Wednesday, June 30, 2010

၅။ ဒါဗင်ချီ၊ ဂျွန်လော့ခ်။ ပြုံးနေသောမိုနာလီဇာနှင့်ရုန်းနေသောအခြေခံဥပဒေ

ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...
ကိုလူ။ ။ ဟိုးဆရာ ရီနေးဆန်းကစကြမယ်လေ။ကျနော်တို့ကအဲဒီခေတ်ပိုင်းခြားပုံတွေနဲ့မရင်းလှဘူး။
ကိုမူ။ ။ ပြီးခဲ့တဲ့အပတ်က ကျနော်ပြောခဲ့သလိုပေါ့။ အီတာလျံတွေကစခဲ့တာ။ ဖလောရင့်ဟာ ရီနေးဆန်းမြို့တော်ပဲ။ အတော်သာယာတယ်ဆိုတယ်။ ပြင်သစ်စကား naissance ဆိုတာမွေးတာ။ re ထည့်လိုက်တော့ပြန်လည်မွေးဖွားခြင်း၊ ပြန်လည်ဆန်းသစ်ခေတ်ပဲပြောပါတော့။ အလယ်ခေတ်အနှောင်းမှာ စတည်တယ်။
ကိုလူ။ ။ ဒီပြန်လည်ဆန်းသစ်ခေတ်နဲ့ ခင်ဗျားဆရာသမားတွေရဲ့ညာဏ်အလင်းခေတ်ကဘာကွာသလဲ
ကိုမူ။ ။ ရီနေးဆန်းက အနုပညာနဲ့စီးပွားရေးကိုအလေးပေးပြီး Enlightenment ကဒဿန နဲ့ နိုင်ငံရေးဘက်ကို ကဲတယ်လို့ယေဘူယျတော့ပြောနိုင်ပါလိမ့်မယ်။
ကိုလူ။ ။ အင်း။ လီယိုနာဒိုဒါဗင်ချီ နဲ့ မိုက်ကယ်အိန်ဂျလိုဟာ ရီနေးဆန်းမင်းသားတွေပေါ့ ဟုတ်လား။
ကိုမူ။ ။ ခေတ်ပြိုင်တွေပေါ့၊ ဒါဗင်ချီရဲ့ မိုနာလီဇာကို ပါရီက Louvre လုဗ့်မှာ၊ နောက်ဆုံးညစာကို မီလန်မှာ ကြည့်ခဲ့ဖူးတယ်။ ပန်းချီနားမလည်တော့ မဝေဖန်ရဲပါဘူး။ ကြည့်ဖူးတယ်လို့ပြောနိုင်တယ်ပေါ့။ မိုက်ကယ်အိန်ဂျလိုကိုတော့ စာအုပ်တအုပ်မှာ ခဲခြစ်ပုံကြမ်းတွေ ကြည့်ဖူးတယ်မှတ်တယ်။ လေထဲပျံဖို့ဖြစ်နိုင်ခြေကိုကြံဆတယ်ဆိုလား ကျနော်သိပ်မမှတ်မိတော့ဘူး။ သူကပန်းချီအပြင် ဗိသုကာ၊ ပန်းပုဆရာ၊ ကျောက်တုံးထဲမှာပုံကရှိပြီးသား၊ သူကအပေါ်ယံကို ဖယ်ထုတ်ပြီး အတွင်းသားပုံကိုလွတ်လပ်ခွင့်ပေးတာပါ လို့ဆိုတဲ့ဆရာသမားပေါ့။ သချာင်္လည်းတော်တယ်ဆိုတယ်။
ကိုလူ။ ။ ညာဏ်အလင်းခေတ်ဆရာတွေကိုလည်းပြောပါဦး။
ကိုမူ။ ။ ရူးဆိုး၊ ကျနော်ပြောခဲ့ပြီးပါပြီ၊ ပြင်သစ်တော်လှန်ရေးကြွေးကြော်သံတွေကိုဖန်တီးခဲ့သူ။ လွတ်လပ်ခြင်း ညီမျှခြင်း ညီနောင်သားရင်းချစ်ကြည်ခြင်း ဟာ ရူးဆိုးရဲ့လက်ရာ။ ဒါ့အပြင် မွန်တက်စကျူ (Montesquieu) တို့ ဂျွန်လော့ခ်(John Locke) တို့ကိုခင်ဗျား ကြားဖူးမှာပါ။
ကိုလူ။ ။ မကြားဖူးဘူး၊ ဗော်တဲယားတောင်မှ ဇော်(ပျဉ်းမနား)ရဲ့ "ဗော်တဲယားကိုရိုက်ရင်သူ့ခေါင်းကိုမထိစေနဲ့" ဆိုလား ကဗျာတပုဒ်ထဲကစာသားကြောင့်သိတာ။ ပြီးတော့ တခါ “ခင်ဗျားပြောတာကို ကျနော်လက်မခံဘူး၊ ဒါပေမဲ့ခင်ဗျားပြောချင်တာ ပြောခွင့်ရဖို့ကိုတော့ကျနော်အသက်ပေးဝံ့ပါတယ်” ဆိုတဲ့သူ့အပြောကိုတော့ သဘောကျလှတယ်။ မွန်တက်စကျူ ကဘယ်သူလဲ။
ကိုမူ။ ။ နိုင်ငံတော်အာဏာကို Executive, Legislative နဲ့ Judicial လို့သုံးပိုင်းခွဲသင့်ကြောင်းတင်ပြခဲ့ သူပေါ့။ ဒီအတွေးအခေါ်ဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသြဇာသက်ရောက်ခဲ့တယ်။ အာဏာဟာ လူကိုပျက်စီးစေတယ်။ အကြွင်းမဲ့အာဏာဟာလူကိုအကြွင်းမဲ့ပျက်စီးစေတယ် ဆိုတယ်မဟုတ်လား။ အာဏာရဲ့သဘောဟာ သူ့ကိုသူနဲ့ပဲပြန်ထိန်းကျောင်းနိုင်တာပါပဲ။ ဒီတော့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး နဲ့ တရားစီရင်ရေး ကိုသီးခြားဖြစ် စေချင်တဲ့ (Division of Power) ကိုတင်ပြခဲ့တဲ့ မွန်တက်စကျူ ရဲ့နိုင်ငံရေး တွေးခေါ်မျှော်မြင်မှု ကိုခင်ဗျားခန့်မှန်းနိုင် လောက်ရောပေါ့။
ကိုလူ။ ။ လူတယောက်၊ အဖွဲ့အစည်းတခုဆီမှာ အာဏာတရပ်လုံးပေးမထားချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုပဲ အာဏာသုံးရပ်နဲ့ခွဲဝေ ထားတယ်။ ဒါကိုပဲ ဒီမိုကရေစီရဲ့ဒေါက်သုံးဒေါက်လို့ကျနော်တို့နားလည်ထားကြပါတယ်။
ကိုမူ။ ။ ဒါနဲ့မပြီးဘူး၊ အမေရိကန်တွေအင်္ဂလိပ်တွေဆီကလွတ်လပ်ရေးရတော့ မြောက်ပိုင်းပြည်နယ် ၁၃ခုရှိတယ်။ အဲဒါကိုဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်သူတို့စီစဉ်ခဲ့တာ။ ပြောချင်တာက သူတို့ဟာ အာဏာကို နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့်ဆိုပြီးကိုထပ်ခွဲထားသေးတယ်။ ဗဟိုမှာစုမနေအောင်လို့ Decentralization လုပ်ထားတာပေါ့။ စာပေမှာလို ခေါင်းစဉ်ကနေ တပုဒ်လုံးကိုချုပ်မထားချင်လို့ ဖြည်ထားတာ။ ခင်ဗျားတို့ ပို့စ်မော်ဒန်သမားတွေဒါတွေနားလည်ပါတယ်။
ကိုလူ။ ။ ကောင်းပြီ အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီသွားဖို့ ကြိုးစားနေတဲ့နိုင်ငံတွေမှာ ဥပဒေအရကိုအာဏာကို တဘက်ထဲထိုးပေး ထားတာကိုရောဘယ်လိုသဘော ထားမလဲ။
ကိုမူ။ ။ ကျနော်က ဟာဘားမားဆီကိုသွားတာ လမ်းနဲနဲချော်ပြီး အိုဘားမားဆီရောက်သွားတာပြန်လှည့်မလို့ပါ။ ခင်ဗျားက ကိုဘားမားဘက်ဆွဲကွေ့ပြီပဲ။ အင်းပေါ့လေ ဒါဟာ ၂၀၁၀ ရဲ့စိန်ခေါ်နေတဲ့မေးခွန်းတခုဖြစ်နေတာကိုး။ ၁၈ရာစု ကုန်ခါနီးဆွဲခဲ့တဲ့ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရာစု၂ဆက်ကိုဖြတ်သန်းလာခဲ့တယ်။ Addendum တွေရှိတယ်။ Social Change အနေနဲ့ ကျွန်စံနစ်ဖျက်သိမ်းတာတို့ လူမဲအခွင့်အရေးတို့ ဆိုတာတွေပေါ်လာတယ်။ ဥပဒေတွေပြင်တယ်။ သို့သော် ကျောရိုးကမပြောင်းဘူး။ အစကောင်းခဲ့တာကိုး။ ကျနော်တို့ဆီမှာ ဒီဥပဒေနဲ့ ၂၀၁၀ ကိုဖြတ်သန်းဖို့ ဘယ်အနေအထားကြောင့်ပဲဖြစ်ဖြစ် လက်ခံသူတွေဟာ ကျောရိုးမှာကိုအားနားချက်တွေရှိနေတယ်။ အခြားလုပ်ဆောင် စရာတွေလုပ်နေရင်းမှာပဲ ဒါကိုတနေ့ပြန်ပြင်ရမယ်ဆိုတဲ့ အသိတခုတော့အနိမ့်ဆုံးသွင်းထားဖို့လိုမယ်။ သမိုင်းပေးတာဝန် လို့ခင်ဗျားပြောချင်လည်းပြောပေါ့။
ကိုလူ။ ။ ကိုယ့်လူကပျော့လှပါလား။
ကိုမူ။ ။ ကျနော်ကလည်းပြင်းချင်ပါတယ်။ သီးခြားပြောကြသေးတာပေါ့လေ။ ရှေ့ဆက်တက်မယ်ဆိုရင် ကျနော် ဂျွန်လော့ခ် (John Locke) ကိုနဲနဲပြောပြီးဖြတ်တော့မယ်။
ကိုလူ။ ။ ဆက်ပါ ဆက်ပါ။
ကိုမူ။ ။ သူ့ကိုလစ်ဘရယ်ဝါဒရဲ့ဖခင်ကြီးလို့သတ်မှတ်ခံရပါတယ်။ အမေရိကန် တော်လှန်ရေးနဲ့နိုင်ငံထူထောင်သူတွေဖြစ်တဲ့
ဂျော့ခ်ျဝါရှင်တန် (Gorge Washington)၊ ဘင်ဂျမင်ဖရင်ကလန် (Benjamin Frinklin) တို့ အထူးသဖြင့် ဂျိမ်းစ်မေဒီဆန် (James Madison)တို့ သောမတ်ဂျက်ဖာဆန် (Thomas Jefferson) တို့နဲ့သူတို့ဦးဆောင်ရေးဆွဲတဲ့ အခြေခံဥပဒေဟာ ဂျွန်လော့ခ် ရဲ့အတွေးအခေါ်စိတ်ပုတီးမှာ ရိပ်ကြီးခိုခဲ့ကြတာပါ။
ကိုလူ။ ။ ကောင်းပြီလေ။ ရီနေးဆန်းကနေတည်ပြီး ကိုယ့်လူက Enlightenment နဲ့အမေရိကန်ဥပဒေချီးမွမ်းခန်းဖွင့်လိုက်တာကိုး။ ခင်ဗျား ဂျာမန်ကြီး ဂျာဂန်ဟာဘားမား ကိုဆက်ပါဦး။ ခင်ဗျားစပြောတဲ့ လူမှုသီအိုရီရဲ့ပထမပြဿနာဆိုတာ။
ကိုမူ။ ။ လူမှုသီအိုရီရဲ့ပထမပြဿနာက လူရဲ့ပြုမူလုပ်ဆောင်ပုံကိုနားလည်ဖို့ ခက်ခဲတာပဲ။ ဆိုလိုတာကဗျာ...

