စနေနေ့က ကျနော်တို့ Osage ကိုရောက်ပါတယ်
ကျနော်နဲ့ သရပါ ဘလော့ဆရာ ၂ယောက်ချိန်းပြီးသွားကြတယ်
နဲနဲတော့ရှာရတယ် ကျနော် စလုံးကိုသိပ်မသွားတတ်လို့လဲဖြစ်နိုင်ပါတယ်
Dhoby Ghaut ဘူတာ က The Cathay ရုပ်ရှင်ရုံကိုသိတဲ့သူတွေလွယ်အောင်ရှာနိုင်ပါလိမ့်မယ်
Link မှာပြထားတဲ့ပုံထဲက အတိုင်း Handy လမ်းဘက်ကဆို အထစ် ၁၄၀ ရှိတဲ့လှေကားကိုတက်ရပါမယ်
Sophia road ဘက်ကဆိုရင် လမ်းကုန်းမြင့်လေးအတိုင်းတက်ရပါလိမ့်မယ်
ကျနော်တို့တော့ Sophia လမ်းကိုမရှာနိုင်တာနဲ့ နောက်လည်းမကျချင်လို့
အထစ် ၁၄၀တက်ခဲ့ပါတယ်။ သွားရကျိုးနပ်ပါတယ်။
Panel Discussion မှာ ထွန်းဝင်းအောင်က သူ့ဆလိုက်ရှိုးကိုစပြပါတယ်
သူလက်ရာ သူ့အမျိုးသမီး (၀ါနု) လက်ရာ နဲ့သူ့သူငယ်ချင်းတချို့လက်ရာတွေပါတယ်
တချို့ဟာ အသိအမှတ်ပြုရလောက်အောင်အားထုတ်ထားတာပါ။ သူတို့နှစ်ယောက်စလုံးငယ်သေးတော့
ရှေ့မှာဆက်ပြီးအများကြီးလုပ်နိုင်ပါလိမ့်ဦးမယ်
ပြီးတော့ NTU က ပရော်ဖက်ဆာက မြန်မာ့ခေတ်ပြိုင် art နဲ့သူ့ဆက်စပ်မှုတွေကိုရှင်းပါတယ်
အမျိုးသမီးပါ။ မယ်လင်ဒါ တဲ့ မြန်မာ artist တွေနဲ့ရင်းနှီးကျွမ်းဝင်တာတွေ့ရတယ်
ပြီးတော့ ပိုပို။ သူက အပိုင်း ၄ ပိုင်းခွဲပြီး သူ့ presentation ကိုလုပ်ပါတယ်
ကိုလိုနီမတိုင်မီ၊ ကိုလိုနီအပြီး၊ ၂၆ နှစ်ပြည်နှင်ခံနှစ်များ၊ ၈၀ပြည့်နှစ်များနောက်ပိုင်း၊
အဖွင့်စတက်လာတဲ့ ရွှေတိဂုံဘုရား ကိုငြမ်းဆင်ထားတာတွေနဲ့ ဖြတ်ရိုက်ထားတဲ့ ဓါတ်ပုံနဲ့တင်
သူ့တင်ပြပုံဟာအသက်ဝင်လာခဲ့တယ်။
မြန်မာပြည် က artist တချို့ရဲ့ လက်ရာတွေ (Performance, Installation, Videos, Documentary, ....) တော်တော်ပါပါတယ်
နောက်ဆုံး စင်ကာပူလူမျိုး Conceptual Artist တယောက်က နဲနဲပြော ပြီးမေးခွန်းတချို့ ပိုပိုကိုမေးပြီး discussion ပြီးပါတယ်
ကိုပိုပို အနုပညာလက်ရာက ခေါင်မိုးပေါ်မှာ မိုးရွာချလိုက်တော့ ပျက်သွားတယ် ပြန်လုပ်ရပါလိမ့်ဦးမယ်
သူ့ဟာ က project ဆိုတော့ကြာဦးမယ် ၂ လလောက်နေရလိမ့်မယ် ကျန်တဲ့သူတွေက တနင်္ဂံနွေပြန်ကြမယ်ပြောတယ်
Discussion ပြီးတော့ ဦးအောင်မြင့် က Performance လုပ်ပါတယ်။
