၈၉ ဂျွန်။ တိန့်ရင်မင်အရေးအခင်းနဲ့ပါတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းမှာ အယူအဆတွေ ကွဲသွားတယ်။ တိန့်ရှောင်ဖိန်ကိုယ်တိုင် ပြီးခဲ့တဲ့သုံးနှစ်က တင်ထားတဲ့ ပါတီအတွင်းရေးမှူး ကျောက်ကျိယန်ကို အကိုင်အတွယ် ညင်သာတယ်ဆိုပြီးပထုတ်၊ အိမ်ချုပ်ချ။ ပြီးတော့ ရှန်ဟိုင်းပါတီအတွင်းရေးမှူး ကျန်ဇီမင်းကို ခေါင်းဆောင် တင်လိုက်ကြတယ်။
ကျန်ဇီမင်းရင်ဆိုင်ခဲ့ရတဲ့အဲဒီအချိန်ဟာ တရုတ်ပြည်သမိုင်းမှာရှုတ်ထွေးမှုအများဆုံးအချိန်တွေ ထဲက တခုပါပဲ။ တရုတ်ဟာ အထီးကျန်ဖြစ်နေတဲ့အချိန်၊ နိုင်ငံခြားတိုင်းပြည်တွေကကုန်သွယ်ရေးပိတ်ဆို့မှုလုပ်ခံထားရ တဲ့အချိန်၊ ပြည်တွင်းမှာ အရေးအခင်းကြီးပြီးလို့အထွေထွေမငြိမ်မသက်ဖြစ်နေတဲ့အချိန်ပါ။ တကမ္ဘာလုံးမှာ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ ဗီယက်နမ်ကလွဲလို့ ကွန်မြူနစ်စံနစ်ဆိုတာ ဇတ်ခေါင်းကွဲနေတယ်။ တရုတ်ဆန္ဒပြခေါင်းဆောင် တွေနိုင်ငံတွင်းကထွက်ပြေးနေရတယ်။ နိုင်ငံတကာက ဂရုဏာသက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တွေပေးတယ်။ ၈၉ မှာပဲ ဒလိုင်းလားမားနိုဗယ်ရတော့ တိဘက် အရေးအခင်းကို ပြင်ပကပိုပြီး အာရုံကျလာတဲ့အချိန်၊ Xinjiang မှာလည်းမွတ်ဆလင်တွေက လူနဲစုအရေး သွေးတိုးစမ်းချင်တဲ့အချိန်ပါ။
အဲသည်လိုအချိန်မျိုးမှာ ဘယ်လိုခေါင်းစဉ်တပ်ပြီး နိုင်ငံတည်ငြိမ်ရေးကိုလုပ်ရမလဲ။ ပြန်လည်ပြင်ဆင်ရေးလုပ်ဖို့ရာအတွက် ပြည်တွင်း ရုန်းကန်မှုက ပြင်ပကပိတ်ဆို့မှုထက်ပိုပြီးစိုးရိမ်နေရတဲ့ အခါသမယမှာ ရှေးရိုးပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေကြားမှာ တိန့်ရဲ့ဆင့်ကဲပြင်ဆင်ရေးပေါ်လစီကို အပစ်တင်ကြပြီး ကျန်ဇီမင်းကို မော်အစဉ်အလာလမ်းကြောင်းကိုပြန်သွားဖို့ဖိအားပေးခံခဲ့ရတယ်။ ဒါပေမယ့် တိန့်နဲ့ကျန် တို့ရဲ့အမြင်ကတမျိုးတဘာသာပါ။ ပြန်လည်ပြင်ဆင်ရေးကိုဆက်လုပ်မှ တရုတ်နိုင်ငံရေးအဆောက်အအုံဟာ အားသစ်လောင်းခံရမယ်။ လူမှုတည်ငြိမ်ရေးရဖို့အကောင်းဆုံးအာမခံချက်ဟာ လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့ နဲ့ ထုတ်လုပ်မှုစွမ်းအားတွေကို တိုးမြှင့်နိုင်ဖို့ပဲလို့ လက်ခံထားတယ်။
နိုင်ငံရေးကအနားယူသွားတဲ့ တိန့်ဟာ ၉၂ အစောပိုင်းကာလမှာ ရှုတ်ထွေးနေတဲ့ ဒီနိုင်ငံရေး နောက်ခံ ကားနဲ့အတူ လူလုံးပြန်ပြတယ်။ စီးပွားရေး လွတ်လပ်ခွင့်ပေးထားတာကိုဆက်ထိမ်းထားဖို့နဲ့ ကျန်ဇီမင်းရဲ့ ဦးဆောင်မှုကို ထောက်ခံမှုရဖို့ စီစစ်ရေးခရီး (inspection tour) လို့နာမည်ပေးပြီး တောင်ပိုင်းကို ခရီး ထွက်ခဲ့တယ်။ တောင်ပိုင်းမှာက ၈၀ပြည့်နှစ်တွေက ချမှတ်ထားတဲ့ စီမံကိန်း အရအထူးစီးပွားရေး ဖွံ့ဖြိုးမှုဇုံ ၂ခု (Shenzen နဲ့ Zhuhai) ရှိနေတယ်။ အသက် ၈၇နှစ်ရှိ နေတဲ့ တရုတ်အဖိုးကြီးဟာ သမီးဖြစ်သူနဲ့ အနီးကပ် ရဲဘော်တချို့ကိုအဖော်လုပ်ပြီး ရပ်တန့်နေတဲ့ ပြင်ဆင်ရေးလုပ်ငန်း တွေကိုပြန်တွန်းဖို့၊ ကျဆင်းနေတဲ့ လူထု ထောက်ခံမှုကိုဆယ်မ ဖို့ထွက်လာခဲ့တဲ့တောင်ပိုင်း ခရီးစဉ်ပါ။ ဈေးကွက်စီးပွားရေး၊ နိုင်ငံခြားမြှုပ်နှံမှု နဲ့ ပုဂ္ဂလိက အခန်းတွေကိုမြှင့်တင်ပြီး တရုတ်ကျန်အင်လက္ခဏာတွေနဲ့လိုက်ဖက်တဲ့ ဆိုရှယ်လစ်စံနစ် ကိုသွားဖို့လို့ ဆိုတယ်။
တိန့်ရှောင်ဖိန်ဟာ အဲဒီအချိန်မှာ ဘာရာထူးမှမရှိတော့ဘူး။ ဒါပေမယ့် ကျောင်းတွေ၊ စက်ရုံတွေ၊ လုပ်ငန်းတွေကို ၀င်ပြီးဆွေးနွေးတယ်။ လေ့လာတယ်။ တောင်ပိုင်းကတောသားကြီးတွေကို ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြတို့ ဘာတို့တိုက်တွန်းတယ်။ စီးပွားရေးနဲ့ အသိပညာအတတ်ပညာပိုင်းတွေပိုဖွံ့ဖြိုးတိုးတက်လာဖို့တို့ ကိုလှုံ့ဆော်ခဲ့တယ်။ နိုင်ငံပိုင်သတင်းစာတွေကပိတ်ထားတဲ့ သူ့မိန်းခွန်းတွေဟာ ဟောင်ကောင်က နေတဘက် လှည့်စီးဝင်လာတယ်။ ဒါတွေဟာ နောက်ဆယ်စုနှစ် နှစ်ခု တရုတ်နိုင်ငံရေးနဲ့ စီးပွားရေးအတွက် ကျမ်းစာတွေ ဖြစ်လာတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ အလုံးစုံမှန်ကန်ပြီး အခြေခံအကျဆုံး သဘောတရား ပဲဆိုတာ ဟာ သူ့ရဲ့ထင်ရှားတဲ့အဆိုအမိန့် တခုဖြစ်ခဲ့တယ်။
စီးပွားရေးပြင်ဆင်ပြောင်းလဲမှုတွေဟာဆိုရှယ်လစ် အစဉ်အလာကိုသစ္စာဖောက်နေတာမဟုတ်ဘူး။ ပြင်ဆင်ရေးဟာ အခြေခံတော်လှန်ရေးပဲလို့ တိန့်ကဆိုတယ်။ ပြည်သူရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကို ရဖို့ စီးပွားရေးလွတ်လပ်ခွင့်ကို နောင်နှစ်တရာဆက်လုပ်ရမယ်။ ဖွံ့ဖြိုးမှုနဲ့ ပွင့်လင်းမှုဟာတိုင်းပြည်ကို ၈၉ ပြည်တွင်းစစ် ကနေကယ်တင်ခဲ့တယ်လို့ဆိုတယ်။ သူက မော်ရဲ့ယဉ်ကျေးမှုတော်လှန်ရေးကို ပြည်တွင်းစစ်တမျိုး လို့ဝေဖန်ခဲ့သူဖြစ်တယ်။ ဒါကိုပဲ ဆက်ပြီးဝေဖန်ခဲ့တာဖြစ်တယ်။
တိန့်ရှောင်ဖိန်အတွက်ကတော့ ဈေးကွက်သဘောတရား၊ စွန့်စားလုပ်ကိုင်မှု၊ ပုဂ္ဂလိကအခန်း၊ ထုတ်လုပ်မှုနဲ့ လုပ်ငန်းရှင် တွေဟာအရေးပါမှုတွေပဲ။ အမြတ်သဘောတရားဟာ မာက့်ဝါဒကိုမဆန့်ကျင်ဖူး။ ဒါ လူ့သဘာဝကိုနားလည်တာပဲ။ အစိုးရဟာ စွန့်ထွင်လုပ်ငန်းရှင်တွေကို နှိပ်ကွပ်ရင်ပြည်သူ့ထောက်ခံမှုကို မရနိုင်ဘူး။ ဒီ့နှစ်ဆကြိုးစားကြ။ စမ်းသတ်မှုတွေကိုလုပ်ဖို့မတွန့်နဲ့။ ဘယ်သူများ စွန့်စားစရာမလိုတဲ့ ရာနှုန်းပြည့် သေချာပေါက်တွေကို လုပ်နိုင်မလဲ။ တခုခုလုပ်သင့်ပြီ ဆိုရင်လုပ်လိုက်ကြဖို့ပဲဆိုတာတွေဟာ သူ့ရဲ့ လမ်းညွှန်ချက်တွေ ဖြစ်လာတယ်။
တိန့်ဟာ အရင်းရှင်လမ်းကြောင်းကိုသွားနေပြီလို့ သူ့ကိုဝေဖန်ချက်တွေကိုပယ်ချခဲ့တယ်။ နိုင်ငံခြား မြှုပ်နှံမှုတွေကို လက်ခံရမယ်။ ဒီကနေအစိုးရကအခွန်ရမယ်။ အလုပ်သမားတွေလုပ်ခရမယ်။ နည်းပညာနဲ့စီမံ ခန့်ခွဲမှု ပညာတွေရမယ်။ သတင်းအချက်အလက်တွေပိုများလာပြီး ဈေးကွက်ကိုပိုဖွင့်ပေးလာနိုင်မယ်လို့ သူပြောခဲ့တယ်။
နောက်ဆုံးတော့ တိန့်ဟာ ပါတီတွင်းလက်ဝဲစွန်းတွေကို တိုက်ခိုက်ခဲ့တယ်။ မော် ရှိစဉ်စိုက်ပျိုးရေး အသင်းအပင်းတွေ ဖွဲ့စဉ်ကတည်းက ပါတီသမိုင်းမှာ လက်ဝဲကော လက်ယာပါသွေဖီမှုတွေရှိနေတယ်။ လက်ဝဲသွေဖီမှုကြောင့်သာ ဆိုးကျိုးတွေပိုခံစားခဲ့ရတယ်လို့သူဝေဖန်ခဲ့ဖူးတယ်။ တောင်ပိုင်းသားတွေကို အမျိုးသားရေး ဂုဏ်သိက္ခာနဲ့လှုံ့ဆော်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်နှုန်းကိုတွန်းတင်နိုင်ခဲ့တယ်။
တောင်ပိုင်းခရီးအစ ၉၂မှာ တိန့်ရှောင်ဖိန်က ကျေးလက်မှာမရှိမဖြစ်ရှိရမဲ့ ပစ္စည်းကြီးလေးမျိုး ကိုဖွင့်ဆိုခဲ့တယ်။ စက်ဘီး၊ အပ်ချုပ်စက်၊ ရေဒီယို နဲ့ လက်ပတ်နာရီ တို့ဖြစ်တယ်။ အဲဒီအချိန်ကနေ ခုနှစ် ၂၀အတွင်း တရုတ်ပြည်တိုးတက်မှုကို ခန့်မှန်းနိုင်လောက်ပါတယ်။ နှစ်အနည်းငယ်တိုင်းမှာ တရုတ်စီးပွားရေး ဟာ အဆင့်ပြီး တဆင့်မြင့်တက်လာရမယ်။ ပြည်သူတွေဟာစိတ်ထဲမှာ နိုင်ငံရေးနဲ့စီးပွားရေး အတားအဆီးတွေကသာ လွတ်ကင်းမယ်၊ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်တွေသာရှိနေမယ်ဆိုရင် အဆင့်တိုင်းမှာရှိနေမဲ့စိန်ခေါ်မှုတွေကို သူတို့ရဲ့မြင့်တက်လာတဲ့ဘ၀ နဲ့အတူ ရင်ဆိုင်နိုင်လိမ့်မယ်လို့ဆိုခဲ့တယ်။
သိပ္ပံနဲ့နည်းပညာဟာ သော့ချက်ပဲ။ ၇၀ ပြည့်နှစ်တွေမှာသူပြောခဲ့တဲ့ လျှမ်းလျှမ်းတောက်မိန့်ခွန်းတွေ အတိုင်းဆက်လျှောက်ခဲ့တယ်။ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာ အလုပ်သမားလူတန်းစားရဲ့ အစိတ် အပိုင်းပဲ။ ပါတီဝင်ပိုင်ခွင့်ရှိတယ်လို့သတ်မှတ်ခဲ့တယ်။ တိန့်ရင်မင်အရေးအခင်းမှာပါဝင်ခဲ့သူတွေကို နိုင်ငံ တည်ဆောက်ရေးအတွက်ပြန်လာဖို့ဖိတ်ခေါ်ခဲ့တယ်။ ထူချွန်တဲ့သူတွေဟာ အရင်က ဘယ်သလောထား မျိုးပဲရှိရှိပြန်လာပြီး နိုင်ငံကိုအလုပ်အကျွေးပြုဖို့၊ တရုတ်ပြည် သိပ္ပံ၊ နည်းပညာနဲ့ ပညာရေး ကို တိုးတက်အောင် လုပ်ဖို့ပဲ။ နိုင်ငံကိုချစ်ရင် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ပဲလို့ဆိုခဲ့တယ်။
အသက်ရှစ်ဆယ်ကျော် အဖိုးကြီးတယောက်အတွက်တော်လှန်ရေးကာလတလျှောက်သူလုပ်ခဲ့သမျှ ခံယူခဲ့သမျှကို ပြောင်းပြန်ပြန်လုပ်ဖို့ဆိုတာလွယ်လှတာတော့မဟုတ်ပါဘူး။ ယန်နန်မှာ မော်နဲ့အတူပြည်တွင်းစစ် ကာလအတူလက်တွဲခဲ့သူတယောက်ဖြစ်တဲ့တိန့်ဟာ နောင်နှစ်ငါးဆယ်အကြာမှာ ဒီဒေသကိုတခါပြန်လာပြီး တောတောင်အနှံ့သွားလို့ ခုလို ပြန်လည်ပြင်ဆင်ရေးလမ်းကြောင်းကို လျှောက်မယ် လိုဘယ်အရိပ်အရောင်မျိုးမှ မရှိခဲ့ပေဘူး။ အမျိုးသားရေးဝါဒခံယူချက်ဟာ ဒီမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြင်ဆင်မှုဖြစ်စဉ်မှာ တစိတ်တပိုင်းတော့ပါဝင်နေခဲ့တယ်။ ပြင်ပ အရင်းရှင်စံနစ်ကို စောင်းငဲ့ကြည့် ပုံတူကူဖို့ကြိုးစားတာတွေလည်းရှိ ခဲ့ပေတာပေါ့။ သူ့ကလေးတယောက်ပြန်ပြောစကား ကိုကြည့်ပါ။ “၇၀ ပြည့်နှစ်တွေကအဖေဟာတရုတ်ပြည် အနီးပတ်ဝန်းကျင်က နဂါးပေါက်ကလေးတွေကို မျှော်ကြည့်နေခဲ့တယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် နဲ့တောင်ကိုရီးယား တို့ပေါ့။ သူတို့ဟာ တရုတ်ထက် နည်းပညာမြင့်နေတယ်။ တနှစ်ကို ၈ ကနေ၁၀ ရာခိုင်နှုန်း လောက်တိုးနေတယ်။ ငါတို့သူတို့ထက်သာပြီး ဒီဒေသမှာ ကိုယ့်နေရာမှန်ကိုပြန်သွားဖို့ဆိုတာ ဒီနှုန်းထက် ပိုတိုးတက်ဖို့လိုတယ်” ဆိုပဲ။
ဒီလိုမြင့်မားတဲ့တိုးတက်နှုန်းကိုရဖို့ တိန့်ဟာ အမေရိကန် စီးပွားရေးနဲ့လူမှုရေး သဘောတရားတွေ ကိုလေ့လာတယ်။ ဒါပေမယ့် သူကတော့ အနောက်စတိုင် လူများစုဒီမိုကရေစီဟာ တရုတ်မှာလူမှု အခက်အခဲ ကြီးတွေ တွေ့မယ်၊ ဖွံ့ဖြိုးမှုကိုထိခိုက်မယ်။ သူတို့သွားရမဲ့လမ်းကို ဆိုရှယ်ဒီမိုကရေစီ လို့နာမည်ပေးတယ်။ နောက်တခု က အစိုးရကို တဦးထဲကနေတောက်လျှောက်ချုပ်ကိုင်ထားတဲ့ အာဏာပိုင်ပုံစံကနေ ပြင်ရမယ် လို့သူမြင်ခဲ့တယ်။ ဒါကပဲ မျိုးဆက်ဆင့်လက်ဆင့်ကမ်း အာဏာလွှဲပြောင်းမှုဖြစ်စေခဲ့တယ်။ သူ့ရဲ့ ဖွံ့ဖြိုးရေး အစီအမံသာ အောင်မြင်ရင် နိုင်ငံရေးအစီအစဉ်ဟာ ဒီအထဲကနေပေါ်ထွက်လာမယ်လို့ ယုံကြည်ထားတယ်။ ဒါ့အပြင် ဒီအောင်မြင်မှုဟာ လူထုတိမ်းညွှတ်နိုင်ဖွယ်ရှိတဲ့ ဒီမိုကရက်တစ်တော်လှန်ရေး မက်လုံးကို ချေဖျက်ပစ် မယ်လို့သူယုံကြည်ခဲ့တယ်။ ဒါပေမယ့် ဒါဟာမှန်းဆချက်တခုသာဖြစ်ပြီး ဖြစ်ပေါ်လာမဲ့ နိုင်ငံရေးအကျိုးဆက် ဟာခန့်မှန်းရခက်နေဆဲပဲဆိုတာ သူသဘောပေါက်ပြီးဖြစ်တယ်။ ခုလက်ရှိနိုင်ငံရေးဦးဆောင်မှုဆက်ခံသူတွေဟာ ဒီအကျိုးဆက်တွေကိုရင်ဆိုင်နေကြရတာပဲ။
