Wednesday, February 25, 2009

March

ဗြူတီမှာပါဘူးတဲ့ကဗျာလေးပါ
၂၀၀၃ ပျဉ်းမနားကဗျာဆုမှာနောက်ဆုံးအဆင့်ထိရွေးခဲ့ဘူးတဲ့ကဗျာ
မှတ်တမ်းလေးပြောပြတာ။ ကဗျာလေးဖတ်ကြည့်ပါလား
မတ်လရောက်တော့မယ်ဆိုတော့ တတ်သမျှ မှတ်သမျှ ပေါ့

ငါးစာကငါးထက်ပိုများတဲ့
တံလျှပ်တွေထဲ
ဝမ်းမီးအပြင်
အခြားသောအာရုံများလည်း
တောက်ဖို့လောင်ဖို့
လွယ်နေ
သစ်ရွက်ကြွေသောရာသီဥတုနှင့်
ကံ့ကော်ပွင့်၏ပူပြင်းသော အနံ့အသက်များ
လက်ခံမဲ့သူမရှိတဲ့
တယ်လီဖုန်းမြည်သံတခုလို
ဥဩငှက်ရဲ့အော်မြည်သံဟာ
လေမှာ…….တန်း……..လန်း

Sunday, February 22, 2009

ဖြတ်စများ ၃

အခန်း(၁)
မေ ၂၀၀၈ ဘိုကလေးမြို့
မြန်မာနိုင်ငံ

ညနေကလမ်းထိပ်မှာတကီလိုလောက်ရှည်သည့်ဗွက်ကိုရုန်းနိုင်မည့်ပုံမပေါ်သဖြင့်ကျနော်တို့
ကားကိုထားပြီးပဲ့ထောင်တစီးကိုတားဆီးခဲ့ကြသည်။ ကားကဆယ်ဘီးကားတွေလိုအကြီးကြီးတော့မဟုတ်။
ဒါပေမဲ့ဝိတ်ကရှိနေသည်။ ဆန်အိတ်နဲ့အ၀တ်အစားတွေကများလှသည်မဆိုနိုင်သော်လည်း ရေသန့်ဘူးကြီးတွေက
ထောင်ကျော်ရှိနေသည်။ ညနေက ဖျာပုံ ဘိုကလေးကားလမ်းပေါ်က ကလေးတွေကိုမုန့်ထုပ်တွေ ပစ်ချပေးမိသည်။ ညနေကပဲ့ထောင်ပေါ်မှာလူကြီးတယောက် စကားတွေပြောသည်။ ပြီးမျက်ရည် တွေကျလာသည်။ ကမ်းစပ်ကို ကြည့်သည် ပြီးတော့ရေတဘူးပေးပါပြောသည်။ သူ့ကလေး ပြန်တွေ့ရင် ရေဆာ နေလိမ့်မည်ဆိုသည်။ ညနေကတာပေါ်လင်စတွေကိုကားပေါ်ကထမ်းချခဲ့ကြသည် ။ ညနေကချောင်းတဘက်ကို
ဖြတ်ကူးခဲ့ ကြသည်။ ညနေကနတ်လမ်းပေါ်မှာတန်းထိုးပြီးခင်းထားသည့်ထမင်းဝိုင်းမှာစားခဲ့သည်။ တန်ဆောင်းက ခိုင်ခန့်ပြီးကုတင်လေးတွေကသပ်သပ်ရပ်ရပ်။ ပြသနာကခြင်ကိုက်သည် ဦးဇင်းလေး ပေးသွားသည့် စောင်ကလုံပါသည်။ သို့သော်အနံ့အသက်ကမကောင်း ။ ခနနေတော့ ပြည်မှာဆောင်း ကိုစကြားရတော့သည်။