ဒီစနေမှာ ပိုပို discussion ထပ်ရှိပါမယ်။ သွားအုံးမယ်လို့တော့အားယူထားပါတယ်၊
ပြပွဲကတော့ ၂၀ရက်နေ့ထိရှိမယ်။
ဓါတ်ပုံတချို့ရိုက်လာခဲ့တယ် နောက်ရက်တွေမှာတင်ပေးပါမယ်
သို့သော် ကိုယ်တိုင်သွားကြည့်နိုင်ရင်ပိုမကောင်းပေဘူးလားဗျာ
လမ်းပျောက်နေရင် သို့ ပြပွဲမသွားခင်သိချင်တာလေးတွေရှိရင်
လူကြီးမင်းမရှိတဲ့ ၆၃၃၇ ၉၉၀၉ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
KZကေ
Sunday, May 9, 2010
Thursday, May 6, 2010
PLAY: ARt froM mYanmaR toDay
အိပ်ခါနီးမှ facebook မှာ ကိုမော်နိုင်အောင် ဆီက
message ကိုမဖတ်ရသေးတာသတိရမိတယ်
အောက်က link ကိုဝင်လို့မရရင် မန့်ပေးစေလိုပါတယ်
PLAY: art from myanmar today ပြပွဲကို စင်ကာပူမှာဒီစနေဖွင့်ပွဲလုပ်ပါလိမ့်မယ်
စိတ်ဝင်စားသူများလက်မလွတ်သင့်တဲ့ပွဲမျိုးပါ
ကြော်ညာနဲ့တင် ၀မ်းသုံးခါသွားတယ် ဆိုတာဒါမျိုးလို့သဘောပေါက်သွားပါတယ်
အကြာကြီးတော့မလုပ်နဲ့ပေါ့ ရေပေါပေမဲ့လေတိုက်တယ်၊ (လင့်ကိုကြည့်ပြီးရင်ကျနော်ကျီစယ်တာကိုရိပ်မိပါလိမ့်မယ်)
http://www.osagegallery.com/ecard166.html
ကြည့်ရချည်သေးရဲ့ မော်ဒန်တွေ မော်ကြေးနီတွေ ပို့စ်ပလက်တီနမ်တွေ

မှီ ဖြစ်နိုင်ခြေ
အားလပ်ရက်အပန်းဖြေစခန်းတခုကိုမသွားခင်တရက်မှာ ကိုမင်းကသူ့ပန်းပင်တွေအတွက် အိမ်နီးချင်းတယောက်ကို မှာတယ်။ ကျနော့်အပင်ကလေးတွေနဲနဲကြည့်ပြီး ရေလောင်းပေးပါလား။ ဒီရက်ပိုင်းနေ့လည်ဘက်နေပူလွန်းတော့အပင်တွေကညရောက်တဲ့အထိအရင်လိုပြန်လန်းမလာဘူး။ ကျနော်မကြာပါဘူး၊တပတ် အလွန်ဆုံးဆယ်ရက်ပေါ့။
သူစိတ်ပူမယ်ဆိုလည်းပူစရာ ရေသာမလောင်းလို့ကတော့ပန်းပင်တွေဟာ ၉၀%လောက်သေဖို့ရှိနေတာကိုး၊ ရေလောင်းတာတောင် မှ ၂၀%မသေချာဘူး။ သေနိုင်သေးတယ်။ သို့ပေမယ့် အိမ်နီးနားချင်း ကလည်း မေ့နေဖို့က ၃၀% လောက်ရှိပြန်ရော။ ဒီနေရာမှာမေးခွန်းသုံးခုလောက်မေးကြည့်ချင်ပါတယ်။
၁) အဲဒီအပတ်အတွင်းပန်းပင်လေးတွေသေသွားဖို့ ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ
၂) ကိုမင်းပြန်လာတဲ့အချိန်မှာ ပန်းပင်လေးတွေကသေနေပြီဆိုရင်ကော၊ သူ့အိမ်နီးနားချင်းကရေလောင်းပေးဖို့ မေ့နေမဲ့ ဖြစ်နိုင်ခြေဘယ်လောက်လဲ
၃) အိမ်နီးနားချင်းကရေလောင်းဖို့များမေ့နေရင် ကိုမင်းပြန်လာတဲ့အချိန်မှာပန်းပင်လေးတွေသေနေဖို့ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလေမလဲ
မေးခွန်းတွေကဆင်သလိုရှိနေတယ်၊ အထူးသဖြင့် ၂ နဲ့ ၃ ပေါ့။ တကယ်သေချာဖတ်ကြည့်လိုက်ရင် မေးခွန်း ၃အတွက်အဖြေက ၉၀% လို့ပေးထားပြီးသားပါ။ ဒါဆို ၁ နဲ့ ၂ ကိုဘယ်လို လုပ်ကြမလဲ။ ရှုပ်သလိုဖြစ်သွားရတာက ကျနော်တို့မှာ အခြေအနေတွေပေါ်မူတည်ပြီး ဖြစ်နိုင်ခြေ ရာခိုင်နှုန်းတွေကို ပေါင်းစပ်စဉ်းစားဖို့ကြုံလာရလို့ပါ။ သချာင်္ံ မှာတော့ဒါကို Conditional Probability လို့ခေါ်ပါတယ်။
ကောင်းပြီလေ တကယ်စိတ်ဝင်စားသူတွေအတွက် အောက်ကမေးခွန်းလေးကိုပဲအရင် ဖြေကြည့် စေချင်ပါတယ်။ နားလည်ရလွယ်စေမယ်လို့အာမခံပါတယ်ဗျာ။ ဒီလို
အမျိုးသမီးတွေမှာရင်သားကင်ဆာဖြစ်နိုင်ခြေက ၀.၈% လို့ သုတေသန တခုကဆိုတယ်။ တကယ်ရောဂါရှိသူတဦးကိုစက်နဲ့စစ်ကြည့်ရင် ထွက်လာတဲ့အဖြေက ၉၀% ပဲမှန်တယ်။ ရောဂါမရှိပဲလည်း ရှိတယ်ဆိုပြီး မှားအဖြေပေးတာက ၇%လောက်ရှိနေပြန်ရော။ ဒါဆို Positive လို့အဖြေထွက်တဲ့ အမျိုးသမီးတယောက်ရဲ့ရောဂါဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ။
(ကဲ ခဏလေးနားပြီးစဉ်းစားကြည့်မယ်။ ပြီးတော့အဖြေမှန်မမှန်တိုက်ကြည့်ကြတာပေါ့)
ဒီမေးခွန်းကို ဂျာမန်ဆရာဝန် ၂၄ ယောက်ကိုမေးကြည့်တာ အဖြေဟာ ၁ ကနေ ၉၀ အတွင်းထဲမှာရှိတယ် (၀ါးတားတားတွေ၊ ဒါကြောင့်ဂျာမန်ကောင်တွေစစ်ရှုံးတာနေမှာ) အမေရိကန်ဆရာဝန်တွေမေးကြည့်တော ၁၀၀မှာ ၉၅ ယောက် လောက် က ၇၅% ပတ်ဝန်းကျင်မှာဖြေကြတယ်။ (အမေရိကန်တွေဟာ ဟိတ်ကြီးဟန်ကြီး အဖြေကြီးကြီးသဘောကျသူတွေကိုး)
အတင်းပြောပြီးသွားပြီဆိုတော့ ကျနော်တို့အဖြေလေးတွေတိုက်ကြရအောင်။ ၉% တဲ့။
အတူရှင်းကြတာပေါ့၊ ဒီလိုလုပ် ၀.၈% အတွက် လူ ၁၀၀၀ မှာ ၈ ယောက်ကရောဂါဖြစ်နိုင်ခြေရှိတယ်လို့ ယူလိုက်ကြမယ်။
၁။ ဖြစ်နိုင်တဲ့ ၈ ယောက်ကိုစစ်ကြည့်ရင် (၈X၉၀%= ၇ ယောက်) မှာအမှန်အတိုင်းအဖြေထွက်မယ်။