ဆက်ပါဦးမည်
KZကေ

Sunday, June 20, 2010

သမီးတနေ့ဖတ်ဖို့ တိုးမြစ်ရေဆန်

အံ့အားသင့်စရာမဟုတ်ပေမဲ့ သမီးကိုဇွန်၁၉မှာမွေးခဲ့ပါတယ်။
အဲဒီတုန်းကကျနော်တို့နယ်မှာနေကြတာပါ၊
“ပုသိမ်ကိုပြန်မလော့တွေးတော့ ရွေးမြစ်ကယ်ပြင်စလူနဲ့ ဧရာသူဖျာပုံမွေးတယ်
ဘိုလေးမှာသက်ကယ်ဝယ်လို့ လက်မလွယ်ကိုသံဒိရယ်နဲ့ တိုးလို့ထွက်ပြေး”။
ဒါက ကျနော်ငယ်ငယ်က ပထီဝီနိုင်ငံရေးတို့ ပထ၀ီ တေဇော အာပေါ ၀ါယော တို့ မကြားဘူးခင် ဧရာဝတီမြစ်လက်တက်တွေကိုမှတ်မိအောင်ကျက်တဲ့ ကဗျာလေးတပုဒ်ပါ။
ကြီးလာတော့ “ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန် လွန်းတောင်ပေါ်ကမုတ်သုံ ယုံကြည်တတ်ရင် ဒါရင်ခုန်မြင့်မြတ်” လို့ ကိုအောင်းဝေးက ယာမာဂူချီ ခင်ဆွေရီ မှာစာဖွဲ့ထားတာကိုနှစ်သက်ခဲ့သူဖေဖေက သမီးမွေးတော့ တိုးမြစ်ပြင်ပေါ်ကညတွေနဲ့ နုငယ်သော သမီးလေး လှုပ်ခတ်တဲ့ ဘ၀အစကို ကြည့်မောကြည်နူးခဲ့ရပါတယ်။
မုတ္တမပင်လယ်ကွေ့မှာလေးပတ်၊ နောင်နှစ်များကြာတော့ နာဂစ်ကမွှေနှောက်ခြောက်ခြားခဲ့တဲ့ မြို့ငယ်လေးမှာ လေးပတ်။ လေးပတ်လုပ် လေးပတ်နားနဲ့ သမီးမွေးခါနီးတော့ ရန်ကုန်ကျောက်မြောင်းမှာ ကျနော်တို့အခန်းငှားပါတယ်။ သူ့ကိုကို လို ကန်တော်ကြီး ဆေးခန်းမှာ မွေးဖို့ပါ။ အခြေအနေတွေအရ ဆာကူရာမှာမွေးဖို့ဖြစ်လာပါတယ်။
သမီး၁နှစ်မှာ ကျနော့်အလုပ်ကရန်ကုန်မှာနေဖို့ဖြစ်လာပါတယ်။ ဒီတော့လည်းပြောင်းပေါ့၊ ကျနော်တို့ပြောင်းတော့
ခု တိုးမြစ်ပြင်ပေါ်ခံ့ငြားနေတဲ့ မြစ်ကူးတံတားကမရှိသေးပါဘူး။
ရှိစုမဲ့စု ပစ္စည်းတွေကိုသဘောင်္နဲ့ ရန်ကုန်ကိုသယ်ပါတယ်။ အဲဒီတုန်းက ခြေသလုံးအိမ်တိုင်စားသောက်ဆိုင်များ လို့ ကဗျာတပုဒ်မှာကျနော်ရက်ရက်စက်စက်စာဖွဲ့ခဲ့တဲ့ တိုးမြစ်ကမ်းတနေရာက ဆိုင်တဆိုင်မှာညလုံးပေါက်နီးပါး
ထိုင်ပြီးကျနော်တို့သဘောင်္စောင့်ခဲ့တာခုစာရေးရင်းသတိရမိနေပါတယ်။
ရန်ကုန်မှာနေလို့မှ ၂နှစ်မပြည့်ခင် ကျော်ကြားသောအမြင့်တခုရဲ့ထိပ်ဖျားကိုငါတက်ခဲ့တယ်၊ အီဖယ် အို အသင်….. အစရှိသည်ဖြင့် ကျနော်ကဗျာရေး ခဲ့သော ကမ္ဘာကျော်မြို့တော်တခုကိုသွားရပါတယ်။ ရေခြားမြေခြား သမီးလေး ဘာသာစကားအသစ် ကျောင်းအသစ်မှာ ရုန်းကန်ခဲ့ရတာကို ခုနေပြန်တွေးတော့သနားနေမိပါတယ်။
သမီးက သူ့စရိုက်နဲ့တူပါတယ်၊ ဖိအားပေးတိုင်းမရွေ့ပါဘူး။ ခုခေတ်ပြောနေတဲ့ စမတ်ပါဝါကို သုံးတိုင်းလည်းမရပါဘူး။
သူ့ဆရာမနာမည်က ရိုဝယ်တဲ့၊ ခလေးတွေကိုကြင်နာပြီး နားလည်မှုပေးတဲ့ဆရာမတယောက်ပုံစံပါ။
သို့ပေမဲ့ သမီးနဲ့ပါတ်သက်ပြီး ကျနော်ကျောင်းကိုသွားတွေ့ရတာတွေရှိပါတယ်။ အဓိက ကပြောတိုင်းမလုပ်တာပါ။
ကျနော် အလုပ်က အဲဒီမြေကြီးထဲရွေ့လျားနေတဲ့ဓါတ်သတ္တုတွေအကြောင်းနဲ့ဆက်စပ်ပါတယ်။ ဥရောပဆောင်းရာသီကိုအံတုထားတဲ့ ကြွက်တွင်းလိုမြေအောက်လမ်းကြောင်းတွေနဲ့သဘာဝဓါတ်ငွေ့၊ ဆောင်းငွေ့
နှင်းမှုန်၊ ခဲနေတဲ့စိတ်ကူးတွေကြားမှာပဲ ကျနော်တို့နောက်တမြို့ကိုပြောင်းခဲ့ကြပါတယ်။ သမီးငါးနှစ်။
ခေတ်ဆိုးကြီးက သတင်းဆိုးတွေအကြောင်းပြောပါတယ်။ ဥရောပရဲ့အနွေးထည်အထပ်ထပ်ကြားမှာ ပဲချွေးစို့ခဲ့ရတဲ့ သတင်းတွေကိုနားဆင်ရင်း သမီးလေးမျိုးခြားဘာသာစကားကိုလည်ပတ်စွာပြောနိုင်တာကို ငေးကြည့်ရင်း ရန်ကုန်ပြန်ဖို့ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ မေ နာဂစ် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရေသန့်ဘူးတွေကိုလက်ပေါက်အောင်သယ်ရင်း တာပေါ်လင်ဖျင်စတွေထမ်းချရင်း မြန်မာစည်ဘီယာအခါးကိုသောက်ရင်း ကျနော်ဟာစိတ်ကူးထဲကတော်လှန်ရေးကို ခေတ္တပဲဖြစ်ဖြစ် နှုတ်ဆက်ခဲ့ပါတယ်။ နောက်တော့ အဘူမိဒေါ နဲ့ အဘီဆစ်၊ နောက်တော့လီကွမ်ယူနဲ့ ဘယ်တော့ရီချ လိုက်မယ်မှန်း မသိရဘူးလို့ သူငယ်ချင်းတယောက်ကဝေဖန်ခဲ့တဲ့ လီရှန်လွန်း၊ ပေါက်ဈေးရတိုင်းကျနော် လိုက်မယ်လို့ သွားခဲ့တဲ့နေရာတိုင်းမိသားစုနဲ့အတူ သမီးလေးပါခဲ့ရတယ်။
စင်ကာပူရောက်တော့ပထမအပတ်မှာပဲ ဒီကျောင်းကိုသမီးမတက်ချင်တော့ဘူးလို့ ပြောပြီးငိုတော့ ကျနော့်မှာ
စိတ်မကောင်းဖြစ်ရတယ်၊ ခုတော့နဲနဲနေသားကျလာပြီဆိုပေမဲ့၊ ဖေဖေ သမီးပြောတဲ့အင်္ဂလိပ်စကားကိုသူတို့ နားမလည်လို့ သူတို့နားလည်တဲ့ အင်္ဂလိပ်စကားကိုပြောရတယ်လို့ဆိုတော့ ကျနော့်မှာ ဘာပြန်ဖြေသိမ့်ရမယ်မှန်း မသိရပါ။
ကမ္ဘာဟာရှုတ်ထွေးတယ်သမီးလေးရယ်၊ ဖေဖေမျှော်လင့်ထားတာထက်ပိုပြီးကွေ့ကောက်နေတာပါပဲ။ ဖေဖေကတော့ တဂိုးကဗျာကိုဆရာမြဘာသာပြန်သလို ရွှံ့ရုပ်တွေနဲ့ဆော့တဲ့အတတ်ပညာကိုမေ့လျော့ခဲ့ပါပြီ။
သမီးကိုဖေဖေဘာဖြစ်စေချင်လည်းဆိုရင် သမီးဖြစ်ချင်တာပါ၊ အဲဒါကို သမီးကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အထိ ဖေဖေ ထိန်းကျောင်းရပါလိမ့်မယ်။
သမီးထက်နဲနဲအသက်ပိုမယ့်သမီးလေးတယောက်ရှိတဲ့ ဖေ့ဖေ့သူငယ်ချင်းတယောက်က တခါကစာရေးတယ်။
ကြွေနေတဲ့ပန်းလေးများလိုက်ကောက်ခြင်းမှာပျော်တတ်တဲ့ရိုးသားမှုကို ဘယ်လိုလူ့လောကစည်းစိမ်အတွက် မှမစတေးနဲ့ ဆိုတဲ့သီချင်းကို သူ့သမီးလေးမွေးနေ့မှာဆိုခဲ့တယ်ဆိုပဲ။
ဖေဖေတော့ဘာဆုတောင်းပေးရမယ် မဝေခွဲတတ်ပါဘူး။ ရိုးသားပြီးမျှတသော စိတ်ကူးတခုသမီးမှာရှိလျှင်ဖေဖေ ဖြည့်စည်းပေးဖို့ပါပဲ၊
ကိုယ် စိတ် နှလုံး သုံးပါးစလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် ဘ၀ကို သမီးလေး ရင်ဆိုင်ခံစားပျော်ရွှင်နိုင်ပါစေ။

