယောက်ရဲ့မျိုးပွားအင်္ဂါရပ် အဲဒီထဲ သူ့အရှင်သခင်တွေရဲ့ ကိုယ်စား ကိုလံဗတ်နဲ့သံတမန်အဖွဲ့တခုလုံးဖောက်ထွင်းသွားခဲ့ပုံတွေ ရှင်စဉ်းစားမိမှာပဲ။ ဒါလူငှားသုံးပြီးစော်ကား အဓ္ဓမပြုကျင့်ခဲ့တာပဲ။ အင်္ဂလိပ်တွေအတွက်တော့ဒါနယ်မြေသစ်ရှာဖွေတဲ့ အယ်ဒိုရာဒိုပုံပြင်တခုပဲ။ ဟော့ကင်း (Hawkins) တို့ ဒရိတ် (Drake) တို့လိုပင်လယ်ဓားမြတွေဟာ သူရဲကောင်းတွေပေါ့။ တဘက်မှာဒါဟာ သေခြင်းတရား၊ ရောဂါဘယ နဲ့ ကပ်ဆိုးဘေးဆိုးတွေကိုသယ်ဆောင်လာခဲ့တာပဲ။
မေး။ ။ ဒါဟာ အရမ်း လိင်(မိန်းမ) ဆန်တဲ့ ကာရေဘီယံရဲ့ဖွင့်ဆိုချက်ပဲ ဆိုပါတော့။
ဖြေ။ ။ ဒီလိုမဟုတ်လို့ တခြားဖွင့်ဆိုစရာနည်းလမ်းကောရှိသေးလို့လား။ စဉ်းစားကြည့်၊ ကိုလံဘတ်ဟာ အယ်လီဇဘက် ဘုရင်မအုပ်ချုပ်တဲ့ စပိန်အလံကိုလွှင့်ထူပြီးရွက်လွှင့်ခဲ့တယ်။ ဟော့ကင်းတွေဟာ အယ်လီဇဘက် ဘုရင်မဆီက ကျွန်ကုန်ကူးလို့ရတဲ့ ပထမဆုံးအဖိုးအခတွေကိုယူခဲ့တယ်။ ကိုလိုနီစံနစ်စီမံကိန်းကြီးတခုလုံးမှာ ဒီလိုအာဏာပါဝါအပြည့်ရှိတဲ့မိန်းမ တွေရဲ့ပါဝင်ခဲ့တဲ့အခန်းကိုနားလည်ဖို့ အလုပ်တွေအများကြီးလုပ်ဖို့ လိုနေပါသေးတယ်။
မေး။ ။ အဲဒါကို ခင်ဗျားဖန်တီးမှုမှာဘယ်လိုပေါ်လွင်အောင်အားထုတ်ခဲ့သလဲ။ ခင်ဗျားဒါကိုကြိုးစား ကောကြည့်မိဘူးလား။
ဖြေ။ ။ ပိုင်းဖြတ်စိတ်မွှာပစ်တာတွေ၊ ကျိုးပြတ်သွားတာတွေ၊ အဆက်အစပ်မဲ့တာတွေနဲ့ပေါ့။ မဟုတ်လို့ “She tries ….” ကို ယုတ္တိကျိုးကြောင်းတကျနဲ့မျဉ်းဖြောင့်သဘောဖတ်လို့ရနိုင်တဲ့စာအုပ်တအုပ်ဖြစ်အောင် ဇွတ်အားထုတ် မယ်ဆိုရင် ကျမအတွက် ဒါဟာနောက်ထပ်ရုန်းရင်းဆန်ခတ်ဖြစ်မှုတခုပဲဖြစ်မှာ။ ပိုင်းဖြတ်စိတ်မွှာတဲ့တင်ပြပုံသည်သာလျှင်တကယ့်သမိုင်းကိုပြန်ပြောဖို့ ဆီလျှော်တဲ့ တင်ပြပုံတခုဖြစ်မှာပါ။ ရှင်ဒီလက်ရာကို တချို့ “Discourse on the logic of Language” လို ကဗျာမျိုးကလွဲလို့ ဘယ်နေရာ ဘယ်ကဗျာကမဆိုစဖတ်ကြည့်လိုက်။ ကိုလိုနီပြုမှုစီမံကိန်းတခုလုံးကို ပုံစံတမျိုးမျိုးနဲ့ဖော်ပြနေတယ်လို့ မြင်မကြည့်နိုင်ဘူးလား။
မေး။ ။ ဘယ်လိုမျိုးလဲ
ဖြေ။ ။ လူတော်တော်များများ၊ ကျမကေ့စ်မှာတော့အာဖရိကန်တွေဟာ။ အရင်ကလည်းဘာအတိတ်မှမရှိခဲ့၊ နောင်လည်းဘာအနာဂတ်မှမရှိတော့သလို တနေရာရာကနေစဖို့ အင်အားသုံးပြီးခိုင်းစေခံခဲ့ရတယ်။ ဘ၀ကို ဘယ်နေရာကမဆိုစလိုက် ဆိုတာပဲ။ ကျမစပြီးဒါကို တွန်းလှန်ချင်စိတ်၊ ချေဖျက်အားနဲချိနဲ့သွားအောင် လုပ်ပစ်ချင်စိတ်ပေါ်လာပြီး၊ ကဗျာရဲ့အသံ (Lyric Voice) ကိုပျက်စီးသွားစေချင်စိတ်တွေရှိလာခဲ့တယ်။