၂။ မဖြစ်နိုင်တဲ့ ၉၉၂ ယောက်က မှားပြီး (၉၉၂X၇%= ၇၀ ယောက်) မှာ ရောဂါရှိတယ်လို့အဖြေရလိမ့်မယ်။
၃။ စုစုပေါင်းစစ်ကြည့်လို့ positive တွေ့ရမဲ့ ၇၇ ယောက် (၇+၇၀) မှာ တကယ်ရောဂါရှိနေတာက ရ ယောက်
ဆိုတော့ အဖြေက 7/77 *100 = 9 % လို့ရလာပါတယ်။
ဖြစ်နိုင်ခြေတွေ ဟာတကယ်အတိအကျဖြစ်လာမှာတွေမဟုတ်ပါဘူး။ ခေါင်းပန်းလှန်လို့ ခေါင်းကျဖို့ ၅၀% ရှိတယ်ဆိုတာ ဘယ်သူမှမငြင်းပေမဲ့ ၁၀ ခါလှန်ရင်ခေါင်း ၅ခါကျမလားဆိုပြန်တော့ ဘယ်ပြောလို့ရပါ့မလဲ။ ဘ၀မှာဖြစ်နိုင်ခြေတွေကိုစဉ်းစားရတဲ့အချိန်တွေရှိပါတယ်။ မိုးလေ၀သကစလို့ လူမှုခေတ်ပြောင်းချိန်များအဆုံး Probability တွေရှိနေပါတယ်။ ဘ၀မှာအခြေအနေတွေကိုထဲ့သွင်းတွက်ချက်ရတာမျိုးတွေလည်းရှိပါတယ်။ သူစဉ်းစားသလိုကိုယ်မစဉ်းစားနိုင်တာ၊ သူဝယ်တုန်းကဈေးကိုကိုယ်ဝယ်တော့မရတော့တာ condition တွေမတူလို့ ပြောင်းသွားလို့ပါ။ Conditional Probability ကို သချာင်္ံသမားတွေက Bayes’ Theorem နဲ့ ရှင်းရမယ်လို့နားလည်ထားပါလိမ့်မယ်။ ကျနော့်ရည်ရွယ်ချက်ကဒီညီမျှခြင်းတွေနဲ့ ပုံသေနည်းတွေကိုပြောဖို့မဟုတ်ပါဘူး။
တစက္ကန့်ချင်း တနာရီချင်း တနေ့ချင်း အားလုံးဟာပြောင်းနေပါတယ်၊ နည်းလမ်း နဲ့ တန်ဖိုးတွေကို ဆုပ်ကိုင်ထားဖို့လိုတဲ့အချိန်တွေရှိပါတယ်။ အသေတော့မဖြစ်ပါစေနဲ့၊ မဟုတ်ရင် လူသားရဲ့သဘာဝကျတဲ့ ရိုးစင်းစွာ တွေးခေါ် ခံစားနိုင်တဲ့ အခြေခံရပိုင်ခွင့်၊ နဲ့ အလှတရား ကိုဆုံးရှုံးရမှာပါ။
ချစ်ခင်စွာဖြင့်
KZကေ
Chances are (Steven Strogatz) IHT 25 April 2010 လည်းနဲနဲပါတယ်။

Wednesday, April 28, 2010
မျှော်နေ နွေလမ်းမဟိုအဝေးဆီ
လွမ်းတာကပဲပျော်စရာကောင်းလိမ့်မယ်
မင်းကိုငါအစကပြောခဲ့တယ်မဟုတ်လား
မနေ့ကဖုန်းဆက်တော့ အဖေ့ကိုကားပြန်ရောင်းခိုင်းလိုက်တယ်
ဘဂ္ဂဒက်မှာဆိုဗုံးတင်တဲ့ကားမျိုးက
ငါတို့ဆီမှာတော့သိတဲ့အတိုင်းပဲ လမ်းထိပ်ကင်းတဲကအဘိုးကြီးပြောသလိုဆို
သောက်ကျိုးဟာနဲပဲနဲနိုင်လွန်းတယ်ဆိုတာမျိုး
ဒီနှစ်အရမ်းပူတယ်တဲ့
အိပ်ခန်းကလောကဓါတ်ပညာငါးသိန်းဖိုးလောက်လိုတယ်ပြောနေတယ်တဲ့