တနေ့သမီးလေးကြီးမြင့်လာလို့ ဘလော့တွေဖတ်တတ်လာတဲ့အခါဖတ်ဖို့သမီးမွေးနေ့မှာဖေဖေရေးပါတယ်။

ချစ်သောဖေဖေ
KZကေ

Thursday, June 10, 2010

၎။ လူထုစုဝေး(သို့) ရီနေးဆန်းကောင်းကင်မှလစ်ဘရယ်လရောင်နု

ဟာဘားမားကို၁၉၂၉ ခုတွင်ဂျာမနီနိုင်ငံ ဒူးဆဲဒေါ့ မြို့တွင်မွေးသည်။ အာဒိုးနိုး၏ လက်ထောက်အဖြစ် (၁၉၅၆ - ၅၉ ) ထိလုပ်ခဲ့သည်။
၁၉၆၄ တွင်ဖရင့်ဖတ်ကျောင်း၌ Philosophy နှင့် Sociology ဋ္ဌာနတွင်ပါမောက္ခ ဖြစ်သည်။ Starnberg ၏ Max Planck Institute တွင်အတိုင်းအတာတခုထိတာဝန်ထမ်းဆောင်ခဲ့ပြီး ဖရင့်ဖတ်ကို၁၉၈၂တွင်ပြန်ရောက်သည်။ အငြိမ်းစားယူသည့် ၁၉၉၄အထိဖရင့်ဖတ်မှမခွာတော့ပေ။ ထင်ရှားသည့် ကျမ်းမှာ The Structural Transformation of the Public Sphere နှင့် The Theory of Communicative Action တို့ဖြစ်သည်။
ပထမစာအုပ်ကို ၁၉၆၂တွင်ဂျာမာန်ဘာသာနှင့်ရေးသားခဲ့သော်လည်း အင်္ဂလိပ်ဘာသာသို့ ၁၉၈၉မှသာပြန်ဆိုနိုင်ခဲ့သည်။ လူထုစုဝေး (Public Sphere) သဘောမှာ ဥရောပ၏ ပြန်လည်ဆန်းသစ်ကာလ (Renaissance) ကိုအခြေခံသည်။ ကော်ဖီဆိုင်မှာကုန်သည်တွေစုမိပြီးဈေးကွက်ကို စနည်းနာသည်။ ပင်လယ်ကိုဖြတ်နေတဲ့ဂျုံတွေ ကမ်းကပ်တဲ့အခါဖြစ်နိုင်မဲ့ဈေးတွေကို ဆေးလိပ်ငွေ့တွေနဲ့အတူပုံဖော်ကြသည်။ အနုပညာသမားတွေက လမ်းဘေးကဖေးလေးငါထိုင်ငေး သီချင်းကိုဖွင့်ခိုင်းပြီး စာအုပ်တွေဖတ် ပြဇတ်တွေကြည့်ပြီး လေပန်းကြသည်။ ဒီမှာ လူထုကဖြည်းဖြည်းချင်းစုမိလာသည်။ အုပ်ချုပ်ရေးယန္တရားကိုထင်မြင်ချက် တွေပေးသည်။ အားပြိုင်သည်။ ယဉ်ကျေးမှုအဟောင်းကို မွှသည်။ အတွေးအခေါ်အဟောင်းကိုဆွသည်။ ကော်ဖီဆိုရင်ခါးခါးသောက်မိတယ် ဆိုသည့်အီတာလျံတွေ အက်ပရက်ဆို၊ မာတီနီ တို့နှင့်မြည်းကြသောသတင်းတွေ ကိုဆွေးနွေးဖို့၊ တရားထောက်ဖို့၊ နတ်ကရာကြည့်မောဖို့ စုမိသော ဘူဇွာလူထုယဉ်ကျေးမှုသည် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ စသည့်အနောက်ဥရောပနှင့် အမေရိကားကိုပြန့်ခဲ့သည်။ ၁၈နှင့်၁၉ ရာစုနှစ်၂ခုနီးပါးကြာအရှိန်ရှိခဲ့သည်။ မော်ဒန်ခေတ်ဦးကိုဖန်တီးခဲ့သည်။ ဒီမိုကရေစီအခြေခံကိုသွန်းထုခဲ့သည်။ ဒါက ဟာဘားမား၏နုစဉ်က Public Sphere နှင့်ပတ်သက်သောအတွေးအခေါ်ဖြစ်သည်။
သူညွှန်းသည့်လူထုစုဝေးမှာ အပေါ်လွှာတွေများသည်။ ရေပေါ်ဆီစီးပွားရေးသမားတွေ၊ လူပေါ်ကြော့တွေခံစားသည့်အနုပညာ ဖန်တီးသူတွေမျှသာ၊ အားလုံးကိုခြုံယူ လောက်အောင်ကျယ်ပြန့်မှုမရှိ စသည်ဖြင့်ဝေဖန်ခံရသည်။ သို့ပေမဲ့ဟာဘာမားကဒီ Public Sphere ရဲ့အကျိုးဆက်သည် စက်မှုအရင်းရှင်စံနစ်မတိုင်မီ အရင်းရှင်ခေတ်ဦးကိုမွေးဖွားပေးခဲ့ပြီး ဥါဏ်အလင်းပွင့်ခေတ် တွေးခေါ်ရှင်များအတွက် လစ်ဘရယ်မျိုးစေ့ကိုချပေးခဲ့သည်ဟုကောက်ချက်ဆွဲသည်။
ဥါဏ်အလင်းခေတ်တွေးခေါ်ရှင်တွေယူဆခဲ့သည့် ဆင်ခြင်ဥါဏ်ပညာဖြင့် လွတ်လပ်ပြီးပျော်ရွှင်ဖွယ် လူ့ဘောင်ကိုဖန်တီးနိုင်မည်ဆိုသည့်အချက်ကိုသူ့ရှေ့ကဆရာတွေဖြစ်သည့် ဟော့ကိုင်းမားနှင့် အာဒိုနိုး၊ နောက်ဆုံး မားကူ့စ် ကပါမှားသည်ဟုဆိုသည်။ မော်ဒန်အရင်းရှင်ခေတ်နှင့်ဗျုရိုကရေစီယန္တရား၏ခိုင်မြဲသည့်ထိန်းကွပ်မှုသည်ဖျက်စီးဖို့မလွယ်။ မက်စ်ဝက်ဘာ (Max Weber) ပြောခဲ့သလို ကြောင်းကျိုးဆီလျော်မှုနှင့်ထိန်းထားသည့် သိပံ္ပနှင့် ဆင်ခြေနည်းလမ်းကျအဖွဲ့အစည်းများသည် လူသားကို မော်ဒန်ဖြစ်မှုသံလှောင်ချိုင့် (Iron Cage of Modernity) ထဲကိုပင်ပို့ခဲ့သည် ဆိုသည့်မှတ်ချက်ကိုသူတို့လက်ခံခဲ့တော့သည်။ သူတို့နှင့်မတူသည့်အချက်မှာ ဟာဘားမားက Reason ကိုမပယ်။ Rationality ကိုမပယ်။ ဆင်ခြင်တုံတရားနှင့်ပြည့်စုံသည့် လွတ်လပ်သောလူ့အဖွဲ့အစည်းသည်ဖြစ်နိုင်ခြေရှိသည်ဟုတောက်လျောက်လက်ခံထားသူဖြစ်သည်။ ဥါဏ်အလင်းပွင့်ခေတ်ကစတည်ခဲ့သည့် မော်ဒန်လူ့အဖွဲ့အစည်းစီမံကိန်းသည် မပြီးဆုံးသေး၊ ဆက်ရဦးမည်ဟုဆိုသည်။ ထို့ကြောင့်ပင် သူ့ကိုပေါ်ထွန်းသမျှ တွေးခေါ်ရှင်များအားလုံးတွင် အကြီးမြင့်ဆုံး ဆင်ခြင်တုံတရားဝါဒီဟုဆိုကြခြင်းဖြစ်သည်။
The Theory of Communicative Action (၁၉၈၁) ထွက်လာတော့ နိုင်ငံရေးတွေးခေါ်ရှင်အသိုင်းအ၀ိုင်းက ဟာဘားမား၏ မြင့်မားရင့်ကျက်လာမှုကိုလုံးလုံးလျားလျားအသိအမှတ်ပြုခဲ့သည်။ Public Sphere နှင့် Communicative Action ကြား နှစ်၂၀နီးပါးကွာဟ မှုတွင်ဟာဘားမားစံနစ်တကျတင်ပြလာသည်မှာ လူမှုသီအိုရီ၏ အရေးပါသောပြဿနာသုံးရပ်ဖြစ်သည်။