ဒါတကယ်တော့ကျမသမိုင်း (သူ့ဖန်တီးမှုအနုပညာသမိုင်းကိုဆိုလိုချင်ပုံပေါ်ပါသည်) ကိုထိခိုက်နိုင်ပါတယ် (ဒီဖန်တီးမှုရဲ့ဆိုးကျိုးသက်ရောက်မှုကိုပြောချင်ပုံပါ)။ ခုပြောနေတာတွေအားလုံးမှာ၊ ကျမရန်လိုနေတယ်၊ ခက်ထန်နေတယ်လို့ ရှင်ထင်ချင်လည်းထင်မယ်။ ဒါပေမဲ့ ဒါကျမတကယ်ခံစားခဲ့ရတာတွေပါ။ ကျမစဉ်းစားကြည့်မိတယ်။ ကဗျာဆရာတယောက်ရဲ့အစဉ်အလာအရ လက်ခံထားတဲ့ ခိုင်မာတဲ့အသံကို။ ဆိုကြပါစို့ ယောင်္ကျားတယောက်၊ လူဖြူယောင်္ကျား၊ သူ့လူ့အဖွဲ့အစည်းထဲ သိမြင်နှံ့စပ်မှုနဲ့ ဥာဏ်ပညာကိုထဲ့ဝင်နေတဲ့သူ၊ ပံ့ပိုးနေတဲ့သူတယောက်။ သူဟာ သူ့လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကိုကိုယ်စားပြုပြီးပြောနေတယ်။ ပြောရေးဆိုခွင့်ရသူတဦးရဲ့အသံနဲ့ပြောနေတယ်။ သူဟာ တခုခုကြောင့်သူ့လူ့အဖွဲ့အစည်းကနေပထုတ်ခံရဦးတော့ သူပြောနေတာတွေဟာတန်ဖိုးထားခံနေရတုန်းပဲ။ မြူနှင်းတွေဟာ ကာရေဘီယံမှာ ပဲဆိုဦးတော့ မြူနှင်းတွေလို့ပဲယူဆခံရသင့်တယ်မလား။ ကာရေဘီယံကလူမဲကောင်မလေးတယောက်မှာလည်း Prufrock*3 နဲ့တူညီတဲ့စိတ်လှုပ်ရှားမှုမျိုး ခံစားချက်မျိုး ရှိနိုင်တယ်လို့ယူဆခံရသင့်တယ်မလား။
မေး။ ။ ခင်ဗျား ကဗျာရဲ့အသံကို ဖျက်စီးကြည့်ဖို့ကြိုးစားတာအောင်မြင်ခဲ့လား
ဖြေ။ ။ ကျမ မသိဘူး၊ ကျမသိတာသေချာတာက ဒီအားထုတ်မှုတွေကို အစဉ်အလာအမြင်တွေနဲ့ဖတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာပဲ။ တိတ်ဆိတ်မှုတွေကိုဖော်ပြမခံရဖို့ စာမျက်နှာပေါ်မှာအဖြစ်အပျက်တွေ အများကြီးဖြစ်နေတယ်။ ဘာသာစကား၏ယုတ္တိကျမှုကိုပြောကြည့်ခြင်း (Discourse on the logic of language) ကဗျာဟာဒီပုံစံပဲ။ ကဗျာထဲ မတူတဲ့ အသံလေးခု မျက်နှာခြင်းဆိုင်စုစည်းထားတဲ့ စာမျက်နှာတွေပေါ်အော် နေတယ်။
ဒါ အော်သံနဲ့ပဲ့တင် (call and response) လို့ခေါ်တဲ့ အာဖရိက ဂီတပုံစံနည်းစံနစ်တမျိုးနဲ့ဆင်တူတယ်။ ရှေ့မျိုးဆက်က အော်သံကို ကျမတို့က တုန့်ပြန်အသံပေးတာပဲ။ အပြန်အလှန်အနေနဲ့ ကျမတို့လူသားတွေက ကျမတို့မူလဇစ်မြစ်တွေဆီ အော်သံပေးတယ်။ ကျမတို့ ဘ၀တွေထဲဝင်ရောက်ပူးပေါင်းဆောင်ရွက်ဖို့ပေါ့။ သူ့အမြီးသူပြန်မျိုနေတဲ့မြွေတကောင်ပုံနဲ့တူနေလိမ့်မယ်။ ဒီပုံစံဟာ ကဗျာတွေထဲ၊ ကဗျာတပုဒ်နဲ့တပုဒ်ကြား သုံးစွဲလို့ရတဲ့ နည်းတခုပါ။