ငစိန်ဖြစ်ဖြစ် ပေါ်ဆန်းမွှေးဖြစ်ဖြစ် ဆန်ညိုဖြစ်ဖြစ် မစ်ဆူဘီရှီဖြစ်ဖြစ်ပါတဲ့
နွေခေါင်ခေါင်မှာလေကိုအေးအောင်လုပ်ရတာ ဟုတ်တယ် ဘယ်လွယ်ပါ့မလဲ
မီးမလာတော့လည်း ငြိမ်ငြိမ်လေးထိုင်ပြီး ယပ်ခတ်ကြတာပေါ့တဲ့
ငြိမ်ငြိမ်လေးထိုင်နေနိုင်ဖို့လည်းလိုဦးမှာလို့ဖြည့်တွေးမိသေးတယ်
လမ်းကကားဘီးကိုလှမ်းဟပ်တယ်
ကျွီ ……. ကနဲအသံကြောင့် စန္ဒယားသံကလန့်ပျံတယ်
ငါကတော့ငါကြားတဲ့ဘင်သံကိုပဲနားထောင်တော့မယ်
နှင်ဆီပန်းတွေညှိုးနွမ်းနေချိန်မှာ
တောအုပ်တွေအတွက်ငိုကြွေးတမ်းတနေဖို့အချိန်မရှိဘူးစတိုင် လို့ခင်ဗျားဝေဖန်လေမလား
ကျောင်းတုန်းကချင်းမဆိုင်ထရံမှာကပ်ထားတဲ့ သေနတ်များနဲ့နှင်းဆီပန်းများ
ဒိုးလုံးသီချင်းကြော်ညာနဲ့
အမှန်တရားဆိုတဲ့ လည်ပင်းလှလှပေါ်က မင်းခုန်ချတော့လေဆိုတဲ့
လှိုင်အေးကိုသတိရမိသေးတယ်
ကိုယ်ရေးကိုယ်တာတွေမဟုတ်ရပါဘူးဗျာ
ယနေ့ရတဲ့အီးမေးတစောင်ထဲမှာ
အွန်လိုင်းနိုင်ငံရေးသိပ္ပံမဟာ
အမေရိကန်နိုင်ငံခြားရေးပေါ်လစီ
အတ္တလန်တိတ်ဟိုဘက်ဒီဘက်ဆက်ဆံရေး
ပထ၀ီနိုင်ငံရေး လစ်ဘရယ်ဝါဒသမိုင်း ……
နာရီကြည့်လိုက်တော့ မနက်စောတုန်းပဲရှိသေးတာမို့
ငါလည်း ဗြိတိလျှလို မင်းဘာသာမင်းပဲအဆင်ပြေအောင်နေပါ
ဆိုတဲ့အဓိပ္ပါယ်မျိုး ခပ်တိုးတိုးဆဲမိတယ်
ငါဟာသေစာရှင်စာထက် ၂ဆခွဲလောက်ပိုတတ်နေပြီပဲ
တော်ပြီပေါ့
ကျောင်းဝင်ကြေးတွေက ရန်ကုန်မှာလိုစောက်ရမ်းတွေဟ
ကြိုးကြာရေ နင်လစာတိုးရင် ဂျပန်ထီးတလက်လောက်ဝယ်လိုက်
ပြီးတော့ ရိုးရာမပျက်အောင်
ငါတို့ မိုးအရွာစောဖို့လွန်ဆွဲကြတာပေါ့၊

Sunday, April 18, 2010
နောင်နှစ်ကိုလည်းဆီးလို့ကြိုကွယ်မောင်ကြီးလာပါမယ်
တန်ခူးလတွင်
ပိတောက်ပန်းပွင့်သည်
ဂျစ်ကားအမိုးပွင့်သည်
ဘကြီးမြသည်
ဖဆပလ နှင့် ၀ထကလသ
ဦးမြသည်
ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး
(အောင်ရမည်)၂
ကိုမြသည် သူ့တာဝန်အရေးသုံးပါးမှ
ဒီမိုကရေစီရေး နှင့် ငြိမ်းချမ်းရေး
ကိုသူမစွမ်းနိုင်မှန်းသိသဖြင့်
ပြည်ပအလုပ်အကိုင်ရှာဖွေရေး
ကိုသွားသည်
အခါတွင်းကြီး
ကန်တော်ကြီးစောင်းတွင် ဗုံးပေါက်သည်
