Monday, April 9, 2012

ကွန်မြူနစ်ကြေညာစာတမ်း၊ ဘာလင်တံတိုင်း နှင့် တတိယလှိုင်း

ဇယားတွင် မာ့က်စ်ကို အဓိက နှစ်ပိုင်းခွဲသည်။ Revolutionary Marxism နှင့် Western Marxism ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ တော်လှန်သောမာ့က်စ်ဝါဒ (RM, Revolutionary Marxism) ကိုသာတလျှောက်လုံးယူခဲ့ သိခဲ့ကြသည်။ ထိုအပိုင်းတွင် မာ့က်စ်၊ လီနင်၊ (ထရော့စကီ လည်းပါမည်) နှင့် မော်တို့အတွဲကိုထဲ့နိုင်သည်။ ကွန်မြူနစ်ကြေညာစာတမ်းသည် RM ထဲတွင် အကျူံးဝင်သည်။

အနောက်မာ့က်စ် ၀ါဒ (WM, Western Marxism) ဆိုသည့် အသုံး ကို စစ်ပြီးခေတ်မှာ မာလိုးပွန်တီ Merleau-Ponty ကစသုံးခဲ့သည်။ သူသည် ပြင်သစ် မာ့က်စ်ဝါဒီတဦး ဖြစ်ပြီး ဆာ့တ်၊ ဒီဗိုးဗွားတို့နှင့် ရင်းနှီးသူတဦးဖြစ်သည်။ အနောက်မာ့စ်ဝါဒသည် လီနင်ဝါဒ နှင့် ဒုတိယအင်တာနေရှင်နယ် (Second International 1889 – 1916) ၏ ဆှိုရှယ်ဒီမိုကရေစီ သီအိုရီပိုင်းသည် စစ်ပြီးခေတ်ကမ္ဘာကို သုံးသပ်နိုင်စွမ်း မရှိတော့ဟု ယူဆရင်းပေါ်ထွက်လာ ခဲ့သည်။ မာ့က်စ် ကိုနောက်ပိုင်း ဖွံ့ဖြိုး လာသည့် စိတ်သရုပ်ခွဲပညာ (Psychoanalysis) နှင့် ဖြစ်တည်မှုပဓါန ၀ါဒ (Existentialism) တို့နှင့် ပေါင်းစပ်ဖို့ ကြိုးစားခဲ့သည်။

WM ၏အစကို Gorge Lukacs နှင့် Antoio Gramsci တို့အထိရှေ့တိုးပြီးကြည့်နိုင်သော်လည်း အဓိကကျသည့် ကြေညာချက်နှင့် အယူအဆများမှာ ဂျာမာန် ဖရင့်ဖတ်ကျောင်းနှင့် ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ် ဖြစ်တည်မှု မာ့က်စ်ဝါဒီများ ကပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ မာ့က်စ်၏ ဒိုင်ယာလက်တစ်သည် နောက်ပိုင်းပြဿနာများအတွက် မလုံလောက်တော့သဖြင့် သူယူခဲ့သည့် ဟေဂယ် နောက်ကို ခြေရာခံလိုက်ကြည့်ခဲ့ကြသည်။

အတိအကျပြောရလျှင် ဖရင့်ဖတ်မှ ရှေ့ပိုင်း အာဒိုးနိုး၊ ဟော့ကိုင်းမား နှင့် မားကုစ်။ နောက်ပိုင်း ဟာဘားမားတို့ကို နီယိုမာ့က်စ်ဝါဒီတွေဟု ကံသေကံမ မပြောနိုင်တော့ပါ။ မာ့က်စ်၏ အခြေခံအယူအဆများဖြစ်သည့် ကုန်ထုတ် စွမ်းအားစု (Mode of Production)၊ အခြေခံနှင့်အပေါ်ထပ်အဆောက်အဦ (Base and Superstructure)၊ တော်လှန်ရေး၏အဓိကမောင်းနှင်အားအဖြစ်အလုပ်သမားလူတန်းစား စသည် တို့ကို သူတို့ကပြန်လည် ပြင်ဆင် လက်ခံထားခဲ့ကြပြီး လူတန်းစား ပဋိပက္ခ (Class Struggle) ကိုထဲ့သွင်းမစဉ်းစား ကြတော့ပါ။

