Monday, January 31, 2011

ပုံဖျက်ထားသောသမိုင်းနှင့်ဘာသာစကား (သို့) လူမည်းကဗျာဆရာမတယောက်ရဲ့ဒါဏ်ရာ

မေး။ ။ ဘာလို့ခင်ဗျားလိုလူမည်းအမျိုးသမီးတယောက်ကခင်ဗျားခုရေးနေတဲ့ကဗျာမျိုးတွေရေးရတာလဲ
ဖြေ။ ။ ခင်ဗျားခုရေးနေတဲ့ကဗျာမျိုးဆိုတာ ရှင်ဘာပြောချင်တာလည်း၊
မေး။ ။ ကဗျာပုံစံက ရှုပ်ထွေးပြီး စိတ္တဇ ဆန်တယ်ဆိုရင်၊ ခင်ဗျားတခုခုလောက်ပြန်ပြောဖို့ရှိလား
ဖြေ။ ။ ဟင့်အင်း
မေး။ ။ ဘာလို့လဲ
ဖြေ။ ။ ဂျက်ဇ် ဂီတလည်းခုလိုရှုပ်ထွေးတာပဲမလား၊ ဘယ်သူကနားမထောင်ပဲနေလို့လဲ။ ခုလိုဝေဖန်မှုမျိုးဟာ ကဗျာတွေထက်စာရင် ဝေဖန်သူအကြောင်းကိုသာဖော်ပြနေတာပဲ
မေး။ ။ ဒါပေမယ့် ခုလိုရှုပ်ထွေးလွန်းတော့ စာဖတ်သူတွေအတွက်အခက်အခဲရှိတယ်။ ခင်ဗျားစာဖတ် ပရိတ်သတ်နဲမှာပဲ။ ဒါကခင်ဗျားကိုဘာမှမရိုက်ခတ်ဘူးလား
ဖြေ။ ။ ရှင်ပြောတော့တခုသွားသတိရတယ်။ အဲဒီတုန်းက ကဗျာရွတ်ပွဲတခု၊ ကျမက ကျမကြိုက်တဲ့ နာမည်ကြီး လူမည်း ဗြိတိလျှ ဒပ်ကဗျာဆရာ (dub poet / ဂျမေကာတွင် ၁၉၇၀ ပြည့်နှစ်များတွင်စတင်ခဲ့သော ဂီတကဗျာအမျိုးအစား) Linton Kwesi Johnson ရဲ့နောက်မှာရွတ်ရမှာ။ ကျုးဘားကဗျာဆရာတယောက် ဗီဇာကြောင့်မလာနိုင်လို့ နောက်ဆုံးအချိန်ကျမှ ကျမ အစားဝင်ဖို့ဖြစ်လာတယ်။ ဟိုကိုရောက်သွားတော့မှီတယ်ဆိုရုံလေး။ LKJ ကကျမကိုအရင်ရွတ်ဖို့အခွင့်ပေးတယ်။ သူ့ကဗျာတွေက တီးဝိုင်းနဲ့ရွတ်ဆိုပြီး စည်းချက်ကျကျ၊ နိုင်ငံရေးနဲ့လည်းဆက်နွယ်မှုရှိ၊ ဖျော်ဖြေမှုလည်းပေးနိုင်တယ်။ ဆန့်ကျင်ဖက်အနေနဲ့ ကျမ ကဗျာတွေက ရစ်သမ်တို့ ရိုင်းမ် တို့ မီတာတို့ဆိုတာတွေကို ဖျောက်ပြီး ရေးထားတာတွေမလား။ ဒီတော့ အစောပိုင်းရေးထားတဲ့ အဓိပ္ပါယ်ကောက်ရလွယ်တဲ့ နိုင်ငံရေးအရ ရည်ရွယ်ချက်ထင်ရှားတဲ့ ကဗျာတွေကိုပဲ ရွတ်ဖြစ်ခဲ့တယ်။ ပြောရရင်ပရိတ်သတ်က သူ့ကိုနားထောင်ဖို့ရောက်လာတာ။ သူတို့စိတ်ဝင်စားမှုနဲနိုင်တဲ့ကဗျာပုံစံတွေကိုကျမ မရွေးချယ်ဖြစ်ခဲ့ဘူး။
မေး။ ။ ခင်ဗျား LKJ ရတဲ့ပရိတ်သတ်အားပေးမှုမျိုးကိုကော မနာလိုဖြစ်မိသလား
