Sunday, February 20, 2011

၁။ နိဒါန်း

၁၉၇၄။ ၄၈ နှစ်သက်တမ်းရှိသည့်ပေါ်တူဂီအာဏာရှင်ကိုစစ်တပ်ကဖြုတ်ချခဲ့သည်။ နောက်သုံးလကြာတော့ ဂရိ မှာ စစ်အာဏာရှင်စံနစ်ပြိုလဲသည်။ ၁၉၇၅ ရောက်တော့ ဖရန်စစ်စကို စပိန်မှာသေဆုံးပြီး သူ့ရဲ့ ၃၆နှစ် အာဏာရှင်စံနစ် တခန်းရပ်သည်။ နောက်သုံးနှစ်အတွင်း လက်တင်အမေရိကမှာ စစ်အုပ်ချုပ်ရေးတွေ ဖြည်းဖြည်းချင်းဆုတ်ခွာနေသည်။ ဂါနာနဲ့နိုင်ဂျီးရီးယားမှာစစ်တပ်ကရွေးကောက်ခံအရပ်သားအစိုးရတွေကို နေရာပေးသည်။ ဒီနှစ်နိုင်ငံမှာ အခြေအနေတွေကပြန်မတည်မငြိမ်ဖြစ်နေပေမဲ့ လက်တင်အမေရိက အလယ်ပိုင်းနှင့်တောင်ပိုင်း မှာဒီမိုကရေစီစံနှုန်းတွေစပြီးအထိုင်ကျလာခဲ့သည်။
၈၃ မှာတူရကီ၊ ၈၆ မှာဖိလစ်ပိုင်၊ ၈၇ မှာတောင်ကိုရီးယား ပြီးတော့ ဟန်ဂေရီ ပြီးတော့ အရှေ့ဥရောပ၊ ၁၉၈၉ ၏အထင်ကရ ဘာလင်တံတိုင်း၊ ၉၀ ကစပြီးအာဖရိကတိုက်မှာဒုတိယလွတ်မြောက်ရေးလှုပ်ရှားမှုများ (ပထမက ကိုလိုနီအောက်ကရုန်းထွက်ရတဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကိုဆိုလိုသည်) အပြီး ၁၉၉၄ တွင် ၄၇ နိုင်ငံရှိသည့်ဆပ်ဆာဟာရန်အာဖရိက (Sub-Saharan Africa) ၏ ၃၈ နိုင်ငံတွင်ပါတီစုံရွေးကောက်ပွဲတွေကျင်းပ လာနိုင်ခဲ့သည်။ (ယေဘူယျဖွင့်ဆိုချက်တွင် Sub-Saharan Africa ဆိုသည်မှာ ဆာဟာရသဲကန္တာရ၏ တောင်ပိုင်းအာဖရိကနိုင်ငံအားလုံးကို ဆိုလိုသည်။ မြောက်ပိုင်းအာဖရိကကို အာရပ်ကမ္ဘာထဲသို့သွင်းသည်။)
ပြီးတော့ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီး ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းခဲ့သည်။

၁၀စုနှစ် ၂ခုအတွင်းဒီမိုကရေစီနိုင်ငံများပေါ်ထွန်းလာခဲ့ရာ အဆိုပါအခြေနေများအားလုံးကိုခြုံပြီး ဟန်တင်တန်က တတိယလှိုင်း (the third wave) ဟုအမည်ပေးသည်။ ကမ္ဘာပေါ်တွင်ဒီမိုကရေစီလှုပ်ရှားမှု လှိုင်းများပေါ်ထွန်းခဲ့ရာ ပထမလှိုင်း (၁၉ရာစုအစောပိုင်း)၊ ဒုတိယလှိုင်း (ဒုတိယကမ္ဘာစစ်အပြီး) နှင့် တန်ပြန်လှိုင်းများရှိခဲ့ပြီး ၁၉၇၄ ပေါ်တူဂီ ကစခဲ့သည့် တတိယလှိုင်းသည် ၁၀စုနှစ် ၂ခုနီးပါးအရှိန်ရခဲ့ပြီး အားပျော့လာခဲ့သည်။
တတိယလှိုင်းအစတွင် ဒီမိုကရေစီ၃၉နိုင်ငံရှိရာမှ ၁၉၈၀မှာ ၅၂နိုင်ငံဖြစ်ပြီး ၁၉၉၀ မှာ ၇၆ နိုင်ငံဖြစ်လာခဲ့သည်။
ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းလာခဲ့သည်ဆိုသော်လည်း မူလလက်ဟောင်း စက်မှုထွန်းကားပြီး ကြွယ်ဝသောအနောက်၏ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများအတိုင်းတော့ဖြစ်မလာခဲ့။ လွတ်လပ်ပြီး မျှတသောပုံမှန်ရွေးကောက်ပွဲများမှာ ဒီမိုကရေစီ၏အခြေခံစံနှုန်းဖြစ်သော်လည်း လစ်ဘရယ်ဒီမိုကရေစီစံနှုန်းတွင် လူတဦးချင်းစီအခွင့်အရေး၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပါတီအဖွဲ့အစည်း၊ စစ်ဘက်ကိုအရပ်ဘက်အစိုးရဖွဲ့စည်းပုံ အောက်တွင်ထားရှိခြင်း၊ တရားဥပဒေစိုးမိုးမှု၊ ခိုင်မာသောအင်စတီကျုးရှင်းများ ပါဝင်သည်။
သို့ဖြစ်၍ လစ်ဘရယ်စံနှုန်းအပြည့်မရှိသေးသည့် အဆိုပါဒီမိုကရေစီနိုင်ငံများကို ရွေးကောက်ခံဒီမိုကရေစီ နိုင်ငံများဟုနာမည်ပေးကြသည်။ သို့သော် ပညာရှင်များကြားတွင်ပင် အခေါ်အဝေါ်များနှင့်ပတ်သက်ပြီး သဘောညီကြသေးသည်တော့မဟုတ်။

