Sunday, October 7, 2012

အဓိပ္ပါယ်ရှိအောင်စစ်တိုက်နည်း

မီးဆိုင်းကြီးတွေလင်းနေပြီး ၀ါယာကြိုးတွေကိုရှာလို့မရကြဘူး ရသမှန်ရင် တခုခုတော့ ဖျောက်ဖျက်ခံရတာချည်းပဲ  ဒီပုံစံအတိုင်း ဆင်ခြင်မှုနဲ့ဆက်နေတဲ့ သိမြင်နားလည်မှု တွေကို တမင်ချန်လှပ်ထားကြတယ်
သုံးထပ်တိုက်ပေါ်တွင်လေ့ကျင့်ခန်းဆင်းနေသော ပီယာနိုသံသည် မော်တော်ကားဟွန်းပေါ်ပြုတ်ကြသည် ဆိုတာမျိုးတွေတောင် ခေတ်မမှီတော့ဘူး ဘာလို့လဲဆိုတော့ အလေ့အကျင့်ရထားပြီးသား အဓိပ္ပါယ်ဘောင်ထဲမှာ ရှိနေသေးလို့ပဲ
စည်းကမ်းတကျရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ လွတ်လပ်မှုကိုခြိမ်းခြောက်တယ် စည်းမရှိကမ်းမရှိ လက်နက်ကိုင်တပ်ဖွဲ့ဟာ လုံခြုံမှုကိုခြိမ်းခြောက်တယ် ဒီအရေးအဖွဲ့သည်လည်းပဲ ယုတ္တိကွင်းဆက်က မလွတ်လှဘူး
ဒါကြောင့် ငါ ကဒါဖီကို နားချတယ် မင်းတယောက်တည်း လက်နက်ရှိရင် အာဏာရှင်ပေါ့ နှစ်ဘက်စလုံး လက်နက်ရှိရင်တော့ ပြည်တွင်းစစ်ပဲလို့ သူကော ဟို ဘွဲ့ယူစာတမ်းဝယ်တင်တယ် ဆိုတဲ့ သူ့သား LSE က ပီအိပ်ခ်ျဒီ ဆိုတဲ့ကောင်ကော နားမ၀င်ကြဘူး နောက်တော့ ပိုးစိုးပက်စက်ပဲ ဒီလိုဆိုတော့ ယုတ္တိတန်တာကတန်တာပဲ လက်ခံတာကနောက်ထပ်ကိစ္စတခုပဲ လို့ပြောရမယ်
စောစောက နှုတ်ခမ်းနီဆိုးဆေးအတောင့်လိုက် ရေမွှေးပုလင်းတွေ လက်ကိုင်အိတ်တွေ ၀ိုင်ပုလင်းတွေ ၀တ်ကောင်းစားလှတွေအပြည့်ရှိတဲ့ ကုန်တိုက်ဟာ ခုတင်ပဲ ဗုံးကြဲခံလိုက်ရတယ် ကျည်ဆံတတောင့်ဟာ ဆန်၎ပြည်လောက်တန်တယ် ဆိုတော့ ဗုံးတလုံးဟာ သီလ၀ါဆိပ်ကမ်းပရောဂျက်ကြောင့် တက်သွားတဲ့ဈေးနဲ့တွက်ရင် သံလျှင်ဘက်ကလယ်သုံးဧကသာသာလောက်တန်လိမ့်မယ် လူငယ်တွေက ကုန်တိုက်ကြီးကိုနှမြောကြပြီး လယ်သမားတွေက လယ်တွေကိုနှမြောကြတယ် ဒါကျတော့ သဘာဝလည်းကျ အဓိပ္ပါယ်လည်းရှိလှတယ်။ လယ်တွေသိမ်းပြီး ကုန်တိုက်ကြီးတွေပြန်ဆောက်ပေးတယ်ဆိုရင်ကော ဘာပြောကြမလဲ ဒီမှာကော အဓိပ္ပါယ်ရှိမှုကို ရှာကြဦးမလား။
ခုတော့ လစ်ဗျားအကြောင်းဘယ်သူမှမပြောတော့ပြန်ဘူး ဆီးရီးယားကကောင်ရဲ့ နှုတ်ခမ်းမွှေးကတော့ ခုထိ သပ်သပ်ရပ်ရပ်ရှိနေတုန်းပါလား ဒီနေရာကျတော့ ထုတ်လုပ်သူကမရည်ရွယ်ဘူးဆိုရင်တောင် စားသုံးသူမှာက အီရတ်နဲ့ သမိုင်းကြောင်းမပါတဲ့ အဆက်အစပ်ကို နှုတ်ခမ်းမွှေးဆိုတဲ့ သဲလွန်စနဲ့ သူ့ဘာသူရှာသွားနိုင်တာမျိုး။