လုပ်အားတန်ဖိုးချစ်မြတ်နိုးသူများ အချိန်ပိုအလုပ်ဆင်းပုံရသည်
သေဆုံးနှင့်ထိခိုက်ဒါဏ်ရာရသူစာရင်းတွင်
မက်ဟမ်ဘာဂါကိုဗိုလ်ချုပ်အောင်ဆန်းလမ်းမှာထိုင်စားချင်သည့်
ပန့်ခ်ဆံပင်နှင့်လူငယ်လေးတွေပါပေလိမ့်မည်
အစိုးရကတမျိုး
အတိုက်အခံကတမျိုး
အသံလွှင့်ဋ္ဌာနများကတမျိုး အမျိုးမျိုးဆိုသည်
သို့သော် ရန်ကုန်ကဒါမျိုးတွေရိုးနေပါပြီ
ညဘက်ရောက်တော့ရေမောင်းမပျက်၊
မနက်လင်းတော့ဂျာနယ်ရောင်းမပျက်၊
ရောမသည် City of Time
နယူးယော့သည် City of Space
ရန်ကုန်သည် City of Patience
နယူးယော့စာလုံးကြီးအဖွေးသားတီရှပ်နဲ့ ငါတို့
ရောမသားတွေလိုကျင့်ကြသည်
ငါတို့ဟာ အာဂမြန်မာတွေ
စားစရာမရှိ လျှော်စရာရှိရမည်ဆိုသည့်လူမျိုး
ဒီတော့ ရှင်စရာအသက်မရှိတောင်မှ
သေစရာအသက်တော့ရှိရမည်ဆိုသည့်လူမျိုး
ပေါက်ကွဲပြီးနောက် နှစ်သစ်တွင်
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Saturday, April 10, 2010
အရင်းလား အမြတ်လား ခွက်ခွက်လန်တော့မလား နိုင်ငံရေးချိန်ခွင်လျှာ
ကိုလူ
ချက်ချင်းစာမပြန်ဖြစ်ဘူးဗျာ
မအားဘူးဆိုတာက တကမ္ဘာလုံးသုံးနေကြတဲ့ ဆင်ခြေကြီးဆိုတော့ခင်ဗျားလည်းကြိုက်မယ်မထင်ဘူး
စပြောရမယ်ဆိုရင်ဖြင့် ကျနော့်ကိုခင်ဗျားသိပ်ပြီးတွက်မထားစေ့ချင်ဘူး
ကျနော် ပို့စ်မော်ဒန်ပိုလက်တစ်ရေးချင်တယ်ဆိုတာက ကျနော့်ဆန္ဒသက်သက်မျှသာပါ
တကယ်တော့ ဂျိမ်းမ်ဆင် (ဂျေမဆင်လို့တချို့ဆရာများသုံးကြပါတယ်) နဲ့ပတ်သက်ပြီးကျနော်ဆွေးနွေးရာမှာ
ခင်ဗျားတခုသတိထားမိမလားပဲ
သူဟာ မော်ဒန် ပို့စ်မော်ဒန် ကိုခွဲရာမှာ mode of production ကိုအချက်တချက်အနေနဲ့ကိုင်သွားပါတယ်။
ကျနော့်ပို့စ်ကိုဖတ်တဲ့သူတဦးကတောင် အညမည တို့ဘာတို့နဲ့ဆက်စပ်ပြီးကွန့်မင့်တခုပေးသွားခဲ့သေးတယ်။
သူ့ comment ကိုကျနော်နားလည်နိုင်ပါတယ်၊ ဒါဆိုရှယ်လစ်စီးပွာရေးကိုကျနော်တို့နိုင်ငံမှာ အနည်းဆုံး နာမည်အရပဲဖြစ်ဖြစ်
အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ကြတာကိုး။ ဒီစကားလုံးတွေနဲ့ကျနော်တို့ယဉ်ပါးခဲ့ကြတယ်။
