Tuesday, May 5, 2009

ဆက်သွယ်ခြင်း ၂

တကယ်ကဒီကဗျာကိုနာဂစ်မတိုင်မ်ီအတန်ကြာထဲကရေးခဲ့တာပါ
၂၀၀၃ လောက်ကလို့သတိထားမိတယ်
ပါရီမှာဗင်ဂိုးတို့ မိုးနေးတို့ တသိုက်ရဲ့ impression လက်ရာတွေပဲစုထားတဲ့
ပြတိုက်တခုရှိပါတယ် အရင်ဘူတာရုံအဟောင်းတခုကိုပြန်မွမ်းမံထားတဲ့ပြတိုက်
ပန်းချီသိပ်နားမလည်ပေမဲ့ ဒီအထဲမှာ မိုးနေးရဲ့အရောင်ရွေးပုံနဲ့တင်ပြပုံတွေကို
တခြားပန်းချီဆရာတွေထက်ပိုသဘောကျခဲ့တယ်
မိုးနေးပန်းချီကားထဲတိုက်နေတဲ့လေနဲ့သစ်ပင်ကိုကျနော်ကြည့်ပြီး
မြုပ်နေတဲ့မိမိ မသိစိတ်ကိုရှာကြည့်ခဲ့ပုံပါ
ဘာပဲဖြစ်ဖြစ်ပေါ့
ကျန်တာက ကဗျာဖတ်သူများဘက်ကသဘောထားဖြစ်လာပါတော့တယ်
........................................

မုန်တိုင်းကိုငါမြင်တယ်
သစ်ပင်ပေါ်ကလေကိုငါမြင်တယ်
အဲဒီမှာ ငါရှုနေတဲ့လေများပါသလား
ငါရှာနေတဲ့အထဲ
ငါရှုနေတဲ့လေများပါသလား။
အဝိဇ္ဇာ ငါ့မှာလောင်တယ်
ဒီမီးပေါက်အားနဲ့သွားခဲ့တဲ့နေ့များ
ခန်းမဆောင်ဂီတဟာကြည်မြပြီး
ဆည်းလည်းသံဟာငြိမ်းချမ်းပေလိမ့်
သို့သော် ငါကြားနေရတဲ့အသံ
ပိုက်တန်းလန်း
ပုလင်းတန်းလန်း
အပ်တန်းလန်း
အသက်ဟာ
တ
စက်
ချင်း
ကျလာတဲ့အနမ်း။
မီးကိုငြိမ်းချင်ရင်ထင်းစကိုဖယ်ထုတ်ပစ်ရမယ်
(ဆရာတော်တပါး၏ဩဝါဒမှ)
လက်ကောက်ဝတ်မှာငါ့သွေးဟာ
ပေါပေါလောလောခုန်နေ
တရားဟာတရားသဘောကိုဆောင်ပြီး
ငါဟာငါ့သဘောငါဆောင်မြဲ။

KZကေ

Sunday, May 3, 2009

ပါရာတက်စ် (၂၀၀၈ ခေတ်ပြိုင်ဝေါဟာရများ)

