Sunday, February 8, 2009

ရောင်စုံဘောလုံး

တယောက်တည်းပုန်းနေသောရောင်စုံဘောလုံးကို
တခုချင်းဖြည်ကြည့်ဖို့ရောင်စုံဘောလုံးကို
စဖော်ပြတာပါ


ငါမြင်နေတာဟာ ငါထင်နေတာများလား
အခုငါ့လက်ကောက်ဝတ်မှာဆောင့်တိုးနေတဲ့သွေးဟာ
သံသယ၏တောက်ပခြင်းတိမ်သားဖြူဖြူများအောက်
ချစ်ရည်ရွှန်းတဲ့မျက်ဝန်းလဲ့ပြာပြာ
အခုငါမြင်နေရတဲ့ပန်းပွင့်ပဲ
ပူပူနွေးနွေးမှုတ်ထုတ်လိုက်သည့်ဝေါဟာရအစိမ်းများ
အခုငါရှုသွင်းခဲ့တဲ့လေပဲ
အပျိုစင်မြေလွတ်မြေရိုင်းနဲ့ မြဝါဝါ ကောက်ပင်သီးနှံများကြား
အခုငါ့ကိုယ်ပေါ်ဖြာကြနေတဲ့နွေဥတုပဲ
တရိပ်ရိပ်ပြေးနေတဲ့အချိန်ကာလရဲ့သွေးတိုးသံကိုငါပြန်ကြားရတဲ့အထိ
ငါဟာခပ်မဆိတ် တိတိကျကျတိတ်ဆိတ်
ခေတ်တခေတ်ရဲ့မျက်မြင်သက်သေ
အခုငါ့မျက်မှန်ပေါ်တက်အော်တဲ့
အချိုဆာလောင်နေသော နေလိမ္မော်ပဲ
အခုငါသိပြီ အခုလေးတင်ပဲငါသိပြီထင်ခဲ့
ဒီအထင်နောင်ဘယ်အခုတိုင်မှန်မှာလဲ
အရောင်အားလုံးအမှောင်မှာပုန်းကွယ်
ငါမြင်နေတာတွေဟာ ငါထင်နေတာတွေများလား
ရောင်စုံဘောလုံး ရောင်စုံဘောလုံး
တစ်လုံးငါးပြား တစ်လုံးငါးပြား
ကြိုက်တဲ့အရောင်ရွေးယူ ကြိုက်တဲ့အရောင်ရွေးယူ
တစ်လုံးငါးပြား


ရောင်စုံဘောလုံး ရောင်စုံဘောလုံး
KZကေ

No comments:

Post a Comment