ပြင်သစ် ၁၉၆၈ မေလ အရေးအခင်း ဖြစ်သည့်အချိန်၊ မြန်မာမော်ဒန်ခေတ်ဦး (၁၉၇၀ အစောပိုင်း) ကာလများ ကတည်းကပင် အနောက်တွင်အယူအဆပိုင်းအရ RM သည်အားနဲခဲ့ပြီးဖြစ်သည်။ ၁၉၈၉ ဘာလင်တံတိုင်း အပြိုတွင် တကမ္ဘာလုံးအတိုင်းအတာနှင့်ပြောရလောက်အောင်မရှိတော့ပါ။ ၁၉၈၀ပြည့်နှစ်များ ဟန်တင်တန် ဆိုခဲ့သော တတိယဒီမိုကရေစီလှိုင်းနှင့် တန်ပြန်အာဏာရှင်လှိုင်းများ၏ နိုင်ငံရေး၊ စီးပွားရေး အကဲဖြတ်ချက် များတွင် RM ကို မည်သူမျှမကိုးကားကြတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ဆိုခဲ့ပါအာဏာရှင် တော်လှန်ရေး များအားလုံးသည် မာ့က်စ်အိုင်ဒီယိုလိုဂျီကိုမှီပြီးပေါ်ခဲ့ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဆိုဗီယက် အကွဲနှင့် အရှေ့ဥရောပ အားလုံးကွန်မြူနစ် အာဏာရှင်စံနစ်တခုကိုပင်တခန်းရပ်စေခဲ့သည်။ ကွန်မြူနစ်ကြေညာ စာတမ်းသည် လည်းကောင်း တော်လှန်သော မာ့က်စ်ဝါဒသည်လည်ကောင်း ထိုကတည်းက ဇတ်သိမ်း ခဲ့ပြီး ဖြစ်သည်။

ပို့စ်မော်ဒန် နှင့်ဆက်စပ်ပြီး WM ကိုခြေရာခံစရာများရှိနေနိုင်ပါသေးသည်။ သို့သော် အစဉ်အလာ မာ့က်စ်ဝါဒီ များနှင့် လမ်းခွဲခဲ့သော WM နှင့် ဖရင့်ဖတ်ဂိုဏ်းသားများကိုပင် ၁၉၆၈ မေလ ပြင်သစ်ကျောင်းသား အရေးအခင်း တွင်ပါဝင် ခဲ့ကြသောဖူးကိုးတို့ ကနောက်ပိုင်းတွင် လက်မခံကြတော့။ ဒီအကြောင်းကို FV စာတမ်းနှင့် မပတ်သက် သဖြင့် အကျယ်မသွားတော့ပါ။

ကိုးကား

Introducing Critical Theory, a graphic guide by Stuart Sim and Borin Van Loon, 2001

Foucault, Marxism and History by Mark Poster 1984

ဖရင့်ဖတ်ကျောင်းတော်တွင်မြစ်ဖျားခံခဲ့သောခေတ်ပြိုင်နိုင်ငံရေးအတွေးအခေါ်များ။ ကျော်ဇောခိုင် စံပယ်ဖြူ ၂၀၁၀


3 comments:

  1. အနောက်က FV (Free Verse) နှင့် မြန်မာ ခေတ်ပေါ်ကဗျာဖြစ်ထွန်းမှုကို စာတမ်းသဖွယ် ပြုစုရေးသားနေသော မိတ်ဆွေတဦးက ကွန်မြူနစ်ကြေညာစာတမ်းနှင့် ယနေ့ခေတ်အဆက်အစပ်ကို နဲနဲလောက်ရေးပေးပါဟုဆိုလာသဖြင့် လွန်ခဲ့သော သုံး လေးလခန့်က ရေးခဲ့တာလေးကို ဘလော့ပြန်ရေးရန် စိတ်ကူးဖြင့် ပြန်အစပျိုးဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

    ReplyDelete
  2. တတိယ အင်တာနေရှယ်နယ်နဲ့ ဝေါစတွီး လှုပ်ရှားမှုအကြောင်းတွေလည်း ရေးပါအုံး ...

    ReplyDelete
  3. ရေးတာပေါ့ကိုအောင်
    ကျနော့်မှာတခြားအာရုံကျနေတာလေးတွေလည်းရှိနေသေးတယ်။

    ReplyDelete