Game Boy ပဲရှိပြီး Game Girl မရှိပါလားဆိုလာလျှင်
အမျိုးသမီးဝါဒီတဦးကစပိုက်ဂဲလ် ဘယ်သွားထားမလဲပြောမည်ပင်
ငြင်းစရာများရှိနိုင်သော်လည်း Walkman ပဲရှိပြီး Walkwoman မရှိခဲ့
ကျနော်ပြောချင်တာက စကားလုံးတွေမှာ အားရှိသည် အုပ်စိုးမှုရှိသည် ဖိစီးမှုရှိသည်
ဘာသာစကားပေါ်ဦးစကဆန့်ကျင်ဘက်စုံတွဲများပေါ်တွင်အရင်းပြုခဲ့ဟန်ရှိသည်
အလင်း နဲ့ အမှောင်။ နေ့ နှင့် ည။ အမှား နဲ့ အမှန်။ အချစ် နှင့် အမုန်း စသည်ဖြင့်
နောက်တော့ ဟေဂယ် နောက်တော့ ဒိုင်ယာလက်တစ် နောက်တော့ ကားလ်မတ်စ်
လူတန်းစားတိုက်ပွဲ အလုပ်သမား အရင်းရှင်
ယဉ်ကျေးလာသောကမ္ဘာသည် ပိုင်ဆိုင်ချင်သည် ကျော်ကြားချင်သည် ပေါ့ပါးချင်သည်ပေါ့
သည်တော့ ရင်ဆိုင်ရသည် တိုက်ခိုက်ရသည် ကိုယ်မှန်ကြောင်းထောင်းထောင်းဗိုလ်ခြေ ကြေညက်ရသည်
ထားတော့ မူရင်းတည်ထားတာက စကားလုံးတွေ
အလင်းကအကောင်း အမှောင်ကအဆိုး
လူတွေ သိုးနေအောင်အိပ်တော့မှောင်မှ ဒါပေသည့်အမှောင်သည်အဆိုး
အဖြူကအကောင်း အမဲကအဆိုး ဒီလိုခွဲခြားနားလည်လာခဲ့ကြသည်
စကားလုံးတွေစီရေးပြီး တခုကတခြားတခုကို အနိုင်ကျင့်လွှမ်းမိုးမှုမရှိရင်ကောင်းလေစွ
Paratext သည် ထိုအတွေးအခေါ်ပေါ်အခြေခံခဲ့သည်လား
..............................................................................

ပါရာတက်စ်။ ၂၀၀၈ ခေတ်ပြိုင်ဝေါဟာရများ

သွေးလွန်တုတ်ကွေး ဓတ်ဆားရည် HIV နာရေးကူညီမှုအသင်း
အိမ်ကွင်း အဝေးကွင်း တန်းဆင်းဇုံ
မန်ယူ အာကြီး မန်စီးတီး သက်ဆင်
ပရီမီယာလိဂ် စီးရီးအေ ချန်ပီယံလိဂ်
NO ACID EXAMPLE လေးဖြူ CD DVD ခိုးကူးခွေ
နိုတြီ နေပြည်တော် ပျဉ်းမနား မိုဖာ
NGO INGO UN
မြန်မာစာ တရုတ်စာ အင်္ဂလိပ်စာ ဂျပန်စာ
ကိုရီးယားကား မြဝတီ မြန်မာ့အသံ TV5
စီဘီယာ စားသောက်ဆိုင် ကေတီဗွီ ကာရာအိုကေ
First eleven Weekly eleven မော်ဒန် Voice ဈေးကွက်
အင်တာနက် ချက်တင် ဂျီမေး အီးမေး ပီဖင်ဂို
လူမင်း နေတိုး အိန္ဒြာကျော်ဇင် သင်ဇာဝင့်ကျော်
လီယိုတာ ဒါရီဒါ ဖူးကို ရော်တီ ဘိုးဒရီးယား
ပညာရေးဆွေးနွေးပွဲ ကျောင်းဝင်ခွင့် စင်္ကာပူပေါ်လီ
S pass ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဝန်ဆောင်ခ Work permit
အခြေခံဥပဒေ ၄၇ ၇၄ ၂၀၀၈
နာဂစ် ဒေးဒရဲ ဖျာပုံ ဘိုကလေး လပွတ္တာ
ဟေဂယ် မာက့် ဒိုင်ယာလက်တစ် လစ်ဘရယ် နီယိုကွန်
Color Revolution ရုရှား ဂျော်ဂျီယာ ပင်လယ်နက် စစ်အေးသစ်
စိုက်ပျိုးချိန် မျိုးစပါး ထွန်ယက်ကရိယာ မြေဩဇာ
နိုကီရာ ဆမ်ဆောင်း အိုင်ဖုန်း လူကြီးမင်း ဆက်သွယ်မှုဧရိယာ
911 119 8808
ဂလိုဘယ်လိုက်ဇေးရှင်း သမိုင်းနိဂုံး အာရှအံ့မခန်း နန်းပိုလာရတီ
အိုဘားမား ကလင်တန် မက်ကိန်း ဘင်လာဒင်
ဂက်စ် ရေနံ အနုမြူ စွမ်းအင်လုံခြုံရေး
အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးပွဲ လမ်းပြမြေပုံ ရွေးကောက်ပွဲ
ဒေါ်လာဈေးကျ ရွှေဈေးတက် အိမ်ခြံမြေဈေးငြိမ်
R+ ဇုံကား စူပါစလွန်း86/87 CE.96
ပွဲပေါင်း ၁ပုလင်း ၁လုံးပြားခြောက်ဆယ် အောက်သင်း
Account transfer အက်ဖ်အီးစီ အစိမ်း Exchange rate
တရုတ် ရုရှား အမေရိကန် အာစီယံ အီးယူ
Auto CAD စာရင်းကိုင် ACCI TOFEL
အာဖဂန် အီရတ် အီရန် မြောက်ကိုရီးယား
တရုတ်အင်ဂျင် ဂျပန်မိတ် ယိုးဒယားလုပ် ပြည်တွင်းဖြစ်
စာရေးဆရာသေဆုံးခြင်း စာဖတ်သူသီအိုရီ LP မော်ဒန် ပို့စ်မော်ဒန်
ဓတ်ဆီ ဒီဇယ် CNG

