အပိုင်း (၃)
အာဏာရှင်စံနစ်ကနေဒီမိုကရေစီကို ပြောင်းမယ်လို့ဆိုတဲ့အတွက် စီးပွားရေးပြန်လည်ပြင်ဆင်မှုတွေ ဟာမလွဲမသွေလိုအပ်လာပါတယ်။ အပြောင်းအလဲအောင်မြင်မလားဆိုတာကို အဓိကချိန်ကြည့်တဲ့အချက် တချက်ရှိပါတယ်။ အဲဒါအစိုးရဟောင်းရဲ့ဦးစီးဦးဆောင်နိုင်ငံရေးစီမံခန့်ခွဲသူတွေဘယ်လောက် ပြန်ပါနေသလဲ ဆိုတာပါ။ နဲလေပိုအောင်မြင်လေပါ။ ကျနော်တို့ဆီမှာ စစ်အစိုးရဟောင်းထဲက လူအားလုံး အရပ်သားအစိုးရသစ်အဖြစ် အသွင်ပြောင်း လာတယ်။ အတော်များများဟာ လက်ရှိစီးပွားရေးနယ်မှာ ထုနဲ့ထည်နဲ့ကို အကျိုးစီးပွား တွေရှိနေပါတယ်။ ဒီတော့ ဒီအကျိုးစီးပွားကိုဆန့်ကျင်ပြီး နိုင်ငံအတွက် ပြည်သူအတွက် ရေရှည်စီးပွားရေးဗျုဟာ တွေကိုဘာမှတည်ခွင့် မရနိုင်ဘူးဖြစ်နေတယ်။
တကယ်တမ်းမှာ စီးပွားရေးတည်ငြိမ်လာဖို့၊ ဈေးနှုန်း နဲ့ ကုန်သွယ်မှုစည်းမျဉ်းနဲ့လွတ်လပ်ခွင့် တွေဖြစ်လာဖို့ အတွက် စီးပွားရေးတတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ လက်ရှိအစိုးရအဖွဲ့ထဲက မဟုတ်တဲ့ နိုင်ငံရေးဖိအားကင်းတဲ့ ပညာရှင်အဖွဲ့တဖွဲ့လိုပါတယ်။ သူတို့ကို ထိပ်တန်းလက်ရှိ နိုင်ငံရေးအာဏာ ရှိသူတွေက ကျောထောက်နောက်ခံပေးရပါမယ်။ ပိုလန်ရဲ့စီးပွားရေးအရ ကနဦးပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို Leszek Balcerozicz တို့အဖွဲ့က ဦးဆောင်ခဲ့သလိုမျိုးပေါ့။ စီးပွားရေးပညာရှင်ကိုအကြံပေးအဖွဲ့ထားရုံနဲ့မပြီးပါဘူး။ တကယ်အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေမျိုးလည်းရှိနေဖို့လိုပါတယ်။ အစိုးရသစ်မှာ တချို့ကတကယ် စီးပွားရေးပြောင်းလဲမှုတွေကို စိတ်ဝင်စားကောင်းစိတ်ဝင်စားပါလိမ့်မယ်။ သို့သော်အချို့အဓိကကျသူတွေအတွက် ဒါဟာ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးသမားကြားက နောက်ထပ်အားပြိုင်တဲ့ နိုင်ငံရေးကစားပွဲတမျိုး ပါပဲလို့ မြင်နေရင် အပြောင်းအလဲ ဟာ ဟန်ပြပဲဖြစ်လာမှာပါ။