ဘိုကလေးသည်တောကြီးမျက်မည်းမဟုတ်။ လွန်ခဲ့သော၂၅နှစ်ခန့် ကပင် ကျနော် လူရည်ချွန် စာမေးပွဲဖြေ ခဲ့ဖူးသည့်မြို့ဖြစ်သည်။ အဲဒီတုန်းက အထက ၁ မှာဆရာငြိမ်း၏ လူချွှန်လူကောင်းကိုစကြားဖူးချင်းဖြစ် သည် ။ ကျနော်တထိုင်တည်းကြိုက်သွားခဲ့သည်။ သို့သော်ခုနေရာကမြို့ပေါ်မဟုတ်။ မြို့အ၀င်တံတားကျော်ပြီးစကတည်းက ချိုးလာခဲ့သည့်လမ်းပေါ်မှာ။ ဘုန်းကြီးကျောင်းသည်မြို့နှင့်အတော်အလှမ်းကွာသည်ပြောနိုင်သည်။ ခုအိပ်သည့်တန်ဆောင်းက ပင်ရင်းဘုန်းကြီးကျောင်းဘက်ခြမ်းမှာပင်မဟုတ် ချောင်းတခုခြားသည်။ ဆွမ်းစားကျောင်းခွဲရှိသည် တရားစခန်းအတွက်လား စာသင်ကိုယ်တော်တွေအတွက်လားမဆိုနိုင်။ တန်ဆောင်းတွေ ရှိသည်။ ချုပ်သော် ပြည်မှာဆောင်း လိုသီချင်းမျိုးကြားရဖို့အထိ မြို့ပြအာရုံလုံလောက်သည့်နေရာ မျိုးတော့လည်းမဟုတ်ပေ။ ကျနော်ညနေကဖြတ်လျှောက်ခဲ့သည့်ယာယီစခန်းတချို့မှာတွေ့ခဲ့ရသည့်အပူရောင် အညိုရောင်မျက်နှာတွေနဲ့ အတွေးသံသရာရဲ့အလင်းနဲ့အမှောင်မှာနေ့ရက်ဟောင်းတွေဟာ ဆိုသည့်စာသားမျိုးက ဘယ်လိုမှဆက်စပ်လို့မရ။ နောက်မှဇတ်ရည်လည်သည်။ ပြည်ကနေကျနော်တို့အရင်ရောက်နေသည့် စေတနာ ၀န်ထမ်းကယ်ဆယ်ရေးသမားတွေ။
“ဆံပင်ရှည်ရှည်နှင့်ကောင်လေးတွေကခေတ်ပြောင်းတော်လှန်ရေးအော်လျှင်ကြိုက်သလောက်အော်ပါစေ အသက်လေးဆယ်လောက်ရောက်လျှင် သူတို့အားလုံးသည် ၀န်ကြီးများမဟုတ်သည့်တိုင် တရားရုံးရှေ့နေ သို့မဟုတ် တရားမ၀င်အရက်ချက်ရုံပိုင်ရှင် သို့မဟုတ် ဘူဇွာကလေးတွေဖြစ်သွားကြလိမ့်မည်။ ဘာမျှစိုးရိမ်စရာမလို” ။ အာရင်ဘတ်သည်ဒီတချက်တော့ လူငယ်တွေအပေါ်အထင်သေးရာရောက်သည်ဟု ယူဆရတော့မည်။ သို့သော်ကျနော့်စိတ်ထဲမလုံချင်။ အတော်နောက်တဲ့လူ အလုပ်လုပ်တော့ဘာဖြစ်သေးသနည်း။ အသက်၄၀ မှာဘ၀စတယ်ဆိုကြတာပဲ။ ဘ၀ဆိုတာမစခင်ကတည်းကပိုက်ဆံလိုသည်မဟုတ်လား။ သည်တော့အလုပ်ကတော့လုပ်ရပေမည်။ ပသို့ဆို စေကာမူ မဟာအောက်တိုဘာတော်လှန်ရေး၏ ခေါင်းဆောင်ကြီး လီနင် ကတော့ကြိုက်နိုင်ပါသည်။ MAN WAS BORN TO LABOR. လို့သူကဆိုခဲ့ဘူးသည်လေ။
လေကနေစွမ်းအင်ထုတ်မည်ဆိုလျှင်မဖြစ်နိုင်စရာဘာအကြောင်းမှမရှိတော့ပါ။ လမ်းတိုင်းမပျက်သည့် နေရာမရှိ။ မနက်ပိုင်းမြို့ထဲထွက်တော့မှအပျက်အစီးတွေကိုတွေ့ရသည်။