ဖြေ။ ။ နိုး၊ ဒါဟာ ဖျော်ဖြေမှုအသားပေးအနုပညာ အမျိုးအစားတွေမဖန်တီးတဲ့ အာဖရိကနွယ် ကဗျာဆရာတယောက် တွေ့ကြုံရတဲ့ အခြေခံပြဿနာတခုပါပဲ။
မေး။ ။ ဘယ်လိုမျိုးပါလိမ့်
ဖြေ။ ။ ကျမအထင်ပေါ့လေ၊ တချို့ကဗျာဆရာတွေဟာ ဘာသာစကားကိုသူတို့အသုံးပြုဖို့ တခါတည်းတန်း ရလိုက်တယ်လို့သဘောထားနိုင်ခဲ့တယ်။ တချို့ကျမလိုကဗျာဆရာတွေမှာတော့ ဘာသာစကားဟာ ယုံကြည် စိတ်ချရတဲ့အဆင့်မှာမရှိသေးဘူး။ ပန်းချီဆရာက အရောင်တွေကို ပန်းပုဆရာကသစ်တုံးကို ဂီတဆရာက အသံတွေ ကိုသံသယရှိနေသလိုမျိုး အကြမ်းထည်အဖြစ်ပဲမြင်သလိုမျိုးပေါ့။ ကွာတာက ပန်းချီဆရာကော ဂီတဆရာကော ပန်းပုဆရာကော ဟာနေ့စဉ်လူနေမှုဘ၀မှာ သူတို့အသုံးပြုတဲ့ မီဒီယံတွေဖြစ်တဲ့ အရောင်တွေ သစ်တုံးတွေ သံစဉ်တွေကိုအမြဲထိတွေ့နေရတာတော့မဟုတ်ဘူး။ တဘက်မှာတော့ ကျမတို့ဟာ စကားလုံးတွေ ဘာသာစကားတွေဟာ နေ့စဉ်အသုံးချနေရတာ။ ဘာသာစကားဟာ ဖန်တရာတေသုံးရင်းနဲ့ တန်ဖိုးကျလာခဲ့တယ်။ ဘာသာစကားဟာ ကျမတို့မလိုချင်တဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါသုံးတဲ့၊ တကယ်လုပ်မပေးနိုင်တဲ့နိုင်ငံရေးကတိက၀တ်တွေကိုပေးတဲ့၊ မီဒီယံ။ ယေဘူယျအနေနဲ့ ပြောရရင်တော့ ဘာသာစကားရဲ့အခြေခံကျတဲ့အသုံးတွေထဲကတခုဟာ ကျမတို့ကို စုစည်းညီညွတ်မှုနဲ့တခုထဲဖြစ်မှုဆိုတဲ့ သိမြင်မှုထဲ က ခွဲထုတ်လိုက်တာပဲ။ ပြောချင်တာက ဘာသာစကားအသုံးမှာ မှားယွင်းသိမ်းသွင်းပုံဖော် ခံရနိုင်တဲ့အန္တရယ်ရှိတယ်။ ကျမယုံကြည်တာကတော့ ဘာသာစကားကဗျာဆရာလို့သတ်မှတ်ခံရသူ အတော်များများ ဟာဒီယူဆချက်အ၀န်းအ၀ိုင်းထဲကထွက်လာကြတာပဲ။ ဒါပေမယ့် ကျမအတွက်ကျတော့ဘာသာစကားမှာ နောက်ထပ်အယုံအကြည်မဲ့မှုအလွှာတခုထပ်ရှိနေတယ်။ သမိုင်းကြောင်းနဲ့ဆက်စပ်နေတဲ့အယုံအကြည်မဲ့မှုပဲ။ ခြုံပြောရရင် ခုကျမသုံးနေတဲ့ ဘာသာစကားဟာ ဥရောပသားတွေကအင်အားသုံးပြီး အာဖရိကန်တွေကိုကမ္ဘာသစ်ထဲအသုံးပြုစေခဲ့တဲ့ဘာသာစကားပဲ။ ဒီဘာသာ စကား ကျမအတွက်ပြောရရင် အင်္ဂလိပ်ဘာသာဆိုပေမဲ့ ကိုလိုနီစံနစ်၊ ကိုလိုနီပြုခြင်းဆိုတဲ့ စီမံကိန်းတခုလုံးနဲ့ ပတ်သက်နေတဲ့ ဥရောပနိုင်ငံအားလုံးကအသုံးပြုခဲ့တဲ့ ဘာသာစကားအားလုံးဟာ အမိန့်၊ ခိုင်းစေမှု နဲ့ ပြစ်ဒါဏ်ပဲ။ ကြေကွဲစရာကောင်းတဲ့ဟာသကတော့ ဒါဟာကျမတခုတည်းသောအသုံးချနိုင်တဲ့ဘာသာစကားဖြစ်နေတာပါပဲ။ အင်္ဂလိပ်စာဟာ ကျမအတွက်တော့ မိခင်ဘာသာစကားဆိုလည်းသူ၊ ဖခင်ဘာသာစကားဆိုပြန်တော့လည်း သူပေါ့။ ကျမရဲ့ရပ်တည်မှုဟာဘာသာစကားကိုပြင်းပြင်းထန်ထန်မယုံကြည်မှုနဲ့စတင်တယ်။ အင်္ဂလိပ်နဲ့သူ့လို ကိုလိုနီပြုခြင်းနဲ့ဆက်စပ်တဲ့အခြားဥရောပဘာသာစကားအားလုံးဟာ အမှန်တရားကို အခြားပုံစံပြောင်းဖော်ပြ နိုင်တဲ့ဖြစ်စဉ် တမျိုးမျိုးပါတဲ့ ဘာသာစကားတခုမပါပဲ ဖော်ပြနိုင်လိမ့်မယ်လို့ကျမ မယုံကြည်ဘူး။ အင်ပါယာဝါဒနဲ့နက်နက်ရှိုင်းရှိုင်းပတ်သက်နေတဲ့ အင်္ဂလိပ်လိုဘာသာစကားတခု၊ သမိုင်းနဲ့အတွေ့အကြုံတွေညစ်ထေးစွန်းထင်းနေတဲ့ ဒီလိုဘာသာစကားတွေကို ပြန်လည်သန့်စင် ပေးနိုင်တဲ့ဖြစ်စဉ်တခုကသာ ပိုပြီးတိကျတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးကိုပေးကောင်းပေးနိုင်ပါလိမ့်မယ်။
မေး။ ။ ခင်ဗျားဒီလိုယုံကြည်နေတယ်ဆိုရင်လည်း ဘာလို့ဒီလိုရေးသားချက်တွေပြုလုပ်နိုင်ရတာလဲ
ဖြေ။ ။ အခက်အခဲကြီးမားစွာနဲ့ပဲပေါ့။ တင်းတင်းကြပ်ကြပ် ဖိနှိပ်အုပ်ချုပ်တဲ့မိဘတွေနဲ့နေရသလိုမျိုးပေါ့။ ပထမတော့ ကုစားနိုင်မဲ့နည်းလမ်းကိုရှာရတယ်။ ရပြီဆိုရင် ဒီအတွေ့အကြုံရဲ့မှတ်ဥာဏ်ကိုစီမံနိုင်တဲ့နည်းလမ်း ကိုထပ်ရှာရတယ်။ နှစ်ပေါင်း၄၀၀ ဥရောပသားတွေက ကမ္ဘာသစ်ဆိုတဲ့အမေရိကားက ကြံနဲ့ဝါခင်းတွေ စိုက်ပျိုးဖို့ကျွန်အဖြစ်ရောင်းချ ခဲ့တဲ့ ကုန်သွယ်မှုကြီးတခုမှာအခြေတည်ခဲ့တဲ့၊ အင်္ဂလိပ်စာကို ကျမရဲ့မိခင်ဘာသာစကားအဖြစ်သွတ်သွင်းခံရတဲ့ အရိပ်ဟာကျမနောက်အမြဲထိုးကျနေခဲ့တယ်။ ပြန်ပေးဆွဲတယ်၊ ကုန်သွယ်တယ်၊ သတ်ဖြတ်တယ်၊ အနိုင့်အထက်ပြုကျင့်တယ်၊ ညှင်းပန်းနှိပ်စက်တယ်၊ ရွာတွေ၊ မိသားစုတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ အားလုံးဖျက်စီးခံရတယ်၊ ဒီဖော်ပြချက်တွေအားလုံးဟာ ကျွန်ကုန်ကူးခြင်းဆိုတဲ့ စကားလုံးထဲမှာအားလုံးအကျုံးဝင်ခဲ့တယ်။ ဒီအတွေ့အကြုံ၊ အတွေးအခေါ်၊ ခံစားချက်တွေကို အမြဲလိုဖော်ပြနေတဲ့ ဘသာစကားရဲ့ သိမ်မွေ့တဲ့စိမ်ခေါ်မှုကို စာရေးဆရာတိုင်း ရင်ဆိုင်ရတာပါပဲ။ ဒီအတွေ့အကြုံနဲ့ ဒီအတွေ့အကြုံကိုဖော်ပြတဲ့ဖော်ပြချက်ကြားကကွာဟမှုမှာ ကျမတို့ရုန်းကန်ခဲ့ကြတယ်။ ကျမအတွက်စံကနှစ်ခု။ ဘာသာစကားနဲ့ကျမနဲ့ပတ်သက်မှုကြားက သမိုင်းကြောင်းရယ်၊ ကျမ သမိုင်းရယ်။ ဘာသာစကားဟာ ကျမအတွက်တော့ဒါဏ်ရာတခုပါ။
မေး။ ။ ရာစုနှစ်တခုကျော်ကြာခဲ့ပြီပဲ။ ခင်ဗျားခုထိသက်သာရာမရသေးဘူးလား။
ဖြေ။ ။ မိခင်တယောက်ဟာ သူကလေးတယောက်မွေးခဲ့တာကို ဘယ်တော့မှမေ့နိုင်မယ်မထင်ဘူး။ သားသည်မိခင်တယောက်ကိုရှင်မေးကြည့်ပါလေ။ သူကသူမွေးဖွားခဲ့တဲ့ကလေးတွေတယောက်ချင်းအကြောင်း ရှင့်ကိုပြောပြပါလိမ့်မယ်။
မေး။ ။ ကျနော်ခင်ဗျားဆိုလိုတာကို နားလည်ရဲ့လားမသေချာဘူး။
ဖြေ။ ။ အချိန်ကာလကိုဖြတ်သန်းခံနိုင်တဲ့အတွေ့အကြုံတွေရှိတယ်ဆိုတာပြောချင်တာပါ။ ဘာသာစကားတခုဟာ ကျမကိုပုဂ္ဂိုလ်ရေးသက်သက်ဆုံးရှုံးဖို့ဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာဟာ ဒီအဆုံးအရှုံးကိုကျမသတိမရတော့ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူး။ ဒီအဖြစ်ဟာ ကျမအတွက်တော့ မနေ့ကဖြစ်ခဲ့သလိုပဲ။
မေး။ ။ ဒီအချက်တော့ကျနော်လက်ခံရမှာပဲ။
ဖြေ။ ။ ဒါပေါ့ ရှင်လက်ခံရမှာပေါ့။ ဒါဟာမိခင်တယောက်သူ့သားသမီးမွေးဖွားခဲ့တာကိုသတိရသလိုမျိုးနဲ့ သဘောခြင်းအတူတူပါပဲ။ ရှေ့ပိုင်းကပြောခဲ့တာကိုပြန်ကောက်ရရင် ဘာသာစကားပေါ်ကျမရဲ့အယုံအကြည်မဲ့မှု ဟာပန်းချီဆရာကသူ့ဆေးသားကိုကိုင်တွယ်သလိုမျိုး ပန်းပုဆရာကသူ့ကျောက်သားကို ကိုင်တွယ်သလိုမျိုးပဲ။ ဘာသာစကားဟာ ကျမအပြင်ဘက်က။ ကျမမဟုတ်ဘူး။ ပြင်ပကစိတ်ပိုင်းဆိုင်ရာနာကျင်မှုပဲ။ ဒီတော့ကျမလုပ်နိုင်တဲ့ တခုတည်းသောအရာက သူ့ကိုစိတ်မွှာပစ်ဖို့၊ ဆွဲခွာချဖို့၊ နေရာတွေရွှေ့ပြောင်းပစ်ဖို့ပဲ။ သူက ကျမတို့ကိုလုပ်ခဲ့သလိုမျိုးပေါ့။ ဒါတွေကိုကျမပြန်မစုစည်းခင် ကျမကိုယ်ပိုင်အမှန်တရားလေးတွေကို ဖော်ပြနိုင်ခဲ့တယ်လို့မျှော်လင့်ကြည့်တယ်။ ဒီနေရာမှာ ပုံသဏန်ဟာအရေးကြီးလာတယ်။ ပုံသဏန်ကူးပြောင်းခြင်းနဲ့ သန့်စင်ပစ်တဲ့ဖြစ်စဉ်ရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ သင့်တော်တဲ့ပုံသဏန်ဟာအရေးပါလာတယ်။