“တရုတ်ပုံစံဆိုရှယ်လစ် စံနစ်ကိုသွားရမယ်။ အရင်းရှင်စံနစ်ဟာ နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့ ရတာဖြစ်တယ်။ ဆိုရှယ်လစ်စံနစ်ကိုတည်ဆောင်နေတာ ဘယ်လောက်မှကြာသေးတာမဟုတ်ဘူး။ ဒါအပြင် နှစ် ၂၀လောက်ဖြုန်းပစ်ခဲ့ကြတယ်။ တရုတ်ကို အလယ်အလတ်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုအဖြစ် တရုတ်ပြည်သူ့ သမတ နိုင်ငံတည်ထောင်ပြီးခဲ့တဲ့အချိန်ကစလို့ နှစ် ၁၀၀အတွင်း တည်နိုင်ပြီဆိုရင် ဒါ အကြီးအကျယ် အောင်မြင်မှုပဲ” လို့ သူဆိုခဲ့တယ်။ ဒီနှစ်တရာဟာ ၂၀၄၉ ဖြစ်တယ်။ တကယ်တမ်းကြည့်တော့ တရုတ်ဟာ မျိုးဆက်တခုအတွင်းမှာ ကိုပဲအောင်မြင်မှုတော်တော်များများရခဲ့ပါပြီ။
မော် သေပြီး ၁၀စုနှစ်တခုအတွင်း စဉ်ဆက်မပြတ်တော်လှန်ရေး ပြန်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီတခါ တိန့်ရှောင်ဖိန်သွားတဲ့ တော်လှန်ရေးဟာ အိုင်ဒီယော်လော်ဂျီပေါ် မဟုတ်ပဲ ခေါင်းဆောင်မှု အရည်အသွေးကို အခြေခံတယ်။ ၀ါးလုံးခေါင်းထဲလသာမဲ့ ပြည်တွင်းဖူလုံရေးမဟုတ်ပဲ ပြင်ပကမ္ဘာပေါ်အခြေခံတာဖြစ်တယ်။ တိန့်ဟာ သူ့တောင်ပိုင်းခရီးအပြီး မှာ လက်ရှိကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာအိုနေပြီ။ မျိုးဆက်သစ် ခေါင်းဆောင် တွေ ကို ကိုယ်ပိုင်အယူအဆအသစ်တွေနဲ့ ပေါ်လာမယ် လို့မျှော်မှန်းကြည့်ခဲ့တယ်။ လူဟောင်းကြီး တွေဟာ စကားပြောဖို့လောက်ပဲကောင်းတော့တယ်။ ဆုံးဖြတ်ချက်ချဖို့အတွက်မဟုတ်တော့ဘူး။ သူ့အရွယ် သက်ကြားအို တွေဟာ ဘေးထွက်ရပ်သင့်နေပြီ။ လို့သုံးသပ်ခဲ့တယ်။ သူပြောခဲ့တာတခုက “ ကျုပ်အနား ယူချင် တာက ဒီအရွယ်ရောက်တော့မှ အမှားတွေမလုပ်ချင်တော့လို့ပဲ။ အသက်ကြီးတဲ့ သူတွေမှာ အားသာချက် တွေရှိတယ်ဆိုပေမယ့် ဆိုးတာက ခေါင်းမာတာပဲ။ အသက်ကြီးလာတော့ ပိုချင့်ချိန် လာတယ်။ မစွန့်စားရဲ တော့ဘူး။ အမှားဖြစ်မလားဆိုပြီးကြောက်လာတယ်။ မျိုးဆက်သစ်တွေကို မွေးထုတ်ဖို့ပဲ။ သူတို့ ရင့်ကျက်လာတဲ့ အခါ ကိုယ်ကောင်းကောင်းနားရမယ်။ လူအိုကြီးတွေကိုယုံကြည်မထားကြပါနဲ့” ။
တောင်ပိုင်းခရီးဟာ တိန့်ရှောင်ဖိန်အတွက် နောက်ဆုံးနိုင်ငံအတွက်အလုပ်အကျွေးပြုမှုဖြစ်တယ်။ သူချမှတ်ခဲ့ ဖော်ဆောင်ချင်ခဲ့တာတွေကို ကျန်ဇီမင်းကတာဝန်ယူခဲ့တယ်။ ၉၇ မှာ တိန့်ရှောင်ဖိန်ကွယ်လွန်တယ်။ ၂၀၀၂ ကျန်ဇီမင်း အနားယူတော့ သူတို့ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့လမ်းစဉ် ရဲ့အမှားအမှန်ကို ဘယ်သူမှမဆွေးနွေးကြတော့ဘူး။ တရုတ်ဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့အစီအစဉ်သစ်မှာ အင်အားတခုအဖြစ် ပါဝင်လာခဲ့ပြီကိုး။
KZကေ
Ref. Chapter 16 “ What Kind of Reform? Deng’s Southern Tour” from On China by Henry Kissinger 2011
နေ့များ
ဘ၀ဆိုသည် အချိန်ကာလ တခုမျှဆိုသော် ရေတွက်ခြင်း၏ အခြေခံယူနစ်မှာ နေ့တနေ့ဖြစ်ပေမည်
Sunday, November 13, 2011
Wednesday, October 19, 2011
သုဝဏ္ဏအမြန်ရထား (၇)
ကိုတီတူး
အစကပြန်ကြည့်ကြရအောင်။ ကျနော်တို့ဆီမှာ လူထုဆန္ဒပြနိုင်ခြေဟာဖိနှိပ်ခံထားရတဲ့ကြားကနေ ထိုးထွက်နေဆဲပဲ။ ဒါကို သုဝဏအားကစားကွင်းထဲက ဘောလုံးပွဲအနိုင်ရလိုစိတ်ပြင်းထန်မှုမှာတွေ့ခဲ့ရတယ်။ မြန်မာတွေဟာဘယ်နေရာမှာမဆို ရှုံးနေတယ်။ သတင်းတွေဖတ်တော့ တရုတ်ကသူ့ပြည်နယ် တခုအဖြစ်လုပ်ဖို့ ကြိုးစား နေတယ်တဲ့။ ကုလားကတမျိုး၊ အော်မြန်မာလား အရင်ကငါတို့ လက်အောက်ခံလေလို့ ပြောခံ ရတာ ကျနော်ကိုယ်တိုင်ကို သုံးခါထက်မနည်းကြုံဖူးတယ်။ စင်ကာပူကုမဏီတခုမှာ ကျနော်တို့ဋ္ဌာန အတွက် လူတယောက် အရှေ့အလယ်ပိုင်းကို ကိုယ်စားလှယ်သဘောမျိုးအရင်လွှတ်ဖို့လိုနေတယ်။ ကျနော်အင်တာဗျူး ပြီး မြန်မာ အင်ဂျင်နီယာ တယောက်ခန့်လိုက်တယ်။ လစာညှိတော့ မြန်မာမို့ဒီလစာတော့ မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုး HR မန်နေဂျာကပြောတယ်။ သူကျနော်မျက်နှာပျက်သွားတာတွေ့လို့ထင်တယ် ဒါငါ့အထက်က သဘောထားလို့ထပ်ပြောတယ်။
ထိုင်းမှာတခါ ကျနော်ပရောဂျက်တခုနဲ့သွားတော့ ဒင်နာတခုမှာ အင်္ဂလိပ်လိုယိုးဒယားသားတွေနဲ့ ပြောတော့ အနားဝိုင်းကရဲက ကျနော်တို့ ၀ိုင်းက ယပက်လက်ကို ဖမာ (မြန်မာကို ထိုင်းကဖမာ လို့ပဲအသံ ထွက်တယ်) လားလို့ မေးပြီးဘာတွေလည်းမသိဆက်ပြောနေတယ်။ ပြောချင်တာက ဒီကောင်ဘာကောင် လည်းပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အတွေ့အကြုံများခဲ့တဲ့ ရဲကကျနော့်ကို နဲနဲပါးပါး ညှစ်ချင်ပုံရပါတယ်။ ဒါကျနော့်ကိုယ့်ပိုင်အတွေ့အကြုံတွေပါ။ ခင်ဗျားမှာလည်းရှိပါလိမ့်မယ်။
ယိုးဒယားမှာမြန်မာမလေးတွေလုပ်တဲ့ အဓိကအလုပ်ကတွေထဲကတခုက အနှိပ်ခန်းပါ။ သူတို့တွေ ကယပက်လက် ၁၀၉၊ ၁၁၀ တွေကိုယူပြီး ကျွေးထားဖို့ဝန်မလေးကြဘူး။ သူတို့နဲ့ယူမှ ထိုင်းနိုင်ငံသား ခံယူ နိုင်မယ်။ ဒါမှ ကျီးလန့်စားစားဘ၀ ကလွတ်မယ်ဆိုတာတွေကတော့ အဆင်ပြေတယ် ပြောလို့ရတဲ့ ယိုးဒယား ရောက်မြန်မာတွေဆီက ဇတ်လမ်းပဲ။ ဒီထက်ဆိုးတာတွေခင်ဗျားလည်းကြားဖူးမှာပါ။ ကဲဒီလိုဇတ်ပျက်နေတဲ့ လူမျိုးတမျိုးရဲ့ဇာတိမာန် ကိုဘယ်လိုပြန်ထူမတ်မလဲ။
ဆိုတော့ လူထုဟာအခွင့်အရေးကြုံရင် ရုန်းကြလိမ့်ဦးမယ်။ ဒါ ၂၀၁၁ အတွင်းကအတွေ့အကြုံတွေအရ ပဲသုံးသပ်တာပါ။ အိုမန်နဲ့ဘောလုံးပွဲအပြင်၊ အာဇာနည်နေ့ အလေးပြုပွဲ၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့ ဆုတောင်းပွဲ၊ နဲ့ဧရာဝတီ လှုပ်ရှားမှုတွေဟာ ဒီအချက်ကိုသက်သေခံနေပါတယ်။ ဒါပေမယ့် အာရပ်လှိုင်းကို စီးဖို့ဆိုတဲ့လှုံဆော်ချက်မျိုးတွေလုပ်စရာ မလိုပါဘူး။ အကြောင်းတိုက်ဆိုင်တာနဲ့ အဖြစ်အပျက်တခုဟာ ဆင်ခြင် နိုင်စွမ်းအားကလွတ်သွားတဲ့ ပွိုင့်တခုထဲဝင်သွားရင် ဇတ်ကနဲထောင်ထွက် လာနိုင်စရာရှိပါတယ်။ အရေးကြီး တာက ခင်ဗျားကဘယ်လိုစသလဲဆိုတာထက် ဘယ်လိုဆုံးသလဲဆိုတာပါ။ နောက်ကွယ်မှာ ပါဝါလေဟာနယ် ရှိတတ်ပါတယ်။ ဖြစ်နိုင်ရင် လူထုဆန္ဒပြပွဲတွေကို ရှောင်ဖို့ အစိုးရက လူထုဆန္ဒထုတ်ဖော်ပွဲတွေ စံနစ်တကျ လုပ်ဖို့အခွင့်အရေး ပေးစေချင်တယ်။
တခုပြောချင်တာက ဘယ်နိုင်ငံရေးသိပ္ပံပညာရှင်ကမှ တူနီးရှားပြဿနာနဲ့ အာရပ်နွေဦးကို ကြိုတင် မခန်းမှန်း နိုင်ခဲ့ကြဘူးဆိုတာပဲ။ အဲ ခင်ဗျားကွန်မင့်မှာရေးထားတဲ့ ဒိုမီနိုအကျိုးဆက်မျိုးကို လိုချင်တယ် ဆိုရင် တော့ တရုတ်ကဆန္ဒပြတဲ့အခါမှာတော့ ဖြစ်လာနိုင်စရာရှိတယ်။ ဟုတ်တယ် တရုတ်မှာဆန္ဒပြရင် အခြေအနေ တွေ အားလုံး ဟာလုံးလုံးလျားလျား ပြောင်းလဲသွားမှာပဲ။ ဖြစ်နိုင်ခြေခင်ဗျားမေးနေတာလား။ ဟုတ်ပြီ တရုတ်ကို အာရပ်ကမ္ဘာနဲ့ နဲနဲယှဉ် ကြည့်ကြရအောင်။
၁၉၉၀ နဲ့ ၂၀၀၀ ဆယ်စုနှစ်အတွက် ကုလသမဂ္ဂကထုတ်တဲ့ လူသားဖွံ့ဖြိုးမှုညွှန်ကိန်း (ပညာ၊ ကျန်းမာနဲ့ ၀င်ငွေကိုအဓိက ထားစီစစ်တာ) မှာ တူနီးရှားဟာ ၃၀%တက်လာပြီး အီဂျစ်ဟာ ၂၈% တက်လာတယ်။ နှစ်နိုင်ငံလုံးမှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဘွဲ့ရပညာတတ်တွေပိုများလာတယ်။ အသစ်ဖြစ်ထွန်းလာတဲ့ တိုးတက်တဲ့အခြေအနေတွေဟာ ရှိနေတဲ့ နိုင်ငံရေးစံနစ်ဟောင်းထဲ ကျဉ်းကျပ်နေခဲ့တယ်။ ညိနေတယ်၊ လှုပ်ရှားရတာမလွယ်ဘူး။ အလုပ်ကောင်းတနေရာရဖို့ အဆက်အသွယ် ရှိဖို့က အဓိကဖြစ်နေတယ်။ ဒီတော့ ဒီဘောင်ကို ချဲ့ရတော့တယ်။ အာရပ် ပညာတတ်၊ နည်းပညာနဲ့အကျွမ်းတ၀င်ရှိတဲ့ လူလတ်တန်းစား တွေက ပြီးခဲ့တဲ့ လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့အဓိကအချက်ပဲ။
တရုတ်မှာ ၂၀၁၁ နှစ်ဦးက တက္ကသိုလ်တခုကထွက်လာတဲ့ အစီရင်ခံစာတခုမှာ ၂၀၁၀အတွင်း လူမှုမတည်ငြိမ်မှု ၇၂ ခုရှိခဲ့ တယ်လို့ဖော်ပြတယ်။ တရုတ်လိုမီဒီယာကို ချုပ်ထားနိုင်တဲ့နိုင်ငံတနိုင်ငံမှာ ဒီကိန်းဟာ ဒီထက်ပိုများနိုင်ပြီး သတိထားရမဲ့ အနေအထားပဲ။ တရုတ်ဒေသအာဏာပိုင်တွေဟာလည်း အကြီးအကျယ် ခြစားနေကြတာပဲ။ ကျနော်သိတဲ့ပြည်မကြီး ကလာတဲ့ တရုတ်တော်တော် များများကို နဲနဲပါးပါးစကား ပြော ကြည့်ရင် တရုတ်မှာနေရာတိုင်းလာဘ်ပေးလာဘ်ယူမကင်း ဘူးဆိုတာပဲ။ ပိုက်ဆံသာပေးနိုင်ရင် ဘာမဆို အကုန် လုပ်နိုင်တယ်ဆိုတယ်။ ကွန်ဖျူးရှပ်ကို ကိုကာကိုလာ တိုက်ပြီး မက်ဒေါ်နယ်ကြော်ညာရိုက်ခိုင်းလို့ရတယ် ဆိုတာ မျိုးပေါ့။
နယ်တွေမှာလယ်တွေသိမ်း၊မြေတွေသိမ်း၊ လူထုကို နေရာတွေရွှေ့ပြောင်းပြီး အာဏာပိုင်တွေက ကုမဏီတွေကို လုပ်ကွက်တွေပေးတယ်။ ကုမဏီတွေဟာဆောက်ချင်သလို ဆောက်တယ်၊ သူတို့စွန့်ပစ်ပစ္စည်း တွေကို စံနစ်တကျတွေဘာတွေလုပ်မနေဘူး။ လက်ရှိရေပေးရေးစံနစ်တွေထဲလည်း လစ်ရင်လစ်သလို သူတို့ စွန့်ပစ် တဲ့ရေတွေ ထဲ့ချင်ထဲ့ချလိုက်တာမျိုးတဲ့။ ကံကြီးလို့ မြစ်ဆုံဆည်ခနရပ်ထားဖြစ်တာ ဆိုပေမယ့် တရုတ်နဲ့ လုပ်တဲ့ လုပ်ငန်းမှန်သမျှဟာ သတိထားရမှာချည်းပဲ။ သူတို့ဟာ ကိုယ့်နိုင်ငံထဲ တောင်ထင်ရာလုပ်တာ ဆိုတော့ ကျနော်တို့ဆီမှာဆိုရင် ပျင်းတောင်ပျင်းသေးတယ်ပေါ့ဗျာ။ တရုတ်မှာ အာဗာတာ ရုပ်ရှင် ပြတော့ တောသား တွေက သောက်သောက်လဲကြိုက်ကြဆိုတယ်။ သူတို့နယ်မြေတွေကို လုယုဖျက်စီး ခံရတဲ့ ရုပ်ရှင်ထဲက အဖြစ် ဟာ သူတို့ဘ၀နဲ့ တူတာကိုး။
လက်ရှိတရုတ်ချမ်းသာမှုဟာ ကမ်းခြေဒေသ နဲ့မြို့ကြီးတွေ မှာပဲရှိတယ်။ တရုတ်မှာ ဒေသတခုနဲ့တခု ဆင်းရဲချမ်းသာအရမ်းကွာသွားပြီ။
