Tuesday, May 5, 2009

ဆက်သွယ်ခြင်း ၂

တကယ်ကဒီကဗျာကိုနာဂစ်မတိုင်မ်ီအတန်ကြာထဲကရေးခဲ့တာပါ
၂၀၀၃ လောက်ကလို့သတိထားမိတယ်
ပါရီမှာဗင်ဂိုးတို့ မိုးနေးတို့ တသိုက်ရဲ့ impression လက်ရာတွေပဲစုထားတဲ့
ပြတိုက်တခုရှိပါတယ် အရင်ဘူတာရုံအဟောင်းတခုကိုပြန်မွမ်းမံထားတဲ့ပြတိုက်
ပန်းချီသိပ်နားမလည်ပေမဲ့ ဒီအထဲမှာ မိုးနေးရဲ့အရောင်ရွေးပုံနဲ့တင်ပြပုံတွေကို
တခြားပန်းချီဆရာတွေထက်ပိုသဘောကျခဲ့တယ်
မိုးနေးပန်းချီကားထဲတိုက်နေတဲ့လေနဲ့သစ်ပင်ကိုကျနော်ကြည့်ပြီး
မြုပ်နေတဲ့မိမိ မသိစိတ်ကိုရှာကြည့်ခဲ့ပုံပါ
ဘာပဲဖြစ်ဖြစ်ပေါ့
ကျန်တာက ကဗျာဖတ်သူများဘက်ကသဘောထားဖြစ်လာပါတော့တယ်
........................................

မုန်တိုင်းကိုငါမြင်တယ်
သစ်ပင်ပေါ်ကလေကိုငါမြင်တယ်
အဲဒီမှာ ငါရှုနေတဲ့လေများပါသလား
ငါရှာနေတဲ့အထဲ
ငါရှုနေတဲ့လေများပါသလား။
အဝိဇ္ဇာ ငါ့မှာလောင်တယ်
ဒီမီးပေါက်အားနဲ့သွားခဲ့တဲ့နေ့များ
ခန်းမဆောင်ဂီတဟာကြည်မြပြီး
ဆည်းလည်းသံဟာငြိမ်းချမ်းပေလိမ့်
သို့သော် ငါကြားနေရတဲ့အသံ
ပိုက်တန်းလန်း
ပုလင်းတန်းလန်း
အပ်တန်းလန်း
အသက်ဟာ

စက်
ချင်း
ကျလာတဲ့အနမ်း။
မီးကိုငြိမ်းချင်ရင်ထင်းစကိုဖယ်ထုတ်ပစ်ရမယ်
(ဆရာတော်တပါး၏ဩဝါဒမှ)
လက်ကောက်ဝတ်မှာငါ့သွေးဟာ
ပေါပေါလောလောခုန်နေ
တရားဟာတရားသဘောကိုဆောင်ပြီး
ငါဟာငါ့သဘောငါဆောင်မြဲ။

KZကေ

2 comments:

  1. ဆင်ခြင်မိတုန်းအခိုက် ၊ တရားသံဝေသော်ငြား။ စင်စစ် လူဆိုသည်မှာ "ငါ့မြင်းငါစိုင်း" သာဟု ထင်မြင်မိပါကြောင်း ။
    မိမိငယ်စဉ်က "ငါ့နှယ်....စိတ်နဲ.လူနဲ.မကပ်မိပါဘူးဟယ်" ဟု မိခင်ကပြောသောအခါ ၊ "မေမေကလည်း...စိတ်နဲ.လူနဲ.ကပ်ရင် ဘယ်ခုလိုနေလိမ့်မလဲ......အကျွတ်တရား..ရတော့မှာပေါ့" ဟု မိခင်အား ကျီစယ်ခဲ့ပုံကို သတိရမိပါသေးသည် ။
    ဒီမှတ်ချက်လေးကို ရေးရင်း"မေမေတစ်ယောက်စိတ်နဲ.ကိုယ်နဲ.ကပ်နိုင်ပါစေတော့" ဟု ဆုတောင်းမိပါသည် ။

    ReplyDelete
  2. သာဓုပါ သာဓု သာဓု
    ခင်ဗျာအခုတော့ မိဘကျေးဇူးသိတတ်လာပုံပဲ
    ကျန်တာတွေလည်းပြန်ဖတ်ပြီးရေးပါဦးလေ
    ကျနော့်ဘလော့ကရေးသူမပြောနဲ့ဖတ်သူတောင်သိပ်ရှိတာမဟုတ်
    လေတော့ ခုလိုရေးလာသူတယောက်ကိုပဲ တစ်ရာမှတ်ပြီး
    ဧည့်ခံရမှာ

    ReplyDelete