Thursday, May 13, 2010

၁။ ပွင့်သစ်စ ဖရင့်ဖတ်ကျောင်းတော်

ဖရင့်ဖတ်ကျောင်းတော်ကိုမိတ်ဆက်လျှင် ဟေဂယ် (၁၇၇၀-၁၈၃၈)နှင့် ကားလ်မာက့်စ်(၁၈၁၈-၁၈၈၃) ကိုချန်ထားလို့မရ။ နာမည်ကျော်ဒိုင်ယာလက်တစ်ကိုဟေဂယ်ကစခဲ့ပြီး မာ့က်စ်က ကမ္ဘာကျော်စေခဲ့သည်။
Thesis, Antithesis နှင့် Synthesis ကိုမြန်မာပညာရှင်တို့က မူလ၊ပဋိမူလနှင့် သမူဟ ဟုဘာသာပြန်ခဲ့ကြသည်။
အဆိုတခုကိုဆန့်ကျင်ဘက်အယူအဆနှင့်ထိပ်တိုက်တွေ့စေပြီး၊ ထိုနှစ်ခုငြင်းဆန်တွန်းတိုက်ပြီးနောက်၊ စုစည်းပြီးအတွေးအခေါ်သစ်တခုကိုရမည်၊ ယင်းစုစည်းမိသော Synthesis သည် မူလ (thesis) ပြန်ဖြစ်လာပြီး ပဋိမူလ (antithesis) နှင့်ပြန်တွေ့၊ ပြီးတဖန်ထိုနှစ်ခုပေါင်းစပ်ရင်း Synthesis ဖြစ်ပြန်၊ ဒီလိုနှင့်သမိုင်းသည်ဆင့်ကဲတိုးတက်လာခဲ့သည်ဆိုသည်၊
ဟေဂယ်၏ဒိုင်ယာလက်တစ်တွင် မာ့က်စ်က Class Struggle ကိုထဲ့ပေးခဲ့ခြင်းဖြစ်သည်။ ဟေဂယ်သည် ဆာ့တ်ကို ဖယ်လိုက်လျှင် မျက်မှောက်ပို့စ်မော်ဒန်ခေတ်တွင် ထိပ်ကပြေးနေသည့် ပြင်သစ်အတွေးအခေါ် ပညာရှင်များကို အများဆုံး သြဇာညောင်းခဲ့သူတဦးဖြစ်ပြီး မာ့က်စ် ဟူဆိုလိုက်လျှင်အနောက်တကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်စေခဲ့သူ တွေးခေါ်ပညာရှင်တဦးအဖြစ်သိရှိထားကြသည်၊
ဆက်စပ်ပြီးပြောရသော် သမိုင်းကိုနိဂုံးချုပ်ပြီဆိုသော ဖူကူယားမားသည် ဟေဂယ်လီယန်မာ့က်စစ်(Hegelian – Marxist) ဖြစ်သည်။
ဖရင့်ဖတ်ကျောင်းကိုစသူက မက်စ်ဟောကိုင်းမား (Max Horkheimer 1895 – 1973) ဖြစ်သည်။ ပထမကမ္ဘာစစ်အပြီး စီးပွားပျက်ကပ်ဖြစ်ပြီး ၁၉၃၀ ပြည့်များတွင် Critical Theory ကိုစခဲ့သည်။ အထက်မှာဆိုခဲ့သော ဟေဂယ်နှင့် မာ့က်စ် ၏ ဒိုင်ယာလက်တစ်ကိုအခြားဘာသာရပ်များဖြစ်သည့် စိတ်သရုပ်ခွဲပညာ၊မနုဿဗေဒ၊လူမှုဗေဒဘာသာ ရပ်များနှင့် စုစည်းပုံဖော်ဖို့ကြိုးစားခြင်းဖြစ်သည်။
Critical Theory ကိုအဓိကပုံဖော်သည့်သွင်ပြင်လေးချက် မှာ Interdisciplinary, Reflective, Dialectical နဲ့ Critical တို့ဖြစ်သည်။ ဖရင့်ဖတ်ကျောင်းတော်သားများက ကျင့်ဝတ်၊ ဘာသာတရား၊ သိပ္ပံ၊ ကျိုးကြောင်းဆင်ခြင် မှုစသည် တို့ကို ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ (Interdisciplinary) မှလေ့လာခဲ့ကြသည်။ ထိုခေတ်အခါက တွင်ကျယ်နေသည့် သဘာဝသိပ္ပံကို လက်တွေ့အတွေ့အကြုံ သိပ္ပံနည်းကျစမ်းသတ်ချက်များဖြင့်သာ မှန်ကန်စွာ နားလည်နိုင်သည်ဆိုသည့် (Empirical Approach) မှခွဲထွက်ခဲ့ခြင်းလည်းဖြစ်သည်။ Critical Theory သည် လူ့အဖွဲ့အစည်းတခုကို ထိုလူ့အဖွဲ့အစည်းအတွင်းရှိ လူမှုဝန်းကျင် (Social Context ၊ ဆိုလိုသည်မှာ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊အဖွဲ့အစည်း၊ လူ) တွင်းမှာပင် ထင်ဟပ်နားလည်(Reflective) နိုင်စွမ်းရှိရမည်၊