ဒါပေမယ့် ပညာရှင်တွေ ပြောသလိုပေါ့။ ခုခေတ်မှာ တော်လှန်ရေးကို ဆင်းရဲသားတွေကမလုပ်ဘူး၊ လူလတ်တန်းစားပညာတတ်တွေက ပဲလုပ်မှာဆိုတာကို တရုတ်အစိုးရကသိတယ်။ တရုတ်မှာ အာရပ်လိုဘွဲ့ရပြီး သစ်သီးလှည်းနဲ့တွန်းရောင်းရတဲ့ ပြဿနာမျိုးတွေမပေါ်အောင်ထိန်းထားတယ်။ တရုတ်ပညာတတ် လူလတ် တန်းစား ဟာ ဆူပါမားကက်ကြီးတွေထဲ ပျော်နေကြတယ်။ တရုတ်ပညာတတ်တွေမှာ အလုပ်လက်မဲ့ တွေရှိတယ် ဆိုပေမယ့် အများစုဟာ လက်ရှိဘ၀ကိုကျေနပ်နေကြတယ်။ အိုင်ဖုန်းတို့၊ အိုင်ပက်တို့၊ နာမည်ကြီး အမှတ်တံဆိပ် အ၀တ်အစား၊ အသုံးအဆောင် တွေမှာ စနေ၊ တနင်္ဂနွေတွေ ကုန်သွားကြတယ်၊
ပြီးတော့ တရုတ်မှာ မူဘာရက်တို့ ဘင်အလီတို့ ကဒါဖီတို့လို အာဏာကိုရေရှည်စွဲကိုင်ထားတာ မျိုးမရှိတော့ဘူး။ ဟူဂျင်တောင်ဟာ နောင်နှစ်ဆိုရင်ဆင်းပေးပြီ။ ခေါင်းဆောင်အပြောင်းအလဲမှာ ပေါ်လစီ အကူးအပြောင်း တွေရှိတတ်တော့ လူထုကိုနဲနဲတော့စောင့်ကြည့်စေတယ်။ ပြီးတော့ PLA (people liberation army) ဟာဘက်ပြောင်းပြီး လူထုလှုပ်ရှားမှုဘက်ကို ကူးပြောင်းဖို့ ဘာအရိပ်အရောင်မှမရှိဘူး။ ဒီအချက်တွေဟာ တရုတ်မှာလူထုအုံကြွမှုတွေ အချိန်တိုအတွင်းမှာဖြစ်ဖို့မရှိဘူးလို့တော့ညွှန်ပြနေတာပဲ။ အင်ပါယာဘ၀ကနေ တရုတ်တွေဟာ နှစ်ပေါင်းများစွာ အိမ်နိမ့်စံအဖြစ်နဲ့ အနောက်ရဲ့ ကျောသပ်ရင်သပ်ခြင်းကို ကျိတ်မှိတ်ခံလာ ခဲ့တယ်။ ခုတော့သူတို့ဟာ ၂၀၀၆မှာ ကမ္ဘာ့တတိယစီးပွားအင်အားကြီးနိုင်ငံ ဂျာမနီကို ကျော်တက်၊ ၂၀၁၁ မှာ ဂျပန်ကို ရာဇ၀င်ထဲမှာထားရစ်ခဲ့တယ်။ ဒီနှုန်းအတိုင်းသွားရင် ၂၀၃၀မှာ နံပတ်တစ် နေရာကို အမေရိကန်တွေ ဆီကယူကြလိမ့်မယ်။
ဒါပေမယ့် တရုတ်အာဏာပိုင် တွေဟာ အနာဂတ်ကို ထွက်ပြေးနေကြတယ်။ အရမ်းဖြစ်ချင်နေကြတယ်။ စီမံကိန်းအမှားတွေ အများကြီးလုပ်ခဲ့ကြတယ်။ သဘာဝပတ်ဝန်းကျင်တွေကိုအများကြီးထိခိုက်စေခဲ့တယ်။ အဲဒီထဲက တခုဟာ အမြန်ရထားလိုင်းတွေပဲ။ တရုတ်အာဏာပိုင်တွေ ကုမဏီတွေကနေလာဘ်စားပြီး ဒီစီမံကိန်း တွေကို နည်းပညာမသေချာခင် အလျှင်အမြန်အကောင်အထည်ဖော်ခဲ့ကြတယ်။ တရုတ်အမြန်ရထား နှစ်စီးဟာ ၂၀၁၁ ဇူလိုင် က ဗဟိုထိန်းချုပ်ခန်းကမသိတော့ ရထားတွေကို သတင်းမပေး နိုင်တော့ တခါတိုက်တယ်။ လူတွေ အများကြီးသေတယ်။ စက်တင်ဘာမှာ တခါတိုက်ပြန်တယ်။ ပြိုလဲနေတဲ့ အပျက်အစီးပုံတွေကြား မျက်ရည်တွေ ၀ဲနေတဲ့ ၀မ်ကျားပေါင်ကို ဟီရိုးဖြစ်စေတဲ့ ဇီချွမ်ငလျှင်ဟာ ဆည်တည် ဆောက်ခဲ့တဲ့ အကျိုးဆက်လို့ ခုတချို့တွေ က ဆိုလာကြပြီ။
အင်ပါယာအိမ်မက်ကို မမက်ပါဘူးလို့ပြောထားပေမယ့် တရုတ်စိတ်ထဲမှာဘာရှိသလဲ အားလုံးက စိုးရိမ်နေကြရပြီ။ အရှေ့တောင်အာရှမှာ တရုတ်ဟာ ဗီယက်နမ်နဲ့စစ်ဖြစ်ဘူးတယ်။ ချန်ကေရှိတ်တပ်တွေ မြန်မာပြည်ထဲဝင်ဘူးတယ်။ ခုဖိလစ်ပိုင်နဲ့ ကမ်းလွန်ရေနံမှာ လိပ်ခဲတင်းတင်းရှိတယ်။ ခေတ်မှီမှုနဲ့အတူ စွမ်းအင်လိုအပ်ချက်ဟာ အရမ်းအရေးကြီးလာတယ်။ တရုတ်နဂါးဟာ ကမ္ဘာပတ်ပြီးရေနံနဲ့ ဓါတ်ငွေ့ဈေးကွက် တွေထဲဝင်တယ်။ နိုင်ငံပိုင် CNOOC (China National Offshore Oil Cooperation) ဟာအမေရိကန်ကုမဏီ ယူနိုကယ်ကို ၂၀၀၅ မှာဝယ်ဖို့ကြိုးစားခဲ့တယ်။ ယူနိုကယ်ဟာ တိုတယ်နဲ့အတူမြန်မာ ကမ်းလွန်ရတနာမှာ ရှယ်ယာတွေရှိနေပါတယ်။ အာရှအလယ်ပိုင်းမှာရှိတဲ့ ယူနိုကယ်ရဲ့ကျယ်ပြန့်တဲ့ အကျိုးစီးပွားဟာ တရုတ်စွမ်းအင် မဟာဗျူဟာနဲ့ လိုက်ဖက်ပုံရပါတယ်။ ဒီတော့ အမေရိကန်မှာ ဒီမိုကရက်နဲ့ ရီပတ်ပလီကန်ဟာ ချက်ချင်းညှိပြီး ယူနိုကယ်ကို အမေရိကန်ကုမဏီချင်းဖြစ်တဲ့ ရှယ်ဗရွန် လက်ထဲ ထဲ့ခဲ့ကြတယ်။ ဒါ့အပြင် ခုတရုတ်တွေ ကျနော်တို့ ဆီမှာ ရေကာတာတွေနဲ့ ကမ်းလွန်သဘာဝဓါတ်ငွေ့ နဲ့ စွမ်းအင်စီမံကိန်းတွေကို ခြေသွက် လက်သွက် စာချုပ် တွေချုပ် ထားကြပြီ။
ကမ္ဘာ့စီးပွားရေးဘက်ကကြည့်ရင် တရုတ်ဟာပြည်တွင်းအခက်အခဲတွေကို ရင်ဆိုင်ရင်းတဖြည်းဖြည်းနဲ့ ဒုတိယအချမ်းသာ ဆုံးဖြစ်နေပါပြီ။ သူနဲ့အတူ G-20 ရဲ့နောက်တက်လာတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိက တို့ဟာတကယ်များ နောင်ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ်ကို သြဇာညောင်းလာမယ်ဆိုရင် နိုင်ငံတွေရဲ့နိုင်ငံခြားရေးမူဝါဒဟာ ဒေါင်ဒေါင်မည် အမျိုးသား အကျိုးစီးပွားကိုပဲ ပိုလို့အခြေခံလာကြပါလိမ့်မယ်။
ကျနော်တို့ကော ဘာလုပ်ကြမလဲ။ တရုတ်ကိုကန်တဲ့ မြန်မာနိုင်ငံခြားရေးပေါ်လစီဟာ အမျှော်အမျှင်နဲရာ ကျတယ်လို့ အနဲဆုံး ခုနေမှာပြောနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မကန်နိုင်ရင်တောင် မှီထားဖို့မသင့်တော်ပါဘူး။ ကျနော် တို့ အနောက်ကိုပြန်ကြည့်ကြရမယ်။ အိန္ဒိယသွားပြီး ဗုဒ္ဓဂါယာ ဘုရားဖူးတာ လေးတွေလုပ်သလို ဒေသတွင်း အာစီယံနဲ့ လည်း ချိတ်ထားရပါလိမ့်ဦးမယ်။ အစိုးရကသာ နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးလိုက်စမ်းပါ။ မြန်မာနိုင်ငံ အာစီယံဥက္ကဋ္ဌဖြစ်တာ ကျနော်တို့အကျိုးစီးပွားပါ။ ထောက်ခံရမယ်။
ပိတ်ထားတဲ့ နိုင်ငံကို ကမ္ဘာကြီးထဲဖွင့်ထုတ်ပစ်ရမယ်။ ပြည်တွင်းအတိုက်အခံတွေ စုစည်းညီညွတ်ကြဖို့ ဆိုတာထက် အတိုက်အခံနဲ့အစိုးရ၊ တိုင်းရင်းသားအားလုံးစုစည်းညီညွတ်တဲ့ ပြည်ထောင်စုကြီး တခုဖြစ်ဖို့ လိုလာ ပါပြီ။ ကိုယ့်နိုင်ငံသားချင်း မပြေလည်ခင်မှာသဘောတူထားခဲ့ရတဲ့ စီမံကိန်းအမှားတွေကို ပြန်ပြီးချင့်ချိန်ပြီးပြင်ဆင် ပစ်ရပါမယ်။ ပျက်စီးလာနေတဲ့ ဂေဟစံနစ်တွေကိုကယ်တင်ရတော့မယ်။ မြန်မာပြည်အသက်ဟာ ၁၅နှစ်လောက် ပဲရှိပါတော့တယ်။ ၂၀၂၅ လောက်အထိ ကျနော်တို့သာ ဒီအခြေ အနေ ကနေ တိုးတက်အောင် မလုပ်နိုင်ဘူး ဆိုရင် ဒီထက်ပိုဆိုးတဲ့ အခြေအနေတခုကို ပြန်ရောက်သွားမယ် ဆိုရင် မြန်မာပြည်ဟာနောက်တခါ လွတ်လပ်ရေး ကို ဆုံးရှုံးရဖို့ ပါပဲ။ မြန်မာတွေ ဒလိုင်းလားမားတို့လို ရုန်းကန် ကြရပါလိမ့်မယ်။
ဘာတွေလုပ်သင့်သလဲဆိုတာ အပေါ်မှာကျနော်တို့အုပ်စုနှစ်စုခွဲပြီးကြည့်ခဲ့ပြီးပါပြီ။ ပထမအုပ်စုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးရေးဟာစနေပြီလို့ ယူဆကြည့် ချင်ပါတယ်။ နှစ်မကုန်ခင် လွှတ်ပေးတာကို ပြီးအောင်ကိုလုပ်ရပါမယ်။ ပြီးရင်အင်အယ်ဒီပါတီ တရားဝင်ဖြစ်ရေး (မှတ်ပုံတင်ရေး)မှာ အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အတွင်းထဲကို သွင်းတယ်ဆိုရင် ကျနော်တို့ ဘာတွေဆွေးနွေးဖို့လိုမလဲ။ ဒီနေရာမှာ ဒီမိုကရေစီရဲ့ အနိမ့်ဆုံး အဆင့်အတန်းကိုပေးဖို့တော့ အနဲဆုံး လိုအပ် ပါတယ်။ Dahl ပြောတဲ့ အနိမ့်ဆုံးဒီမိုကရေစီမှာ အချက်လေးချက် ရှိရပါမယ်။
၁။ လွတ်လပ် ပြီး မျှတတဲ့ ပုံမှန်ရွေးကောက်ပွဲတွေရှိရမယ်။
၂။ အရွယ်ရောက်သူ နိုင်ငံသားအားလုံး မဲပေးခွင့်ရှိရမယ်။
၃။ လွတ်လပ်စွာ ပြောဆို၊ ပုံနှိပ်၊ ထုတ်ဝေ၊ အသင်းအပင်းများဖွဲ့စည်းခွင့်ရှိရမယ်။
၎။ ရွေးကောက်ပွဲအရမဟုတ်ပဲ အခွင့်အရေးတခုနဲ့ ရွေးချယ်သတ်မှတ်ခံခဲ့ရသူများမရှိဖို့လိုတယ်။
လောလောဆယ်မှာ နံပါတ်၂ ကလွဲလို့ကျန်တာအားလုံးအားနည်းချက်တွေရှိနေပါတယ်။ နံပါတ် ၃ကို ပေးဖို့အားယူနေတယ်လို့ကျနော်ထင်ပါတယ်။ နံပါတ် ၄ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံက တပ်မတော်သား ၂၅% ကိုပြင်မှ သာရနိုင်ပါမယ်။ အစိုးရကဒီအချက်ဟာပြင်ဆင်သင့်တယ်လို့လက်ခံပြီးသားလို့ထင်ပြီး ညှိနှိုင်းစရာဟာ အချိန်ပဲလို့ယူဆပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီအချက်၎ ချက်ပြည့်စုံ ရေးနဲ့ညီမယ်ဆိုရင် အင်အယ်ဒီ မှတ်ပုံတင် ရေးဟာမလုပ်နိုင်စရာမရှိပါဘူး။ အင်အယ်ဒီဟာ ဒီ၂၅% နေရာကို ၂၀၁၅ မှာဝင်မပြိုင်ဘူးဆိုခဲ့ရင်တော့ ပိုများ ညှိရတာလွယ်မလားပဲ။ လက်ရှိအစိုးရဟာ မဲဆန္ဒနယ်ရဲ့ ၂၅% မှာ အဓိကပြိုင်ဘက် အင်အယ်ဒီ မပါဘူး ဆိုရင် နံပါတ် ၁ ဟာလည်းဖြစ်လာနိုင်တာပါပဲ။
အပေါ်လေးချက်နဲ့ပြည့်စုံတဲ့ ရွေးကောက်ပွဲကို အင်အယ်ဒီသာတရားဝင် ၀င်ရောက်ယှဉ်ပြိုင်ပြီဆိုရင် ၉၀ရလဒ်ကို ပြောနေစရာမလိုတော့ပါဘူး။ ၂၀၁၅ မတိုင်ခင်ကြားခံကာလမှာ သဘောတူထားတဲ့ Political Order တခုမရှိပဲ လက်ရှိအစိုးရဟာ စီးပွားရေးကို ကိုင်ရင် မောင်ပုံစောင်းကြိုးပြတ်မှာပဲ။ တပြိုင်နက်တည်းမှာ စီးပွားရေး ပိတ်ဆို့မှုကို တဆင့်ချင်းဖြည်ချဖို့ကြိုးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိုယူထားနိုင်ရပါမယ်။
ခင်ဗျားဟာတွေကတော့ ideal တွေပဲပြောရင်ကျနော် မငြင်းပါဘူး။ သို့သော်ဒီလိုပဲစိတ်ကူး ကြည့်ရ မှာပါပဲ။ တိုက်ယူမှရမယ်၊ တောင်းယူမှရမယ်ဆိုရင်လည်း တိုက်ကြတောင်းကြပေါ့။ လက်ရှိဖြစ်ထွန်းမှုကို နောက်ပြန်သွား တာမျိုးတော့မဖြစ်စေချင်ဘူး။ ဒါပေမယ့် လက်ရှိဖြစ်စဉ်မတော်လို့ ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် လန်ကျသွားခဲ့သော် မူလဒုံရင်းကပြန်စကျိုးစားရတာမျိုးမဖြစ်အောင် တနေရာမှာပြန်ထစ်ထားနိုင်တဲ့ Physical Mechanism တခုလည်းရှိဖို့ လိုအပ်နေပါတယ်။ အဲဒါဟာဘာဖြစ်သင့်သလဲ။ နှစ်ဘက်စလုံးက ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေသေသေချာချာစဉ်းစား ရမဲ့အချက်တချက်ပါပဲ။
ဒေါ်အောင်ဆန်းကြည်ပြောခဲ့တာတခုရှိတယ်။ ဆင်းသွားတဲ့အစိုးရကိုလည်းဘာဒုက္ခမှမပေးရဘူးတဲ့။ ဒါဟာ နိုင်ငံအာဏာကိုစွန့်လွှတ်သွားတဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ပူပန်မှုဆိုရင် သူတို့ကို ကျနော့် ညာဏ်တထွာနဲ့ တခုပြောချင်တယ်။ အာဏာရှင်တွေကို အာမခံချက်ပေးနိုင်တာ ဟာနောက်ထပ် အာဏာရှင် မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးပုံစံတခုကသာပေးနိုင်တာပါ။ အဲဒီပုံစံကို အခုရအောင် တည်ယူကြ ရအောင်ပါ။