အခန်း ၂
ဇူလိုင် ၂၀၀၃ ပါရီမြို့
ပြင်သစ်နိုင်ငံ

ဖြတ်စများ ၂

မရည်ရွယ်ပဲ
အရင်တခေါက် ဆိုင်လေးကိုရောက်သည်
Jig 71 နာမည်အဆန်း မီးရောင်အနွမ်း ဂီတအလွမ်း
အားလုံးအရင်လိုပင် တခေါင်းလုံးကောက်ထားသည့်
ရွှေရည်သိမ်းသစ် ကလေးမတယောက်သာ
ခုတခေါင်းလုံးဖြောင့်ရက်သား
စိမ်းသောဘ၀သည် သူ့တီရှပ်မှတိုးမထွက်သာငြား
ဆလပ်ရွက်နှင့်တူနာငါးသုပ်အစပ်
ရေများရေနိုင် မီးများ
ဆိုင်ကယ်တက္ကစီတွေဝဲလာပြီး ဘေ့စ်သံတွေစဲလာသည်
ကိုယ်သည်စိမ်းမြေတွင်မှမဟုတ် ယိမ်းလေ့မရှိ
ကိုယ့်မှာ လှစ်ကနဲ ကြယ်အသစ်များ
အရိပ်တို့ကညမီးလုံးတို့ကိုဖွက်ထားလိုက်သည်
အမှောင်သည်ငြိမ်သက်နေရာမှအပျင်းတချက်ဆန့်လိုက်ရာ
သစ်ကိုင်းများလှုပ်ရမ်းလာပြီးအသံ
စန္ဒယား၏အနက်ရောင်ခလုတ်များတွင်နစ်ဝင်သည်
မန်းတောင်ရိပ်ခို နှင့် လေထဲကဖုန်မှုန့်များ ၏
အဖွင့်တေးသွားဖြစ်လာသော်လည်း
နှိုးစက်သံမှန်လျှင် ရန်လိုသည်သာ
ဒါကပဲ အင်အားအဖြစ် နေ့သစ်ကိုဖျော်ဖြေရန်ဖြစ်လာ။
ချစ်လျှင်ထို့အတူ ပျော်စရာလျှင်လောဘဖြစ်၏
မုန်းလည်းသဘောတူ ၀မ်းနည်းစရာကားဒေါသဖြစ်၏
မသိသေးဘဲကိုယ်ရဲရာ မောဟကိုယ်မှာမိုက်၏
သင်ပျော်စွာ ကျင်လည်ရာသံသရာကိုသင်တကယ်မခန်းခြောက်ပဲ
ဘယ်သို့သော ဥါဏ်ပညာကိုလိုအံ့နည်း
လောကဓံသည် ရှေးမဆွကရှိခဲ့သည့် Buy one Get one free တရား။

KZကေ

စာသားအနည်းအကျဉ်း

တ၀က်ချည်းပဲ ၃ခုတောင်ဆိုတော့
နို့အဓိပ္ပါယ်က တခုခွဲတောင်ပါလားလို့ဆိုသူရှိလာရင်
မခက်ပါလားလို့ ပြီးခဲ့တဲ့ပို့စ် တွေပြန်ဖတ်ပြီး
မသက်မသာဖြစ်ရတယ်။ ကဗျာစာအုပ်အတွက်
နိဒါန်းရေးမဲ့ဟာရယ်။ ခေါင်းစဉ်ကဗျာတွေရယ်။
ဘာများကျန်ဦးမလ။ဲ တခုရှိသေးတယ်။ ကျန်တာတွေမဖော်ပြခင်
စာအုပ်အဆုံးတွက်ရည်ရွယ်ထားတဲ့ကဗျာတပုဒ်ရှိနေပါတယ်။
.............................
စာသားအနည်းအကျဉ်း

နာမ်စားတခုခက်နေတယ်
စည်းရိုးထိပ်မှာဆူးကြိုးဟာသွေးအေးစွာဖိတ်ဖိတ်လက်
ကျွန်တော့်တို့အကြား
မပြည့်စုံသေးသောအတွေ့အကြုံမှာပြတ်တောက်
ရှည်လျှားသောကျိုးကြောင်းဆီလျှော်မှုမှာဝေဝါးရတယ်
ကျွန်တော့်ပင်လယ်အော်ဟာခင်ဗျားဆီမှာလွှင့်ဖို့ရွက်လှေ
ခင်ဗျားလက်ပတ်နာရီဟာကျွန်တော့်ကိုထိုးပက်လိုက်တဲ့နေရောင်
တဘက်မှာ အနုပညာ နိုင်ငံရေး အတွေးအခေါ်
အခြားတဘက်မှာ ရေမြေလေမီး ဓတ်ကြီးလေးပါး
ခုတော့ဒါကိုပဲဘဝင်ကျဖို့ကြိုးစားရပါတယ်
လူသားဆန်လျှင်အာမေဋိတ်တခုမှာကျွန်တော့်အမျိုးသားရေးဝါဒကိုတွေ့မယ်
ဝါကျတစ်ကြောင်းဟာတိကျဖို့အခြားအနက်တွေဆီကလမ်းခွဲနေပြီ
စကားပြေဆန်ဆန်ဆိုငြားမပြတ်သား၍မောပန်းနေရာ
ကြိယာနဲ့အဘိဓမ္မာ
ကျွန်တော့်ကိုမရင်းနှီးသောစာသားရဲ့အဓိပ္ပါယ်ဟာခင်ဗျားဆီမှာပျော်ပါးပါစေ