အဖြစ်ကနှေးတယ် အပျက်ကမြန်တယ် လူတိုင်းသိတယ်ဆိုပေမယ့် လူဆိုတာထင်ရာလုပ်ကြတာကိုး ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလို စစ်ဆိုတာကတော့ပြီးသွားတာပါပဲ ကျန်နေခဲ့တာတွေကသာကြာတယ် မျိုးဆက်နဲ့ချီပြီးကြာအောင်တာသွားတာမျိုးတွေရှိခဲ့တယ် အနှေးနဲ့အမြန်ဟာ နှိုင်းရတရားပဲ အနှေးနဲ့အမြန်မှာ သူ့ချည်းသက်သက်တော့ အဓိပ္ပါယ်မရှိဘူး ဆိုလိုတာက နှိုင်းရတရားမှာ အဓိပ္ပါယ်မရှိဘူးဆိုတဲ့ ကောက်ချက်ကို ရောက်ရှိစေတယ် ဒါပေမယ့်အိုင်စတိုင်းဟာကမ္ဘာကျော်ပဲ။ ဒါပေမယ့် စစ်ကျတော့ သူ့ချည်းသက်သက်ကို အဓိပ္ပါယ်ရှိပြန်တယ်
ငါတို့မျိုးဆက်ဟာ ပြည်တွင်းစစ်တခုကိုအမွေရခဲ့တယ် အာဏာရှင်ခေတ်တခေတ်ကို အမွေရခဲ့တယ် တို့ဘိုးဘွားအမွေအနှစ်ဆိုတော့လည်း နှစ်များစွာအမြတ်တနိုး ထိမ်းသိမ်းခဲ့ကြတယ် လူ့အဖြစ်နဲ့ တိရိစ္ဆာန်စိတ်ပဲ ထစ်ကနဲဆို ကိုက်လိုက်ဖို့ တိုက်လိုက်ဖို့ပဲ။ ငါတို့နောက်မျိုးဆက်ဟာ (တရားမျှတမှုကို လှီးထုတ်ထားရတယ် ဆိုဦးတော့) အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီဆိုလား ဘာလား အဲဒီလိုဆန်ဆန်မျိုးကို အမွေရကောင်းရဖို့ရှိနေတယ်။ လိုအပ်မှန်းမသေချာပဲ မျိုးဆက်နှစ်ခုကို ယှဉ်ဖော်ပြမိသလိုဖြစ်ခဲ့ရတယ် ပြဿနာလို့ထင်ရတာက မျိုးဆက်တခုရဲ့ အဓိပ္ပါယ်ဟာ နောက်မျိုးဆက်မှာ နောက်ထပ်အဓိပ္ပါယ်တခုဖြစ်ကောင်းဖြစ် သွားနိုင်တယ် ဆိုတာပဲ ငြိမ်းချမ်းရေးကိုနောက်မျိုးဆက်က ဘယ်လိုမြင်မလဲဆိုတာ အခုပြောလို့မရသေးဘူး အဓိပ္ပါယ်ဟာမငြိမ်သေးဘူး၊ သူကခင်ဗျားကိုစောင့်နေတယ် ခင်ဗျားဘာလုပ်မလဲဆိုတာ အဓိပ္ပါယ်ရဲ့တစိတ်တပိုင်း သို့မဟုတ် ခင်ဗျားဟာအဓိပ္ပါယ်ရဲ့အစိတ်အပိုင်းတခုဖြစ်တယ်။
မီးဆိုင်းကြီးတွေငြိမ်းသွားတော့ ခန့်ညားမှုဟာမှောင်သွားတယ် ၀ါယာကြိုးတွေရှိသေးရဲ့လား ဘယ်သူကရူးရူးနှမ်းနှမ်း တွေးနေမှာလဲ။ ခလုတ်ကိုကိုင်တဲ့လက်ဟာ ဖဲကြိုးစကိုလည်းဖြတ်တယ်။ ဒီမှာကျတော့ အဓိပ္ပါယ်ဟာ သူ့ချည်းသက်သက်မရပ်တည်နိုင်ဘူးဆိုတာပဲ။ ဘာမှမဆိုင်ဘူးထင်ရင်သူ့ချည်းသက်သက်မရပ်တည်နိုင်လို့ပေါ့၊ အဓိပ္ပါယ်တခုတည်းဟာ အဓိပ္ပါယ်မရှိဘူး။ အခြားဆက်စပ်နေတဲ့ ဆင်ခြင်မှုနဲ့ဆက်နေတဲ့ …………..
ကေဇက်ကေ