ကျနော်တို့ လူမျိုး ဆင်းရဲတာ၊ သိက္ခာမဲ့နေတာ၊ ကျနော်တို့နိုင်ငံ ကျနော်တို့မသိပဲ အနိုင်ကျင့်ခံရတာ ရောင်းစားခံရတာကြာပါပြီ။ ကျနော်တို့အခုပြောင်းမှဖြစ်တော့မယ်။ အချိန်သိပ်မရှိတော့ဘူး။ အပြောင်းအလဲကို အစိုးရကလက်ခံပြီး ပူးပေါင်းလုပ်ပါမှ လွယ်မယ်၊ မြန်မယ်။ အခြေအနေက မလုပ်ရင်မဖြစ်တော့ဘူး။
တရုတ်ဟာသီအိုရီမရှိတဲ့ အုပ်ချုပ်ရေးပုံသဏာန်တခုကိုစမ်းသတ် နေတာပါ။ အဲဒါဟာ ဗဟိုအာဏာ ချုပ်ကိုင်မှု နဲ့ ဈေးကွက်စီးပွားရေးပဲ။ ဗဟိုကချုပ်ကိုင်ပြီး အာဏာကို အလွဲသုံးစားလုပ်လို့ရနေတော့ စီးပွားရေးမှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာ မဆန်းပါဘူး။ တရုတ်အစိုးရဟာ နည်းပညာမသေချာသေးခင် သူ့ပြည်သူ တွေစီးနင်းနေတဲ့ ဗဟိုထိမ်းချုပ်ခန်းနဲ့ လွတ်ထွက်သွားတတ်တဲ့ အမြန်ရထားတွေကို စမ်းသတ် မောင်းနှင်နေဆဲပဲ။
သူ့နိုင်ငံကမ္ဘာ့အဆင့်တစ် နိုင်ငံဖြစ်လာမလား။ လူမှုမတည်ငြိမ်မှုတွေနဲ့ ပြန်လည်ထွက်သွား မလား ဆိုတာ ကျနော်တို့တွေ့ကြရမှာပါ။ ဒါပေမယ့် ဒီရလဒ်ပေါ်မှာ ကျနော်တို့ လွတ်လပ်ခွင့်နဲ့ အချုပ်အချာ အာဏာကို လောင်းကြေးထပ်မထားနိုင်ဘူး။ ကျနော်တို့မှာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ဖန်တီးခွင့်၊ သတ်မှတ်ခွင့် ရနေတယ်ဆိုရင် အားအားယားယားဗျာ ဘာလို့ဘောလုံးကွင်းထဲသွားပြီး အော်ဆဲနေကြမှာလဲ။ ဘယ်သူက လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့တွေ တွေးနေမလဲ။
သုဝဏကွင်းထဲက အော်သံတွေ ကျနော်တို့ဘယ်အထိကြားရဦးမလဲ။
KZကေ
References:
- Linkages between politics and economics by Nelson Joan M. Journal of Democracy, October 1994
- Civil-Military Relations and Democracy Edited by Larry Diamond and Marc F. Plattner, The John Hopkins University 1996
- Elections without democracy, The Rise of Competitive Authoritarianism by Steven Levitsky and Lucan A. Way. Cambridge University Press, April 2010
- The impact of the economic crisis, from the G-8 to G-20 by Mark F. Plattner. Journal of Democracy. Jan’ 2011
- Can Europe be saved? By Paul Krugman. International Herald Tribune. Jan 12’ 2011
- Is China next? By Francis Fukuyama. International Herald Tribune. March 15’ 2010
- China’s high-speed politics by David Bandurski. International Herald Tribune. July 28’ 2011

Monday, October 17, 2011
သုဝဏအမြန်ရထား (၆)
ကိုတီတူး
စက်တင်ဘာ ၂၀၀၈ ကမွှေလိုက်တဲ့ လေးမင်းဘရားသားဘဏ်ပြဿနာ(ကမ္ဘာ့ဘဏာရေးအကျပ်အတည်း) ဟာ ကမ္ဘာကြီးတခုလုံးကိုတုန်လှုပ်သွားစေခဲ့တယ်။ ဒါဟာအနာဂတ်မှာ ကမ္ဘာ့စီးပွားရေးပြဿနာနဲ့ ငွေကြေးဈေးကွက်တခုလုံး ကိုပြန်ပြီး ပြင်ဆင်ဖို့နဲ့တင်ရပ်နေမှာမဟုတ်ပဲ ကမ္ဘာ့နိုင်ငံရေးကိုပါရိုက်ခတ်ချက်ဖြစ်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြတယ်။ ဈေးကွက်ကို လွှတ်ပေးထားလိုက်၊ မမြင်ရတဲ့အင်အားစုတွေကသူ့ဘာသူထိမ်းသွားလိမ့်မယ်ဆိုတဲ့ ဖရီမားကက်ဘိုးအေကြီး အဒမ်စမစ်ရဲ့ဓါတ်ပုံဟာ လေးမင်းဘရားသားဘဏ်ရှေ့ကအမှိုက်ပုံးထဲမှာ။ အစိုးရတွေဟာ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးကိုဝင်ရောက်ထိန်းချုပ်ဖို့လိုလာမယ်။ ဒီမိုကရက်တစ်အစိုးရတွေရဲ့ အခန်းဟာမှေးမှိန် လာဖို့ရှိတယ်ဆိုတာတွေကိုပါ တဆက်တည်းသုံးသပ်ခဲ့ကြတယ်။
တကယ်ကျတော့အားလုံးထင်ထားသလောက်ဆိုးဝါးမသွားပဲ အခြေအနေတွေဟာထိမ်းနိုင်သိမ်းနိုင်ပြန်ဖြစ်လာခဲ့တယ်။ ၂၀၀၈ ကြောင့်မို့အကျပ်အတည်းတွေရှိပေမယ့် ဒါကြောင့်ဒီမိုကရက်တစ်အစိုးရတွေကို သူ့ပြည်သူတွေက လူကြိုက်နည်းသွားတာ ရွေးကောက်ပွဲတွေမှာအရေးနိမ့်သွားတာမျိုးတော့သိပ်မတွေ့ရဘူး။ လတ်ဗီးယားနဲ့ အိုက်စလန်လို နိုင်ငံလေးနှစ်ခုမှာ ဒီမိုကရက်အစိုးရတွေ ရှုံးသွားတယ်ဆိုပေမယ့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့်လို့ ကောက်ချက် ချဖို့ မလုံလောက်ပါဘူး။
ဒီအကျပ်အတည်းကြောင့် လက်ဝဲယိမ်းပါတီတွေဟာအသာစီးမရခဲ့တဲ့အပြင် ဥရောပနိုင်ငံအတော်များများမှာ လက်ယာယိမ်းအစိုးရတွေ အဓိကအောင်ပွဲခံခဲ့တာတွေ့ရပြန်တယ်။ ၂၁ရာစုဆိုရှယ်လစ်စံနစ်ထူထောင်မယ်ဆိုတဲ့ ဟူဂိုးချေးဗက်စ် ရဲ့ ဗင်နီဇွဲလားကိုကြည့်တော့လည်း စီးပွားရေးအလားအလာတွေဟာ ဆိုးဝါးနေတာတွေ့ရပြန်တယ်။ အနှစ်ချုပ်ရရင် လွတ်လပ်တဲ့ ဈေးကွက်မှာ အစိုးရတွေရဲ့အခန်းဟာပြန်ပြီးများဖို့လိုလာပြီဆိုတဲ့ အသံတွေညံ ထွက်လာခဲ့ပေမယ့် အရင်းရှင်စံနစ်ကြီးတခုလုံးကိုစိန်ခေါ်တဲ့အတွေးအခေါ်နဲ့ အယူအဆတွေထွက်မလာခဲ့ဘူး။
ဆန့်ကျင်ဘက် အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေအစား အာဏာရှင်နိုင်ငံတွေမှာသာ ဒီစီး ပွားပျက်ကပ်ကြောင့်ပို အခက်တွေ့စေနိုင်တယ် လို့တောင်ပြောကြပါသေးတယ်။
ဘာလို့လဲဆိုတော့ လက်ရှိအာဏာရှင်ပုံစံအုပ်ချုပ်နေတဲ့ တရုတ်နဲ့ရုရှားမှာ ဘာအိုင်ဒီယော်လော်ဂျီမှမရှိဘူး။ သူတို့ဟာ သူတို့နိုင်ငံကိုစီးပွားရေးတိုးတက်မှုနဲ့ချုပ်ကိုင်ထားတာမို့ ကမ္ဘာ့စီးပွားပျက်ကပ် ဟာသူတို့ကိုသာ ပိုဆိုးစေလိမ့်မယ် လို့တချို့စီးပွားရေးပညာရှင်တွေက ကောက်ချက်ပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် လက်တွေ့အဖြစ်အပျက်တွေကလည်း ဒီထင်မြင်ချက်တွေကို မှားကြောင်းသက်သေပြခဲ့တယ်။ တကယ်တမ်း ပြီးခဲ့တဲ့ စီးပွားပျက်ကပ်ဟာ ဘယ်လိုအစိုးရက အုပ်ချုပ်နေတာလည်းနဲ့မဆိုင်တာကိုတွေ့ရတယ်။
တရုတ်ဟာ အကျပ်အတည်းကနေ မြန်မြန်ဆန်ဆန်ပြန် ထွက်လာနိုင်တယ်။ ရုရှားဟာတော်တော်ပျာယာခတ်သွားခဲ့တယ်။ တချိန်တည်းမှာ အနောက်ကဒီမိုကရေစီ ချံပီယံနိုင်ငံကြီးတွေဟာ အကြီးအကျယ်အထိနာခဲ့ပေမယ့် အားကောင်းလာတဲ့ဈေးကွက်ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား မှာတော့ဟန်တောင်မပျက်ခဲ့ဘူး။
သေချာပြန်ကြည့်တော့ ဒီစီးပွားပျက်ကပ်ဟာ ဇုံအလိုက်အထိနာခဲ့တာပဲဖြစ်တယ်။ မြောက်အမေရိက၊ ဥရောပ (ပြည့်ဝဒီမိုကရေစီနိုင်ငံတွေ) နဲ့ ယူရိုအေရှ (ကွန်မြူနစ်လွန်ဒီမိုကရေစီနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ခံအာဏာပိုင်နိုင်ငံတွေ) တွေကို
ဆိုးဆိုးဝါးဝါးသက်ရောက်ခဲ့ပြီး တရုတ်နဲ့အားကောင်းကာစ ဒီမိုကရေစီနိုင်ငံတွေမှာအစွန်းခတ်ရုံမျှသာဖြစ်ခဲ့တယ်။ နောက်တမျိုးပြောရရင် ပြည့်ဝဒီမိုကရေစီနိုင်ငံကြီးတွေရဲ့(အနောက်ရဲ့) စုပေါင်းဦးဆောင်မှုအခန်းဟာအားနည်းနေတယ် ဆိုတာပဲ။ G-20 တက်လာတာဟာ ဒီအချက်ကို သက်သေပြလိုက်တာပဲ။
G-20 ဆိုတာအာရှစီးပွားပျက်ကပ်ဖြစ်တဲ့ ၁၉၉၀ နောက်ပိုင်းနှစ်တွေအပြီးမှာပေါ်လာတာ။ အဲဒီအချိန်ဆရာကြီးက G-8 (အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့ ရုရှား)။ နောက်ဆုံးက ငနဲရုရှားက ပထမ ၇နိုင်ငံ G-7 ကနေသွင်းလိုက်လို့ပါလာပြီး G-8 ဖြစ်လာတာ။ G-20 ပထမထိပ်သီးအစည်းအဝေးကို ၂၀၀၈ နိုဝင်ဘာမှာပဲ ၀ါရှင်တန်မှာကျင်းပခဲ့တယ်။ ဒါပေမယ့် တကယ်အရေးပါလာတာက ၂၀၁၀ ကနေဒါမှာလုပ်တဲ့အစည်းအဝေးကျမှ။ ကမ္ဘာ့စီးပွားရေးကိုထိထိရောက်ရောက်ပြန်လုပ်ဖို့ဆိုရင် G-8 ဟာမလုံလောက်ဘူးဆိုတာ အနောက်က လက်ခံလိုက်တဲ့သဘောပဲ။ G-8 ကနေ G-20 ကိုနန်းတင်လိုက်တယ်ဆိုပါတော့။ ဘာကြောင့်လဲ G-20 ကိုလေ့လာကြည့်ရအောင်။
ပထ၀ီအနေအထားကစကြည့်ရင် ကမ္ဘာကြီးရဲ့ဒေသတိုင်းကစူပါပါဝါ တနိုင်ငံတော့အနဲဆုံးပါတယ်။ အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊အီးယူ (ဥရောပ၊ G-8နိုင်ငံဟောင်းတွေနဲ့အသစ်ဖွဲ့လိုက်တဲ့ ဥရောပသမဂ္ဂ။ ဒီမှာကြည့်ရင် ဥရောပသမဂ္ဂဟာယူနီယံအဆင့်ကိုမှန်းထားသလောက်မရောက်နိုင်သေးတာတွေ့ရမယ်။သူသာစုစည်းမိရင် တနိုင်ငံချင်းစီ ဘာလို့ထဲ့နေဦးမလဲ)။ တရုတ်၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဂျပန်၊တောင်ကိုရီးယား (အာရှ၊ နိုင်ငံသစ်တွေနဲ့ G-8 ဟောင်းဂျပန်)။ အာဂျင်တီးနား၊ ဘရာဇီး၊ မက္ကစီကို (တောင်အမေရိက)။ အမေရိကန်၊ ကနေဒါ (မြောက်အမေရိက၊ G-8နိုင်ငံဟောင်းတွေ)။ ဆော်ဒီအာရေဗျ၊ တူရကီ (အရှေ့အလယ်ပိုင်း)။ တောင်အာဖရိက (အာဖရိက)။ သြစတေးသျှ (ပစိဖိတ်) နဲ့ ရုရှား (အရင်ဆိုဗီယက်နိုင်ငံဟောင်း၊ ယူရိုအေးရှ၊ ပို့စ်ကွန်မြူနစ်၊ G-8 လက်ဟောင်း) ဆိုပြီးတွေ့ကြရမယ်။ အသစ် G-20 မှာ ခင်ဗျားသတိထားကြည့်ရင် ဒီမိုကရေစီအင်အားစုဟာလျှော့ကျမသွားသေးဘူး။ တရုတ်နဲ့ ဆော်ဒီပဲ (ရုရှားကအဟောင်းမို့ထဲ့မပြောတာ) ခုထိကို ဗြောင်ပဲဗျာ အာဏာရှင်ပုံစံအုပ်ချုပ်နေဆဲပဲ။
ကျန်နိုင်ငံတွေဟာ ဒီမိုကရေစီကိုအနဲနဲ့အများကျင့်သုံးနိုင်ကြတာချည်းပဲ။
G-20 ဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံနှစ်ပုံရှိတယ်။ ဒါပေမယ့်ခု ဥရောပနဲ့ဂျပန်မှာမွေးနှုန်းကျတယ်။ တက်မယ်ထင်ရတဲ့ အမေရိကန်နဲ့ကနေဒါမှာလည်းမတက်ဘူး။ ဒီအတိုင်းသွားရင် ၂၀၅၀မှာ G-20 ထဲက ပြည့်ဝဒီမိုကရေစီနိုင်ငံတွေရဲ့ စုစုပေါင်းလူဦးရေဟာ ကမ္ဘာရဲ့ရှစ်ပုံတပုံလောက်ပဲရှိတော့မယ်လို့ခန်းမှန်းကြတယ်။
တဆက်တည်းစီးပွားရေးကိုကြည့်တော့ G-20 ဟာ ကမ္ဘာ့ဂျီဒီပီရဲ့ ၈၈ရာနှုန်းရှိတယ်။ အရင် G-7 အဟောင်းနဲ့ အီးယူ၊ သြစတေးသျှ က အဲဒီ၈၈ထဲက ၆၆ရာနှုန်းလောက်ရှိတယ်။ တရုတ်က ၁၁ ရာနှုန်းလောက်ရှိပြီး ကျန်နိုင်ငံတွေက ၁၁ ရာနှုန်းလောက်ရှိတယ်။
ဆိုတော့ ပြည့်ဝဒီမိုကရေစီနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးရဲ့သုံးပုံနှစ်ပုံတော့ရှိနေဆဲပဲ။ ဒါပေမယ့် ၂၀၀၈ ဘဏာရေးအကျပ်အတည်းကာလမှာ ဈေးကွက်ထဲငွေတွေ ထိုးသွင်း တဲ့နည်း (stimulus package) နဲ့ကုစားရာမှာ ဒီနိုင်ငံတွေဟာဘတ်ဂျက်လိုငွေတွေအကြီး အကျယ်ပြနေကြပြီ်။ အကျိုးဆက်ကတော့ အမေရိကန်ရဲ့ အိုဘားမားဒီမိုကရက်အစိုးရဟာ ပြီးခဲ့တဲ့သြဂတ်နဲ့စက်တင်ဘာမှာ သူ့ချေးငွေကန့်သတ်ချက် (debt ceiling) ကို ထပ်မြှင့်ဖို့ လွှတ်တော်ထဲမဲခွဲတာနောက်ဆုံးအချိန်မှာနိုင်ခဲ့ပေမယ့် ကမ္ဘာကအမေရိကန်ရဲ့စီးပွားရေးအရ ဦးဆောင်နိုင်မှုကို မေးခွန်းထုတ်ခဲ့ကြတယ်။ အမေရိကန်ငွေကြေးခိုင်မာမှုနဲ့ပတ်သက်လို့အညွှန်းကိန်းဟာ အေသုံးလုံးကနေကျခဲ့တယ်။ သူ့ငွေကြေးဒေါ်လာဟာ လေလျှော့သွားတဲ့ပူပေါင်းလို ဝေ့လည်ဝေ့လည်နဲ့ တအိအိကျနေခဲ့တယ်။