KZကေ

Friday, May 1, 2009

ဂူးဂဲမှာစူးရဲ

တရက်ကဂျီတော့တွင်သူငယ်ချင်းတယောက်နဲ့စာရိုက်ဖြစ်သည်
ဘလော့မရေးတော့ဘူးလားဆိုတာနဲ့
ဂျီမေးတွင်အပြန်အလှန်ရေးဖြစ်တာလေးတခုတင်ပေးကြည့်ချင်လာသည်
သူဖတ်ရလျှင်ဘာပြောမလဲသိချင်တာနဲ့ပဲ
...........................
သူငယ်ချင်းစာကဒီလို
.........................
တစ်သမတ်အလျှင်တစ်ခုလို… ဖြောင့်ဖြောင့် သွားနေရာမှ
ဖြတ်ပိုင်းတစ်ခု ဖြတ်၍ပြီးလုပြီးခင်မှာပင်….. လှိုက်ခနဲဖို
ဒလိမ့်ခေါက်ကွေး…..
သူ.ခမျာ…ပြန်မှ တက်လာနိုင်ပါလိမ့်မလား…. ။
အစ်ကိုကံကောင်းတယ်….ခုဘဲဝင်လာတဲ့ဖုန်း…
၁၂ ကျပ်ပြုတ်ကျသွားပြီ ။
ကျွန်တော်ငွေလွှဲတာS$ 1= 650 Kyats တဲ့ ။ Paul Krugman ရဲ. ဥာဏ်ပညာကို သံသယ မဝင်သော်ငြား ....
တစ်ခါတစ်ခါတော့လည်း မိမိ၏ ဘဝကို Bailout လုပ်ပေးမယ့် ဘုရားသခင် ရှိလေမည်လား ....
(လင်းနို.၏ ပျံသန်းမှုလို...
ဟောဒီနံရံမှာ...
ငါ့နမူနာ..
ယူကြဘိ..။ )
ငါ့လိုမမှားကြလေနှင့် ဟုဆိုလိုခြင်းတော့ မဟုတ်တန်ရာ ။
မိဘတို.၏ မျှော်လင့်ချက်များ ကြီးမားနေခြင်းမှာ..သားသမီးအတွက်တော့ ဝန်ပိနေလေမည်လားပင် ။
ဘားရက်လေးရေ.....ဖေဖေ့ကိုခွင့်လွှတ်ပါကွယ် ။
တောင်းပန်ပါရဲ.။
အသိတရားဆိုသည်မှာလည်း....အကယ်စင်စစ်
ဘုရားသခင် ပညက်ခဲ့သည့်
ပန်းသီးတစ်လုံးဖြစ်နေလေမည်လား...
နယူတန်ဆိုရင်တော့ ဒီမေးခွန်းကို ဖြေနိုင်ကောင်းရဲ.ထင် ။
.......................................................
သူကဒါနဲ့မပြီး သူ့အရေးအသားကိုဝေဖန်ပါဆိုလာသဖြင့်
....................................................
မှတ်ချက်နဲနဲရေးပါမည်။
၁။ ပထမရှစ်ကြောင်းလုံးမှာအကြောင်းအရာတခု
သို့သော် စိတ်ကူး၂ခုဖြစ်သည်။
ဆိုလိုတာက
ငွေသွားပို့တဲ့အကြောင်း (တခု) ဖွဲ့ရာက ငွေဈေးကျတာကို (နောက်တခု) လက်ရှိ Bail out နဲ့ချိတ်သည်
နောက်ခံကားသည် P Plaza ဖြစ်သဖြင့် target audience ကိုကျဉ်းပြီးဖြစ်သည်