Sunday, July 22, 2012

ဇွန် ဇူလိုင်မှာကွယ် မိုးဖွဲလေးများကျတော့


ပြည်ထဲရေးနှင့် ၀မ်းရေးကြောင့် မျက်မှောင်သောစိတ်မရှည်မှုကျူံ့လျှက် ထင်မြင်မှု တွေးတောတိမ်မျှင်အား ရေစက်အနည်းငယ်တောက် ပုဝါပါးစဖြင့် ကြက်သားနှင့်အသီးအရွက်များပေါ် အုပ်မိုးပြီး အနာဂတ်ကို ကဗျာစပ်ဆို လန်းဆန်းစေသည်

မသေချာအောင်တမျိုးတည်းမတွေးခေါ်မိအောင်နေ့စဉ်လူနေမှုဘ၀ကိုအခြားအမြင်တမျိုးဖြင့်မွမ်းမံခြင်း

သောက်ရေအိုးအဖုံးပွင့်နေပြီး စာသားသည်အခြားအဓိပ္ပါယ်တမျိုးဖြင့် တပေါက်ပေါက် အပေါ်သို့ယိုစိမ့်ကျနေသည်

ဇွန် ဇူလိုင် မိုးရိပ်အောက်တွင်နေရောင်ခြည်မှာ အပေါ်သွေးအနည်းငယ် အောက်သွေးအတန်ကျနေသည်
သူ့ချစ်မိတ်ဆွေ တို့မြန်မာနိုင်ငံကိုလက်ဆောင်ပါးတဲ့ ဒူးအထိတက်ပန်ရသော ပုလဲမိုးပန်းများ ခေါက်ထီးများပွင့်လိုက်ပိတ်လိုက် မော်တော်ကားများရပ်လိုက်မောင်းလိုက် အ၀တ်လှမ်းတုတ်တန်းများ ၀င်လိုက်ထွက်လိုက် စိုလိုက်ခြောက်လိုက်

အရင်လို မဟာဗန္ဓုလပန်းခြံထဲကျားပွဲကြည့် တယောက်တည်းပြေးပြီးချော်လဲသွားတဲ့ ဆိုရှယ်လစ်ဝါးလုံးခေါင်းထဲလသာ  အနော်ရထာလမ်းပေါ်ပျက်နေသောမီးခြစ်အကောင်းစားများနဲ့ နေပြည်တော်မှာ သံခေါင်းစွပ်မင်းသားကားကြည့်ရတာပဲကောင်းမလား 