ကျန်ရှိနေသောငြီးငွေ့ဖွယ်ရာများဖြင့်
သင်ကောင်းသော်လည်းကျွန်နူပ်ဆိုးရပါဦးမည်
KZကေ

Friday, May 28, 2010

၃။ လူသား၏အခြားမျက်နှာစာများပျောက်ဆုံးခြင်း

ကိုလူ။ ။ ဒီတပတ်တော့ Critical Theory အကြောင်းနဲနဲထပ်ပြောကြည့်ပါလား
ကိုမူ။ ။ Critical Theory က ၂မျိုးကွဲနေတယ်။ စာပေဝေဖန်ရေးဘက်ကိုလေ့လာပုံကတပိုင်း၊ Social Theory အနေနဲ့လေ့လာပုံကတပိုင်းပေါ့။ ကျနော်တို့က ဖရင့်ဖတ်ကျောင်းအကြောင်းပြောနေကြတာ ဆိုတော့စာပေဝေဖန်ရေးရှုထောင့်ကလေ့လာမှာမဟုတ်ဘူးဆိုတာတော့ကနဦးနားလည်ထားကြရမယ်။
ကိုလူ။ ။ အင်း ခင်ဗျား Neo – Marxian တွေအကြောင်းပြောချင်နေတယ်လို့တော့ အကြမ်းဖျင်းနားလည် ထားပါတယ်။
ကိုမူ။ ။ Habermas တို့ကို Neo – Marxian လို့ပြောလို့ရသလားဆိုတာကျနော်တော့သိပ်မသေချာဘူး။ စာပေဘက်ကလေ့လာမယ်ဆိုရင်လည်း Critical Theory ဟာ Structuralism, Post-structuralism, Deconstruction နဲ့ Postmodernism စတဲ့စိတ်ဝင်စားစရာတွေဘက်ကိုနွယ်သွားမှာပါ။
ကိုလူ။ ။ စလက်စနဲ့ Sociology ဘက်ကအပိုင်းကိုပဲ အရင်ပြောပါဦး။
ကိုမူ။ ။ အဓိက အကျဆုံးကတော့ လူသားကိုဖိနှိပ်မှုပုံစံအမျိုးမျိုးကလွတ်မြောက်ပြီး ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတခုကိုထူထောင်ဖို့ ရည်ရွယ်တာပါပဲ။ ဟော့ကိုင်းမားရှေ့မှာ ဖရင့်ဖတ်ကျောင်းစတင် ခဲ့သူတချို့ရှိပေမဲ့ အရမ်းရှေ့တိုးလွန်းရင်လည်းဒီဘက်ပိုင်းကိုရောက်ဖို့ကကြာမယ်။ ဟောကိုင်းမားပြောခဲ့တာတခုက လူ့အဖွဲ့အစည်းရဲ့စီးပွားရေးဘ၀၊ လူတဦးချင်းရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကိုယဉ်ကျေးမှုအ၀န်းအ၀ိုင်းထဲပုံစံကူးပြောင်းတာတွေ၊ ဒီကြားကအဆက်အစပ်ကိုလေ့လာတာ၊ သိပ္ပံ၊ အနုပညာ၊ ဘာသာတရားဆိုတာတွေအပြင် ဥပဒေ၊ ကိုယ်ကျင့်တရား၊ ဖက်ရှင်၊ အားကစား၊ လူထုသဘောထား၊ လူနေမှုပုံစံ တွေကိုပါလေ့လာတာ၊ လူ့အဖွဲ့အစည်းကိုဘက်ပေါင်းစုံကလေ့လာပြီး သာယာ တဲ့လူ့အဖွဲ့အစည်းတခုကိုတည်ဆောက်ဖို့စဉ်းစားတာ Critical Theory ပါပဲ။
ကိုလူ။ ။ မာ့က်စ်တုန်းကတော့ လူတဦးချင်းနဲ့သူတို့ရဲ့ လူမှုဘ၀စိတ်ခံစားမှုတွေကိုပယ်ထားခဲ့တယ်နော်။
ကိုမူ။ ။ ဒီလိုပြောလို့ရပါလိမ့်မယ်။ မာ့က်စ်ရဲ့ Dialectical Materialism (အနုပဋ္ဋိလောမရုပ်ဝါဒ) နဲ့တော့ကွဲသွားတာပေါ့။ သို့သော် ဟော့ကိုင်းမား၊ အာဒိုးနိုးတို့နဲ့မတူတဲ့ ဖရင့်ဖတ်ဂိုဏ်းထဲကပဲ နာမည်ကြီးတယောက်ရှိသေးတယ်။ သူက Herbert Marcuse (1898 – 1979)။ သူ့ကိုလည်းထဲ့ပြောရပါ လိမ့်မယ်။
ကိုလူ။ ။ အရေးကြီးမယ်ထင်တဲ့အစမှန်သမျှတော့ဆွဲထုတ်သွားပေါ့လေ။ ကျန်တာတွေကတော့ တဦးနဲ့တဦး စိတ်ဝင်စားပုံကိုမူ တည်ပြီး ဆက်လေ့လာကြရမှာပေါ့။ လေ့လာပုံလည်းကွဲနိုင်ပါတယ်။
ကိုမူ။ ။ မားကူ့စ် ကဖရင့်ဖတ်ကျောင်းကို ၁၉၃၃ မှာစရောက်တယ်။ သူလည်းဂျုးစပ်တော့ ဟော့ကိုင်းမားတို့ အာဒိုးနိုးတို့နဲ့အတူတူ အမေရိကားကိုပါသွားတယ်။ သူတို့တွေနယူးယော့က ကိုလံဘီယာတက္ကသိုလ်မှာ ဖရင့်ဖတ် ကိုဆက်အသက်သွင်းကြတယ်။
ကိုလူ။ ။ သူကအမေရိကန်ထောက်လှမ်းရေးမှာဝင်လုပ်သေးတယ်လို့ကြားဖူးသလိုပဲ။
ကိုမူ။ ။ ဟော့ကိုင်းမားနဲ့အာဒိုနို ဂျာမနီကိုပြန်လာတော့ သူကအမေရိကားမှာကျန်နေခဲ့တယ်။ ခင်ဗျားပြောတဲ့ American Intelligence နဲ့ State Department အတွက်အလုပ်လုပ်ပေးတာ ဟာနောက်ပိုင်း သူ့နောက်လိုက်တွေ ကျောင်းသားတွေ အတွက်စိတ်အနှောင့်အယှက်တော့ဖြစ်ခဲ့တယ်ဆိုတယ်။ သူ့အယူအဆနဲ့ အရေးအသားတွေဟာ New Left လှုပ်ရှားမှုတွေအတွက်ဦးဆောင်မှုပေးနိုင်ခဲ့တယ်။ ဥရောပမှာနာဇီတွေစစ်ရှုံးတော့ အုပ်ချုပ်ခံလူတန်းစားကို အစွမ်းကုန်ဖိနှိပ်ခဲ့တဲ့ ဖက်ဆစ်စံနစ်ဟာ ကျဆုံးသွားတယ်ဆိုပေမယ့် အလုပ်သမား လူတန်းစားဟာ အရင်းရှင်စံနစ်ရဲ့ သက်တောင့် သက်သာအခိုင်းစေခံဘ၀ (comfortable slavery) ကနေမလွတ်မြောက်ခဲ့ကြဘူး။
ကိုလူ။ ။ လူတွေဟာသူတို့လက်ရှိဘ၀ကိုအမှန်အတိုင်းနားမလည်နိုင်ပဲ အရင်းရှင်စံနစ်ရဲ့ လိမ္မာပါးနပ်တဲ့ လှည့်စားမှုအောက်မှာကမ္ဘာကြီးကိုပြောင်းလဲလိုစိတ်တွေပျောက်သွားတယ်ဆိုပါတော့။