ဥရောပကောသူလည်းဘာထူးသလဲ။ ဂရိပြဿနာရှင်းလို့မနိုင်သေးဘူး။ နောက်မှာ ပေါ်တူကီ၊ ပြီးတော့ အရင်G-7 ကအီတလီ တို့ဟာနိုင်ငံတွင်းစီးပွားရေးအတွက်အတော်ရုန်းကန်နေရတဲ့အချိန်တွေပါ။ ဟုတ်တယ် အမေရိကန် ဟာ ငွေကြေးဈေးကွက်ကိုလွှတ်ထားမိတဲ့ဒါဏ်ကိုခါးစီးခံနေရသလို၊ ဥရောပဟာ အချိန်မတိုင်ခင် ယူရိုငွေကြေးအထိုင်ချခဲ့မှုတွေ၊ (ယူရိုနိုင်ငံအားလုံးယူရိုငွေသုံးတာဟာ အဖွဲ့ဝင်တနိုင်ငံအကျပ်အတည်းဖြစ်ရင် ငွေကြေးပေါ်လစီကိုမပြင်နိုင်ဘူး။ ဘဏ်တိုးနှုန်းကို တနိုင်ငံချင်းစီမကစားနိုင်ကြတော့ဘူး။ ယူရိုဗဟိုဘဏ်ကထိမ်းလိုက်ပြီ။ ဒီတော့စီးပွားရေးကောင်းတဲ့ဂျာမနီ၊ ပြင်သစ်၊ စတဲ့နိုင်ငံတွေရဲ့အထောက်အပံ့ကို ပြဿနာတက်နေတဲ့နိုင်ငံတွေ ကမျှော်ရတော့တယ်။ ဒါပေမယ့်ချမ်းသာတဲ့နိုင်ငံတွေကလည်းပေးချင်တိုင်မပေးနိုင်ဘူး၊ သူ့ပြည်သူကရှိသေးတယ်။ ခင်ဗျားကအစိုးရကိုပေးတဲ့အခွန်နဲ့အစိုးရက တရုတ်ပြည်ကိုသွားအကူအညီပေးရင်ကြိုက်မလား။ ဒီသဘောပဲ။) ဥရောပဟာ ကြွေးမြီကိစ္စတွေ၊ လူမှုဖူလုံရေးစီမံချက်တွေနဲ့ ပိနေပြီ။ သူတို့ပြည်သူတွေဟာ ချိုးခြံချွေတာပါဆိုတာတွေ သိပ်လက်မခံနိုင်ကြဘူး။ ခုသုံးနေတာတွေဟာလူသားရဲ့မွေးရာပါအခွင့်အရေးတွေအတွက်လို့မြင်ထားကြပြီ။ ဒီခံစားခွင့်တွေကို အလျှော့အတင်းမလုပ်ချင်တော့ဘူး။ ချုပ်တော့ သူတို့လူဦးရေကျတဲ့နှုန်းကို ကျော်ပြီး ရှေ့နှစ်တွေမှာသူတို့စီးပွားရေးတွေ ကျတော့မှာမြင်သာနေပြီ။ ဒါဆိုကမ္ဘာ့စီးပွားရေးမှာ ဆရာကြီးတွေကဘယ်သူတွေ ဖြစ်လာမလဲဆိုတော့ အားလုံးက ထွန်းသစ်စဈေးကွက်ဒီမိုကရေစီနိုင်ငံတွေကိုစောင်းငဲ့ကြည့်လာကြရတယ်။ G-20 မှာ တကယ်တော့ တရုတ်ကအစွာဆုံး၊ ရုရှားနဲ့ဆော်ဒီက ရေနံနိုင်ငံရေးကိုဆက်ကစားလိမ့်မယ်။ ကျန်တဲ့နိုင်ငံတွေ ကကော။ ဒီမေးခွန်းရဲ့အဖြေဟာ ၂၁ရာစုကမ္ဘာကြီးရဲ့ဒီမိုကရေစီနဲ့ အာဏာပိုင်ဝါဒတွေရဲ့အားစမ်းပွဲရဲ့ အဖြေလည်းဖြစ်ပါလိမ့်မယ်။
တူရကီ။ သူကတော့ဒီမိုကရေစီပြောတယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့ လူမှုလွတ်လပ်ခွင့်တွေတစိတ်တပိုင်းပဲ ရှိသေးတယ် လို့ဖရီးဒမ်းဟောက်စ်ကသတ်မှတ်တယ်။ ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား နဲ့တောင်အာဖရိက တို့ဟာ ပြည့်ဝဒီမိုကရေစီနိုင်ငံ တွေကို ပုံစံယူပြီးတည်ဆောက်နေတာ မဟုတ်ဘူး။ ကိုလိုနီနိုင်ငံဟောင်းတွေဖြစ်လို့ အရင်ကျွန်ပြုခဲ့သူနိုင်ငံကြီးတွေကို အခွင့်ရရင် တန်ပြန် လေ့ရှိတယ်။ ဘရာဇီးနဲ့ တူရကီဟာ အီရန်အစိုးရကိုအကာအကွယ်ပေးတာမေ့ထားလို့မရဘူး။ ဘရာဇီးဟာ ချေဗက်စ်နဲ့ကျူးဘားကိုလည်းနီးနီးကပ်ကပ်ဆက်ဆံတယ်။ တူရကီဟာ ဟားမားစ်တွေကိုထောက်ခံတယ်။ အိုစမာဘင်လာဒင်နဲ့တုန်းကလည်းဟိုလိုလိုဒီလိုလိုဆိုတာမျိုးရှိခဲ့တယ်။ တောင်အာဖရိက ကဇင်ဘာဘွေကိုကြည့်ခဲ့သလို။ အိန္ဒိယဟာ တရုတ်ဘက်နီးစပ်သွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြန်မာ့ဒီမိုကရေစီရေးကိုပြောရလောက်အောင် အားမပေးတော့ဘူး။
စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ နိုင်ငံတကာမှာကစားနေတဲ့နိုင်ငံခြားရေးပေါ်လစီတွေကို ကျနော်တို့အကြမ်းဖျင်းတော့ မြင်ပြီယူဆတယ်။ ၂၀၀၈ စီးပွားရေးအကျပ်အတည်းဟာ ၃နှစ်ပြည့်လို့ ခုလိုအချိန်မှာ စီးပွားရေးပြဿနာတွေဟာ အလုံးစုံကုစားနိုင်သေးတာမဟုတ်ပဲ ပြန်လည်လာနိုင်တဲ့ အခြေအနေတွေကိုစိုးရိမ်နေကြရပြီ။ ဒီရိုက်ခတ်ချက်ဟာ စီးပွားရေးပိတ်ဆို့မှုခံထားရတဲ့ကျနော်တို့ဆီကိုဘယ်လိုများသက်ရောက်မလဲ။ ဈေးကွက်ဖွင့်မယ်ဆိုဘယ်လိုဖွင့်မလဲ။ ဇုံပေါ်မူတည်ပြီးကစားမလား။ ကျနော်တို့ထားသင့်တဲ့နိုင်ငံခြားရေးပေါ်လစီဟာဘာဖြစ်သင့်သလဲ။ ခုအခြေအနေမှာအကောင်းဆုံး လုပ်နိုင်တာတွေဟာဘာရှိမလဲ။ ဘယ်လိုရေရှည်ရေတိုအစီအမံတွေထားဖို့လိုမလဲ။
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ စိတ်ကူယဉ်လား၊ လက်တွေ့နဲ့နီးစပ်လာပြီလား။ ဥပါယ်တံမျှင်တွေလား။ ဟုတ်တယ်ဆိုရင်ကောဘာတွေလုပ်ဖို့လိုမလဲဆိုတာ တရုတ်အကြောင်းနဲနဲပြောရင်းအဆုံးသတ်ကြရအောင်။
ဆက်ပါမည်

Tuesday, October 11, 2011
သုဝဏနှင့်ပါတ်သက်၍
္ကကိုတီတူး
သုဝဏ၅မှာခင်ဗျားကွန်မင့်တွေဖတ်ရတယ်။
ကျနော်ပြန်ရေးဖို့ရှိပါတယ်။ ကျနော်သုဝဏကို နံပါတ် ၇ မှာသိမ်းနိုင်မယ်ထင်တယ်။ ပြန်ရေးချင်တာတချို့လည်းနောက်ပို့စ်တွေထဲပါသွားမယ်ထင်တယ်။
ပြီးတော့သုဝဏဟာကျနော့်အတွက်ကျတော့ ဟိုး ၃လပိုင်းလောက်ကတည်းကရေးလာတဲ့
နိဒါန်း၊ ကြားခံကာလကုန်ဆုံးခြင်း၊ ကိုယ်ပိုင်အင်အား သီးခြားအဖွဲ့အစည်းများနှင့်မဟာဗျူဟာ၊ စီသုံးလုံးနဲ့မီးသုံးထောင့်ဆိုတာတွေနဲ့လည်းဆက်စပ်နေပါတယ်။
ကျနော့်အတွေးထဲမှာတော့ ဒါတွေဟာလုံးဟာဆက်စပ်နေတာပါ။
တခုရှိတာက ကျနော်ရေးနေတဲ့အချိန်အတွင်းမှာမြန်မာနိုင်ငံရေးဟာပြောင်းနေတယ်။ ကျနော်ရေးတဲ့အချိန်ကြာတော့ စာရေးပုံလေယူလေသိမ်းတွေကရေးချိန်မုဒ်ပေါ်မူတည်ပြီးပြောင်းသလို ဇောင်းပေးရေးချင်တာတွေကလည်းအခြေအနေတွေအရပြောင်းနေပါတယ်။
ဒါပေမယ့် ကျနော်ယုံကြည်ထားတဲ့ မြန်မာနိုင်ငံရေးပြန်ကောင်းလာဖို့နဲ့ နိုင်ငံပြန်လည်ထူထောင်ရေးအတွက်သွားရမဲ့နည်းနာတွေကတော့မပြောင်းလဲသလောက်ရှိနေပါတယ်။
နောက်ဆုံးပို့စ်မှာအဲဒီအချက်ကိုပီပြင်အောင်အားထုတ်ပြီးရေးသွားနိုင်မယ်မျှော်လင့်မိတယ်။
လောလောဆည် ခင်ဗျားရေးတဲ့ ကွန်မင့်တွေကိုကျနော်လက်ခံခြင်း၊ ငြင်းဆန်ခြင်းထက်စာရင် ခုလိုအပြုသဘော စံနစ်တကျပြန်လည်ဆွေးနွေးလာတာဟာ ကျနော့်အတွက်တော့အားတခုပါ။
အခြားကြုံလို့ပဲဖြစ်စေ၊ တမင်ပဲဖြစ်စေ ဒီပို့စ်တွေကို ဖတ်နေသူတွေလည်းခုလိုရေးလာမယ်ဆိုကျနော့်မှာဆင်ခြင်နိုင်စရာ၊ ပြန်လည်ဆွေးနွေးစရာတွေရှိလာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။
ကျေးဇူးတင်ပါတယ်ဗျာ။
ခင်မင်လျှက်

Friday, October 7, 2011
သုဝဏအမြန်ရထား (၅)
ကိုတီတူး
တကယ်စီစစ်ပြီးပြောရမယ်ဆိုရင် အခုမြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရကို အာဏာရှင်အစိုးရလို့ ယတိပြတ် ခေါ်လို့တော့မရတော့ဘူးပေါ့။ ဒီပုံစံမျိုးကို ယှဉ်ပြိုင်ခံအာဏာပိုင်ဝါဒ (Competitive Authoritarianism) လို့ နိုင်ငံရေးသိပ္ပံပညာရှင်အများစု ကသတ်မှတ်ကြတယ်။ အခေါ်အဝေါ်တွေကတော့သိပ်အရေးမကြီးလှပါဘူးလေ။ အရေးကြီးတာက ဒီအခေါ်အဝေါ်နဲ့ ဒီပုံစံအစိုးရတွေဘယ်လို ပေါ်လာတာလဲဆိုတာပဲ။ Competitive Authoritarianism ဟာ စစ်အေးပြီးသွားလို့ ပေါ်လာတာပါ။
စစ်အေးရဲ့ အိုင်ဒီယော်လော်ဂျီ တိုက်ပွဲအပြီး ဆိုဗီယက် ပြည်ထောင်စုရဲ့ ကွန်မြူနစ်စံနစ်ဟာ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုပ်စုရဲ့ လစ်ဘရယ်ဒီမိုကရေစီကိုအရှုံးပေးခဲ့ရတယ်။ ဒီမှာကမ္ဘာပေါ်မှာ ဒီမိုကရေစီ စံနစ်ကိုပဲလိုက်ကြရဖို့ ဖြစ်လာတယ်။ ဒီမိုကရေစီဟာ တခုတည်းသောစံသဘောသက်ဝင်လာခဲ့တယ်။ အနောက်မှာလည်းကွန်မြူနစ်ကို နှိမ်နှင်းဖို့ မလိုတော့ ဒီမိုကရေစီကို ပိုပြီးပရိုမိုးရှင်းလုပ်လာကြတယ်။ ဇန်းတင်လာကြတယ်။ နောက်တခါ လူတွေပိုကူးသန်း သွားလာနိုင်ကြတယ်။ သတင်းမီဒီယာ အစွမ်းထက်လာတယ်။ အင်တာနက်လိုအဆင့်မြင့်နည်းပညာတွေပေါ်လာတယ်။ ဒီမှာ မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အရင်ခေတ်တွေကလိုဖုံးအုပ်ထားလို့မရတော့ဘူး။ သတင်းတွေဟာ မြန်ပြီး မြင်သာလာတယ်။ ဒါကြောင့်မို့ ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်အစိုးရတွေဟာ အနေအစား မချောင်ကြတော့ဘူး။ အာဏာရှင်တွေဟာ ပြောင်းတော့မယ်ဆိုတော့ ဘယ်လိုသက်သာအောင် ပြောင်းရမလဲလို့ ချိန်လာကြတယ်။
ကျနော်တို့ ပိုမြင်သာအောင် စစ်အေးရှေ့ကို နဲနဲမျှော်ကြည့်လိုက်ကြရအောင်။ ဒုတိယကမ္ဘာစစ်က ၁၉၄၅မှာပြီးတယ်။ နိုင်ငံတွေဟာ စာချုပ်တွေနဲ့ အပျက်အစီးတွေနဲ့ စစ်ပြီးခေတ်ကို ပြန်လည်ထူထောင်လာကြရတယ်။ အနုပညာသည်တွေရဲ့ အတွေးအခေါ်တွေ ခံစားချက်တွေကို ရိုက်ခတ်ခဲ့တယ်။ ပေါ်လစီသမားတွေ နိုင်ငံရေးသမားတွေဟာ ၆၀ နဲ့ ၇၀ ခုနှစ်တွေမှာ ခေတ်မှီရေး၊ကိုဦးတည်လာတယ်။ နီယို မာ့က်စ်တွေပေါ်လာတယ်။ နိုင်ငံထူထောင်ရေးမှာ အစဉ်အလာ အခံအတိုင်း ရှိတဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကို အခြေခံစဉ်းစားလာကြတယ်။ ၈၀နောက်ပိုင်းရောက်တော့ လက်တင်အမေရိကနဲ့ ဆပ်ဆာဟာရအာဖရိကနိုင်ငံတွေ၊ ပို့စ်ကွန်မြူနစ်နိုင်ငံတွေမှာ ဒီမိုကရေစီရေးတွေပေါ်လာခဲ့တယ်။ အဓိက ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံကြီးတွေက အထောက်အပံ့မရတော့လို့ကော ကျောထောက်နောက်ခံမပေးတော့လို့ကော အာဏာရှင်တွေဟာ ပြိုကွဲခဲ့ရတယ်။ ဒီပုစ္ဆာမှာ ပထမလှုပ်ခတ်ခါစမသဲကွဲပေမယ့် အနယ်ထိုင်လို့ အချိန်တခုမှာကြည့်လိုက်တော့ ခိုင်မာမှုမရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေကိုအဖြေအဖြစ်တွေ့လိုက်ကြရတယ်။ ဒီတော့ ကျနော်တို့နားလည်ထားရမှာက ဒီမိုကရေစီဆိုတာ အာဏာရှင်တွေကျဆုံးသွားတိုင်းသူ့အလိုလိုဖြစ်လာ ရလာတာမဟုတ်ဘူးဆိုတာပါပဲ။
ရှေ့က ကျနော်ပြောထားတာနဲ့ ဆက်ကြည့်လိုက်တော့ အဏာရှင်တွေကျဆုံးသွားပေမယ့် အာဏာပိုင်ဝါဒဟာ ပုံစံတမျိုးနဲ့ပြန်လည်လာတယ်။ Competitive Authoritarianism လို့ခေါ်လာကြတယ်။ ဒါမြန်မာတနိုင်ငံတည်းဖြစ်လာတာမဟုတ်ဘူး။ ကမ္ဘာ့သမိုင်းကြောင်းနဲ့ဆက်စပ်နေတာပါ။ စစ်အေးပြီးလို့ ဘာလင်တံတိုင်းပြိုလို့ ၆နှစ်အတွင်း ၁၉၉၅မှာ ယှဉ်ပြိုင်ခံအာဏာပိုင်ဝါဒဟာ နိုင်ငံ ၃၆နိုင်ငံမှာပေါ်လာတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်တွေဟာ သူတို့ဒီနိုင်ငံတွေကို ဒေသအလိုက်၊ ယဉ်ကျေးမှုအလိုက်၊ သမိုင်းကြောင်းအလိုက် ခွဲလို့တမျိုး၊ ပေါင်းပြီးတခါပေါ့ဗျာ သူတို့ တွေးကြအဖြေရှာကြတယ်။ တချို့ဒီမိုကရေစီဖြစ်ပေမယ့် တချို့ဘာလို့ဒီမိုကရေစီ ဖြစ်မသွားတာလဲစဉ်းစားခန်းဝင်ကြတယ်။