Knowledge နှင့်ပါတ်သက်ပြီး အချက်အလက်တွေကို အသေမယူပဲ ရှေ့မှာရှင်းခဲ့သည် Dialectics သဘောအရ စဉ်ဆက်လှုပ်ရှားပြောင်းလဲနေသည့်ဖြစ်စဉ်တခုအဖြစ်ယူခဲ့သည်။ နောက်ဆုံးအချက်တွင် Critical Theory သည်Critical ဖြစ်ဖို့ပင်။ လက်ရှိလူ့အဖွဲ့အစည်းကိုနားလည်နေယုံနဲ့မပြီး၊ ဘာတွေမှားနေသလဲ နှင့် ဘယ်လိုပြင် ရမလဲ သိရမည်။ ဒဿန ကိုလက်တွေ့အသုံးချဖို့ဖြစ်သည်။
ဂျာမဏီမှာနာဇီတွေဓါးထက်လာတော့ ဂျုးစပ်သည့် ဟောကိုင်းမား ဂျနီဗာကိုပြေးသည်။ နောက် ဥရောပစစ်မီးကိုပါရှောင်ရင်း အမေရိကားကိုရောက်သည်။ အဲဒီအချိန် ဟိုမှာ ဖို့ဒ်ကရှိနှင့်နေပြီ။ ဖို့ဒ်ရဲ့ကွန်ဗေယာပတ်လမ်း ပေါ်မှာအလုပ်သမားတွေ အုံနဲ့ကျင်းနဲ့လုပ်သည့် ထုနဲ့ထည်နဲ့ထုတ်လုပ်ရေးကရှိနှင့်နေပြီ၊ စက်မှုအရင်းရှင်စံနစ်ကရှိနှင့်နေပြီ။ စားသုံးသူယဉ်ကျေးမှု၊ စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေနဲ့ မီဒီယာကအရှိန်စရနေပြီ။ ဟောလိဝုဒ်ကဒုတိယ တန်းစားရုပ်ရှင်ကားတွေက လူတွေရဲ့တကယ့်ပျော်ရွှင်မှု ကိုမျက်ခြေဖြတ်နေပြီ။ ဒါကို ဟောကိုင်းမားနှင့် သူ့သူငယ်ချင်း သီအိုဒေါအာဒိုနို (Theodor W Adorno 1903 – 1969) တို့က Cultural Industry လို့ခေါ်ခဲ့ကြသည်။
အမေရိကန် အတွေ့အကြုံတွေကသူတို့နှစ်ယောက်ပေါ်များစွာရိုက်ခတ်ခဲ့သည်။စက်မှုယဉ်ကျေးမှုသည် လူသားကိုစစ်မှန်သည့် ပျော်ရွှင်သာယာမှုကိုထင်ယောင်မြင်မှားစေခဲ့သည်ဟုသူတို့ကောက်ချက်ချသည်။ ဒီအခြေခံမှာ သူတို့နှစ်ဦး၏ ထင်ရှားသည့် The Dialectic of Enlightenment (1947) ထွက်လာခဲ့သည်။
နှစ်ဆယ်ရာစုစက်မှုနဲ့ဗျုရိုကရက် မော်ဒန်ကမ္ဘာကို လူသား၏ ဆင်ခြင်နည်းလမ်းတကျ တွေးခေါ်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခေတ်မှီသိပ္ပံပညာ သချာင်္ံစသည်တို့က ရှေးဟောင်းပုံပြင်တွေနဲ့ ဘာသာရေးအစွဲအလမ်းတွေကိုဖယ်ထုတ်ခဲ့သည်။ ၁၈ရာစုဥါဏ်အလင်းခေတ်တွေးခေါ်ရှင်တွေဖြစ်သည့် ရုးဆိုး ဗော်တဲယား ကန့် တို့က လူသားကိုသဘာဝတရား ကနေလွတ်မြောက်ပြီးလွတ်လပ်စေရမည်ဆိုသည်။ သို့သော်လက်တွေ့တွင် သိပ္ပံ နည်းပညာနှင့်ဆင်ခြင်နည်းကျ တွေးခေါ်မှုတွေက လူသားကိုသဘာဝတရားဆီမှ လွတ်မြောက်မှုမပေးနိုင်ခဲ့။ သဘာဝအရင်းအမြစ်များကြွယ်ဝသော်လည်း ဆင်းငဲငတ်မွတ်မှုကမလွတ်သေး၊ ကိုယ်ကျင့်တရားတွေတိုးတက် လာသည်ဆိုသော်လည်း အာဏာရှင်စံနစ်နှင့်ညှင်းပန်းနှိပ်စက်မှု အကြမ်းဖက်မှုတွေကမပျောက်ကွယ်သေး၊ နှစ်ငါးဆယ်ကျော်ကြာခဲ့သော်လည်း ဖရင့်ဖတ်ခေတ်ဦး ကျောင်းတော်သားနှစ်ဦး၏ The Dialectic of Enlightenment သည်မျက်မှောက်ကမ္ဘာကို ကောင်းစွာထင်ဟပ် နေဆဲပင်ဖြစ်သည်။ ဒီသမိုင်းနောက်ခံတီးလုံး တွင်ဖရင့်ဖတ်ဒုတိယမျိုးဆက် ဖြစ်သည့် ဂျာဂန်ဟာဘားမား (Jurgen Habermas, 1929 - ) အော်ပရာကိုကြည့်ကြရဖို့ဖြစ်လာပါသည်။

ဆက်ပါမည်
KZကေ

2 comments:

  1. အော်ပရာ ကိုမျှော်နေပါတယ်။

    ReplyDelete
  2. ခုပဲကျနော်နောက်ပို့စ်တင်လိုက်တယ်
    ဝေဖန်ချင်တာရှိရင်ပြောပါ နဲနဲတော့ပျင်းစရာတွေပါ
    ကျနော်လည်းအာရုံကျတုန်းတွန်းရေးမယ်မှန်းပါတယ်

    ReplyDelete