ကိုမူ။ ။ ဟော့ကိုင်းမားနဲ့အာဒိုးနိုး တို့ကဒီအနေအထားမှာ တော်လှန်ရေး ကိုမြင်ကြည့်လို့မရတော့ဘူး။ စိတ်ပျက်အားလျော့သွားခဲ့ကြတယ်။ ဒီသဘောကို The Dialectics of Enlightenment မှာတွေ့ရတယ်။ သို့သော် မားကူ့စ်ကလက်မလျှော့ဘူး။
ကိုလူ။ ။ လုပ်ပါဦး ခင်ဗျား မားကူ့စ်ကြီးကတော်လှန်ရေးအတွက်ဘယ်လိုမျှော်လင့်ချက်အသစ်တွေပေးခဲ့သလဲ။
ကိုမူ။ ။ သူကဖရွိုက်ဒ် (Sigmund Freud) နဲ့ မာ့က်စ် ကိုရောဖို့လုပ်လာတယ်။ ဖရွိုက်ဒ် ကိုပြန်အသက်သွင်း လာတာ ဖရင့်ဖတ် အတွက်တော့အသစ်မဟုတ်ပါဘူး။ ဒါပေမဲ့မားကူ့စ်လောက်တော့ဘယ်သူမှထဲထဲဝင်ဝင် မလုပ်ခဲ့ကြဘူး။
ကိုလူ။ ။ ဖရွိုက်ကိုတော့ကျနော်ကြားဘူးတယ်။ သူက မသိစိတ် (Unconscious Mind) နဲ့နာမည်ကြီးတာပဲ။ Psychoanalysis ပညာရှင်၊ ဒါကိုမာ့က်စ် ရဲ့ Materialism နဲ့ ဘယ်လိုပေါင်းတာလဲ။
ကိုမူ။ ။ ဖရွိုက်ဒ် ကတော့ရှင်းတယ်။ လူ့ဘ၀ကိုမောင်းနှင်တဲ့အခြေခံအင်အားဟာ လိင်စိတ်ပဲ။ Sexual Desire ဒါအခြေခံပဲ။ လူ့ယဉ်ကျေးမှုမြင့်လာတာနဲ့အမျှ ဒီလိင်စိတ်ဟာ ဖိနှိပ်ခံလာရတယ်။ ဒါမရှောင်လွဲနိုင်ဘူး။ လူ့အဖွဲ့စည်း တခုဟာယဉ်ကျေးမှုမြင့်မားလာလေလေ ဒီလိင်စိတ်ဟာဖိနှိပ်ခံလာရလေလေပဲ၊ ဒီလိုဆိုတယ်။
ကိုလူ။ ။ ဆိုတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတခုပေးဆပ်ရတဲ့တန်ရာတန်ဖိုးက လိင်စိတ်ဖိနှိပ်ခံရလို့ပေါ်လာ တဲ့မပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုပဲလို့ပြောချင်တာလား။
ကိုမူ။ ။ ဒါကိုမားကူ့စ်ကလက်မခံဘူး။ လူ့ယဉ်ကျေးမှုအတွက်လိင်စိတ်ဖိနှိပ်ခံရတယ်ဆိုတာ မပြည့်စုံတဲ့အချိန် မှာတော့ဖြစ်ကောင်းဖြစ်မယ်။ ခုလိုအနောက်ရဲ့ကြွယ်ဝချမ်းသာနေချိန်မှာတော့ ဒါမလိုအပ်တော့ဘူးလို့ဆိုတယ်။
နည်းပညာ၊ ကုန်ပစ္စည်း နဲ့ ဈေးပေါတဲ့ဖျော်ဖြေမှုပုံစံတွေကြောင့် စစ်ပြီးခေတ်အရင်းရှင်စံနစ်အောက်မှာ လူသား ဟာခေတ်ပြောင်းတော်လှန်ရေးစေ့ဆော်မှုတွေပျောက်ဆုံးသွားတယ်၊ ပိုပြီးဖိနှိပ်ခံရဖို့ဖြစ်လာတယ်။ သူတို့ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးပေါ်လာတဲ့ ဆန္ဒတွေအပေါ်မှာကို ဝေဖန်သုံးသပ်မှုတွေ ပျောက်ဆုံးလာတော့တယ်။ အကျိုးဆက်က လူသားဟာ ကျဉ်းမြောင်းတဲ့ နေ့စဉ်လူ့ဘ၀ကိုဖြတ်သန်းခြင်း ဆိုတဲ့ မျက်နှာစာ တဘက်တည်းမှာပဲ သူ့ဘ၀ကိုမျှောသွားနေတော့တယ်။ မော်ဒန်လူ့အဖွဲ့အစည်းထဲက မော်ဒန်လူသား ရဲ့ ယျေဘူယျပုံစံလို့သူ့ရဲ့ထင်ရှား တဲ့ One Dimensional Man (1964) မှာတင်ပြခဲ့တယ်။
ကိုလူ။ ။ ဒါဆိုသူက ကွန်မြူနစ်လူ့အဖွဲ့အစည်းကော၊ အရင်းရှင်လူ့အဖွဲ့အစည်း ကောနှစ်ခု စလုံးကို ဝေဖန်ခဲ့တာပေါ့။
ကိုမူ။ ။ ဒါကြောင့်သူ့ကိုလည်းနှစ်ဘက်စလုံးကပြန်တိုက်ခိုက်ခဲ့ကြတာပေါ့။ သူကတော်လှန်ရေးအတွက် မာ့က်စ်ပြောခဲ့တဲ့အလုပ်သမားလူတန်းစားအစား ကျောင်းသား၊ အမျိုးသမီး၊ လူမည်း၊ Gay ၊ ဆင်းရဲသားတွေ ကသာ အတွေးအခေါ်အရကော လှုပ်ရှားမှုအရပါ အရေးပါလာခဲ့မယ်ဆိုတယ်။ မာ့က်စ်ရဲ့ နိုင်ငံရေးဘောဂဗေဒ ထဲကိုဖရွိုက်ရဲ့စိတ်သရုပ်ခွဲပညာကိုပေါင်းစပ်ချင်တယ်။ ဒါကြောင့်မာ့က်စ်ဝါဒီတွေကမကြိုက်ကြဘူး။ တဘက်မှာလည်း လက်ရှိသိပ္ပံနဲ့နည်းပညာ လူ့အဖွဲ့အစည်းကိုသူမကြိုက်ပေမဲ့ ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ တိကျတဲ့အတွေးအခေါ်တခုကိုမပေးနိုင်ခဲ့ဘူးလို့ ဝေဖန်ခံရပါတယ်။
ကိုလူ။ ။ ဟာဘားမားကျတော့သူတို့တွေနဲ့ဘာကွာသလဲ၊ သူကခုထိသက်ရှိထင်ရှားရှိနေတာနော်။
ကိုမူ။ ။ ဖရင့်ဖတ်ကျောင်း၊ ဝေဖန်ရေးသီအိုရီ နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးတွေးခေါ်ရှင်တွေဟာ မာ့က်ကိုလက်ရှိ လူ့အဖွဲ့အစည်းနဲ့ လိုက်ဖက်တဲ့အတွေးအခေါ်တစ်ရပ်ဖြစ်လာအောင်ပြန်ပြီးအားထုတ်ကြတာပါပဲ။ ဟော့ကိုင်းမားနဲ့အာဒိုးနိုး ပြီးတော့ သူတို့ရဲ့ ဥါဏ်အလင်းခေတ်ရဲ့ဒိုင်ယာလက်တစ်။ မားကူ့စ် နဲ့သူ့ရဲ့ မျက်နှာစာတဘက်တည်းရှိသောလူသား၊ ဒါတွေကိုအကြမ်းဖျင်းသိထားမှသာ လက်ရှိသွားနေတဲ့ ဟာဘားမားတို့ လမ်းကြောင်းကို ပိုနားလည်လာမှာပါ။

