ကိုလူ။ ။ ဒီတပတ်တော့ Critical Theory အကြောင်းနဲနဲထပ်ပြောကြည့်ပါလား
ကိုမူ။ ။ Critical Theory က ၂မျိုးကွဲနေတယ်။ စာပေဝေဖန်ရေးဘက်ကိုလေ့လာပုံကတပိုင်း၊ Social Theory အနေနဲ့လေ့လာပုံကတပိုင်းပေါ့။ ကျနော်တို့က ဖရင့်ဖတ်ကျောင်းအကြောင်းပြောနေကြတာ ဆိုတော့စာပေဝေဖန်ရေးရှုထောင့်ကလေ့လာမှာမဟုတ်ဘူးဆိုတာတော့ကနဦးနားလည်ထားကြရမယ်။
ကိုလူ။ ။ အင်း ခင်ဗျား Neo – Marxian တွေအကြောင်းပြောချင်နေတယ်လို့တော့ အကြမ်းဖျင်းနားလည် ထားပါတယ်။
ကိုမူ။ ။ Habermas တို့ကို Neo – Marxian လို့ပြောလို့ရသလားဆိုတာကျနော်တော့သိပ်မသေချာဘူး။ စာပေဘက်ကလေ့လာမယ်ဆိုရင်လည်း Critical Theory ဟာ Structuralism, Post-structuralism, Deconstruction နဲ့ Postmodernism စတဲ့စိတ်ဝင်စားစရာတွေဘက်ကိုနွယ်သွားမှာပါ။
ကိုလူ။ ။ စလက်စနဲ့ Sociology ဘက်ကအပိုင်းကိုပဲ အရင်ပြောပါဦး။
ကိုမူ။ ။ အဓိက အကျဆုံးကတော့ လူသားကိုဖိနှိပ်မှုပုံစံအမျိုးမျိုးကလွတ်မြောက်ပြီး ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတခုကိုထူထောင်ဖို့ ရည်ရွယ်တာပါပဲ။ ဟော့ကိုင်းမားရှေ့မှာ ဖရင့်ဖတ်ကျောင်းစတင် ခဲ့သူတချို့ရှိပေမဲ့ အရမ်းရှေ့တိုးလွန်းရင်လည်းဒီဘက်ပိုင်းကိုရောက်ဖို့ကကြာမယ်။ ဟောကိုင်းမားပြောခဲ့တာတခုက လူ့အဖွဲ့အစည်းရဲ့စီးပွားရေးဘ၀၊ လူတဦးချင်းရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကိုယဉ်ကျေးမှုအ၀န်းအ၀ိုင်းထဲပုံစံကူးပြောင်းတာတွေ၊ ဒီကြားကအဆက်အစပ်ကိုလေ့လာတာ၊ သိပ္ပံ၊ အနုပညာ၊ ဘာသာတရားဆိုတာတွေအပြင် ဥပဒေ၊ ကိုယ်ကျင့်တရား၊ ဖက်ရှင်၊ အားကစား၊ လူထုသဘောထား၊ လူနေမှုပုံစံ တွေကိုပါလေ့လာတာ၊ လူ့အဖွဲ့အစည်းကိုဘက်ပေါင်းစုံကလေ့လာပြီး သာယာ တဲ့လူ့အဖွဲ့အစည်းတခုကိုတည်ဆောက်ဖို့စဉ်းစားတာ Critical Theory ပါပဲ။
ကိုလူ။ ။ မာ့က်စ်တုန်းကတော့ လူတဦးချင်းနဲ့သူတို့ရဲ့ လူမှုဘ၀စိတ်ခံစားမှုတွေကိုပယ်ထားခဲ့တယ်နော်။
ကိုမူ။ ။ ဒီလိုပြောလို့ရပါလိမ့်မယ်။ မာ့က်စ်ရဲ့ Dialectical Materialism (အနုပဋ္ဋိလောမရုပ်ဝါဒ) နဲ့တော့ကွဲသွားတာပေါ့။ သို့သော် ဟော့ကိုင်းမား၊ အာဒိုးနိုးတို့နဲ့မတူတဲ့ ဖရင့်ဖတ်ဂိုဏ်းထဲကပဲ နာမည်ကြီးတယောက်ရှိသေးတယ်။ သူက Herbert Marcuse (1898 – 1979)။ သူ့ကိုလည်းထဲ့ပြောရပါ လိမ့်မယ်။