ဒါကို ထပ် Bail out သော် ပိုကျဉ်းသွားသည်။ P Krugman သုံးတော့တော်၂ကိုတော်၂ဖြစ်သွားပြီ။
ပြည်တော်ကြီးမှာဆို ဒါမျိုးတွေ ဆော်ပလော်တီးဖူးပေါင်းများပြီ။ အင်္ဂလိပ်နာမည်တွေဘာညာ။
ပြောရရင် Reading of meaning သမားများအတွက်ေ၀၀ါးမှုဖြစ်စေပြီ။
၂။ နောက်စာကြောင်းတွေမှာပြောင်းသွားပြီ။ အတွေးကလက်ရှိအဖြစ်အပြင်အရင်စဉ်းစားတဲ့အခံတွေရောလာသည်။
ဖွဲ့နွဲ့ရင်း အဘိဓမ္မာ ဆန်ချင်လာသည်။
ကိုးကားသည့်ကဗျာမှာ အောင်ချိမ့်၏ အချစ်သီချင်းဖြစ်သည်။
တပုဒ်လုံးအကြောင်းပြောရလျှင် မူရင်းကဗျာက စာရေးသူ(တီတီအေ) သံသယ ဖြစ်သည့်နောင်တသံ (မှားတာနမူနာမယူဖို့) ကိုတင်း၂ရင်း၂
နှင့်အဆုံးပိုဒ်သွင်းသည် ဟုယူမိသည် (ယခုဝေဖန်သူ ကထင်တာ)
သို့သော် နောက်ဆုံးပိုဒ်ပဲကိုးကားသော် ရေးသူမှာ ကြိုက်ရာ ညွှန်းခွင့်ရသွားသည်
ဒါကပြသနာမဟုတ်။ ပထမပြောခဲ့တာနှင့်ပြန်ဟပ်သော် ပရိတ်သတ်အကျဉ်းနှင့်ပင်အနက်ယူပုံလွဲနိုင်သည်။
သို့သော် P Plaza, P Krugman, Bail out, အောင်ချိမ့်, ဘားရက်, နောက်မျိုးဆက်, အသိတရားနှင့်ပညတ်ချက်
ပန်းသီးကို အင်ဒိုနီးရှားပါတိတ်လို့ထင်မည့်ပရိတ်သတ် က နယူတန်ကို နောက်ပေါ်တဲ့အဆင်ထင်မလားပဲ။
(ခင်ချောဆွိကတော့ မင်းကတော့အိုင်စတိုင်းကျနေတာပဲပြောသည့်ကိုထူးဆန်းကို ဟောလိဝုဒ်မင်းသမီးတွေနှင့်မနှိုင်းနဲ့လို့
ဆိုခဲ့ဘူးသည်)
ဒီတော့ သေချာတာဒီအရေးအသားမှာ Subjectivity များသည်။ အဓိပ္ပါယ်အကြောင်းပြောသော်
ဖတ်သူများမှာအဓိပ္ပါယ်များတွေရှိလာမည်။
Reading for form ရှိတာပဲဆိုသော်။ နဲနဲပိုကောင်းဖို့လိုမည်လား။ မပြောတတ်ပါ။
ရေးသူ၏အတွေးမှာ ဗဟိုကဖြာသွားဖို့ကြိုးစားသော်လည်း ထင်သလောက်ပြန့်သွားပါ့မလား မဆိုတတ်ပါ။

ချစ်ခင်စွာ ဆန်ရင်းနဲနဲနာ သွားသလား မထင်တတ်ပါ။


မှတ်ချက်။ သူမျာရေးတော့ပြောလို့ကောင်တာပေါ့။ ဘာအလုပ်မှမရှိဘူးတော့မထင်နဲ့ပေါ့ကွာ။ အား ခုလိုရေးလည်းရတာပဲ။ ပေါ့ပါးလိုက်တာ။ မင်းပြောတဲ့ အသိညံ ဆိုတာပေါ့။ ခက်တယ်။ ဟုတ်တယ်။