KZကေ

Saturday, February 21, 2009

ပုန်းနေသောအဓိပ္ပါယ်တဝက် ၃

အယူအဆမှာအကျအပေါက်လေးတွေ
ထောက်စရာများရှိနေနိုင်ပါတယ်
တယောက်ယောက်ကတခုခုပြောရင်
ကျနော့်မှာလည်းပြန်ပြောစရာတွေရှိလာမှာ
ခုတော့ကဗျာကိုဖော်ပြဖို့အချိန်တန်ပါပြီ
......

နေကြာခင်းပြန်လာလျှင်လမ်းဝါဝါမင်းလာမှာလား
ဓတ်ငွေ့နဲ့လေဟာမှန်မှန်ကန်ကန်
ကျောက်တုံးတတုံးနဲ့နောက်တတုံး တရစပ်ခတ်နေတဲ့အချိန်ကြီး
ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာကြွေတဲ့သီချင်းအဟောင်းအဓိပ္ပါယ်အဟောင်းများစွန့်ခွာ
မပြီးသေးလျင်ဒါဟာမပြီးသေးပါ
စီးပွားရေးပညာရပ်နှင့်အလားသဏ္ဍန်တူ
စားသုံးသူလူထုကြီး၏ ရိုက်ခတ်မှူကိုဂရပ်တခုဆွဲရအောင်ပါ








အမှတ်တခုနဲ့အခြားတခုကြားအချိန်နဲ့အကွာအဝေး
အခွံခွာလိုက်သော်လည်းလိမ္မော်သီးဟာဝင်းဆဲလင်းဆဲ
ကျွန်တော်ပြောချင်တာကကျောက်တုံးတွေပါ
ပွင့်နေတဲ့ကျောက်တုံးတွေ
မီးလို
ပန်းလို။


ပုန်းနေသောအဓိပ္ပါယ်တဝက်
KZK

Thursday, February 19, 2009

ပုန်းနေသောအဓိပ္ပါယ်တ၀က် ၂

Bandwagon effect ဆိုသည်မှာ နာမည်ရလူကြိုက်များပြီးသားအယူအဆတခု
အပြုအမူတခုကနေ တခြားတဘက်ကိုရွှေ့ဖို့မလွယ်ကြောင်းကိုပြောလိုရင်းဖြစ်သည်
အမှတ်တွေအများကြီးနဲ့ဆယ်တန်းအောင်ပြီး သမိုင်း
ဝါသနာပါသော်လည်း
ဆရာဝန်ဖြစ်ဖို့ဆိုသည့် ပတ်ဝန်းကျင်၏
ဩဇာကြောင့်ဆေးကျောင်းတက်
ဖြစ်သွားတာကို bandwagon effect ကြောင့်ဆိုနိုင်ပါသည်
အထိုင်ကျနေသည့် အတွေးအခေါ် အကျင့် အပြုအမူတခုကနေ
နောက်တခုကိုကူးရာမှာ bandwagon ၏ graph အရဆိုလျှင် ၇၀% အထိ
ပြောင်းသွားဖို့လိုသည်။
လဘက်ရည်ဆိုင်A နာမည်ကြီးရာကနေ B တဆိုင်ပေါ်လာလျှင်
နဲနဲတော့လူပေးလိုက်ရမည်ပင် နဲနဲကနေ များသွားရာက
လူတရာမှာ ၇၀ က ဘီဘက်ရောက်လျှင် မျှခြေအထိုင်ကတဖြည်းဖြည်းတခြား
အစွန်းတဘက်ကိုတွန်းပြီး ဆိုင်အေ ပြုတ်သွားတတ်သည်။
လေးလုံးစပ်ကနေ ခေတ်ပေါ်ကဗျာအရွေ့မှာလည်းဒီသဘောအနဲနဲ့အများမြင်သာသည်။
ဒါကလူတွေရဲ့ လူမှုအရွေ့ (Social Dynamic) ဖြစ်ပြီး Game Theory ၏ဆရာတဆူ
ဖြစ်သည့် TC Chelling ၏ Tipping Point အယူအဆလည်းဖြစ်သည်။
ပြန်ကောက်ရလျှင် အပြစ်ပေးခံရနိုင်သော်လည်း အခြားမျှခြေ တခုကိုသွားဖို့
လူ၁၀၀မှာ ၄ ယောက်ကတော့လှုပ်မည်
သူတို့အတွက် အချိန်လေးနဲနဲပေးနိုင်လျှင် ယုံကြည်မှုက အနဲဆုံး၉ ယောက်ကနေ ၂၂ ယောက်ထိ
ဆွဲတင်မည်။
ဒီကတဆင့် ၂၂ ကနေ ၇၀ကိုဘယ်လိုကူးမလဲ
အမှတ်များတခုပြီးတခုအကူးတွင်သီအိုရီနှင့်အတူ နည်းနာတွေလိုမည်
မဟုတ်လျှင်အဓိပ္ပါယ်များပျောက်သွားတတ်သည်
ဆိုသော် ပုန်းနေသောအဓိပ္ပါယ်တွေများလား