သို့သော်ခင်ဗျားသေချာချိန်ကြည့်မယ်ဆိုရင်ဖြင့် ဂျိမ်းဆင်ဟာ production ကိုကနဦးပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ
consumption ဘက်ကိုကူးသွားခဲ့တယ်။
ဒါ မာ့က်စ် နဲ့ ပို့စ်မော်ဒန် လမ်းခွဲထဲကတခုပါ။
ဒီလိုပြောတော ခင်ဗျားက ကိုယ့်လူ မာ့က်စ်ကိုဘယ်လောက်သိလို့လဲမေးလာရင် ဟိုလူဒီလူတွေ ဟိုဟိုဒီဒီပြောကြတာထက်
်ပိုမသိဘူးလို့ပဲသေချာပေါက်ပြောလိုက်ပါတယ်၊
နို့ ဒီလိုဆိုရင်ဖြင့် မြန်မာပြည်မယ် အဆက်ဆက်က လက်ဝဲဆရာများက မာက့်စ်ကို ပြည့်ပြည့်စုံစုံ တခုခုတော့ရေးခဲ့သင့်တယ်လို့
ကျနော်က ထမင်းရေလျှာပူလွှဲရတော့မှာပဲ။
ကျနော်အနေနဲ့ကတော့ အရင်းကျမ်းကို ဖတ်ဖူးဖို့ဝေးလို့မြင်ပင်မမြင်ဘူးပါဘူး။
ကျနော့်မိတ်ဆွေတဦး အရှေ့ဖျားအာရှနိုင်ငံတခုမှာ MBA သွားတက်ပြီး အပြန်မှာတွေ့ကြတော့
သူကအားရ၀မ်းသာ ကျမ်းရင်းကိုဝယ်လာကြောင်းပြောတယ်။ အင်း ၂၀၀၇/၈ လောက်ကထင်တာပဲ။
ကျနော်ကတော့စိတ်ထဲကပြောလိုက်ပါတယ်။
ကမ္ဘာကြီးက အရင်းကျမ်းစိတ်မ၀င်စားတော့ဘူး အမြတ်ကျမ်းနဲ့ပါတ်သက်လို့ဘာပါလဲလို့။
အဲဒါလေ ခုကျနော်ပြောတာ။ ပို့စ်မော်ဒန်က consumption ဘက်ကိုဓါတ်ကျနေပြီဆိုတာ။
ဒါဟာ ဂျိမ်းဆင်တယောက်ထဲနဲ့ကျနော်ကောက်ချက်ချလိုက်တာမဟုတ်ရပါ။
ခင်ဗျားသိပါတယ်။ ဘိုးဒရီးယား လည်းဒီ consumption ကိုကိုင်ခဲ့တာပါပဲ။
သူက Society of Consumption ဆိုတဲ့အထိကိုချဉ်းကပ်တာပါပဲ။ ကျမ်းရင်းလို့ထပ်မေးလာရင်ဖြင့်
ကျနော်လည်းမဖတ်ဘူးပါ။ သို့သော် သူ့ရဲ့ Selected Writing တွေကျနော်နဲနဲတော့တီးခေါက်မိပါတယ်။
ဖတ်ဖူးသူ ဆရာ့ဆရာ များရဲ့နို့သက်ခံဆို့ဖို့စောင့်သော်လည်း ဘာမှမတွေ့ရပါ။
ဒါနဲ့ပဲ ကျနော်လည်းမရဲသော်လည်းပြေးခဲစေပေါ့ဗျာ။ နဲနဲနဲ့ကြဲကြဲဝိုင်းဖို့စိတ်ကူးမိပါတယ်။
ဆင့်ငါးဆယ်နဲ့ ငါးကြင်းခေါင်းကိုင်ဖို့ ဘလူးလေဘယ်သောက်ဖို့ကြံစည်တာမဟုတ်ရပါ။
သို့သော် ခင်ဗျားပြောတဲ့ မြန်မာနိုင်ငံရေးနဲ့ နီးစပ်တာပြောကြမယ်ဆိုရင်ဖြင့်
ကျနော်လည်းအားမွေးရပါဦးမယ်။
ကွဲလွဲစရာတွေရှိလာနိုင်တာကိုး။ ကျနော်တို့ဟာကွဲလွဲတာကိုလက်ခံဖို့အဆင်သင့်မဖြစ်ကြသေးဘူး။
ဒါဏ်ရာတွေကသွေးမတိတ်သေးဘူးကိုး။