KZကေ

အို မေဒေး

မွေးကင်းစနေရောင်ဖျော့မှာကိုယ်အိပ်မက်ကလျော့ကျလာသည်
မိုးရိပ်ညိုမှောင်စွက် မြနှင်းဆီကိုသတိရဖို့ကောင်းသည့်နံနက်
ဒီတရက်တော့အိမ်မှာခြေငြိမ်လိုက်ဦးမယ်
အိပ်ယာပေါ်မှာလဲလျှောင်းရင်းပျင်းလို့နေမယ်သီချင်း
ဒီနေ့ကားကြိုတာနဲနဲနောက်ကျမည်
အင်း ရေနွေးလည်းမကြိုချင် ဖျော်ရည်လည်းကုန် CNN ကလည်း SWINE FLU
ရုံးရောက်တော့ ဘာဆိုင်မှမဖွင့် ယိုးဒယားမကြီးဖျော်ပေးသော အနက်ရောင်ကော်ဖီမှာ
လူ့ဘ၀ကိုဆင်ခြင်ကြည့်ရကောင်းနိုးနိုး ၀ိုးဝိုးဝါးဝါးဖြစ်ရ
သို့သော် မြေတူးသူတွေ ဂဟေတို့သူတွေ ပိုက်ဆက်သူတွေကြား
မြေကြီးနဲ့မနီးစပ်တာတွေမတွေးအား
အလုပ်သမားတွေ ကြီးကြပ်သူတွေ အင်ဂျင်နီယာတွေ တ၀က်လောက်မလာကြ
ကောင်းတာပ ငါ့လူတို့ရယ် ခုလိုသတ္တိမျိုးမွေးစမ်းပ
ခပ်ပြင်းပြင်း အရက်တလုံးနဲ့ ဒီနေ့ညနေရုန်းစမ်း
ကိုယ်ထဲစိမ့်ဝင်နေတဲ့ ကြီးရင့်မှုနဲ့နွမ်းနယ်မှုကို အန်ထုတ်လှုပ်ရမ်းစမ်းပ
ဟောကြည့်စမ်း ကိုယ်အိတ်ကိုပိတ်ပြီးဒီနေ့ပြန်တော့ အပြင်မှာ
ပျော်စရာနေရောင်ဟာထောင်လွှားနေဆဲ
မောင်အလုပ်သမားဆိုရင်တဲ့

KZကေ

Saturday, April 4, 2009

နတ်မြင်းပျံ ပျံပါလေ

"ခွာဆစ်သံပြင်း ရွှေဘိုမြင်းကို
အတင်းဒုန်းစိုင်း
စစ်ကိုင်းပင်းယ အင်းဝမန္တလေး
ရှေးမြန်မာပြည် အနှံ့လည်ကာ
သားသည်မြန်မာ မြန်မာပြည်ဖွား
သည်ရပ်သားဟု
ဝင့်ကြွားဂုဏ်ယူလိုက်ချင်သည်"

သူသေသွားတော့မှ
သူရှိနေသေးတာပါလားလို့သတိရတော့တယ်
ကျနော်ရိုးသားစွာပြောတာမို့
မကြိုက်သူရှိရင်တောင်းပန်ပါတယ်
မရေးတော့ဘူးပဲနေမလို့ပါ
သို့သော် ဆရာ့ရွှေဘိုမြင်းကိုကျနော်ငယ်ငယ်ကအရမ်းစီးတာ
အသံတွေကမာတယ် ပြတ်တယ် ရဲရင့်တယ်
ဒါ ကြည်အောင် ပဲ
ကျနော်တော်တော်ကြိုက်ခဲ့တာ
သစ္စာရှာဖို့ငါမြင်းစီးမယ် ကြတော့ ဘယ်နှစ်ခေါက်မှန်းမသိဘူး
တိကျတဲ့ဆရာ့အရေးအသားမှာ ကျနော်ရက်များစွာတွေဝေခဲ့ဘူးပါတယ်
သေသွားတော့မှဆရာရှိနေသေးတာကျနော်အမှတ်ရဖို့ဖြစ်ရတယ်
ခုတော့ အနတ္တကိုထင်သလိုဘာသာပြန်သူ ခုတော့ မောလွယ်ဟသူ
ခုတော့ မနက်ဖြန်နဲ့
မပွင့်သေးသောပန်းများရဲ့ဆန်းကြယ်မှုကို မေ့လျှော့သူ
ခုတော့ မြန်မာပြည်ဖွားသည်ရပ်သားဟု ၀င့်ကြွားခြင်းငှာမတတ်သာသူ
ကျနော်က
ဆရာအမြင့်ဘုံမှာနတ်မြင်းပျံနဲ့ဝဲပျံနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်