သစ်ရွက်စိမ်းများအုပ်မိုးနေသဖြင့် နှင်းဆီနီကိုမမြင်ရ  နှင်းဆီနီကိုမြင်ရပြန်လျှင်လည်း ဆူးကိုမမြင်ရချေ 

လိမ္မော်ရောင်တနင်္ဂနွေတွင်အကောင်းမြင်ဝါဒနှင့်အေးစက်စက် မြန်မာစီဘီယာ
ကားဝိုက်ဘာသည် မူးနောက်နေအောင် လူးလာကူးခတ်ရှိချေသည်။ မီးပွိုင့်တွင်အရောင်သုံးရောင်အစား  အနက်ရောင်လင်းရာ လူလူချင်းစိတ်ကူးဖြင့် ဆက်သွယ်ပြီး နှင်းဆီနက်ကိုဖြေရှင်းကြရသည်။ 

မီးစက်များ ချွေးတလုံးလုံး ထွက်အောင် ကန်တော်မင်ကျောင်းဆရာတော်၏ အင်းယားချောင်းကန်များ ကို မဆုံးတမ်းတူးဖော်နေကြဆဲဖြစ်သည် 

ဒုတိယကမ္ဘာစစ်နောက်ပိုင်းလူသား၏မိုက်မဲမှုကိုလှေကြီးထိုး ရိုးရိုးစစ်ချည်းသက်သက်ဖြင့် ဖော်ပြခြင်းငှာမဖြစ်နိုင်တော့

ခဲတံ မိုးဆမ်းပန်းစာအုပ်အရောင်းဆိုင် ခဲဖျက် နေ့ပြန်တိုး ကော်ပြားဖြင့် အသင့်ပြုလုပ်ထားသော မြန်မာပြည်မြေပုံ ခြံစည်းရိုးတွေခတ်ပြီး ထုံးသုတ်ခဲ့ရသောအိမ်စာများ

ကရင်ပြည်နယ် မွန်ပြည်နယ်  တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။ နောက်နှစ်ရက်အဖို့ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တွင် နေရာကွက်ကျား  စစ်တွေ ဘူးသီးတောင် မောင်းတော နှင့် ရခိုင်ကမ်းရိုးတန်း တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး 

ခိုးဆောက်ခံရသောရေကာတာများ  လွှတ်တော်ပြင်ပငြိမ်းချမ်းရေးဆွေးနွေးပွဲများ လွှတ်တော်တွင်းစီးရီးအေလုပ်ပွဲများ မြန့်မာ့ရိုးရာရုပ်သေးအနုပညာပြန်လည်ဆန်းသစ်ခြင်း စိုက်ပျိုးချိန်ဆိုပြန်လျှင်ဝင်းမှည့်ရွှေရည်ဥခဲ့သော စံပါးရွှေဝါမြေယာသိမ်းပွဲများ အမတော်ကြေးများ အဘတော်ကြေးများ
ငိုအားထက်ရယ်အားသန် အခုမှ ယုယ သူက တဒုက္ခ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးများ

ရုပ်ရှင်မကြည့်မီ နိုင်ငံတော်အလံသစ်နှင့်
ကျဆုံးခဲ့လေပြီးသောအာဇာနည်စိတ်ဓါတ်များအား အလေးပြု
အဖြစ်အပျက်များ အတွေးအခေါ်များ နေမြဲ