KZကေ

Thursday, May 27, 2010

မေရေ.....မေလရဲ့နွေရက်ရှည်

မင်းအပေါ့စွန့်တဲ့ခွက်ထဲမှာငါရေလာမကူးဘူး
ငါ့ရေကူးကန်ထဲမှာ အပေါ့လာမစွန့်ပါနဲ့
မင်းဆေးလိပ်ပြာခွက်ထဲမှာ ငါ ရှုးရှုးမသွားဘူး
ငါ ရှုးရှုးသွားတဲ့ခွက်ထဲမှာ စီးကရက်အစီခံတွေပစ်မသွားပါနဲ့
နံရံရဲ့ဆယ်ပေအမြင့်က စာတကြောင်း
ဒီအထိရောက်အောင်လှမ်း ပန်းနိုင်ရင်
ခင်ဗျားကို ကျနော်တို့ အရံမီးသတ်တပ်ဖွဲ့ကအလိုရှိနေပါတယ်၊
ဝင်းမောင်ကဗျာတပိုင်းတစ ခုတလောငါသတိရလှ
“၀ဋ္ဋ်ဒုက္ခဟာရေမီးအစုံအလင်နဲ့”
အာဏာနဲ့ငွေဟာ ဂရိဘာသာစကားပဲ
ငါက မြန်မာလိုကို လူနားလည်အောင် ကောင်းကောင်းရေးတတ်တာမဟုတ်
မဖြစ်ဘူး ကိုယ်ကောင်းလျှင်ခေါင်းမရွေ့ဘူးဆိုသော်လည်း
အနဲဆုံး ဓါတ်ကြီးလေးပါးလောက်တော့ ကိုးကွယ်ပါမှ၊
မေ ၂၀၀၈ ထဲက ရှုထားတဲ့အသက်
ခုထိပြန်မထွက်ဘူး။