ဒီမှာ ဒီမိုကရေစီကိုသွားနေတဲ့နိုင်ငံတွေရဲ့ အတွင်းနဲ့အပြင်အပိုင်းနှစ်ပိုင်းခွဲပြီးလေ့လာကြတယ်။ အဓိကအနေနဲ့ အတွင်းဆိုတာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution)၊ Institution (အသင်းအပင်း အဖွဲ့အစည်း) တွေနဲ့ ခေါင်းဆောင်မှုအခန်း (Leadership) တွေကို ပြန်လေ့လာကြတယ်။ အပြင်ဆိုတာမှာ အနောက်နဲ့နီးစပ်မှု၊ တွန်းအား (West linkage and West leverage) တွေကို ယှဉ်ကြည့်ကြတယ်။
အနောက်နဲ့နီးစပ်မှုဆိုတာက အနောက်နဲ့ စီးပွားဖက်၊ သံတမန်အဆက်အသွယ်၊ နည်းပညာအဆက်အစပ်၊ လူမှုရေး (ရွေ့ပြောင်းနေထိုင်၊ခရီးသွား)၊ အရပ်ဘက်လူ့အဖွဲ့အစည်းများဆက်နွယ်မှု တွေကြားက ထိတွေ့မှုတွေကိုဆိုတာပါ။ ဒီနီးစပ်မှုနဲတဲ့အခါ နိုင်ငံတကာနဲ့အဆက်အစပ်ကနဲသွားတယ်။ တိုင်းပြည်တပြည်မှာ နိုင်ငံသားတွေဟာ လူမသိသူမသိ ဖိနှိပ်ခံနေရမယ်။ အစိုးရတရပ်ရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေဟာ နိုင်ငံတကာမှာမမြင်သာဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အင်ဂျီအို၊ ဘဏ် စတာတွေနဲ့ကျယ်ကျယ် ပြန့်ပြန့်ချိတ်မိထားတာဟာ အာဏာပိုင်အစိုးရတရပ် ကိုထင်ရာမလုပ်ရဲအောင်ဖိအားပေးထားတာမျိုးပဲ။ ပြည်သူတွေနိုင်ငံတကာအသိအမြင်တွေပိုရစေတယ်။ နောက်ဆုံးမတော့ အစိုးရထဲကပြန်လည် ပြင်ဆင်ရေးသမားတွေကို စိတ်ဓတ်ပိုင်းဆိုင်ရာအားပေးရာရောက်စေတယ်။
တွန်းအားဆိုတာကတော့ အကူအညီပေးတာတွေရပ်လိုက်တာ၊ စီးပွားရေးပိတ်ဆို့တာ၊ စစ်ရေးအရ၀င်ရောက်အကူအညီ ပေးတာတွေကိုဆိုလိုပါတယ်။ ဒီဖိအားတွေဟာ ဟေတီ၊ပနားမားနဲ့ ဆာဘီးယားမှာ အာဏာရှင်တွေကိုဖြုတ်ချခဲ့တယ်။ ကင်ညာ၊ မာလာဝီနဲ့ နီဂါဂွာရာမှာ အာဏာရှင်တွေဟာဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ရတယ်။ အီကွေဒေါ၊ ဂွာတီမာလာနဲ့ ပါရာဂွေးမှာ စစ်တပ်အာဏာသိမ်းမှုတွေကိုရှောင်နိုင်ခဲ့တယ်။ ဒိုမီနီကန်ရီပတ်ဘလစ်နဲ့ ယူကရိန်းမှာ ရွေးကောက်ပွဲမသမာမှုတွေကိုပြန်စီစစ်နိုင်ခဲ့တယ်။
ဒါပေမယ့် နိုင်ငံတကာဖိအားတခုတည်းနဲ့အလုပ်မဖြစ်တဲ့အကြောင်းတွေ ရှိပါတယ်။ ဖိအားပေးခံရတဲ့ နိုင်ငံတနိုင်ငံချင်းစီရဲ့ အင်အားနဲ့ ခံနိုင်ရည်တွေမှာမူတည်ပြီး ထိရောက်မှုကွာပါတယ်။ ပြီးတော့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံခြားရေး ပေါ်လစီ တွေနဲ့လည်းဆိုင်တာတွေ့ရပါမယ်။ အမေရိကန်က ဆော်ဒီနဲ့ အီဂျစ်ကိုသိပ်မထိချင်ဘူး။ ရုရုားက အာမေးနီးယား၊ ဘီလာရုစ်နဲ့ ယူကရိန်းကိုကာထားတယ်။ ပြင်သစ်ကျတော့ ကင်မရွန်း၊ ဂါဘွန်၊ အိုင်ဗရီကို့စ် ကို သူ့သြဇာအောက်ပဲ ဒီအတိုင်းဆက်ရှိချင်တယ်။ တောင်အာဖရိက က ဇင်ဘာဘွေက နာမည်ကြီး အာဏာရှင် မူဂါဘီကို အကူအညီပေးတယ်။
ကျနော်တို့ဆီမှာ နိုင်ငံတကာ ဆိုကြပါစို့ အနောက်နဲ့ နီးစပ်မှုနဲခဲ့သလို၊ အနောက်ကပေးတဲ့ဖိအားဟာလည်းမှန်မှန်ကန်ကန် မရခဲ့ဘူး။ ဒါ့အပြင် မြန်မာ အာဏာရှင်အစိုးရကိုတရုတ်က ဗီတိုနဲ့ အမြဲစောင့်ရှောက်ခဲ့တယ်။ ကောင်းပြီ ဒီတော့ ပြည်တွင်းကို ၀င်ကြည့်ကြမယ်။ မထမဆုံးနိုင်ငံတကာမှာ နိုင်ငံတချို့ရဲ့ ပြည်တွင်းရေးမှာ အစိုးရနဲ့ အတိုက်အခံအင်အားစု တွေကို ယှဉ်ထိုးကြည့်ကြရအောင်။ ဂျော်ဂျီယာမှာ ရဲတွေကို လစာ၃လမပေးနိုင်ဘူး။ သမ္မတရှီဗာနာဇေဟာ အရင် ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တယ်ဆိုပေမယ့် ဆန္ဒပြပွဲကိုဘယ်လိုတားနိုင်တော့မလဲ။ ကာဇက်စတန်မှာ လူငါးသောင်းလောက်ဆန္ဒပြတာ အစိုးရပြုတ်သွားတယ်။ ဟေတီမှာသူပုန်လက်နက်ကိုင်အင်အားက ၂၀၀လောက်ရှိတယ်။ ချီတက်လာပြီဆိုရုံရှိသေးတယ် ရဲတွေကယူနီဖောင်းချွတ်လဲနေကြပြီ။
ဒီလိုအားနဲတဲ့အစိုးရမျိုးရှိသလို ထစ်ကနဲဆို အူကြောင်ကြား လာမလုပ်နဲ့ဆိုတဲ့ အစိုးရတွေလည်းရှိနေတယ်။ အဇာဘိုင်ဂျန်နဲ့စစ်နိုင်ပြီးခါစ အာမေးနီးယားစစ်တပ်ဟာ ၉၆ ရွေးကောက်ပွဲကို ဆန္ဒပြတဲ့ လူတသိန်းကျော်ကို မိုးပေါ်ထောင်မပစ်ခဲ့ဘူး။ ဇင်ဘာဘွေမှာ ၂၀၀၀ ရွေးကောက်ပွဲမသမာမှုကို ဆန္ဒပြဖို့ကြိုးစားတဲ့ အစီအစဉ်ကို လှို့ဝှက်ရဲအဖွဲ့က လက်ဦးမှုယူပြီး ရက်ရက်စက်စက်နှိမ်နှင်းခဲ့တယ်။ ၉၈ က မလေးမှာ အတိုက်အခံခေါင်းဆောင် အန်နာအီဘရာဟမ်ကိုဖမ်းတော့ မြင့်တက်လာတဲ့လူထုဒီရေကို ရဲကစံနစ်တကျနဲ့ပြတ်ပြတ်သားသား နှိပ်ကွပ်ခဲ့တယ်။ ဆာဘီးယားမှာ နာမည်ကြီးမီလိုစီဗစ်ဟာ ပြည်သူကို လေးကြိမ်တိတိစစ်တပ်နဲ့ဖြိုခွင်းခဲ့တယ်။ နောက်ဆုံးစီးပွားရေး ကျလွန်းပြီး အုပ်ချုပ်ရေးပါဝါကို ထိန်းမထားနိုင်လွန်းလို့သာပြုတ်ကျသွားခဲ့တာ။
ကဲ ဟန်တင်တန် ပဲကိုးကားရဦးတော့မှာပဲ။ သူတခါပြောခဲ့တာရှိတယ်ဗျ။ အဖွဲ့အစည်းဆိုတာ နိုင်ငံရေးတည်ငြိမ်မှုရဲ့ အုတ်မြစ်ပဲ တဲ့။ အဖွဲ့အစည်းမှာ အဓိကလေ့လာစရာ ၂ မျိုးပဲရှိတယ်။ အစိုးရနဲ့ ပါတီအဖွဲ့အစည်းတွေပဲ။ ယှဉ်ပြိုင်ခံ အာဏာပိုင်အစိုးရ တခုဖြစ်ဖို့ဆိုတာကလည်းအလွယ်လေးမှတ်လို့လား။ အတိုက်အခံအင်အားစုကိုအမြဲ လေ့လာနေရတယ်။ ဘယ်သူ့ကိုထဲ့ထားပြီး ဘယ်သူ့ကိုလှန်ထားရမလဲသိရတယ်။ အတွင်းစည်းထဲမှာလည်းကိုယ့်ကို သစ္စာခံ ဘယ်သူမြဲမလဲတွက်ဆရတယ်။ ဘယ်သူ့ကိုရှင်းထုတ်ရမလဲ တိကျရတယ်။ တချိန်တည်းမှာ နိုင်ငံရေးပါတီတွေ၊ မီဒီယာ နဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ။ ပြီးတော့ ရွေးကောက်ပွဲ၊ တရားဥပဒေပြုအဖွဲ့၊ တရားရုံး စတဲ့အဖွဲ့အစည်တွေ အားလုံးကိုကိုယ်သဘောကျလည်ပတ်စေတဲ့ အဖွဲ့အစည်းတခုရဲ့ရုပ်ပိုင်းတည်ဆောက်ပုံကို ချိန်ဆရတယ်။ အားကောင်းတဲ့အစိုးရနဲ့ပါတီဟာ အတိုက်အခံတွေရဲ့ ပြင်းထန်တဲ့စိန်ခေါ်မှု တွေကို ထိမ်းထားနိုင်တယ်ဆိုတာ သဘောပေါက် ထားဖို့လိုပါတယ်။ ယှဉ်ပြိုင်ခံအစိုးရမှာ သူ့ပါတီဟာလည်းအရမ်းအခရာကျလာတယ်။ အာဏာရှင်သက်သက် မဟုတ်လေတော့ ဒီမိုကရက်တစ်အဖွဲ့အစည်းနဲ့လုပ်ထုံးလုပ်နည်းတွေကိုကျင့်သုံးပြရတယ်။ ရွေးကောက်ပွဲတွေဟာ အစိုးရကိုအမြဲခက်ခဲစေတယ်။ ကိုယ့်ပါတီအားကောင်းမှမဲဆွယ်တာ၊ မဲဝယ်တာ၊ စည်းရုံးတာ၊ ကမ်းပိန်းလုပ်တာတွေလုပ်နိုင်မယ်။ ရွေးကောက်ပွဲနိုင်ရုံနဲ့မပြီး လွှတ်တော်ထဲလဲလွှမ်းမိုးထားနိုင်ဖို့လိုတယ်။ ဒါမှဥပဒေပြုအဖွဲ့ ကိုကိုင်ထားနိုင်မယ်။ ယှဉ်ပြိုင်ခံအာဏာပိုင်အစိုးရတရပ်ဟာ ပါတီအင်အားတောင့်ဖို့ အင်အားသုံးအနိုင်ယူဖို့၊ ဒါမှမဟုတ် စီးပွားရေးအထိုက်အလျှောက်ပွင့်လန်းလာမှုစတာတွေနဲ့ သူ့အာဏာကိုထိမ်းဖို့ကြိုးစားလေ့ရှိတယ်။
အတိုက်အခံတွေဘက်ကိုကြည့်ရင် သူတို့ရဲ့အားကောင်းမှုဟာာအတိုက်အခံအင်အားစုခြင်းညီညွတ်ဖို့၊ သူတို့အဖွဲ့အစည်းရဲ့ တွေရဲ့လှုပ်ရှားနိုင်ခွင့် ကောင်းဖို့၊ (Political mobilization) ဆန္ဒပြုထုတ်ဖော်ခွင့်တွေရဖို့၊ (Protests) အရပ်ဖွဲ့လူ့အဖွဲ့အစည်း (Civil Society) တွေအားကောင်းဖို့ ဆိုတာတွေမှာတည်ပါတယ်။ အတိုက်အခံအင်အားစုဟာဒီအချက်တွေရဲ့အားကိုလုံးဝလျှော့မတွက်ထားဖို့လိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာပဲ အပေါ်ကအချက်သုံးချက်ကိုပါးနပ်စွာပေါင်းစပ် ပေးတတ်ဖို့လိုပါတယ်။
ခုပြီးခဲ့သမျှ ဒီမိုကရေစီရေးအတွေ့အကြုံတွေကို သေချာပြန်စမ်းစစ်နိုင်ဖို့လိုပါတယ်။ စစ်ပွဲတွေ ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နှင်းမှုတွေရှိခဲ့တဲ့ အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုအမွေတွေဟာ ယှဉ်ပြိုင်ခံအာဏာပိုင်အစိုးရ တွေဆီကို ရောက်တတ်လေ့ရှိပါတယ်။ ဧရာဝတီလှုပ်ရှားမှုကနေထွက်ပေါ်လာတဲ့ လက်ရှိသမ္မတ ရဲ့ပြည်သူ့ဆန္ဒကိုလှိုက်လျှောခဲ့တာ၊ အတိုက်အခံနဲ့ညှိနှိုင်းဆွေးနွေးဖို့လက်ကမ်းခဲ့တာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတာမျိုးတော့မဟုတ်ပါဘူး။ အားပေးသင့်ကြိုဆိုသင့်တာမျိုးပဲဖြစ်ပါတယ်။ နိုင်ငံဘေးကပ်နေတဲ့ အင်အားကြီးတရုတ်နိုင်ငံကို ထိန်းညှိဖို့ လက်ရှိအစိုးရရဲ့ အမေရိကန်နဲ့နီးစပ်ဖို့ကြိုးစားမှုဟာလည်း အနောက်နီးစပ်မှုနဲ့တွန်းအားကိုသွယ်ဝိုက်အားကောင်းလာစေ မှာလည်းဖြစ်ပါတယ်။ အကျဉ်းသားလွတ်မြောက်ရေး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါတီတရားဝင်လှုပ်ရှားခွင့်ရရေး၊ ဟာအတိုက်အခံကိုအင်အားဖြည့်တင်းရာရောက်သလို၊ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေရှင်းတာတွေဟာလည်း မလုပ်မဖြစ်လုပ်ကြရမှာပါ။
တချိန်တည်းမှာ ဒီမိုကရေစီတတိယလှိုင်းစီးခဲ့တဲ့နိုင်ငံတွေရဲ့ ကြားခံကာလ (transition period) နဲ့ ပေါင်းစည်းကာလ (Consolidation period) ကိုသတိမထားမိသူတွေဟာ ခုစတုထ္ထလှိုင်းလို့တချို့ခေါ်လာကြတဲ့ အာရပ်နွေဦးကို အသေအချာလေ့လာရင် ဘယ်လိုအခက်အခဲတွေဖြစ်လာဖို့ရှိသေးလည်းဆိုတာမြင်လာမှာပါ။
ကမ္ဘာ့နိုင်ငံရေးလက်ရှိမြင်ကွင်းကျယ်အာရပ်နွေဦးကနေမြန်မာနိုင်ငံရေးလက်တွေ့အနေအထားကိုခင်ဗျားချင့်ချိန် နိုင်ပြီဆို နောက်ထပ် ကမ္ဘာပေါ်လတ်တလောတမြေ့မြေ့လောင်ကျွမ်းနေတဲ့အခြေအနေတခုကို နောက်တပတ်မှာ ချိန်ဆကြည့်ရအောင်။ ကျနော်တို့ဆီဘယ်လိုရိုက်ခတ်မှုရှိလာမလဲဆိုတာ။
ဆက်ပါမည်
KZကေ
Ref. Elections without Democracy; The rise of competitive authoritarianism by Steven Levitsky and Lucan A. Way ။ April 2002

Tuesday, August 30, 2011
သုဝဏအမြန်ရထား - ၎
ကိုတီတူး