KZကေ
ရန်ကုန် ဇွန် ဇူလိုင် ၂၀၁၂

Friday, June 8, 2012

ပူအိုက်သော ကာပီတယ် မေလ


ဓါတ်ပြားဟောင်းကြီး ပန်းနာရင်ကျပ် ရောဂါသည်လူအိုကြီးပမာ
ဒီရက်တွေထဲ မီးဟာတဟွတ်ဟွတ်နဲ့
ဒီခေတ်ထဲမှာတော့ ရေခဲသေတ္တာတို့ လေအေးပေးစက်တို့ကို ဇိမ်ခံပစ္စည်းလို့ခေါ်လို့မသင့်တော့ဘူးထင်ရတာပဲ
ဘယ်တတ်နိုင်မလဲ ကံ ဥတု စိတ် အဟာရ လို့ဆိုကြတာကိုး အသက်ကြီးလာလျှင် မိမိကိုယ်ကိုပိုမို ဂရုစိုက်ရန်လိုအပ်ပေသည်
အလုပ်ကတော့လူတိုင်းများတယ် အကိုက်အခဲပျောက်ဆေးများ လေးနာရီခြားတခါဆိုတာမျိုးတချို့ရက်တွေမှာ
ဒီလိုပေါ့ဗျာ အပူကိုခံနိုင်သလောက်ကိုယ့်အရင်းနဲ့ကိုယ်တိုးကြတော့ အားလုံးပူကြတာချည်းပဲ တခုပဲ
သူ့မီးကို ကိုယ်က ဗာကျူရယ်ရီရယ်လတီဆိုတာမျိုး စာနာကြည့်တာဖြစ်ပြီး ကိုယ့်မီးကတော့ တကယ်ပူနေတာဖြစ်တယ်
လူ့ဘ၀ဆိုတာ မနေ့ကအတိုင်း ဒီကနေ့ထပ်လုပ်ဖို့ပဲ
ဒီနေ့လုပ်ရင်ဒီနေ့စားရမယ် နောက်နေ့လုပ်ရင်နောက်နေ့စားရမယ်
ဒီအယူအဆလက်တွေ့ကျတယ် ဆိုသော်လည်း
ဓါတ်ကြီးလေးပါးနဲ့သတ္တုတွင်း၊ စားဝတ်နေရေးနဲ့ အထည်ချုပ်အလုပ်ရုံ၊ အဆက်အစပ်ရှိတယ်
အစစ်တွေက နှစ်ခုမရှိတော့ အတုလိုလာတာပေါ့ ဒီတော့ ဆံပင်အတုရှိတယ်  ဆံပင်အတုစက်ရုံရှိတယ်
မပြေလည်ကြဖူး အလုပ်သမားတွေ စက်ရုံထဲကမပြန်ကြဘူး လေအေးပေးစက်မရှိဘူးဆိုတယ် ကိုယ်ကာယချည်းသက်သက်ပူတာဘာဆန်းလဲ သူတို့ဘ၀မှာ
တာဝန်ရှိသူတွေဟာ အခြားတာဝန်တွေနဲ့ အလုပ်များနေကြပုံရတယ်
မအံ့သြတော့ပါဘူး။ အံ့သြကျကြေးဆို ငယ်ငယ်ရွယ်ရွယ် နဲ့ အံ့သြရင်း အသက်ထွက်ခဲ့ဖို့သာရှိတယ်
ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ သားမြေးတွေဟာ ဘုရင့်နောင်တံတား ကိုဖြတ်ပြီး ဘုရင့်နောင်ပွဲရုံတွေဆီကို ကျိုးကျိုးနွံနွံ နဲ့သွားကြတယ်။ တယောက်ကို စက်ဘီးတစီးစီနဲ့ ထမင့်ချိုင့်တလုံးစီ ကိုင်ဆောင်သွားကြတယ်။ နဲနဲနောနောပိုင်ဆိုင်မှုလား၊ နှောင်ကြိုးအပြင် စက်ဘီးနဲ့ထမင်းချိုင့်။ သူရဲကောင်းခေတ် ကုန်သွားပြီ၊ ဆေးပြင်းလိပ်ခေတ်ကုန်သွားပြီ ချေဂွေဗားရားဆိုတာ နားကပ်တဘက်နဲ့ချာတိတ် ဖက်ရှင်ဖြစ်အောင်ဝတ်တဲ့တီရှပ်ပေါ်မှာပဲရှိတော့တယ်။ ဘာဖောင်မှဖျက်စရာမလိုဘူး။ လူမှန်ရင်တွယ်ညိစရာရှိကြတာချည်းပဲ။