နောက်တချက်က အခြေခံကျတဲ့စီးပွားရေးအပြောင်းအလဲအတွက် ကျယ်ပြန့်တဲ့သဘောတူညီမှုတခု လိုပါတယ်။ အရှေ့ဥရောပကွန်မြူနစ်အာဏာရှင်စံနစ်အောက်ကထွက်လာပြီး စီးပွားရေးနိုင်ငံရေး ပြင်ဆင်မှုတွေ လုပ်ချိန်နဲ့ ဂိုးသွင်းကောင်းတဲ့ ကိုကိုတွေဖြစ်တဲ့ ဘရာဇီးတို့ အာဂျင်တင်းတို့လို လက်တင်အမေရိကသားတွေ စစ်အာဏာရှင်စံနစ်ကလွတ်လာပြီး ပြန်လည်ပြင်ဆင်ရေးတွေလုပ်တဲ့ အချိန်ခြင်းအတူတူလောက်ပါ။ ဈေးကွက်မိုဒယ်ကိုဘယ်လိုချိန်မယ်၊ ဘယ်အပိုင်းကိုအရင်ဖွံ့ဖြိုးအောင်လုပ်မလဲ။ ကုန်သွယ်ရေးအတားအဆီးတွေ ဘယ်လိုပြန်ညှိမလဲစတာတွေမှာ ဆိုင်ရာနိုင်ငံရေးအင်အားစုတွေ သဘောတူညီမှု ရအောင်လုပ်နိုင်ခဲ့တဲ့ အရှေ့ဥရောပဟာ လက်တင်အမေရိကထက်အောင်မြင်မှုပိုစောခဲ့ပါတယ်။
ဒါတွေဟာ စီးပွားရေးသီအိုရီတွေ တခြားနိုင်ငံအတွေ့အကြုံတွေ နဲ့ချဉ်းကပ်နေတာပဲ။ ကိုယ့်နိုင်ငံနဲ့ ဘယ်လောက်ဟပ်မိလို့လဲလို့ ခင်ဗျားကမေးချင်တယ်ဆိုရင်လက်တွေ့မှာဘာတွေဖြစ်နေသလဲဆိုတာ ကြည့်ကြရအောင်။ လက်ရှိအစိုးရအမွေရထားတာက နိုင်ငံတော်ကဦးဆောင်တဲ့အရင်းရှင်စံနစ် (State Capitalism)။ အရင် စစ်အစိုးရဟာ နိုင်ငံရေးဖြေရှင်းမှုကိုအဓိကမလုပ်ခဲ့ပဲ သူ့လက်ထက်မှာဒီစံနစ်ကို အသက်သွင်းခဲ့တယ်။ ဒီစံနစ်ကနိုင်ငံရေးအရ နိုင်ငံတကာနဲ့ ကိုယ့်ပြည်သူထောက်ခံမှုမရတဲ့အစိုးရတွေဟာ နိုင်ငံရေးအကြိုးအမြတ်ကို ရှေ့တန်းတင်တဲ့စီးပွားရေးကို လက်သင့်ရာလုပ်ငန်းရှင်နဲ့ လုပ်တာပါ။ လွယ်လွယ်ဥပမာပေးရရင် လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စမဲခွဲတော့မယ်ဆိုရင် တရုတ်ဆီပြေးပြီး သူ့အတွက် ပဲအကျိုးရှိပြီး၊ ကိုယ့်အတွက်သိပ်အကျိုးမရှိတဲ့ စာချုပ်တခုပြေးချုပ်ထားတာမျိုးပေါ့။ ဒါမှ ဗီတိုရမယ်လေ။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဟာ အရှုံးခံပြီး အစိုးရပေါ်လစီကိုလိုက်အကောင်အထည်ဖော်ကြတယ်။ ပြီးရင်အစိုးရကလည်းမြိုးမြိုးမြက်မြက်ရနိုင်တာမျိုးတွေပြန်ပြီးဂွင်ရှာပေးရပြန်တယ်။ ဒါတွေကဒီလောက်ထိပြော ဖို့တောင်မလိုပါဘူး။ ခင်ဗျားသိပါတယ် အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပေါင်းပြီး ထွင်ထားတဲ့ ရိုက်စားဂွင်တွေဟာ အများကြီးပါ။ ပြီးတော့အဲသည်ကရလာတဲ့ ငွေတွေနဲ့ တခြားဈေးကစားမှုတွေလုပ်ကြတယ်။