KZကေ

Friday, April 3, 2009

ပြုံးစရာ

ဆာဒါ၏ရယ်စရာများ

ဘော့စ် မင်းဘယ်မှာမွေးတာလဲ
ဆာဒါ အိန္ဒိယမှာပါ
ဘော့စ် ဘယ်အပိုင်းလဲကွ
ဆာဒါ ဘယ်အပိုင်း? တကိုယ်လုံးအိန္ဒိယမှာပဲမွေးတာပေါ့


ဆာဒါ မင်းကားနာမည်ကဘာလဲ
ဘော်ဒါ မေ့သွားပြီဟ။ တီနဲ့တော့စတာပဲ
ဆာဒါ တီး။ တယ်ဟုတ်ပါလား။ ငါသိသမျှတခြားကားတွေတော့ petro နဲ့နှိုးရတာ


ပြတိုက်စောင့် ခင်ဗျားကြောင့်ကျိုးသွားတာနှစ် ၁၅၀ လောက်ကရုပ်တုဗျ
ဆာဒါ တော်ပါသေးရဲ့။ အသစ်ကြီးထင်လို့


ဆာဒါ ရှင်ပစ္စည်းလိမ်ရောင်းတယ်
ဆိုင်ရှင် ဒါအကောင်းစားရေဒီယိုပါဗျာ
ဆာဒါ တံဆိပ်ကပ်ထားတာတော့ made in japan ပဲ။ လာတော့ all India radio လို့ပြောနေတယ်


အင်တာဗျုးမေးသူ လျှပ်စစ်မော်တာဘယ်လိုလည်သလဲသိလား
ဆာဒါ ဒတ် ဒူ ဒူ ဒါ ဒါ ဒါ ဒါ ဒါ ဒါ………..
အင်တာဗျူးမေးသူ ရပြီ ရပြီ ရပ်ပါတော့
ဆာဒါ ဒါ ဒါ ဒူ ဒူ ဒတ် ဒတ်