ဒါဟာ လူ့ဘ၀ပဲ။ ဒါဟာ ကုန်ထုတ်စွမ်းအားစုပဲ။ လူဟာ ဘောဂဗဒရှုထောင့်ကကြည့်ရင် ဘာသာရပ်သုံးစကားလုံးတခုပဲ ဒါဟာ နောက်ဆုံးတော့ ဒါပဲ။
မင်းဓမ္မ လမ်းမှာ ကားပြပွဲရှိတယ် ခင်ဗျားဟာလူအိုကြီး ၆၀ခုနှစ်နှောင်းပိုင်း ပို့စ်မော်ဒန်ခေတ်ဦးရဲ့သုံးမရတဲ့ထုတ်ကုန်ပဲ
ဟိုက်ဘရစ်မသိတဲ့ ခေတ်မမှီမှု၊ စီအင်ဂျီမသိတဲ့ စရိတ်ကြီးမြင့်မှုနဲ့ ဆိပ်ကမ်းမှာကိုပုံမထားသင့်တဲ့ သံရေကျိုချက်စက်ပဲ။ ၂၀၀၇ နောက်ပိုင်းမော်ဒယ်တွေသာ ဒီအတိုင်း ပါမစ်မလိုဘူး
ခုခေတ်ကပညာတတ်ဖို့လိုတယ် အနဲဆုံးကျွှန်ပညာရေးလောက်တော့လိုတယ် ဒီကပညာရေးကတော့ ကျွှန်ကိုခံလို့ကို မလွယ်တော့တာလို့ကျောင်းသားမိဘတဦးက ကာပူချီနိုသောက်ရင်း ဆိုတယ်။ အံမယ် အထင်မသေးနဲ့ ရန်ကုန်မှာ အိတ်ခ်ျအိုင်ဗီ ကအစ ဆန္ဒထုတ်ဖော်မှု အကြမ်းဖက်တုန့်ပြန်မှု နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအလည် နိဗ္ဗါန်ရောက်ကြောင်းတရား အဆုံး အားလုံးရတယ်။ စီဘီယာလို မလွယ်တာက ပိုက်ဆံတခုပဲ။ ငွေတွင်းကတော့ နက်တယ်။ အင်း ခြောက်လက်မလောက်နက်တယ် ဆိုတဲ့ ဟာသမျိုးကို ပြည်လမ်းမဘေးပလက်ဖောင်းပေါ်မှာ နေ့ခင်းကြောင်တောင် ကားဖြတ်သွားရင်းတွေ့နိုင်တယ်။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ကြပြီလဲ
ဆေးစာရွက်ကို ဘုရားစင်နားမှာချထားမိတယ် သတိတွေအရင်လို မကောင်းတော့ဘူး 4G မင်မိုရီတချောင်းလောက်ဝယ်စိုက်လိုက်ရင်ကောင်းမလားပဲ ကွန်နက်ရှင်ကလည်းသိပ်မကောင်းဘူးမဟုတ်လား အဝေးကဝေနေယျတွေ နေထိုင်ကောင်းကြရင်ပြီးတာပါပဲ  ခေတ်ကြီးပြောင်းတော့မှာပါ
မေဒေးနေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အလုပ်ဆင်းပါက မသေရုံတမယ် လုပ်ခနှစ်ဆကျော်ရမည်
ကာပီတယ်လစ်ဇမ်တွင် အရင်းမရှိပါက အလုပ်သမားမရှိ ထို့ကြောင့်အမြတ်ကိုအရင်သေချာစေပြီးမှ လုပ်ခအကြောင်းပြောရမည်သာဖြစ်သည်
မေလတွင် ရွှေဘမရှိ
တံတားပေါ်တွင် သခင်ဘသောင်းတို့ခေတ်က နဂါးနီမော်တော်ကားများနှင့် ၂၁ရာစု၏ လိင်တူလက်ထပ်ခွင့် ရထားသော မော်တော်ကားများ၊ အိပဲ့အိပဲ့ ငှက်သဗ္ဗာန်ခတ်သွားတယ်။
ရန်ကုန်မြစ်သည် အဝေးတနေရာတွင် မှောင်ရီစွာ စီးဆင်းနေဆဲဖြစ်ပေလိမ့်မည်
လှိုင်သာယာမှာ ပျော်ပါနေခြည် အချစ်နဲ့ဘ၀ဟာ တကယ်တော့တခြားစီ…………။