ကမ္ဘာ့နိုင်ငံတွေမှာ အာဏာရှင်အစိုးရတွေအမျိုးမျိုးရှိတယ်။ တပါတီအာဏာရှင်၊ ကွန်မြူနစ်အာဏာရှင်၊ စစ်အာဏာရှင်စသည်ဖြင့်ပေါ့။ အာဏာရှင်စံနစ်တွေမှာ ပုံစံတွေကွဲနေပေမယ့် တူညီတာတခုတော့ရှိတယ်။ အဲဒါဟာ အာဏာရှင်နိုင်ငံတွေမှာ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဟာ အားနဲချက်တွေ၊ ပြန်တဲ့မတ်ရမှာတွေ အများကြီး ရှိနေသေးတာပဲ။ စက်မှုထွန်းကားပြီးဒီမိုကရေစီတိုင်းပြည်တွေမှာရှိတဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးမျိုးနဲ့ တော်တော်လည်းကွာခြားနေပါတယ်။
Objective Civilian Control လို့ ဟန်တင်တန် ပြောခဲ့တာတခုရှိတယ်။ OCC မှာပါတာတွေက ၁) တပ်မတော် ခေါင်းဆောင်တွေ အရာရှိတွေဟာ သူ့တို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာအရည်အသွေးမြင့်ဖို့၊ ကိုယ့်ပရော်ဖက်ရှင်ရဲ့ ပြင်ပ အခြားနယ်ပယ်မှာရှိတဲ့ ကိုယ့် ကျွမ်းကျင်မှုရဲ့အကန့်အသတ်တွေကိုနားလည်ဖို့ ၂) စစ်တပ်ကို နိုင်ငံခြားရေးနဲ့ စစ်ရေးပေါ်လစီတွေကိုအဆုံးအဖြတ်ပေးမယ့် အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ အောက်မှာထားဖို့၊ ၃) ကိုယ့်အသက်မွေးမှုနယ်ပယ်မှာပဲခေါင်းဆောင်မှုပေးတာကိုအသိအမှတ်ပြု လက်ခံနိုင်ဖို့၊ ၄) နိုင်ငံရေးထဲ စစ်တပ်စွက်ဖက်မှုနဲ့ စစ်တပ်ထဲနိုင်ငံရေးစွက်ဖက်မှုကိုတတ်နိုင်သမျှနဲအောင်ဖြစ်စေဖို့ ဆိုတဲ့ ၄ ချက် ဖြစ်တယ်။ တခွန်းထဲပြတ်အောင်ပြောဗျာ ဆိုရင်တော့ ကိုယ့်အလုပ်ကိုယ် ကောင်းအောင် လုပ်ကြဖို့ပဲ။
စစ်အာဏာရှင်စံနစ်မှာတော့ စစ်တပ်ဟာနေရာတိုင်းကိုထိန်းချုပ်ထားတယ်။ ကွန်မြူနစ်တို့ တပါတီအာဏာရှင်စံနစ်တို့မှာ စစ်တပ်ဟာ ပါတီရဲ့ကိရိယာတန်ဆာပလာ တခုပဲ။ ပါတီက စစ်တပ်ကြားခံပြီး အားလုံးကိုချယ်လှယ်တယ်။ အားလုံးဟာ ပါတီကိုပဲ သစ္စာခံပြီး နိုင်ငံကိုပစ်ပယ်ထားကြတာပဲ။ ပြောမယ်ဆို ဘယ်အာဏာရှင်စံနစ်မဆို စစ်တပ်ကိုအသုံးချပြီးတိုင်းပြည်ကို ဂုပ်သွေးစုပ်တာပဲ။
ဒါကတော့ဟုတ်ပါပြီ။ ကျုပ်ကပြဿနာမရှိဘူး။ စစ်တပ်ခေါင်းဆောင်တွေကကော OCC ကိုလက်ခံနိုင်ပါ့မလား လို့ခင်ဗျားမေးလာရင် ဂျိုးဇက်အက်နိုင်း(အငယ်) ပြောတဲ့လစ်ဘရယ်အစဉ်အလာ (Liberal Tradition) ကို ထပ်ပြောကြည့်ချင်တယ်။ သူပြောတာမှာ စစ်တပ်က ၁) ဥပဒေနဲ့အညီဖြစ်ဖို့ကိုတာဝန်ယူရမယ်၊ အရပ်သားအစိုးရရဲ့အာဏာနဲ့ လုပ်ပိုင်ခွင့် ကိုလေးစားရမယ် ၂) လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပါတီနိုင်ငံရေးနဲ့ မပတ်သက်ရဘူး၊ ပါတီနိုင်ငံရေးအထက်မှာရှိမယ်။ (Arm forces are nonpartisan and remain above politics)
အရပ်သားနိုင်ငံရေးသမားဘက်ကျတော့ ၁) စစ်တပ်ဟာဒီမိုကရက်တစ်နိုင်ငံတနိုင်ငံရဲ့ တရားဝင် အရေးပါတဲ့ အဖွဲ့အစည်းအဖြစ်အသိအမှတ်ပြုရမယ်။ ၂) စစ်တပ်ရဲ့ အရည်အသွေး၊ တာဝန်နဲ့မစ်ရှင်ကိုမှန်မှန်ကန်ကန် မြှင့်တင်ပေးနိုင်ရမယ်။ ၃) နိုင်ငံကာကွယ်ရေးနဲ့ဆိုင်တဲ့ ကိစ္စရေးရာတွေနဲ့ စစ်တပ်ရဲ့ယဉ်ကျေးမှုကို နားလည် သဘောပေါက်အောင် ဆည်းပူးထားဖို့လိုတယ်။
OCC ထက်စာရင် LT ဟာပျော့ပြောင်းပြီး စစ်ဘက်၊ အရပ်ဘက် နှစ်ဘက်စလုံးကိုတည့်မတ်ထားတာဖြစ်တယ်။ အမေရိကန် မှာတော့ IMET (International Military Education and Training) ဆိုတာရှိတယ်။ သမ္မတ ကလင်တန် နိုင်ငံခြားရေးပေါ်လစီထဲက အရေးကြီးတဲ့တခုဟာ ကမ္ဘာ့နိုင်ငံတွေမှာလစ်ဘရယ်အစဉ်အလာတွေနဲ့ ရင်းနှီးကျင့်သုံးလာနိုင်ဖို့ပဲ။ ဒီသင်တန်း ကလစ်ဘရယ်အစဉ်အလာ ကိုနားလည်ဖို့ လက်ခံဖို့ ကလင်တန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီကိုအကောင်အထည်ဖော်ဖို့ နိုင်ငံတကာမှာရှိတဲ့ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ၊ အရာရှိတွေကို ပေးတဲ့ သင်တန်းဖြစ်တယ်။ IMET ဟာ စည်းမျဉ်းစည်းကမ်းပိုင်းတွေ ပိုတိုးတက်လာအောင်၊ တိုက်ခိုက်ရေးစွမ်းရည်တွေမြင့်မားလာအောင်တွေမှာတင်မကဘူး စစ်ဘက်အရာရှိတွေကို ဒီမိုကရေစီ ကူးပြောင်းရေး ကာလအတွက်အကျိုးကျေးဇူးတွေကိုပါသင်ကြားပေးတယ်။
ပြီးတော့ EIMET (Expended IMET) ဆိုတဲ့သင်တန်းတခုပါရှိနေသေးတယ်။ EMIT ရဲ့အဓိကရည်ရွယ်ချက်က စစ်ဘက်အရပ်ဘက်ဆက်ဆံရေး၊ စစ်ဘက်အရာရှိတွေအတွက် စီမံခန့်ခွဲမှုစွမ်းရည်၊ စစ်တပ်တရားစီရင်ရေး၊ အမူအကျင့်၊ လူ့အခွင့်အရေးစတာတွေကိုပါ သင်ကြားပေးပါတယ်။
IMET သင်တန်းဆင်းဖြစ်တဲ့ အယ်ဘေးရီးယား ကြည်းတပ်စစ်ဦးစီးချုပ်ဟာ သူ့နိုင်ငံပြန်ရောက်တော့ သူ့ကိုယ်ပိုင် အမေရိကန်ပုံစံ သင်တန်းတခုကိုတီထွင်ပြီး သူ့အရာရှိတွေကိုပို့ချရာမှာ အယ်ဘေးနီးယားရဲ့ စစ်ဘက်ခေါင်းဆောင်ပိုင်းဟာ ပိုအရည်အသွေးမြင့်တက်လာပြီး၊ အရပ်သား အစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှုကို ကောင်းကောင်းလက်ခံနိုင် လာတယ်ဆိုတယ်။
ကျန်တဲ့အထောက်အထားတွေလည်းရှိပေမယ့်မပြောတော့ပါဘူး။ လိုရင်းကတော့ စစ်ဗိုလ်ချုပ်တွေတိုက်ရိုက်ဖြစ်စေ၊ လူထွက်ပြီးတော့ဖြစ်စေ၊ အရပ်ဘက်နိုင်ငံရေးကို နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ ကျနော်တို့နိုင်ငံမှာ ကျနော်တို့ဆီက တပ်မတော် အရာရှိတွေဟာ ခေတ်မှီအရည်အချင်းပြည့် တပ်မတော်ထူထောင်ဖို့နဲ့ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်လေးလေးစားစားဆက်ဆံနိုင်ဖို့ ဒီလိုသင်တန်းတွေတက်ပြီး လေ့ကျင်သင်ကြားဖို့လိုနေပါတယ်။
OCC နဲ့ LT ကိုပြောပြီးတော့ လက်တင်အမေရိက စစ်ဘက်အရပ်ဘက်ဆက်ဆံရေး ရဲ့မူကွဲလေးကို နဲနဲ ကြည့်ကြရင်ကောင်းမယ်။ သူ့မှာကျတော့ Corporatist Tradition ဆိုတာကိုသုံးတယ်။ CT ကဘာကွာသလဲဆိုတော့ စစ်တပ်နဲ့ဆိုင်တဲ့ အ၀န်းအ၀ိုင်းထဲမှာ တပ်မတော်ခေါင်းဆောင်ပိုင်း ကသာ အားလုံးကိုအဆုံးအဖြတ်ပေးမယ်ဆိုတာဖြစ်တယ်။ စစ်တပ်ဟာ အရပ်သားနိုင်ငံရေးသမားရဲ့ဦးဆောင်မှုအောက် ကိုမ၀င်ဘူးဆိုတဲ့သဘောပဲ။ ဒီအယူအဆဟာ ဘာကြောင့်ဖြစ်လာသလဲဆိုတော့ လက်တင်အမေရိက အစိုးရတွေဟာ စီးပွားရေးပြောင်းလဲမှုတွေ ဖော်ဆောင်ရင်းမအောင်မြင်တဲ့အချိန်တချို့မှာ တိုင်းပြည်ထဲ မငြိမ်မသက်မှုတွေ ပေါ်လာတဲ့အခါမှာ စစ်တပ်ကိုခေါ်ပြီးထိမ်းသိမ်းရတာမျိုးတွေရှိခဲ့လို့ပဲ။ ခုတော့ လက်တင်အမေရိကနိုင်ငံအများစု ဟာ စီးပွားရေးဖွံ့ဖြိုးမှုတွေရပြီး ဒီမိုကရေစီရေး လူ့အခွင့်အရေးတွေမှာအောင်မြင်မှု ရလာကြတော့ CT ကိုပြန်လည်ဆန်းစစ်နေကြပါပြီ။ CT ဟာ LT အပြည့်မသွားခင်ကြားခံအဖြစ်သုံးနိုင်တယ်ဆိုတဲ့သဘောပါ။
ကျနော်တို့စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်ကနေပြန်ထွက်ပြီး တပ်မတော်ရဲ့စစ်မှန်တဲ့၊ စစ်ဘက်ခေါင်းဆောင်တွေ အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေး နယ်ပယ်ထဲကိုပြန်သွားရမှာကတော့ မလုပ်မဖြစ်လုပ်ရမှာဖြစ်တယ်။ CT ပြီးတော့ LT နဲ့ နောက်ဆုံး OCC အထိကို ဘယ်လိုပြန်သွားမလဲ ဆိုတာကလည်း တွေ့ဆုံဆွေးနွေးပွဲရဲ့ ဒုတိယအဆင့် ၂၀၀၈ အခြေခံဥပဒေ နဲ့အတူဆက်စပ်နေတဲ့ အချက်တခုပါ။
ခုချိန်ကတည်းက အရပ်သား နိုင်ငံရေးခေါင်းဆောင်တွေက စစ်တပ်ဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ အမိန့်နာခံမှုနဲ့ သွားတဲ့ ထူးခြားတဲ့ အင်စတီကျူးရှင်းတခုဖြစ်တယ်။ စစ်တပ်ရဲ့ယဉ်ကျေးမှု အစဉ်အလာနဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်နေသမျှတွေမှာ အားသာချက်တွေ အားနဲချက်တွေကို နားလည်အောင်လေ့လာထားဖို့ လိုပါတယ်။ တဆက်တည်း ဒီမိုကရေစီကြားခံကာလအခက်အခဲတွေနဲ့ တိုင်းရင်းသားပြဿနာ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လက်ရှိတပ်မတော်ရဲ့ ပေါင်းစည်းရေး ပြဿနာတွေကိုပါ ချိန်ဆထားဖို့လိုပါလိမ့်မယ်။
အပေါ်မှာ ပြောခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုရာမှာလည်း စစ်တပ်ရဲ့ဦးတည်ရာဟာ အတွင်းကိုလှည့်သလား အပြင်ကိုလှည့်သလားဆိုတဲ့ အချက်တချက်ရှိနေပါတယ်။ ဆိုလိုတာက စစ်တပ်ကို နိုင်ငံတော် ကာကွယ်ရေး အတွက် ပြည်ပရန်ကိုပဲ အဓိကထား တဲ့ တိုင်းပြည်တွေမှာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ဟာပိုကောင်းပြီး ပြည်တွင်းရန်ကို အဓိကထား ကာကွယ်တဲ့ တိုင်းပြည်တွေမှာ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဟာ ပိုအခက်အခဲတွေရှိတာကို စစ်အေးခေတ်နောက်ပိုင်းမှာ ပိုတွေ့လာကြရပါတယ်။
စစ်အေးပြီးတော့ အမေရိကန်လိုနိုင်ငံတွေမှာ နေတိုးအုပ်စုဝင်တွေမှာ ကွန်မြူနစ်ရန်ကို ထဲ့တွက်စရာမလိုတော့ ပြည်ပရန်ကာကွယ်ရေးအတွက် အခိုင်အမာရှိနေတဲ့ စစ်တပ်ကို အသုံးစရိတ်လျှော့ဖို့၊ အင်အားလျှော့ဖို့စဉ်းစားလာ ကြရတယ်။ စစ်တပ်မှမဟုတ်ပါဘူး။ ဘယ်ဝန်ထမ်းမဆို ဘယ်ဋ္ဌာနမှာမဆို လူလျှော့ချဖို့လိုတဲ့အခါ ၀န်ထမ်းတွေရဲ့ အနာဂတ်ကိုထဲ့သွင်းတွက်ချက်ရတာပဲ။ ဒီတော့ သိပ်များတဲ့စစ်အင်အားကိုဒီအတိုင်းမလျှော့နိုင်တဲ့ အခါတွေမှာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလို၊ သဘာဝဘေးအန္တရယ်ကာကွယ်ရေးလို၊ အရပ်သားတွေရှိတဲ့နယ်ပယ်တချို့ ကိုပို့နိုင်မလား စဉ်းစားပြီး စမ်းသတ်ရာမှာယေဘူယျအနေနဲ့ သိပ်မသင့်တော်လှဆိုတဲ့အသံတွေထွက်လာပါတယ်။
ဒါဆိုရင် စစ်တပ်အရာရှိတွေကို အရပ်ဘက်ဝန်ကြီးဋ္ဌာနနယ်ပယ်တွေကို စေလွှတ်နေတာဟာ မှန်သလားမှားသလား ရေရှည်တိုင်းပြည်အကျိုးဖြစ်စေမဲ့အချက်လား အကျိုးယုတ်စေမဲ့အချက်လားဆိုတာ ချိန်ဆနိုင်ပါပြီ။
စစ်အေးနောက်ပိုင်း အတွေ့အကြုံတွေကနေပြီးအမေရိကန်ဟာ စစ်တပ်မစ်ရှင်တွေနဲ့ပတ်သက်ပြီး သင်ခန်းစာ ၄ခုရခဲ့ပါတယ်။
၁။ ပြည်ပကျူးကျော်မှုကိုကာကွယ်ဖို့၊ နိုင်ငံရဲ့အရေးကြီးတဲ့အမျိုးသားအကျိုးစီးပွားနဲ့ဆက်စပ်နေတဲ့ပြဿနာ တွေမှာလိုအပ်ရင်တိုက်ခိုက်အနိုင်ယူဖို့ (၉၁၁ ဖြစ်ခဲ့လေတော့ အီရတ်ကိုဝင်တိုက်တာမျိုး ကို အမျိုးသားအကျိုး စီးပွားနဲ့ ဆွဲစိခဲ့ပုံ ရပါတယ်)
၂။ ဒုတိယဦးစားပေးမှာ သဘာဝဘေးရန်ကျရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ဖို့
၃။ နိုင်ငံရပ်ခြားမှာ ငြိမ်းချမ်းရေးတပ်များချထားမှု