KZကေ

Tuesday, May 18, 2010

၂။ သမိုင်းကြောင်လိမ်လှေခါးပေါ်က ဒိုင်ယာလက်တစ်

ကိုလူ။ ။ ဖရင့်ဖတ်အကြောင်းကြားတော့ကြားဖူးနေတယ်။ မေးချင်တာလေးတွေလည်းရှိနေတယ်ဗျ။
ဒိုင်ယာလက်တစ် ကပဲစလိုက်ရအောင်။ ခင်ဗျားရှင်းထားလို့ Thesis ၊ Antithesis နဲ့ Synthesis ကိုတော့သဘောပေါက်သလိုရှိသွားပြီ။ ဒါပေမဲ့ ခုခေတ် ပို့စ်မော်ဒန်သမားတွေက Dialectic ကိုခေတ်ကုန်သွား ပြီပြောနေကြတယ်ဆို။
ကိုမူ။ ။ အင်း ဒီလိုဗျ။ ကျနော်တို့ခုသိသလောက်မှာဒိုင်ယာလက်တစ်ဟာ မရပ်တော့ဘူး။ ခင်ဗျား သမူဟ ရပြီးတာနဲ့ မူလ ပြန်ဖြစ်ပြန်ရော။ အဆင့်တခုတော့ မြင့်တက် ဒါမှမဟုတ်ပြောင်းသွားတာတော့ရှိတာပေါ့လေ။ ဒီမှာ နောက်ပိုင်းတွေးခေါ်ရှင်တွေက အဖြစ်အပျက်အားလုံး သူ့ဂွင်ထဲကိုသွင်းပြီးရှင်းတယ်။ ဒိုင်ယာလက်တစ်ဟာ အားလုံးကိုချုပ်ထားတယ်။ သူ့အပြင်ဖက်ကနေထွက်တွေးလို့ ရှင်းလို့ကော မရနိုင်ဘူးလား စသည်ဖြင့် ကြံဆလာကြတယ်။
ကိုလူ။ ။ တရုတ်သိုင်းကားထဲကလိုဆို စူ့ထက်စူ လူစွမ်းကောင်းတွေပေါ်လာတာပေါ့။ ဆက်ပါဦး။
ကိုမူ။ ။ အဓိက ကတော့ ပြင်သစ်တွေပဲ၊ Gorges Bataille (ဂျော့ခ်ျဘာတိုင်းယီ) နဲ့ Baudrillard (ဘိုးဒရီးယား)နောက်ကဆရာကခုခေတ်မှာပိုအပြောများလာတယ်။ (နီးစပ်အောင်မှန်း အသံထွက် ထားပါသည်၊ ပြင်သစ်က ILL သုံးလုံးတွဲကို ယပက်လက်သံ ယူပါသည်)
ကိုလူ။ ။ Bataille ကိုစပြောဗျာ
ကိုမူ။ ။ သူပြောတာက မော်ဒန်လူ့အဖွဲ့အစည်းဟာ အသုံးဝင်မှုနောက်ကိုပဲလိုက်တယ်။ လက်တွေ့ကျတယ်၊ အသုံးတဲ့တယ်ဆိုရင်ပြီးရောဆိုပဲ။ အဓိကခြင်းရာ ၂ရပ်ရှိမယ်။ ကုန်ပစ္စည်း ထုတ်လုပ်ရေးနဲ့သိုမှီးရေး (Production and Conservation of goods) လူ့ဘ၀ရဲ့ ပြန်လည်ထုတ်လုပ်ခြင်း နဲ့ ထိမ်းသိမ်းထားခြင်း (Reproduction and Conservation of human life) လို့ဆိုတယ်။ စားသုံးမှု (Consumption) ဟာလိုသလောက်ပဲဖြစ်ရမယ်တဲ့။ ဒါပေမဲ့ သူမြင်တာက စားသုံးမှုမှာနှစ်ပိုင်းကွဲနေတယ်။ လူဟာသူ့ဘ၀ကိုဆက်လက်မောင်းနှင်ဖို့လိုအပ်တဲ့စွမ်းအင် အတွက်စားသုံးတာကတပိုင်း၊ ဆော့ဖို့ ပျော်ပါးဖို့ စစ်ပွဲ စတာတွေအတွက် အပိုဖြုန်းတီးဖို့ (Unproductive Expenditure) သုံးစွဲတာကတပိုင်း၊ လို့ဆိုတယ်။ ဒီလို process (မူလမှသည်သမူဟထိဖြစ်စဉ်) ထဲမှာ ပြုန်းတီးသွားတာတွေဟာ ဒိုင်ယာလက်တစ်လို ခိုင်မတ်ကျပ်တည်းတဲ့ အတွေးအခေါ်ဘောင် ထဲကိုပြန်သွင်း လို့မရနိုင်ဘူးလို့ကောက်ချက်ဆွဲတယ်။ အသုံးအဖြုန်း (Expenditure) ဟာဒိုင်ယာလက်တစ် ကိုအာခံတယ် လို့ဆိုတယ်။
ကိုလူ။ ။ သိပ်မရှင်းဘူး။ ခုတချို့လူတွေပြောနေတဲ့ အဖြူမဟုတ်ရင်အမဲဖြစ်ရမယ် ဆိုတာမရှိတော့ဘူး။ မမှန်တိုင်းမှားရမလား၊ မချစ်တိုင်းမုန်းရမှာလားပေါ့။ ဒီလိုဒွိစုံ နှစ်ခုကြားထဲမှာ ပြတ်ပြတ်သားသား ဆန့်ကျင်ဘက်မဟုတ်တဲ့ ဇုန်တွေ နယ်တွေ ရှိနေတယ်ဆိုတာကမှ နဲနဲနားလည်သလိုရှိသေးတယ်။
ကိုမူ။ ။ Bataille ကဟေဂယ်ကိုဝေဖန်ခဲ့တဲ့ ဒီအပျိုးပေါ်မှာ အခြေခံပြီး ဘိုးဒရီးယားက မာ့က်စ်ကို ဆက်ဝေဖန်တယ်။ Dialectic ဟာခုခေတ်ပြဿနာ တွေကိုရှင်းဖို့ ဘောင်ကျဉ်းနေပြီ ဆိုတဲ့သဘောပဲ၊ သူ့ရဲ့ စားသုံးသူလူ့အဖွဲ့အစည်း (Consumer’s Society) စာအုပ်မှာ ဘာတိုင်းယီ ရဲ့ expenditure နဲ့ waste ကိုရှင်းထားတယ်လို့ဆိုတယ်။
ကိုလူ။ ။ ထားတော့ ဖြည်းဖြည်းချင်းတော့ဇတ်ရည်လည်လာမယ်လို့ယူဆရမှာပဲ။ ဒိုင်ယာလက်တစ်ကိုတခြား ဖြည့်စွက်ပြောချင်တာများရှိသေးသလား။
ကိုမူ။ ။ ပြင်သစ်တော်လှန်ရေးရဲ့ကြွေးကြော်သံတွေခင်ဗျားမှတ်မိသေးလား။
ကိုလူ။ ။ လွတ်လပ်ရေး (freedom)။ ညီမျှရေး(equality) နဲ့ ညီရင်းအကိုဖြစ်ရေး (fraternity)။ အရေးထဲခင်ဗျားကသမိုင်းစာမေးပွဲလာစစ်နေပြန်ပါပြီ။
ကိုမူ။ ။ ဟုတ်ပြီ။ လွတ်လပ်ခြင်းဆိုရာမှာ ပုဂ္ဂလိက (individual) သဘောကကပ်ပါလာတယ်။ ညီမျှခြင်းကျတော့ နိုင်ငံတော်ရဲ့(state) အခန်းကပါလာတယ်။ ဒီမှာ ညီရင်းအကိုဖြစ်ခြင်းကျတော့ ကျနော်တို့ ဘယ်ထဲသွင်းရင်ကောင်းမလဲ
ကိုလူ။ ။ သူက အဖွဲ့အစည်းသဘောထဲသွင်းရမယ်ထင်တယ်။ Community အဲ ကြီးလာရင်တော့ Society ပေါ့။ တဦးချင်းနဲ့နိုင်ငံတော်ရဲ့ကြားမှာရှိမယ်။ လူ့အဖွဲ့အစည်း ငြိမ်းချမ်းမှ ညီညွတ်မှ ညီရင်းအကိုဖြစ်နိုင်မယ်မဟုတ်လား။
ကိုမူ။ ။ ခုအင်္ဂလန်မှာ လေဘာနဲ့ကွန်ဆာဗေးတစ်မှာ လေဘာကလက်ဝဲယိမ်းတော့ နိုင်ငံတော်ချုပ်ကိုင်မှုကိုအားသာတယ်။ Equilityကိုအသားပေးတယ်။ ကွန်ဆာဗေးတစ်တွေက လက်ယာသမားတွေ တဦးချင်းလွတ်လပ်ခွင့်ကိုပိုအခွင့်ပေးတယ်။ Freedomပေါ့။ မတူကြဘူး၊ တူတာက ဒိုင်ယာလက်တစ်ကိုသူတို့သုံးတဲ့ အခါ စတည်တဲ့ Thesis (မူလ) တွေမှာ လေဘာက freedom ညီမျှခြင်း၊ ကွန်ဆာဗေးတစ်က equility လွတ်လပ်ခြင်း။ ပြီးတော့ antithesis ကျတော့နှစ်ဘက်စလုံးက fraternity ကိုယူကျတယ်။
ကိုလူ။ ။ ကွန်မြူနတီကို တဦးချင်းအတွက် နိုင်ငံတော်အတွက် ဘုံဆန့်ကျင်ဘက်ယူပြီး သမူဟကို ရှာတယ်တဲ့လား။
ကိုမူ။ ။ ဒါအခု အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေးဗစ်ကင်မရွန်းရဲ့အကြံပေးတဦးဖြစ်တဲ့ Danny Kruger ရဲ့ ၂၀၀၆ က စာတမ်း။ Right Dialectic ထဲကအယူအဆပါ။ Community ၊ Society ရှင်းအောင်ပြောရရင် ခုအပြောများလာတဲ့ Civil Society (အရပ်ဘက်လူ့အဖွဲ့အစည်း) ဒီနယ်ကိုရတဲ့သူ နိုင်ငံတော်ရှုထောင့်ကပဲကြည့်ကြည့် လူတဦးချင်းရှုထောင့်ကပဲကြည့်ကြည့် အောင်ပွဲရမယ်လို့ဆိုတယ်။
ကိုလူ။ ။ ခင်ဗျားဆိုချင်တာက အကြံပေးကောင်းလို့ ဒိုင်ယာလက်တစ်ပိုင်လို့ ကင်မရွန်းဝန်ကြီးချုပ် ဖြစ်တယ် ပြောချင်တာလား
ကိုမူ။ ။ မဟုတ်ဘူး။ တဘက်နဲ့တဘက်ထိပ်တိုက်တွေ့နေတဲ့ binary politics မှာကိုယ်က၀င်တိုးခွင့် မသာတဲ့အခါ ကြားနယ်တခုမှာဝင်ခိုရတတ်တယ်။ တတ်နိုင်သမျှရှေ့ကိုကြိုတွေးပြီး ကြိုအထိုင်ချထားဖို့လိုတယ်။ အချိန်ရွေးချယ်တတ်ဖို့လိုတယ်ဗျာ။ ခင်ဗျားပြောစေချင်တဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိကလိုနေတာ Fraternity ပဲ။ ညီရင်းအကိုဖြစ်ရေးပဲ။ အဖွဲ့အစည်းတွေရဲ့ အတွင်းစည်းမှာကော အပြင်စည်းမှာပါ လိုနေတာ။ ဖက်ဒရယ်စည်းမှာရော နိုင်ငံတော်စည်းမှာရောလိုနေတာ ဒါပဲ။
လူမှုရေးကိုကြားခံလိုက်တဲ့ နိုင်ငံရေးတခုရှိလာတော့မယ်။ နိုင်ငံတော်ဘက်ကဒါကို ကိုယ့်နိုင်ငံရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး Civil Society ရဲ့အင်အားကြီးထွားဖို့ကိုခွင့်ပြုရမယ်။ အနုစိတ်နိုင်ငံရေး Micropolitics နယ်ကိုကျယ်စေရမယ်။ Community ဘက်ကပြန်ကြည့်ရင်ရည်ရွယ်ချက်ကတော့အတူတူပဲ။ ဒီမိုကရေစီပန်းတိုင်ကိုသွားချင်တာ။ ဒါပေမဲ့ ဂွင်ကပြောင်းသွားပြီ။ ကိုယ်ရပ်ရမဲ့ ground ကပြောင်းသွားသလို ကိုယ်ဖြည်ရမဲ့ frame ကလည်းပြောင်းနေပြီ။ နောက်အရေးကြီးတဲ့ ကွဲလွဲချက်တခုလည်းရှိနေတယ်။
ကိုလူ။ ။ ဆက်ပါဦး
ကိုမူ။ ။ ကျနော်တို့ဆီမှာ တခြားနိုင်ငံတွေလိုတဦးချင်းစီကလွတ်လပ်ခွင့်ကိုပြောတယ် ဆိုတာမှန်ပေမဲ့ State က ကျတော့ Equility ကိုပြောတာမဟုတ်ဘူး။ Stability ကိုပြောနေတာ။ ဒါကိုလည်းသတိမလစ်စေချင်ဘူး။