ကိုလူ။ ။ အရေးကြီးမယ်ထင်တဲ့အစမှန်သမျှတော့ဆွဲထုတ်သွားပေါ့လေ။ ကျန်တာတွေကတော့ တဦးနဲ့တဦး စိတ်ဝင်စားပုံကိုမူ တည်ပြီး ဆက်လေ့လာကြရမှာပေါ့။ လေ့လာပုံလည်းကွဲနိုင်ပါတယ်။
ကိုမူ။ ။ မားကူ့စ် ကဖရင့်ဖတ်ကျောင်းကို ၁၉၃၃ မှာစရောက်တယ်။ သူလည်းဂျုးစပ်တော့ ဟော့ကိုင်းမားတို့ အာဒိုးနိုးတို့နဲ့အတူတူ အမေရိကားကိုပါသွားတယ်။ သူတို့တွေနယူးယော့က ကိုလံဘီယာတက္ကသိုလ်မှာ ဖရင့်ဖတ် ကိုဆက်အသက်သွင်းကြတယ်။
ကိုလူ။ ။ သူကအမေရိကန်ထောက်လှမ်းရေးမှာဝင်လုပ်သေးတယ်လို့ကြားဖူးသလိုပဲ။
ကိုမူ။ ။ ဟော့ကိုင်းမားနဲ့အာဒိုနို ဂျာမနီကိုပြန်လာတော့ သူကအမေရိကားမှာကျန်နေခဲ့တယ်။ ခင်ဗျားပြောတဲ့ American Intelligence နဲ့ State Department အတွက်အလုပ်လုပ်ပေးတာ ဟာနောက်ပိုင်း သူ့နောက်လိုက်တွေ ကျောင်းသားတွေ အတွက်စိတ်အနှောင့်အယှက်တော့ဖြစ်ခဲ့တယ်ဆိုတယ်။ သူ့အယူအဆနဲ့ အရေးအသားတွေဟာ New Left လှုပ်ရှားမှုတွေအတွက်ဦးဆောင်မှုပေးနိုင်ခဲ့တယ်။ ဥရောပမှာနာဇီတွေစစ်ရှုံးတော့ အုပ်ချုပ်ခံလူတန်းစားကို အစွမ်းကုန်ဖိနှိပ်ခဲ့တဲ့ ဖက်ဆစ်စံနစ်ဟာ ကျဆုံးသွားတယ်ဆိုပေမယ့် အလုပ်သမား လူတန်းစားဟာ အရင်းရှင်စံနစ်ရဲ့ သက်တောင့် သက်သာအခိုင်းစေခံဘ၀ (comfortable slavery) ကနေမလွတ်မြောက်ခဲ့ကြဘူး။
ကိုလူ။ ။ လူတွေဟာသူတို့လက်ရှိဘ၀ကိုအမှန်အတိုင်းနားမလည်နိုင်ပဲ အရင်းရှင်စံနစ်ရဲ့ လိမ္မာပါးနပ်တဲ့ လှည့်စားမှုအောက်မှာကမ္ဘာကြီးကိုပြောင်းလဲလိုစိတ်တွေပျောက်သွားတယ်ဆိုပါတော့။
ကိုမူ။ ။ ဟော့ကိုင်းမားနဲ့အာဒိုးနိုး တို့ကဒီအနေအထားမှာ တော်လှန်ရေး ကိုမြင်ကြည့်လို့မရတော့ဘူး။ စိတ်ပျက်အားလျော့သွားခဲ့ကြတယ်။ ဒီသဘောကို The Dialectics of Enlightenment မှာတွေ့ရတယ်။ သို့သော် မားကူ့စ်ကလက်မလျှော့ဘူး။
ကိုလူ။ ။ လုပ်ပါဦး ခင်ဗျား မားကူ့စ်ကြီးကတော်လှန်ရေးအတွက်ဘယ်လိုမျှော်လင့်ချက်အသစ်တွေပေးခဲ့သလဲ။