မေး။ ။ ဒါဆို ခင်ဗျားလိုမလုပ်တဲ့ အခြားကဗျာဆရာတွေကိုဘာပြောချင်သလဲ။ သူတို့ဖန်တီးမှုဟာ လူတွေပိုထိတွေ့နိုင်တယ်လေ။
ဖြေ။ ။ ရှုပ်ထွေးပြီးစိတ္တဇ ဆန်တဲ့ ရေးဖွဲ့မှုမျိုးမလုပ်တာကိုပြောချင်တာလား
မေး။ ။ အဲသည်လိုခင်ဗျားယူဆမယ်ဆိုရင်ပေါ့
ဖြေ။ ။ ကောင်းပြီလေ။ ဒီမှာ ကျမအလုပ်ကသူတို့လက်ရာတွေကိုအကဲဖြတ်ဖို့မဟုတ်ဘူးဆိုတာပါပဲ။ ဒီကိစ္စကရှင့်လို ဝေဖန်ရေးလုပ်သူတွေရဲ့အလုပ်နဲ့ပိုပတ်သက်တယ်လို့ကျမယုံကြည်တယ်။
ဒါပေမဲ LKJ လို ဒပ်ကဗျာဆရာ (dub poet) တယောက် သူ့စာသားတွေကိုဂီတနဲ့စည်းချက်ချနေတာလည်း ကျမလုပ်နေတဲ့ ဘာသာစကားကို ဆုတ်ဖြဲ၊ ပိုင်းဖြတ် ပြန်ဆက်စပ်ကြည့်နေသလိုမျိုးပါပဲ။ ကြိုးစားပြီး သန့်စင်နေတဲ့ပုံစံတမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြန်ပြီးအလှဆင်နေတာ၊ ဘာသာစကားပေါ် အရိပ်မိုးနေတဲ့ ကြောက်မက်စက်ဆုပ်ဖွယ်သမိုင်းကိုပြန်ပြီး စီမံနေတာပေါ့။ ကမ္ဘာသစ်မှာအာဖရိကန်တွေရှင်သန်အောင်ထိမ်းသိမ်းနိုင်ခဲ့တဲ့ယဉ်ကျေးမှုဆိုင်ရာအလေ့အကျင့်တခုဖြစ်တဲ့ ဂီတဟာဒီအရိပ်ဆိုးကြီးကိုပုံဖော်နေတဲ့နောက်ထပ်အလွှာတခုပေါ့။ ရှင်လက်ခံမလားပဲ ဒါဏ်ရာတခုပေါ့။
ဂီတကိုအသုံးပြုတဲ့အကျိုးဆက်တခုက အာဖရိကန်မဟုတ်တဲ့ပရိတ်သတ်နဲ့ပိုထိတွေ့လာနိုင်တာပါ။ ဒါပေမဲ့သူတို့ ဒီဂီတနဲ့အတူတွဲပါလာတဲ့ စာသားတွေကိုနားလည်နိုင်ပါ့မလားလို့တော့ ကျမသံသယဖြစ်မိတယ်။ အနဲဆုံးတော့ ဖျော်ဖြေမှုတော့ဖြစ်တယ်ပေါ့။ ရှင့်လိုဝေဖန်ရေးဆရာတယောက်အတွက်တကယ့်စိန်ခေါ်မှုကတော့ ကျမဖန်တီးသလို ဂီတနဲ့ပံ့ပိုးမထားတဲ့ယဉ်ကျေးမှုလက်ရာတွေကိုနားလည်အောင်အားထုတ်ဖို့ပဲ။

ကျန်သေးတယ်၊ ရေးဖြစ်တဲ့အခါထပ်တင်ပ့ါမယ်။
အညွန်း။ Interview with an Empire by M. NourbeSe Philip

KZကေ

No comments:

Post a Comment