ဒါမျိုးကို ပုံမှန်ပြေပြစ်နေတဲ့ လိုင်းရစ်ကဗျာအမျိုးအစားမှာဖော်ပြဖို့မဖြစ်နိုင်ဘူး။ ကျမကတော့ ကဗျာရဲ့အသံကို ကိုလိုနီစံနစ်အဆုံးသတ်ဖို့ ဖော်ပြတဲ့ကရိယာတန်ဆာပလာတခုအနေနဲ့မြင်တယ်။ ပြီးတော့ ရှုပ်ထွေးပြီး စိတ်ရှုတ်ထွေးမှုကိုပေးတဲ့ သမိုင်းကြောင်းထဲ ကဗျာကိုစိမ့်ဝင်အောင်အားထုတ်ခဲ့တယ်။ ပို့စ်မော်ဒန်သမားတွေပြောသလိုသမိုင်းဟာကျမအတွက်တော့ သေဆုံးမသွားသေးပါဘူး။ ကျမအမြင်အသိ မှတ်ဥာဏ်တွေအရ ဒီသမိုင်းကိုပြန်ရေးဖို့ကျမ အခွင့်အရေးတခုတော့ရချင်တယ်။ ဒီမှာအဂတိတွေ၊ ရန်လိုမှုတွေ ပါလာနိုင်တယ်လို့ယူဆမယ်ဆိုရင် ကျမတို့သမိုင်းကိုရေးခဲ့တဲ့သူတွေရဲ့အဂတိနဲ့ရန်လိုမှုလောက်တော့ပြင်းထန် မှာမဟုတ်ပါဘူး။ ဒါကိုဖတ်ပြီး စာဖတ်သူမှာတုန်လှုပ်မယ်။ စိတ်မသက်မသာဖြစ်မယ်။ မွန်းကျပ်ဆို့တက်လာမယ် ဆိုရင် ကျမအောင်မြင်မယ်ပေါ့။
မေး။ ။ ခင်ဗျား အောင်မြင်မှုကို၊ ဘယ်လို၊ စာဖတ်သူစိတ်မသက်မသာဖြစ်၊ မွန်ကျပ်တုန်လှုပ် ရတာနဲ့ ညီမျှခြင်းချပြတာလည်း။ ကျနော်နားလည်ကြည့်လို့မရဘူး။
*1
မူရင်းတွင် A daffodil is a daffodil is a daffodil ဖြစ်သည်။
ထိုပန်း၏ မြန်မာနာမည်ရှိပြီးသားလား မသေချာပါ။ အ၀ါရောင်အဆင်းရှိသည်။
“အ၀ါရောင်ပန်းများပွင့်လို့သာ ယိမ်းနွဲ့ကာရယ်၊ နှင်လေရာအသက်နဲ့ထပ်လို့သာတမ်းတနေမယ် တောင်ပေါ်သူရယ် အိမ်ပြန်ချိန်ခွဲကြရတော့ ….” အစရှိသည့် ခင်ဝမ်း၏ တောင်ပေါ်သူလွမ်းတေး သီချင်းထဲက အ၀ါရောင်ပန်းသည် daffodil ကိုရည်ရွယ်ခဲ့လေသလားမဆိုနိုင်။
*2
Is not a daffodil
is
and not
is
*3
အဲလိယော့၏ နာမည်ကြီးကဗျာတပုဒ် (The love song of J Alfred Prufrock) မှဖြစ်သည်။ စိတ်ခံစားမှုများကို တကိုယ်တည်းပြောစကား၊ သိစိတ်အလျှဉ်ရေးနည်းတို့ဖြင့်ဖွဲ့ဆိုထားသည်။ ပရူးဖရော့ခ်၏မေတ္တာတေး ဟု ဇေယျာလင်း ဘာသာပြန်ခဲ့ဘူးသည်ထင်သည်။
မှတ်ချက်။ ။ အင်တာဗျုးဖြေဆိုသူ၏မူရင်းဆိုလိုရင်းကိုမပျောက်ပျက်ရန် (တတ်နိုင်သမျှ) ကြိုးစားထားပါသည်။ စာပေဆိုင်ရာသမိုင်းကြောင်း၊ အာဖရိကသမိုင်းကြောင်းများ ကိုကြိုတင်သိရန်လိုအပ်နိုင်သည့် ဖြေဆိုမှု (အနည်းငယ်) ကိုချန်လှပ်ထားခဲ့ပါသည်။
သူတော်တော်ပြောတယ်၊ နဲနဲကျန်သေးတယ်။
KZကေ
No comments:
Post a Comment