ကိုမူ။ ။ သူကဖရွိုက်ဒ် (Sigmund Freud) နဲ့ မာ့က်စ် ကိုရောဖို့လုပ်လာတယ်။ ဖရွိုက်ဒ် ကိုပြန်အသက်သွင်း လာတာ ဖရင့်ဖတ် အတွက်တော့အသစ်မဟုတ်ပါဘူး။ ဒါပေမဲ့မားကူ့စ်လောက်တော့ဘယ်သူမှထဲထဲဝင်ဝင် မလုပ်ခဲ့ကြဘူး။
ကိုလူ။ ။ ဖရွိုက်ကိုတော့ကျနော်ကြားဘူးတယ်။ သူက မသိစိတ် (Unconscious Mind) နဲ့နာမည်ကြီးတာပဲ။ Psychoanalysis ပညာရှင်၊ ဒါကိုမာ့က်စ် ရဲ့ Materialism နဲ့ ဘယ်လိုပေါင်းတာလဲ။
ကိုမူ။ ။ ဖရွိုက်ဒ် ကတော့ရှင်းတယ်။ လူ့ဘ၀ကိုမောင်းနှင်တဲ့အခြေခံအင်အားဟာ လိင်စိတ်ပဲ။ Sexual Desire ဒါအခြေခံပဲ။ လူ့ယဉ်ကျေးမှုမြင့်လာတာနဲ့အမျှ ဒီလိင်စိတ်ဟာ ဖိနှိပ်ခံလာရတယ်။ ဒါမရှောင်လွဲနိုင်ဘူး။ လူ့အဖွဲ့စည်း တခုဟာယဉ်ကျေးမှုမြင့်မားလာလေလေ ဒီလိင်စိတ်ဟာဖိနှိပ်ခံလာရလေလေပဲ၊ ဒီလိုဆိုတယ်။
ကိုလူ။ ။ ဆိုတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတခုပေးဆပ်ရတဲ့တန်ရာတန်ဖိုးက လိင်စိတ်ဖိနှိပ်ခံရလို့ပေါ်လာ တဲ့မပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုပဲလို့ပြောချင်တာလား။
ကိုမူ။ ။ ဒါကိုမားကူ့စ်ကလက်မခံဘူး။ လူ့ယဉ်ကျေးမှုအတွက်လိင်စိတ်ဖိနှိပ်ခံရတယ်ဆိုတာ မပြည့်စုံတဲ့အချိန် မှာတော့ဖြစ်ကောင်းဖြစ်မယ်။ ခုလိုအနောက်ရဲ့ကြွယ်ဝချမ်းသာနေချိန်မှာတော့ ဒါမလိုအပ်တော့ဘူးလို့ဆိုတယ်။
နည်းပညာ၊ ကုန်ပစ္စည်း နဲ့ ဈေးပေါတဲ့ဖျော်ဖြေမှုပုံစံတွေကြောင့် စစ်ပြီးခေတ်အရင်းရှင်စံနစ်အောက်မှာ လူသား ဟာခေတ်ပြောင်းတော်လှန်ရေးစေ့ဆော်မှုတွေပျောက်ဆုံးသွားတယ်၊ ပိုပြီးဖိနှိပ်ခံရဖို့ဖြစ်လာတယ်။ သူတို့ရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးပေါ်လာတဲ့ ဆန္ဒတွေအပေါ်မှာကို ဝေဖန်သုံးသပ်မှုတွေ ပျောက်ဆုံးလာတော့တယ်။ အကျိုးဆက်က လူသားဟာ ကျဉ်းမြောင်းတဲ့ နေ့စဉ်လူ့ဘ၀ကိုဖြတ်သန်းခြင်း ဆိုတဲ့ မျက်နှာစာ တဘက်တည်းမှာပဲ သူ့ဘ၀ကိုမျှောသွားနေတော့တယ်။ မော်ဒန်လူ့အဖွဲ့အစည်းထဲက မော်ဒန်လူသား ရဲ့ ယျေဘူယျပုံစံလို့သူ့ရဲ့ထင်ရှား တဲ့ One Dimensional Man (1964) မှာတင်ပြခဲ့တယ်။
ကိုလူ။ ။ ဒါဆိုသူက ကွန်မြူနစ်လူ့အဖွဲ့အစည်းကော၊ အရင်းရှင်လူ့အဖွဲ့အစည်း ကောနှစ်ခု စလုံးကို ဝေဖန်ခဲ့တာပေါ့။