ကမ္ဘာမှာ အစုတ်ဆုံးဆိုပေမဲ့ဈေးအကြီးဆုံးကားတွေကျနော်တို့ ၀ယ်စီးခဲ့ကြရတယ်။ အခုအိမ်ခြံမြေဈေးတွေဟာ တဟုန်ထိုးမြင့်တက်သွားပြီ။ ရန်ကုန်မှာ မြို့သစ်ချောင်ကျတဲ့နေရာက မြေကွက်လေးတကွက်ဟာ အနဲဆုံးသိန်းတရာ ရှိတယ်။ တလကို ဒေါ်လာ ငါးရာစုနိုင်တဲ့ လူတယောက် ဒီမြေကွက်ဝယ်ဖို့ ၃နှစ်ကြာမယ်။ အိမ်ဆောက်ဖို့ နောက်၃ နှစ်ငွေထပ်စုရမယ်။ ကားဈေးကွက်တွေပျက်တယ်ဆိုပေမယ့် ဂျစ်ကားကလွဲလို့ သိန်းတရာဆိုဘာကားမှမရဘူး။ ထားတော့ ကားစီးဖို့နောက်၃နှစ်စာ ငွေလိုတယ်။ အဲ ၉နှစ် ၁၀နှစ်ကုန်းလုပ်ပြီး မြန်မာပြည်ပြန်လာရင် မြို့သစ်မှာ အိမ်လေးနဲ့ ကားလေးနဲ့ဆိုတော့ မဆိုးဘူးပဲထားဦး။ မီးမမှန်ဘူး၊ အ၀ီစိရေမမောင်းနိုင်ဘူး။ ကားဆီတန်းစီတာ စတဲ့ဒုက္ခဆိုတာကရှိသေးတယ်။ အဲဒါတွေအားလုံးသည်းခံ နိုင်တယ်ဆိုဦး။ မြန်မာပြည်မှာဘာလုပ်စားမလဲ။ ဒီအချက်တွေဟာ လူလတ်တန်းစားတွေရဲ့ သေကွင်းသေကွက်တွေကို တိုက်ရိုက်မှန်တာပဲ။ လူလတ်တန်းစားအားမကောင်းတဲ့ နိုင်ငံဟာ စီးပွားရေးဘယ်လိုဖွံဖြိုးမလဲ။ လူလတ်တန်းစားတောင်မနဲရုန်းကန်နေရတယ်ဆိုတော့ အောက်ခြေပြည်သူ တွေဘယ်လိုလုပ်ကြမလဲ။ မင်္ဂလာဒုံလေဆိပ်ကို နိုင်ငံခြားသွားမဲ့သူတွေ တီအီးကားကြီးတွေနဲ့ လာတာမြင်ဖူးလား။ တောက လူတွေ (လယ်လုပ်သူတွေနေမှာပေါ့) မလေးရှားသွားဖို့လာတာတဲ့။ အစိုးရတရပ်ဟာ ပြည်သူ့အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်ဘူး။ ပေးချင်တဲ့ဆန္ဒမရှိတာလား။ ပေးနိုင်တဲ့တတ်ကျွမ်းနား လည်မှုမျိုးမရှိတာလား။ အစိုးရကလုပ်မပေးနိုင်သလို ပြည်သူတွေမှာလည်းထောက်ပြဝေဖန်ခွင့်မရဘူး။ မီဒီယာတွေဟာ တနေ့ဥပဒေတမျိုးအောက်မှာ စည်းချက်ကြည့်ပြီး ခေါင်းခါးခြေလက် လှုပ်နေကြရတယ်။
အောက်မှာထိုင်နေတာ နိုင်ငံရေးပြဿနာတွေ။ အဲဒီပေါ်တည်ပြီး ရှိနေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ တလွဲစီးပွားရေးပေါ်လစီတွေ။ အမတရာဆင်းပြောခဲ့သလို စီးပွားရေးဖွံ့ဖြိုးမှုဆိုတာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ကိုင်နိုင်စွမ်းရည်၊ အလုပ်ရရှိရေးအခွင့်အလမ်း၊ လူမှုဘ၀လုံခြုံရေး။ ဒါတွေနဲ့တိုက်ရိုက် ကိုပတ်သက်နေတာပါ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လွတ်လပ်မှုကိုတိုးချဲ့နေတဲ့ဖြစ်စဉ်ပါ။ ဒါတွေကို တပြိုင်နက်မရှင်းပဲ ဆင်းရဲမှုတိုက်ဖျက်ရေးဆိုရင်တော့ မိုးယိုနေတာမဖာပဲ ရေယိုတဲ့နေရာခွက်ခံထားတာမျိုးပဲ။ ဖိနပ်နဲ့မတော်လို့ ဖနှောင့်လှီးတာမျိုးပဲ။ အခြေခံကျတဲ့ရောဂါကိုမကုပဲ ကွမ်းရွက်ပြုတ်ရေလေး ရေနွေးနဲ့တိုက်ရင်တော့ ချွေးလေးတော့စို့ကောင်းစို့လာလိမ့်မယ်။ ဘာမှတော့ထူးလာမှာမဟုတ်ဘူး။ ကောင်းပြီလေ။ နိုင်ငံရေးအပြောင်းအလဲဟာမဖြစ်မနေလိုနေပြီဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ၁၉၆၀ ပြည့်နှစ်တွေက စခဲ့တဲ့ စစ်တပ်ကအဓိက ဦးဆောင်ခဲ့တဲ့ အချင်းချင်းချကောင်းနေကြတဲ့ မြန့်မာ့နိုင်ငံရေး နှစ်ငါးဆယ်ကျော် ကို ဘယ်အချက်တွေကအရင်စရှင်းမလဲ။ ကောင်းမွန်တဲ့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတခုကို ဘယ်လိုရအောင်သွားမလဲ။ ဒီမေးခွန်းဟာ လက်ရှိနိုင်ငံပြန်လည်ထူထောင်လိုတဲ့ အစိုးရ၊ နိုင်ငံရေးသမားတွေ၊ စစ်တပ်အကြီးအကဲတွေနဲ့ နိုင်ငံရေးနားလည်ကျွမ်းကျင်သူ ဆိုသူတိုင်းကို စိန်ခေါ်နေတဲ့မေးခွန်းလည်းဖြစ်ပုံရပါတယ်။ ဒီမေးခွန်းကို ဘာကောင်မှမဟုတ်ပေမယ့် ကျနော် ကြိုးစားပြီးဖြေကြည့်ပါ့မယ်။
Reference: Linkages between politics and economics by Nelson Joan M.
Journal of Democracy, October 1994
ဆက်ပါမည်
KZကေ
ဆရာကေ...ဆရာဦးအောင်သင်း ပြောသလို ပြောရရင် ခေါင်းလိမ်းဆီ ပါးပေါ်ပေရင် ဒါ အမှိုက်ပဲဗျ၊ အင်းးးး လူမှန် နေရာမှန်ဆိုတဲ့ စကားက အရမ်းတာတယ်။
ReplyDeleteတစ်ခုလောက် တောင်းဆိုပါရစေ။ အပိုဒ်လေးတွေ ခွဲခွဲရေးပါလားဟင်၊ မျက်လုံးမကောင်းတော့ ဖတ်ရင်းနဲ့ အပေါ် အောက် လိုင်းတွေ ပူးကုန်လို့ :)
ကျနော် word ပေါ်ရေးပြီး ကူးတင်လိုက်တာပဲ။
ReplyDeleteမူရင်းမှာတော့ခွဲတယ်။ နောက်တခါဆို ဘလော့ထဲမှာလည်းမတင်ခင်
ကော့ကန်ကားလေးတော့လုပ်ပေးပါဦးမယ် :)
ဖတ်လို့ တခါ မှတ်ချက်ကြောင့်တခါ နှစ်ခါကျေးဇူးတင်ပါတယ်