ငါကိုင်မိတဲ့မီးကပိုပူတယ်ဆိုကြသကိုးဗျ။ အချိန်ယူကြရဖို့ဆိုတာကလည်းနှစ် ၂၀ကျော်။
ဆက်ကြသေးတာပေါ့ဗျာ။
ချစ်ခင်စွာ
ကိုမူ

Sunday, April 4, 2010
တိုင်းပြည်ထောင်အေးစေကြောင်းသွန်းတဲ့အတာရေ
စီးကရက်နှင့်မြည်းခဲ့သော ရော့ခ်အင်ရိုးလည်းအသွားတုံးပြီ
ပြဿနာကငါစိတ်ထဲရှိတဲ့အတိုင်းမရေးရဲတာပဲ
ဒီနေ့တော့ လေသေနတ်ဆွဲပြီး ရှော့ပင်းမောထဲသွားတယ်
ဆိုနီ ဘရာဘီယာ ကိုချိန်ပြစ်လိုက်တာ
ပြဿနာ ကခင်ဗျား ဘရာစီယာလို့ဖတ်ဖြစ်သွားမှာပဲ
ငှက်မွှေးတွေတဖြန်းဖြန်း
မနှစ်နွေက သစ်ရွက်တွေသေပြီး သုံးမရအောင်ပျက်ကျလာတဲ့အတိုင်းပေါ့
ပြဿနာမဟုတ်ပေမဲ့ ငါအသက်ကြီးလာတာ ဖက်တာတခုပေါ့
ငါတော့ခုနှေးနှေးတွေးပြီး သေချာအောင်လုပ်ချင်တယ်
နှစ်တရာ ပြက္ခဒိန်ကြည့်ပြီး မွေးနေ့မှာ ဂြိုလ်တိုင်ကိုရေလောင်းချင်လာတာများလား
သို့ပေသော်ငြား ခေတ်ကြီးကမစောင့်တော့ဘူးလား
ငါနဲ့ယဉ်ပါးသော
မျှော်လင့်ခြင်းတောင်းထဲမှာနေလောင်သစ်သီးများပုတ်ကုန်ပြီလေခေတ်တုန်းကတောင်ငါ့ကိုမစောင့်ခဲ့သေးတာ
ခုလို ထူးလည်းထူးတယ် ရူးလည်းရူးတယ် တို့ကိုကြီးကျော်မှာ
ဘယ်လိုက ရပါ့
အချိန်ဟာ ဟိုလိုလိုဒီလိုလို
အချိန်ဟာ သောင်္ကြာလိုလို စနေလိုလို
အချိန်ဟာ စက်ပေါ်မှာတက်ပြေးနေရမလို နှစ်ပက်လောက်ရေမရောဘဲချောလိုက်ရမလို
အချိန်ဟာ အမြဲတမျိုးမျိုးလိုလို
ငါသိသမျှဟာ ငါမှားတာပဲ
ခုတော့ငါသိသမျှဟာ ငါမှားတာပဲလို့ ငါထင်တာမှားပါစေဆုတောင်းရတော့မှာပဲ
ငါ့အသိတွေဟာ အပစ်ပဲ
ငါဟာ ကံ ဥတု စိတ် အဟာရ အကြောင်း
ငါဟာ လေဟာနယ်နဲ့ရေကိုဆူပွက်ဖို့ ၁၀၀ ဒီဂရီမလိုတဲ့အကြောင်း
ငါဟာ ဟိုးမားနဲ့ ထာဝရဘုရားသခင်ကိုနာရေးကြော်ငြာတဲ့ နစ်ရှေးနဲ့
ငါဟာ အဘီစစ်နဲ့ ရှပ်နီနဲ့
ငါဟာ အခြေခံဥပဒေနဲ့ အပေါ်ထပ်အဆောက်အအုံနဲ့
အားလားလား
ငါဟာ တရားမျှတမှုနဲ့ လက်တွေ့ကျမှုနဲ့
ငါဟာ ငါ့အတွက်လို့ရိုးရိုးမတွေးတတ်လောက်အောင်
ထုံအခဲ့တာပဲ ခံပေါ့ ရှုပ်ထွေးခဲ့တာပဲ
ခုတော့ သုံးချက်တွက်ရှေ့ဖြစ်ဟောဆရာများနဲ့
ဒီပုပ်ထဲက သွေးမထွက်တော့တဲ့ ဒီပဲတွေကတောင်
နိုင်ငံရေးဆိုတာ ဘာညာ… ထားတော့…
ပြဿနာက ငါခုရေးသမျှအားလုံးပဲ။

Subscribe to:
Posts (Atom)