Wednesday, May 6, 2009

မီးများလင်းလျှင်

သဲသာသောင်မြေ မြစ်ကမ်းခြေလည်း
အကြေတပြင် တို့အောက်ခွင်ဝယ်
ရေလျှင်ပတ်ဝန်း ပျော်ဖွယ်ထွန်းလိမ့်............

သားသားကြီးနဲ့သမီးလေး
ဖေဖေစာရေးလိုက်ပါတယ်
နေကောင်းကြတယ်မလား ပြီးခဲ့တဲ့အပတ်ကတယ်လီဖုန်းပြောပြီးတော့
သားနဲ့သမီးကို ဖေဖေနေ့တိုင်းလိုသတိရမိတယ်
ပထမဆုံးစပြီးပြင်းပြင်းထန်ထန်သတိရမိတာက မနှစ်က သီတင်းကျွတ်ရက်တွေမှာပေါ့
အဲဒီရက်ကဖေဖေ အလုပ်ပိတ်ရက်ပေမဲ့ အလုပ်များနေတာနဲ့သွားရတယ်
ဝပ်ရှော့ထဲမှာ နော်ဝေက offshore platform တခုအတွက်လက်ခံထားတဲ့
utility skids တွေကအပ်ရမဲ့ရက်သိပ်နီးနေတာကိုး
သံကြမ်းခင်းတွေ ဖရိန်တွေ လက်ရမ်းတွေ ပိုက်တွေ tank တွေ
ဂဟေဆရာတွေက မီးတ၀င်းဝင်းနဲ့ သံသားကိုပျော့ပြောင်းအောင်စီးနင်းကြတာတွေ့တော့မှ
အော်မြန်မာပြည်မှာဒီနေ့သီတင်းကျွတ်လပြည့်ပဲလို့သတိရဖို့ဖြစ်လာရတယ်
ပန်းထွက်လာတဲ့မီးတွေဟာ သားတို့ဆော့တဲ့ မီးပန်းတွေလိုပေါ့
ဖေဖေက အလုပ်ထဲမှာ မေမေကမီးဖိုထဲမှာ သားသားနဲ့ သမီးတို့ကခြံရှေ့ကလမ်းပေါ်မှာ
ဖိုးဖိုးနဲ့ဖွားဖွားက ဘုရားခန်းထဲမှာ ထွန်းထားတဲ့မီးတွေ ညှိထားတဲ့မီးတွေ
အော်လူသားဟာ မီးကိုလိုသလိုစီမံရင်း လောင်းကျွမ်းနေတာပါလားလို့ ဖေဖေ တွေးဖို့ဖြစ်လာခဲ့တယ်
လောင်ကျွမ်းမှုတိုင်းမှာ အလင်းရောင်နဲ့ ပူလောင်မှုရှိတယ် သားနဲ့သမီး
ကိုယ့်ကိုယ်ပိုင်ဘ၀ကိုမီးရှူးမီးပန်းလိုသဘောထားပြီး
သူတပါးအတွက် အလင်းဓတ်နဲ့နွေးထွေးမှုကိုပေးတဲ့သူရဲကောင်းတွေ
ကမ္ဘာမြေပေါ်မှာရှိနေကြတယ်
သားနဲ့သမီးတို့ခုနေတော့မီးနဲ့ဆော့သူ နောင်မှာမီးကိုယဉ်ကျေးအောင်သွန်သင်သူ
ပြီးတော့ မီးကိုအများအတွက်ထွန်းညှိသူတွေ ဖြစ်လာနိုင်ပါစေလို့
ဖေဖေဆုတောင်းပေးလိုက်ပါတယ်

မီရှိရှိလျှင် သီရိကျက်သရေ
တက်ဖြိုးဝေသား အောင်မြေကြော့ကြော့
ဘုန်းမော့မော့နှင့်.............


KZကေ

2 comments:

  1. အင်.. ဒါကျတော့ ခံစားစရာထက်.. စဉ်းစားစရာ...

    ReplyDelete
  2. အား
    ကျနော့်ရဲ့တဦးတည်းသော follower ရဲ့ comment ပါတကား
    ဒီလိုဆရာမရဲ့ ပထမကအလွမ်းချည်းသက်သက်ရေးဖို့ပျိုးတာပါ
    နောက်တော့သူရေးရာကိုယ်ပါသွားတာပါပဲ
    ကဗျာကမှတ်မိတာလေးတွေရေးထဲ့လိုက်တာ
    အကျအပေါက်လေးတွေတွေ့ရင်လည်းသတိပေးပါဦး
    ကျေးဇူးပါ ဆရာမမြသီလာ

    ReplyDelete