၎။ အခြားအကူးအပြောင်းမှာ လိုအပ်မယ်ထင်တဲ့ အခါပါဝင်ဖို့၊ သို့သော် အရပ်ဘက်တာဝန်ရှိသူတွေဟာ သူတို့ချည်းပဲကိုင်တွယ်နိုင်ပြီဆိုတဲ့အခါ ချက်ခြင်းပြန်လည်ဆုတ်ခွာဖို့ ဆိုတာတွေပါ။
ဒီလိုတိကျတဲ့ ဦးစားပေးနဲ့ အစီအစဉ်တွေသတ်မှတ်ထားကြတာတောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ စစ်တပ်ကိုအရပ်ဘက်နဲ့ဆက်စပ်တဲ့ မစ်ရှင်တခု ကိုပေးမယ်ဆိုရင် အချက် ၃ချက်နဲ့ ထပ် စီစစ်ကြပါတယ်။
၁။ စစ်တပ်ရဲ့ပါဝင်မှုဟာ အခြားအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ စီးပွားရေးလုပ်ငန်းရှင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာ စတာတွေရဲ့လုပ်ငန်းတွေကိုထိခိုက်စေသလား။ (စစ်တပ် ၀င်လာလို့အခြားဋ္ဌာနတွေဝန်ထမ်းလျှော့ သို့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲသွားသလား)
ပြီးတော့စစ်တပ်မှာသူ့မူရင်း နိုင်ငံတော်ကာကွယ်ရေးအပြင် အခြားဝန်ထုပ်ဝန်ပိုးတွေဖြစ်စေသလား
၂။ စစ်တပ်ဝင်ရောက်မှုကြောင့် စစ်တပ်ဟာ အထူးအခွင့်အရေးတခုရပြီး အခြားနိုင်ငံပိုင် နဲ့ ပုဂ္ဂလိက ပိုင်လုပ်ငန်းတွေထက် ပိုသာတယ်ဆိုတဲ့ အဖွဲ့အစည်းတခုအဖြစ်ကိုရောက်စေသလား။
၃။ စစ်တပ်ဟာသူ့ပင်မမစ်ရှင်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေ (အစီအစဉ်၊ သင်တန်း၊ အဆင်သင့်ဖြစ်မှု) ကိုစပြီးလစ်လျူရှုဖို့ဖြစ်စေသလား။ ဆိုတာတွေပါ။
ဒီတော့ဗျာ ချုပ်ပြောရရင်တော့ စစ်တပ်ဟာမူရင်းနိုင်ငံတော်ကာကွယ်ရေးကိုပဲအဓိကလုပ်ပါ။ ကျနော်တို့ စစ်တပ်ဟာ တပါတီအာဏာရှင်နဲ့ စစ်အာဏာရှင်စံနစ်တွေကိုဖြတ်သန်းခဲ့ရလို့ နိုင်ငံရေးနယ်ပယ်ကပြန်ဆုတ်ခွာဖို့ သင်တန်းတွေ သင်ယူမှုတွေလိုအပ်နေပါတယ်။ နိုင်ငံရေးအရကင်းရှင်းယုံမက အရပ်ဘက်နဲ့ဆက်စပ်တဲ့ မစ်ရှင် တွေကို စီစစ်ပြီးမှလုပ်ဖို့လိုနေပါတယ်။
တချိန်တည်းမှာအရပ်သားနိုင်ငံရေးသမားတွေကိုစစ်တပ် ရဲ့သီးခြားဆန်တဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံတော်ကာကွယ်ရေးအသိအမြင်တွေရှိဖို့ ပြန်လည်သင်ယူမှုတွေလုပ်ဖို့လိုနေပါတယ်။ နှစ်ပေါင်းများစွာ စစ်ဘက်အရာရှိတွေဦးဆောင်ခဲ့တဲ့ နိုင်ငံအုပ်ချုပ်ရေး နယ်ပယ်တွေကို ၀င်ဖို့ အရပ်သားနိုင်ငံရေး သမားတွေကိုလည်း တိကျတဲ့သင်တန်းတွေ၊ လေ့လာမှုတွေ၊ စစ်ဘက်ခေါင်းဆောင်ဟောင်းတွေနဲ့တွဲပြီး ပူးပေါင်းဆောင်ရွက်တတ်မှုတွေ ပြုလုပ်ဖို့လိုနေပါတယ်။
ဆက်ပါမည်
KZကေ
Reference: Civil-Military Relations and Democracy
Edited by Larry Diamond and Marc F. Plattner, The John Hopkins University 1996

Saturday, August 27, 2011
သုဝဏအမြန်ရထား - ၃
အခန်း (၄)
ကိုတီတူး
လတ်တလောသတင်းတွေကြောင့်ကျနော်ဆက်မရေးပဲခနစောင့်ကြည့်နေခဲ့တယ်။
ကြည့်နေတာတော့အစုံပေါ့။ အစိုးရကဘာပြောသလဲ။ ဘယ်သူတွေကဘာပြန်ပြောသလဲ။ ဘယ်လိုထင်မြင်ချက် တွေပေးသလဲ။ စသည် စသည် ….။
အနာသိရင်ဆေးရှိပါတယ်လို့ ကျနော်တို့မှာစကားပုံရှိတယ်မလား။ အနာတွေကများတော့ သမားတော်များလည်း ဘာဆေးနဲ့ ကုရကောင်းမလဲ။ ရောဂါကရှည်နေတော့ ဆေးကောတိုးပါ့မလား အမျိုးမျိုးဝေဖန်သံတွေ ကြားရတာပေါ့။ ကျနော်လည်း ရောယောင်ပြီး တတ်ကျွမ်းနားလည်သူများ ကိုအားကျပြီးစဉ်းစားကြည့်တယ်။
ပြဿနာက လွတ်လပ်ရေးရကတည်းကစတာပဲလို့ဆိုလိုက်ရင် မျှော်ကြည့်ရတာတွေများကုန်မယ်။ ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကတော့ ကျနော်စတည်ချင်တဲ့ ၈၈ မတိုင်ခင်ကတည်းကရှိခဲ့တာ။ သူက ရှေးဦးအကျဆုံး ပြဿနာ နဲ့အသိမ်မွေ့ဆုံးပဲ။
၈၈ အရေးတော်ပုံဟာ မဆလ ခေတ်တခေတ်ကိုပြည်ဖုံးကားချခဲ့တယ်။ တပါတီအာဏာရှင်စံနစ်ကိုဖြိုချနိုင်ခဲ့တယ်။ နောက်တော့ စစ်တပ်ကအာဏာပြန်သိမ်းပြီး ၉၀ ရွေးကောက်ပွဲကိုဒိုင်လုပ်ပေးခဲ့တယ်။ သို့သော် အနိုင်ရပါတီ အင်အယ်ဒီကို အာဏာမလွှဲပေးခဲ့ဘူးဒီမှာ ခုထိမရှင်းနိုင်တဲ့ ဒုတိယပြဿနာ တရပ်ကိုပေါ်ခဲ့စေတယ်။ အပယ်ခံ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်။
အဲဒီကာလ ကနေခုထိရုန်းကန်နေကြတာမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ စစ်အာဏာရှင်အစိုးရကိုနိုင်ငံတကာက ဖိအားပေးတဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာလည်း နောက်ထပ်ပြဿနာတွေအဖြစ်စာရင်းဝင်ခဲ့တယ်။ နောက်ဆုံးတော့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကိုအကြမ်းဖက်ဖြိုခွင်းအပြီးမှာ စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေထဲမိုးထဲမှာ အတည်ပြုခဲ့တယ်။ (နာမည်ပေးကောင်းတဲ့ ကျနော်တို့ရွှေမြန်မာတွေက နာဂစ်ဥပဒေလို့ ခေါ်ကြတယ်။ မဆိုးဘူးဗျားဒီနာမည်။ ကျနော်ကြိုက်တယ်။ သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်ကိုး။)
ဒီဥပဒေနဲ့ လုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ ၉၀ အနိုင်ရ ပါတီဟာ တရားမ၀င်ဖြစ်ခဲ့ရတယ်။ ဒါလည်းနောက်ထပ်ရှင်းရမဲ့ ပြဿနာတခုထဲမှာပါလာတယ်။
ခုလက်ရှိမှာတော့ စစ်အာဏာရှင်အစိုးရကနေ ၂၀၁၀ ရွေးကောက်ပွဲနည်းမျိုးစုံအနိုင်ရ အရပ်သားအစိုးရဖြစ်လာပြီ။ လွှတ်တော်အမတ်မင်းများ ပြည်သူ့ရွေးကောက်ခံ ကိုယ်စားလှယ်တော်ကြီးများလည်းရှိနေပြီ။ လွှတ်တော်အသစ်ကြီးရှိနေပြီ။ အဲသည်မှာအရင်ထက်စာရင်နဲနဲပိုလွတ်လပ်လာတယ်လို့လည်းဆိုလာကြပြီ။ နဲနဲလွတ်လပ်လာတယ်ဆိုတာဟုတ်မှာ။ သမ္မတကြီးက ပြန်လာခဲ့တော့ချစ်သူရေ သီချင်းတောင်ဆိုခဲ့သေးတယ်ဆိုသကိုးဗျ။ ဒီလိုပဲမှန်းကြည့်ရတာပေါ့။
အမှန်အတိုင်းပြောရရင် မျှော်လင့်ကြည့်တဲ့အထဲမှာခုကျနော်လည်းပါနေပါတယ်။ အရေးအသားသေသပ်တဲ့ မီဒီယာဆရာများပြောသလို သတိကြီးကြီးနဲ့ထောက်ခံလိုက်သည်ဆိုတဲ့အထဲ ကျနော်လည်းပါတယ်။ ကဲဘေး ဝေ့နေလို့မဖြစ်သေးဘူး။ ဘယ်ပြဿနာကစရှင်းရင်ကောင်းမလဲ။ ပြဿနာတွေအများကြီးလို့ပြောခဲ့တာကိုး။
အရေးကြီးတာနဲ့အရင်လိုတာနဲ့စခွဲကြည့်ရအောင်။ ကျနော့်အတွက်ကတော့ အရေးအကြီးဆုံးဟာ ၂၀၀၈ဥပဒေပဲ။ သူနဲ့တွဲရှင်းရမှာက တိုင်းရင်းသားအရေးနဲ့ ၉၀ရလဒ်။ ဒါပေမဲ့အရင်လိုနေတာကျတော့ နိုင်ငံရေးအကျဉ်းသားပြဿနာနဲ့ စီးပွားရေးပိတ်ဆို့မှုပဲ။ ဒီအမှုတွဲထဲကို ကျနော်က အင်အယ်ဒီပါတီတရားဝင်ဖြစ်ရေး ကိုပါထဲ့ချင်တယ်။ ဒီတော့ ခုရှိနေတဲ့ ပြဿနာတွေကို ၂စုခွဲပြီးမြင်ကြည့်လို့ရသွားပြီ။
နို့ ကိုယ့်လူက ဘဇာအရေးကိုထောက်ပြီး အင်အယ်ဒီတရားဝင်မှုကို နိုင်ငံရေးအကျဉ်းသားနဲ့ စီးပွားရေးပိတ်ဆို့မှုထဲထည့်ရတာလည်းလို့ ခင်ဗျားကမေးရင် ဒါ အင်အယ်ဒီကကိုင်ထားတဲ့ စေ့စပ်ဆွေးနွေးညှိနှိုင်းပြီးတော့သာ ပြဿနာ တွေကိုဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကြောင့်ပဲ။ အင်အယ်ဒီဟာ အစိုးရကို လူထုတိုက်ပွဲခေါ်သံနဲ့ ရင်ဆိုင်ဖို့မရွေးချယ်ဘူးဆိုရင် ဆွေးနွေးညှိနှိုင်းမှုနဲ့သာသွားမယ်ဆိုရင် တရားဝင်နိုင်ငံရေးပါတီအဖြစ်နဲ့ပဲသွားစေချင်တယ်။ သို့သော်ဒါဟာ ၂၀၀၈ ဥပဒေအောက်ကိုခေါင်းထိုးဝင်တာ တော့လည်းမဟုတ်ဘူး။ ဒါပေမဲ့သူ့ကို ၂၀၀၈အခြေခံဥပဒေနဲ့ရောရှင်းမယ်ဆိုရင် အချိုန်ယူရလွန်းမှာစိုးလို့ ရှေ့ကိုတင်လိုက်တယ်။ ဒီတော့ထပ်အနုစိတ်ရရင် နိုင်ငံရေးအကျဉ်းသားကိစ္စက ထိပ်ဆုံးမှာ ပြီးရင် စီးပွားရေးပိတ်ဆို့မှုနဲ့ ပါတီတရားဝင်ဖြစ်ရေးကို တပြိုင်နက်ဆက်စေချင်တယ်။ ပြီးရင် ဒုတိယအုပ်စုဖြစ်တဲ့ တိုင်းရင်းသားအရေး၊ ၉၀ ရလဒ်အရေးနဲ့ ၂၀၀၈ အခြေခံဥပဒေကိုဆက်မယ်။
ပထမအုပ်စုဟာ အကြာကြီးလုပ်စရာမလိုဘူး၊ အားလုံးဟာ တနှစ်အတွင်းပြေလည်ဖို့ပဲ။ အကျဉ်းသားအားလုံးဟာ ဒီနှစ်အစိုးရသစ်တက်တဲ့ ၂၀၁၁အတွင်းမှာ အသုတ်လိုက်လွှတ်မယ်။ ဒါပြတ်ရင် ၂၀၀၈ ဥပဒေနဲ့ပါတ်သက်တဲ့ သဘောတူချက်တခုကိုအရင်ယူရမယ်။ (ဘာသဘောတူညီချက်နောက်မှာဆက်ပါမယ်)။ ပြီးရင် ပါတီတရားဝင်ဖြစ်ရေးဟာ ၂၀၁၂ ပထမ၃ လအတွင်းမှာပြီးမယ်။ ဒါဆို စီးပွားရေးပိတ်ဆို့မှုတွေဟာ နောင်နှစ်သက်တမ်းတွေမတိုးခင်မှာ ပြေလည်သွားပါလိမ့်မယ်။ ကျနော်တော့အဲသည်လိုအစီအစဉ်လေး ဆွဲကြည့်တယ်။
ကျနော်တို့ ဆွေးနွေးတဲ့အခါ၊ အပေးအယူလုပ်တဲ့အခါ မတူတဲ့အုပ်စုတွေမှာ မတူတဲ့ အားသာချက် နဲ့ အားနဲချက် တွေ ရှိနေလိမ့်မယ်။ ဥပမာ အစိုးရဟာ လက်ရှိအာဏာရထားတယ်။ အင်အယ်ဒီဟာ လက်ရှိလူထုထောက်ခံမှုရထားတယ် ဆိုတာမျိုး ပေါ့။ တခါ အကျိုးစီးပွား ဆိုပြီး စစ်တပ်၊ တိုင်းရင်းသား နဲ့ အင်အယ်ဒီ လို့ခွဲကြည့်ရင်လည်း မတူတာတွေရှိနေသေးတယ်။ သို့ပေမယ့် နိုင်ငံနဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အကျိုးစီးပွားလို့မြင်ကြည့်မယ်ဆိုရင်တော့ ကွဲနိုင်တာတွေကမရှိသလောက်ဖြစ်လာမှာပဲ။ တူတာတွဲလုပ်မယ်ဆိုရင်တော့ တူတဲ့အကျိုးစီးပွားတခုရှိရမယ်။ အဲဒါဟာ နိုင်ငံနဲ့ပြည်သူအားလုံးဆိုတဲ့ ရှုထောင့်ကချဉ်းကပ်မှပဲရနိုင်မယ်။
အနှစ်ချုပ်က မြန်မာပြည်မှာလက်ရှိဖြစ်နေတဲ့ ပြဿနာတွေအားလုံးကို တိုင်းပြည်နဲ့လူမျိုးအကျိုးစီးပွားအတွက် လို့ရည်ရွယ်ပြီး မဖြေရှင်းဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မှာကိုင်စရာစံမရှိဘူးဖြစ်နေပါလိမ့်မယ်။
အားလုံးကဒီစံကို ရိုးရိုးသားသားကိုင်ပြီးရှင်းမယ်ဆိုရင်တော့ ပြဿနာတွေဟာ အတိုင်းအတာတခုအတွင်းမှာ ပြေလည်လာမယ်။ သွားနေတဲ့ဖြစ်စဉ်အတွင်းမှာလည်းတိုးတက်မှုတွေကိုတွေ့ရမှာဖြစ်တယ်။
ဒီတော့ ကျနော်တို့မှာ ကိုင်ရမဲ့စံရှိနေပြီ။ စလုပ်ရမဲ့အလုပ်ရှိနေပြီဆိုရင် အခုပဲစလိုက်ရင်မကောင်းဘူးလား။ ဘာတွေခုခံနေသေးလည်းခင်ဗျားတွေးလာနိုင် ဝေဖန်လာနိုင်ပါတယ်။ ဒီအစီအစဉ်ကိုဆန့်ကျင်လိုသူတွေကို ပြောလိုတာက လက်ရှိအဖြစ်အပျက်တွေဟာ နိုင်ငံတကာမှာကော ပြည်တွင်းမှာပါ သဘောတရားကော လက်တွေ့ မှာပါပြောင်းလဲနေတာတွေရှိနေတယ်ဆိုတာပါ။ ဒါတွေကို ကီးပလေယာတွေအားလုံးက သဘောပေါက်ထားတယ် လို့ကျနော်ထင်ပါတယ်။ ဘာတွေများပါလိမ့်ကြည့်ရအောင်။
ဆက်ပါမည်။

Subscribe to:
Posts (Atom)