KZကေ
ရန်ကုန်။ မေ ၂၀၁၂

Monday, April 9, 2012

ကွန်မြူနစ်ကြေညာစာတမ်း၊ ဘာလင်တံတိုင်း နှင့် တတိယလှိုင်း

ဇယားတွင် မာ့က်စ်ကို အဓိက နှစ်ပိုင်းခွဲသည်။ Revolutionary Marxism နှင့် Western Marxism ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ တော်လှန်သောမာ့က်စ်ဝါဒ (RM, Revolutionary Marxism) ကိုသာတလျှောက်လုံးယူခဲ့ သိခဲ့ကြသည်။ ထိုအပိုင်းတွင် မာ့က်စ်၊ လီနင်၊ (ထရော့စကီ လည်းပါမည်) နှင့် မော်တို့အတွဲကိုထဲ့နိုင်သည်။ ကွန်မြူနစ်ကြေညာစာတမ်းသည် RM ထဲတွင် အကျူံးဝင်သည်။

အနောက်မာ့က်စ် ၀ါဒ (WM, Western Marxism) ဆိုသည့် အသုံး ကို စစ်ပြီးခေတ်မှာ မာလိုးပွန်တီ Merleau-Ponty ကစသုံးခဲ့သည်။ သူသည် ပြင်သစ် မာ့က်စ်ဝါဒီတဦး ဖြစ်ပြီး ဆာ့တ်၊ ဒီဗိုးဗွားတို့နှင့် ရင်းနှီးသူတဦးဖြစ်သည်။ အနောက်မာ့စ်ဝါဒသည် လီနင်ဝါဒ နှင့် ဒုတိယအင်တာနေရှင်နယ် (Second International 1889 – 1916) ၏ ဆှိုရှယ်ဒီမိုကရေစီ သီအိုရီပိုင်းသည် စစ်ပြီးခေတ်ကမ္ဘာကို သုံးသပ်နိုင်စွမ်း မရှိတော့ဟု ယူဆရင်းပေါ်ထွက်လာ ခဲ့သည်။ မာ့က်စ် ကိုနောက်ပိုင်း ဖွံ့ဖြိုး လာသည့် စိတ်သရုပ်ခွဲပညာ (Psychoanalysis) နှင့် ဖြစ်တည်မှုပဓါန ၀ါဒ (Existentialism) တို့နှင့် ပေါင်းစပ်ဖို့ ကြိုးစားခဲ့သည်။

WM ၏အစကို Gorge Lukacs နှင့် Antoio Gramsci တို့အထိရှေ့တိုးပြီးကြည့်နိုင်သော်လည်း အဓိကကျသည့် ကြေညာချက်နှင့် အယူအဆများမှာ ဂျာမာန် ဖရင့်ဖတ်ကျောင်းနှင့် ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ် ဖြစ်တည်မှု မာ့က်စ်ဝါဒီများ ကပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ မာ့က်စ်၏ ဒိုင်ယာလက်တစ်သည် နောက်ပိုင်းပြဿနာများအတွက် မလုံလောက်တော့သဖြင့် သူယူခဲ့သည့် ဟေဂယ် နောက်ကို ခြေရာခံလိုက်ကြည့်ခဲ့ကြသည်။