ဆက်ပါမည်
KZကေ

Thursday, May 13, 2010

၁။ ပွင့်သစ်စ ဖရင့်ဖတ်ကျောင်းတော်

ဖရင့်ဖတ်ကျောင်းတော်ကိုမိတ်ဆက်လျှင် ဟေဂယ် (၁၇၇၀-၁၈၃၈)နှင့် ကားလ်မာက့်စ်(၁၈၁၈-၁၈၈၃) ကိုချန်ထားလို့မရ။ နာမည်ကျော်ဒိုင်ယာလက်တစ်ကိုဟေဂယ်ကစခဲ့ပြီး မာ့က်စ်က ကမ္ဘာကျော်စေခဲ့သည်။
Thesis, Antithesis နှင့် Synthesis ကိုမြန်မာပညာရှင်တို့က မူလ၊ပဋိမူလနှင့် သမူဟ ဟုဘာသာပြန်ခဲ့ကြသည်။
အဆိုတခုကိုဆန့်ကျင်ဘက်အယူအဆနှင့်ထိပ်တိုက်တွေ့စေပြီး၊ ထိုနှစ်ခုငြင်းဆန်တွန်းတိုက်ပြီးနောက်၊ စုစည်းပြီးအတွေးအခေါ်သစ်တခုကိုရမည်၊ ယင်းစုစည်းမိသော Synthesis သည် မူလ (thesis) ပြန်ဖြစ်လာပြီး ပဋိမူလ (antithesis) နှင့်ပြန်တွေ့၊ ပြီးတဖန်ထိုနှစ်ခုပေါင်းစပ်ရင်း Synthesis ဖြစ်ပြန်၊ ဒီလိုနှင့်သမိုင်းသည်ဆင့်ကဲတိုးတက်လာခဲ့သည်ဆိုသည်၊
ဟေဂယ်၏ဒိုင်ယာလက်တစ်တွင် မာ့က်စ်က Class Struggle ကိုထဲ့ပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်သည် ဆာ့တ်ကို ဖယ်လိုက်လျှင် မျက်မှောက်ပို့စ်မော်ဒန်ခေတ်တွင် ထိပ်ကပြေးနေသည့် ပြင်သစ်အတွေးအခေါ် ပညာရှင်များကို အများဆုံး သြဇာညောင်းခဲ့သူတဦးဖြစ်ပြီး မာ့က်စ် ဟူဆိုလိုက်လျှင်အနောက်တကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်စေခဲ့သူ တွေးခေါ်ပညာရှင်တဦးအဖြစ်သိရှိထားကြသည်၊
ဆက်စပ်ပြီးပြောရသော် သမိုင်းကိုနိဂုံးချုပ်ပြီဆိုသော ဖူကူယားမားသည် ဟေဂယ်လီယန်မာ့က်စစ်(Hegelian – Marxist) ဖြစ်သည်။
ဖရင့်ဖတ်ကျောင်းကိုစသူက မက်စ်ဟောကိုင်းမား (Max Horkheimer 1895 – 1973) ဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး စီးပွားပျက်ကပ်ဖြစ်ပြီး ၁၉၃၀ ပြည့်များတွင် Critical Theory ကိုစခဲ့သည်။ အထက်မှာဆိုခဲ့သော ဟေဂယ်နှင့် မာ့က်စ် ၏ ဒိုင်ယာလက်တစ်ကိုအခြားဘာသာရပ်များဖြစ်သည့် စိတ်သရုပ်ခွဲပညာ၊မနုဿဗေဒ၊လူမှုဗေဒဘာသာ ရပ်များနှင့် စုစည်းပုံဖော်ဖို့ကြိုးစားခြင်းဖြစ်သည်။
Critical Theory ကိုအဓိကပုံဖော်သည့်သွင်ပြင်လေးချက် မှာ Interdisciplinary, Reflective, Dialectical နဲ့ Critical တို့ဖြစ်သည်။ ဖရင့်ဖတ်ကျောင်းတော်သားများက ကျင့်ဝတ်၊ ဘာသာတရား၊ သိပ္ပံ၊ ကျိုးကြောင်းဆင်ခြင် မှုစသည် တို့ကို ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ (Interdisciplinary) မှလေ့လာခဲ့ကြသည်။ ထိုခေတ်အခါက တွင်ကျယ်နေသည့် သဘာဝသိပ္ပံကို လက်တွေ့အတွေ့အကြုံ သိပ္ပံနည်းကျစမ်းသတ်ချက်များဖြင့်သာ မှန်ကန်စွာ နားလည်နိုင်သည်ဆိုသည့် (Empirical Approach) မှခွဲထွက်ခဲ့ခြင်းလည်းဖြစ်သည်။ Critical Theory သည် လူ့အဖွဲ့အစည်းတခုကို ထိုလူ့အဖွဲ့အစည်းအတွင်းရှိ လူမှုဝန်းကျင် (Social Context ၊ ဆိုလိုသည်မှာ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊အဖွဲ့အစည်း၊ လူ) တွင်းမှာပင် ထင်ဟပ်နားလည်(Reflective) နိုင်စွမ်းရှိရမည်၊
Knowledge နှင့်ပါတ်သက်ပြီး အချက်အလက်တွေကို အသေမယူပဲ ရှေ့မှာရှင်းခဲ့သည် Dialectics သဘောအရ စဉ်ဆက်လှုပ်ရှားပြောင်းလဲနေသည့်ဖြစ်စဉ်တခုအဖြစ်ယူခဲ့သည်။ နောက်ဆုံးအချက်တွင် Critical Theory သည်Critical ဖြစ်ဖို့ပင်။ လက်ရှိလူ့အဖွဲ့အစည်းကိုနားလည်နေယုံနဲ့မပြီး၊ ဘာတွေမှားနေသလဲ နှင့် ဘယ်လိုပြင် ရမလဲ သိရမည်။ ဒဿန ကိုလက်တွေ့အသုံးချဖို့ဖြစ်သည်။
ဂျာမဏီမှာနာဇီတွေဓါးထက်လာတော့ ဂျုးစပ်သည့် ဟောကိုင်းမား ဂျနီဗာကိုပြေးသည်။ နောက် ဥရောပစစ်မီးကိုပါရှောင်ရင်း အမေရိကားကိုရောက်သည်။ အဲဒီအချိန် ဟိုမှာ ဖို့ဒ်ကရှိနှင့်နေပြီ။ ဖို့ဒ်ရဲ့ကွန်ဗေယာပတ်လမ်း ပေါ်မှာအလုပ်သမားတွေ အုံနဲ့ကျင်းနဲ့လုပ်သည့် ထုနဲ့ထည်နဲ့ထုတ်လုပ်ရေးကရှိနှင့်နေပြီ၊ စက်မှုအရင်းရှင်စံနစ်ကရှိနှင့်နေပြီ။ စားသုံးသူယဉ်ကျေးမှု၊ စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေနဲ့ မီဒီယာကအရှိန်စရနေပြီ။ ဟောလိဝုဒ်ကဒုတိယ တန်းစားရုပ်ရှင်ကားတွေက လူတွေရဲ့တကယ့်ပျော်ရွှင်မှု ကိုမျက်ခြေဖြတ်နေပြီ။ ဒါကို ဟောကိုင်းမားနှင့် သူ့သူငယ်ချင်း သီအိုဒေါအာဒိုနို (Theodor W Adorno 1903 – 1969) တို့က Cultural Industry လို့ခေါ်ခဲ့ကြသည်။
အမေရိကန် အတွေ့အကြုံတွေကသူတို့နှစ်ယောက်ပေါ်များစွာရိုက်ခတ်ခဲ့သည်။စက်မှုယဉ်ကျေးမှုသည် လူသားကိုစစ်မှန်သည့် ပျော်ရွှင်သာယာမှုကိုထင်ယောင်မြင်မှားစေခဲ့သည်ဟုသူတို့ကောက်ချက်ချသည်။ ဒီအခြေခံမှာ သူတို့နှစ်ဦး၏ ထင်ရှားသည့် The Dialectic of Enlightenment (1947) ထွက်လာခဲ့သည်။
နှစ်ဆယ်ရာစုစက်မှုနဲ့ဗျုရိုကရက် မော်ဒန်ကမ္ဘာကို လူသား၏ ဆင်ခြင်နည်းလမ်းတကျ တွေးခေါ်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခေတ်မှီသိပ္ပံပညာ သချာင်္ံစသည်တို့က ရှေးဟောင်းပုံပြင်တွေနဲ့ ဘာသာရေးအစွဲအလမ်းတွေကိုဖယ်ထုတ်ခဲ့သည်။ ၁၈ရာစုဥါဏ်အလင်းခေတ်တွေးခေါ်ရှင်တွေဖြစ်သည့် ရုးဆိုး ဗော်တဲယား ကန့် တို့က လူသားကိုသဘာဝတရား ကနေလွတ်မြောက်ပြီးလွတ်လပ်စေရမည်ဆိုသည်။ သို့သော်လက်တွေ့တွင် သိပ္ပံ နည်းပညာနှင့်ဆင်ခြင်နည်းကျ တွေးခေါ်မှုတွေက လူသားကိုသဘာဝတရားဆီမှ လွတ်မြောက်မှုမပေးနိုင်ခဲ့။ သဘာဝအရင်းအမြစ်များကြွယ်ဝသော်လည်း ဆင်းငဲငတ်မွတ်မှုကမလွတ်သေး၊ ကိုယ်ကျင့်တရားတွေတိုးတက် လာသည်ဆိုသော်လည်း အာဏာရှင်စံနစ်နှင့်ညှင်းပန်းနှိပ်စက်မှု အကြမ်းဖက်မှုတွေကမပျောက်ကွယ်သေး၊ နှစ်ငါးဆယ်ကျော်ကြာခဲ့သော်လည်း ဖရင့်ဖတ်ခေတ်ဦး ကျောင်းတော်သားနှစ်ဦး၏ The Dialectic of Enlightenment သည်မျက်မှောက်ကမ္ဘာကို ကောင်းစွာထင်ဟပ် နေဆဲပင်ဖြစ်သည်။ ဒီသမိုင်းနောက်ခံတီးလုံး တွင်ဖရင့်ဖတ်ဒုတိယမျိုးဆက် ဖြစ်သည့် ဂျာဂန်ဟာဘားမား (Jurgen Habermas, 1929 - ) အော်ပရာကိုကြည့်ကြရဖို့ဖြစ်လာပါသည်။

ဆက်ပါမည်
KZကေ