တတိယလှိုင်းအပြီး ဒီမိုကရေစီနိုင်ငံသစ်များပေါ်ထွန်းလာခဲ့သဖြင့် ဒီမိုကရေစီသည် ကမ္ဘာ့နိုင်ငံအများစု၏ ရွေးချယ်မှုဖြစ်လာခဲ့သည်။ သို့သော် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း တူရကီ၊ ပါကစ္စတန်၊ ပီရှုး၊ ဘရာဇီး၊ အီကွေဒေါနှင့် ဇမ်ဘီယာစသည့် တတိယလှိုင်းဒီမိုကရေစီနိုင်ငံများတွင်သာမက အိန္ဒိယ၊သိရိလကာင်္၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့တွင် လွတ်လပ်ခွင့်များလျှော့နည်းလာခဲ့သည်။ ထို့အပြင်ဒေသပေါ်မူတည် ပြီး ဒီမိုကရေစီ၏စံနှုန်းအလျှော့အတင်းကိုလည်းတွေ့ရပြန်သည်။ ဥရောပအနောက်ကို ရာနှုန်းပြည့်ယူလျှင် အမေရိကသည် ၈၉% ၊ အရှေ့ဥရောပသည် ၆၉% ၊ အာရှပိစိဖိတ်တွင် ၆၃% နှင့် အာဖရိကတွင် ၃၄% ဟုအကြမ်းဖြင်းခန့်မှန်းကြပေသည်။ တတိယလှိုင်းသည် ဒီမိုကရေစီစံနှုန်းအနေဖြင့် ကျယ်ပြန့်မှုရှိခဲ့သော်လည်း နက်ရှိုင်းမှုတွင်တော့အားနည်းခဲ့သည်။ သို့ဖြစ်၍အဆိုပါ ရွေးကောက်ခံဒီမိုကရေစီနိုင်ငံများကို လစ်ဘရယ် ဒီမိုကရေစီ စံနှုန်း အပြည့်ရစေမည့်ဖြစ်စဉ်တရပ်လိုအပ်လာသည်။
အရေးကြီးဆုံးလိုအပ်ချက်မှာအစိုးရအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းအားလုံးသည် နိုင်ငံရေးအရ တဘက်နှင့်တဘက်ယုံကြည်မှုရှိခြင်း၊ စိတ်ရှည်ခြင်း၊ တဦးနှင့်တဦး ညှိနှိုင်းဆောင်ရွက်လိုခြင်း၊ ဒီမိုကရေစီကိုသက်ဝင်ယုံကြည်မှုရှိခြင်း စသည့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားလာစေရေးဖြစ်သည်။ ထိုအချက်ကိုအကောင်အထည်ဖော်နိုင်သည့် ပိုလန်၊ ဟန်ဂေရီ နှင့် ချက် တို့၏ ဒီမိုကရေစီ တည်ဆောက်ရေး လမ်းကြောင်းသည် လက်တင်အမေရိက၊ အာရှနှင့် အာဖရိကနိုင်ငံများထက် ပိုမိုမြန်ဆန်ခဲ့ပေသည်။

KZကေ

No comments:

Post a Comment