Thursday, April 2, 2009

ရော့ကီးဖဲလားဒီဇင်ဘာမှာမေလ

စနေနေ့သံကြမ်းပြင်ရဲ့ငေါထွက်နေတဲ့အစွန်းကိုအလုပ်သမားလေးကသူ့ဂရိုင်ဒါနဲ့ဖိတွန်းချလိုက်တယ်
မီးတွေကတဖြန်းဖြန်းပန်းထွက်လာတော့
ကျနော့်မှာဘာရယ်မဟုတ်ဆရာမြဘာသာပြန်ခဲ့တဲ့မာယာကော့ဖ်စကီရဲ့ ဘရွတ်ကလင်တံတားကို ပြေးသတိရတယ်
အလုပ်လက်မဲ့ဖြစ်ခြင်းရဲ့သားကောင်တွေဟာမင်ဟက်တန်မြစ်ရဲ့ကုတ်နေတဲ့မျက်မှောင်ထဲဇောက်ထိုးခုန်ဆင်းချသွားခဲ့ကြတယ် တဲ့
အလုပ်များလွန်း မအားလပ်လွန်းတဲ့ကြားကပဲ အာရုံနိုးလို့ Assembling Alternatives ဆိုတဲ့စာအုပ်တအုပ်ကိုနဲနဲပြန်ဖတ်ကြည့်ပါတယ်
Interview with an empire ဆိုတဲ့အခန်းပါ
အာဖရိကန်အမေရိကန် အမျိုးသမီးကဗျာဆရာမတယောက်ရဲ့အင်တာဗျူးပေါ့
အကြောင်းသင့်လာလို့ LP (Language Poetry) အကြောင်းနဲနဲပြောပါရစေ
လောလောဆယ်ကျနော်တို့ဆီမှာဒါဟာကဗျာမှာအသစ်ဖြစ်ထွန်းမှုတခုပါ။ ငြင်းခုံစရာတခုပါ (ကျနော်LP မကြိုက်ပါ)
သို့သော်နိုင်ငံတကာမှာ LP ဟာကျနော်တို့နားလည်ထားတာထက်များပိုပြီးထုကြီးနေသလားလို့သံသယရှိမိပါတယ်
ဘာသာစကားကိုကဗျာဆရာတဦးကသံသယရှိတာဟာ ပန်းပုဆရာက သစ်တုံးကို ဒါမှမဟုတ် ကျောက်တုံးကို စွန့်ပစ်ဖို့ကြိုးစားတာထက်ပိုခက်ခဲစေပါတယ်
သစ်တုံးနဲ့ကျောက်တုံး ဟာနေ့စဉ်ဘဝဖြစ်စဉ်မှာဘာသာစကားလိုအရေးပါမှုမှမရှိပဲကိုး
အာဖရိကန်နွယ်ဖွား ကဗျာဆရာမက ဒါကို ကျွန်ကုန်ကူးတဲ့ခေတ် ကနေစလို့သူတို့ဘာသာစကားပျက်စီးခဲ့ရာကစလို့ အခြေခံခဲ့တာ မှင်သက်ခဲ့ရပါတယ်
ကဗျာဆရာ ဇေယျာလင်းရဲ့ ကဗျာရေးသူကိုထုတ်လုပ်ခြင်း စာအုပ်ကအချို့စာကြောင်းတွေကိုကျနော့်သဘောနဲ့ပြန်ဖွဲ့စည်းကြည့်မိပါတယ် (ဟိုနေရာကတကြောင်းယူ ဒီတပုဒ်ကတကြောင်းယူပေါ့ LP ကဒါမျိုးတွေလုပ်တတ်ပါတယ်ကျနော်LPမကြိုက်ပါ)
အတတ်ပညာဇောင်းပေးပြီးရေးကြည့်တာပါ
ခေါင်းစဉ်ကစလို့တခုမှကျနော့်ကိုယ်ပိုင်မပါပါ။ အချစ်ကိုကြာရှည်ခံခြင်း ကဗျာနဲ့လည်းတွဲဖက်ခံစားနိုင်မလားပဲ။
သို့သော် အထက်ကဗျာဆရာမကတော့ စကားလုံးတွေကိုဘယ်သူကပိုင်သလဲတဲ့။ အသစ်ရေးချင်ရင်(အစစ်အမှန်ကိုရှာချင်ရင်) ဘာသာစကားဟာကန့်လန့်ခံနေပုံပဲ (သူ့အတွက်တော့)
ကဗျာချစ်သူများဆီကအသံတချို့မျှော်လင့်ကြည့်မိတယ်
ရော့ကီးဖဲလားဒီဇင်ဘာမှာမေလဆိုတော့ ဘာလများပါလိမ့်။
...........................................
ရော့ကီးဖဲလားဒီဇင်ဘာမှာမေလ

ခက်ခဲအောင်တမင်လုပ်နေတယ်ဆိုတာကျွန်တော်မဟုတ်ပါဘူး
တီးတိုးစကားတခွန်းမှာအက်ကြောင်းတွေရွှမ်းမှည့်လာတာ
အဖြစ်အပျက်တွေဟာ
ကြမ်းပြင်ပေါ်အစိတ်စိတ်အမွှာမွှာ
ငြီးငွေ့ပြီ
ဒါဆိုလည်းရှိစေတော့
ရှင်ကျမကိုဘာလို့ညာတာလဲ
မီးစက်သံလိုစကားလုံးတွေတဒုန်းဒုန်းကြား
အစစ်အမှန်ချစ်သူတွေဟာနံရံတဘက်ထဲမှာ
ကျောနှစ်ဘက်တင်းခံလို့
ပျော်ရွှင်မှုကိုနံရံပေါ်မှာပင်အပ်နဲ့
ဟောင်းလောင်းပေါက်ကိုယ်လုံးပေါ်မှန်
နွေ့ရာသီမှာဟုန်းထစေမဲ့
အဝါရောင်လယ်ကွင်း။

KZကေ