ကိုမူ။ ။ ဒါကြောင့်သူ့ကိုလည်းနှစ်ဘက်စလုံးကပြန်တိုက်ခိုက်ခဲ့ကြတာပေါ့။ သူကတော်လှန်ရေးအတွက် မာ့က်စ်ပြောခဲ့တဲ့အလုပ်သမားလူတန်းစားအစား ကျောင်းသား၊ အမျိုးသမီး၊ လူမည်း၊ Gay ၊ ဆင်းရဲသားတွေ ကသာ အတွေးအခေါ်အရကော လှုပ်ရှားမှုအရပါ အရေးပါလာခဲ့မယ်ဆိုတယ်။ မာ့က်စ်ရဲ့ နိုင်ငံရေးဘောဂဗေဒ ထဲကိုဖရွိုက်ရဲ့စိတ်သရုပ်ခွဲပညာကိုပေါင်းစပ်ချင်တယ်။ ဒါကြောင့်မာ့က်စ်ဝါဒီတွေကမကြိုက်ကြဘူး။ တဘက်မှာလည်း လက်ရှိသိပ္ပံနဲ့နည်းပညာ လူ့အဖွဲ့အစည်းကိုသူမကြိုက်ပေမဲ့ ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ တိကျတဲ့အတွေးအခေါ်တခုကိုမပေးနိုင်ခဲ့ဘူးလို့ ဝေဖန်ခံရပါတယ်။
ကိုလူ။ ။ ဟာဘားမားကျတော့သူတို့တွေနဲ့ဘာကွာသလဲ၊ သူကခုထိသက်ရှိထင်ရှားရှိနေတာနော်။
ကိုမူ။ ။ ဖရင့်ဖတ်ကျောင်း၊ ဝေဖန်ရေးသီအိုရီ နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးတွေးခေါ်ရှင်တွေဟာ မာ့က်ကိုလက်ရှိ လူ့အဖွဲ့အစည်းနဲ့ လိုက်ဖက်တဲ့အတွေးအခေါ်တစ်ရပ်ဖြစ်လာအောင်ပြန်ပြီးအားထုတ်ကြတာပါပဲ။ ဟော့ကိုင်းမားနဲ့အာဒိုးနိုး ပြီးတော့ သူတို့ရဲ့ ဥါဏ်အလင်းခေတ်ရဲ့ဒိုင်ယာလက်တစ်။ မားကူ့စ် နဲ့သူ့ရဲ့ မျက်နှာစာတဘက်တည်းရှိသောလူသား၊ ဒါတွေကိုအကြမ်းဖျင်းသိထားမှသာ လက်ရှိသွားနေတဲ့ ဟာဘားမားတို့ လမ်းကြောင်းကို ပိုနားလည်လာမှာပါ။
KZကေ
ဟူးးးးးးးးးးးးးးမောသွားတယ်.....။ ဆက်ပါဦးဗျို. ။ စောင့်ဖတ်ရကျိုးနပ်ပါပေတယ် ။
ReplyDeleteအေးဗျာ ကျနော်လည်းနဲနဲမောသွားတာပါပဲ
ReplyDeleteစောင့်ဖတ်ရကျိုးနပ်ရင် ရေးရကျိုးလည်းနပ်မည်ထင်
အရင်းရှင်စနစ် က လူလတ်တန်းစားကို မွေးဖွားပေးခဲ့ ပြီး အနောင်နိုင်ငံက လူလတ်တန်းစားတွေဟာ လွတ်လပ်ခွင့်၊ အခွင့်အရေး၊ မညီမျှမူ စတာတွေကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတယ်။ အခု ဖွံ့ဖြိုဆဲနိုင်ငံ တွေမှာ ပေါ်ပေါက်ဖြစ်ထွန်းနေတဲ့ လူလတ်တန်းစားတွေကတော့ အခွင့်အရေးတောင်းဆိုမူတွေ မလုပ်လို(မလုပ်ရဲ) ကြဘဲ ရရှိထားတဲ ဥစာဓနကြွယ်ဝမူတွေ ကိုလက်လွှတ်ရမှာ စိုးရိမ်နေကြတယ်လို့ဆိုကြတယ်။
ReplyDeleteဆိုင် မဆိုင်တော့မသိ လျှောက်အော်သွာပြီဗျို့။ ဆက်ပါဦး၊ မျှော်နေပါတယ်။