ဆက်ပါဦးမယ်

Monday, February 16, 2009

မအောင်မြင်သောသတိရခြင်း

နေ့များ။ မအောင်မြင်သောသတိရခြင်း

ရှင်သန်မှု
နှစ်ဆယ့်တစ်ဒသမငါး ဒီဂရီ စင်တီဂရိတ်
ကျနော့်အကြိုက်အခန်းအပူချိန်ဖြစ်သည်
ခေတ်မှီနည်းပညာနှင့်အိုဇုန်းလွှာနဲနဲပြဲမည်
နှင်းဆီပန်းသည်မီးကျီခဲနှင့်အတူနီရဲအောင်ပွင့်ပြီ
ရှူမဆုံးတော့သည် စိမ်းလဲ့လဲ့လမ်းပေါ်တွင်
ကျောက်မီးသွေးနှင့်ရေနွေးငွေ့အင်ဂျင်
နှစ်စဉ်အသက်ရှင်ရန်ဒီခေတ်ထဲ ထူးချွှန်ခေတ်မှီသောအိုင်စတိုင်းမလို
ချားစ်ဒါဝင်သာနဲနဲနားလည်ရန်လို
မိုဘိုင်းဖုန်း
မိုဘိုင်းဖုန်းသည်လူသား၏မွေးရာပါရပိုင်ခွင့်ပင်
မျက်နှာချင်းဆိုင်စကားလုံးများထိပ်တိုက်ပိတ်မိသွားပြီး
တိတ်ဆိတ်မှုသည် ၈၈ ဒက်စီဗယ်၏အထက်ကိုကျော်နေ
လေထဲမှာလွင့်နေသည့်မမြင်ရသောစကားလုံးများပျောက်ဆုံး
တပြိုင်နက်တည်း ပြိုင်တူ မတိုင်ပင်ပဲ ချက်ချင်းပြန်ရပ်တန့်
လည်ပင်းရှည်ရှည် ပန်းစိုက်အလှအိုးလေး အလယ်တွင်
လယ်ကွင်းတွေကလည်းအ၀ါရောင်တမျှော်တခေါ်စိုပြေလွင်
၈၀ ပြည့်များ
ဝက်အူချောင်းနဲ့ကြက်ဥရောကြော်စားနိုင်လျှင်ခင်ဗျားလူတော်ပင်
ယင်ကောင်တွေပျော်သည့်ချင်းမဆိုင်တွင်ဂျင်းသုပ်နှင့်
ပင့်ဖလွိုက်ရနိုင်တာမို့
ပျင်းစရာစက်ရုံစီမံခန့်ခွဲမှုပညာအတန်းမတက်ပဲသွားရအောင်
မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးကွန်ကရစ်လမ်းအတိုင်းဆင်းသွားလျှင်
ကျနော့်အပြင်ဆောင်ရောက်ပေမည် အဆောင်မရောက်မီ
မနုဆိုင်မှာကာဖီနှင့်သူ့ညီမလေးများလှသည်ပင်
ဘီပီအိုင်ကားမှတ်တိုင်မှာ
ရောက်တဲ့မော်တော်ကားရောက်လာပြီး
ထွက်တဲ့မော်တော်ကားထွက်သွားသကဲ့သို့
ဘ၀ကိုသင်ဘာကြောင့်
ခက်ခဲအောင်အဘိဓမ္မာဆန်အောင်ရှင်းပြချင်သနည်း
ကျောင်းရှေ့ကစိန်ပန်းပင်လေးပင်သူ့အသက်ရှင်ခြင်းကိုမ တင်ထားခဲ့တဲ့နွေပေါ့
(ရိတ်သိမ်းချိန်ဆိုပြန်လျှင်)
ကိုင်းခြောက်လက်တံရှည်တို့ဆန့်တန်းငေါထွက်လေသို့ ။

KZကေ