အတိအကျပြောရလျှင် ဖရင့်ဖတ်မှ ရှေ့ပိုင်း အာဒိုးနိုး၊ ဟော့ကိုင်းမား နှင့် မားကုစ်။ နောက်ပိုင်း ဟာဘားမားတို့ကို နီယိုမာ့က်စ်ဝါဒီတွေဟု ကံသေကံမ မပြောနိုင်တော့ပါ။ မာ့က်စ်၏ အခြေခံအယူအဆများဖြစ်သည့် ကုန်ထုတ် စွမ်းအားစု (Mode of Production)၊ အခြေခံနှင့်အပေါ်ထပ်အဆောက်အဦ (Base and Superstructure)၊ တော်လှန်ရေး၏အဓိကမောင်းနှင်အားအဖြစ်အလုပ်သမားလူတန်းစား စသည် တို့ကို သူတို့ကပြန်လည် ပြင်ဆင် လက်ခံထားခဲ့ကြပြီး လူတန်းစား ပဋိပက္ခ (Class Struggle) ကိုထဲ့သွင်းမစဉ်းစား ကြတော့ပါ။

ပြင်သစ် ၁၉၆၈ မေလ အရေးအခင်း ဖြစ်သည့်အချိန်၊ မြန်မာမော်ဒန်ခေတ်ဦး (၁၉၇၀ အစောပိုင်း) ကာလများ ကတည်းကပင် အနောက်တွင်အယူအဆပိုင်းအရ RM သည်အားနဲခဲ့ပြီးဖြစ်သည်။ ၁၉၈၉ ဘာလင်တံတိုင်း အပြိုတွင် တကမ္ဘာလုံးအတိုင်းအတာနှင့်ပြောရလောက်အောင်မရှိတော့ပါ။ ၁၉၈၀ပြည့်နှစ်များ ဟန်တင်တန် ဆိုခဲ့သော တတိယဒီမိုကရေစီလှိုင်းနှင့် တန်ပြန်အာဏာရှင်လှိုင်းများ၏ နိုင်ငံရေး၊ စီးပွားရေး အကဲဖြတ်ချက် များတွင် RM ကို မည်သူမျှမကိုးကားကြတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ဆိုခဲ့ပါအာဏာရှင် တော်လှန်ရေး များအားလုံးသည် မာ့က်စ်အိုင်ဒီယိုလိုဂျီကိုမှီပြီးပေါ်ခဲ့ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဆိုဗီယက် အကွဲနှင့် အရှေ့ဥရောပ အားလုံးကွန်မြူနစ် အာဏာရှင်စံနစ်တခုကိုပင်တခန်းရပ်စေခဲ့သည်။ ကွန်မြူနစ်ကြေညာ စာတမ်းသည် လည်းကောင်း တော်လှန်သော မာ့က်စ်ဝါဒသည်လည်ကောင်း ထိုကတည်းက ဇတ်သိမ်း ခဲ့ပြီး ဖြစ်သည်။

ပို့စ်မော်ဒန် နှင့်ဆက်စပ်ပြီး WM ကိုခြေရာခံစရာများရှိနေနိုင်ပါသေးသည်။ သို့သော် အစဉ်အလာ မာ့က်စ်ဝါဒီ များနှင့် လမ်းခွဲခဲ့သော WM နှင့် ဖရင့်ဖတ်ဂိုဏ်းသားများကိုပင် ၁၉၆၈ မေလ ပြင်သစ်ကျောင်းသား အရေးအခင်း တွင်ပါဝင် ခဲ့ကြသောဖူးကိုးတို့ ကနောက်ပိုင်းတွင် လက်မခံကြတော့။ ဒီအကြောင်းကို FV စာတမ်းနှင့် မပတ်သက် သဖြင့် အကျယ်မသွားတော့ပါ။

ကိုးကား

Introducing Critical Theory, a graphic guide by Stuart Sim and Borin Van Loon, 2001

Foucault, Marxism and History by Mark Poster 1984

ဖရင့်ဖတ်ကျောင်းတော်တွင်မြစ်ဖျားခံခဲ့သောခေတ်ပြိုင်နိုင်ငံရေးအတွေးအခေါ်များ။ ကျော်ဇောခိုင် စံပယ်ဖြူ ၂၀၁၀