Sunday, November 13, 2011

ပြန်လည်ပြင်ဆင်ရေးလမ်းကြောင်း (သို့) တိန့်ရှောင်ဖိန်၏ တောင်ပိုင်းတခွင်လှည့်လည်စဉ်

၈၉ ဂျွန်။ တိန့်ရင်မင်အရေးအခင်းနဲ့ပါတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်းမှာ အယူအဆတွေ ကွဲသွားတယ်။ တိန့်ရှောင်ဖိန်ကိုယ်တိုင် ပြီးခဲ့တဲ့သုံးနှစ်က တင်ထားတဲ့ ပါတီအတွင်းရေးမှူး ကျောက်ကျိယန်ကို အကိုင်အတွယ် ညင်သာတယ်ဆိုပြီးပထုတ်၊ အိမ်ချုပ်ချ။ ပြီးတော့ ရှန်ဟိုင်းပါတီအတွင်းရေးမှူး ကျန်ဇီမင်းကို ခေါင်းဆောင် တင်လိုက်ကြတယ်။

ကျန်ဇီမင်းရင်ဆိုင်ခဲ့ရတဲ့အဲဒီအချိန်ဟာ တရုတ်ပြည်သမိုင်းမှာရှုတ်ထွေးမှုအများဆုံးအချိန်တွေ ထဲက တခုပါပဲ။ တရုတ်ဟာ အထီးကျန်ဖြစ်နေတဲ့အချိန်၊ နိုင်ငံခြားတိုင်းပြည်တွေကကုန်သွယ်ရေးပိတ်ဆို့မှုလုပ်ခံထားရ တဲ့အချိန်၊ ပြည်တွင်းမှာ အရေးအခင်းကြီးပြီးလို့အထွေထွေမငြိမ်မသက်ဖြစ်နေတဲ့အချိန်ပါ။ တကမ္ဘာလုံးမှာ မြောက်ကိုရီးယား၊ ကျူးဘားနဲ့ ဗီယက်နမ်ကလွဲလို့ ကွန်မြူနစ်စံနစ်ဆိုတာ ဇတ်ခေါင်းကွဲနေတယ်။ တရုတ်ဆန္ဒပြခေါင်းဆောင် တွေနိုင်ငံတွင်းကထွက်ပြေးနေရတယ်။ နိုင်ငံတကာက ဂရုဏာသက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တွေပေးတယ်။ ၈၉ မှာပဲ ဒလိုင်းလားမားနိုဗယ်ရတော့ တိဘက် အရေးအခင်းကို ပြင်ပကပိုပြီး အာရုံကျလာတဲ့အချိန်၊ Xinjiang မှာလည်းမွတ်ဆလင်တွေက လူနဲစုအရေး သွေးတိုးစမ်းချင်တဲ့အချိန်ပါ။

အဲသည်လိုအချိန်မျိုးမှာ ဘယ်လိုခေါင်းစဉ်တပ်ပြီး နိုင်ငံတည်ငြိမ်ရေးကိုလုပ်ရမလဲ။ ပြန်လည်ပြင်ဆင်ရေးလုပ်ဖို့ရာအတွက် ပြည်တွင်း ရုန်းကန်မှုက ပြင်ပကပိတ်ဆို့မှုထက်ပိုပြီးစိုးရိမ်နေရတဲ့ အခါသမယမှာ ရှေးရိုးပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေကြားမှာ တိန့်ရဲ့ဆင့်ကဲပြင်ဆင်ရေးပေါ်လစီကို အပစ်တင်ကြပြီး ကျန်ဇီမင်းကို မော်အစဉ်အလာလမ်းကြောင်းကိုပြန်သွားဖို့ဖိအားပေးခံခဲ့ရတယ်။ ဒါပေမယ့် တိန့်နဲ့ကျန် တို့ရဲ့အမြင်ကတမျိုးတဘာသာပါ။ ပြန်လည်ပြင်ဆင်ရေးကိုဆက်လုပ်မှ တရုတ်နိုင်ငံရေးအဆောက်အအုံဟာ အားသစ်လောင်းခံရမယ်။ လူမှုတည်ငြိမ်ရေးရဖို့အကောင်းဆုံးအာမခံချက်ဟာ လူနေမှုအဆင့်အတန်းမြှင့်တင်ဖို့ နဲ့ ထုတ်လုပ်မှုစွမ်းအားတွေကို တိုးမြှင့်နိုင်ဖို့ပဲလို့ လက်ခံထားတယ်။

နိုင်ငံရေးကအနားယူသွားတဲ့ တိန့်ဟာ ၉၂ အစောပိုင်းကာလမှာ ရှုတ်ထွေးနေတဲ့ ဒီနိုင်ငံရေး နောက်ခံ ကားနဲ့အတူ လူလုံးပြန်ပြတယ်။ စီးပွားရေး လွတ်လပ်ခွင့်ပေးထားတာကိုဆက်ထိမ်းထားဖို့နဲ့ ကျန်ဇီမင်းရဲ့ ဦးဆောင်မှုကို ထောက်ခံမှုရဖို့ စီစစ်ရေးခရီး (inspection tour) လို့နာမည်ပေးပြီး တောင်ပိုင်းကို ခရီး ထွက်ခဲ့တယ်။ တောင်ပိုင်းမှာက ၈၀ပြည့်နှစ်တွေက ချမှတ်ထားတဲ့ စီမံကိန်း အရအထူးစီးပွားရေး ဖွံ့ဖြိုးမှုဇုံ ၂ခု (Shenzen နဲ့ Zhuhai) ရှိနေတယ်။ အသက် ၈၇နှစ်ရှိ နေတဲ့ တရုတ်အဖိုးကြီးဟာ သမီးဖြစ်သူနဲ့ အနီးကပ် ရဲဘော်တချို့ကိုအဖော်လုပ်ပြီး ရပ်တန့်နေတဲ့ ပြင်ဆင်ရေးလုပ်ငန်း တွေကိုပြန်တွန်းဖို့၊ ကျဆင်းနေတဲ့ လူထု ထောက်ခံမှုကိုဆယ်မ ဖို့ထွက်လာခဲ့တဲ့တောင်ပိုင်း ခရီးစဉ်ပါ။ ဈေးကွက်စီးပွားရေး၊ နိုင်ငံခြားမြှုပ်နှံမှု နဲ့ ပုဂ္ဂလိက အခန်းတွေကိုမြှင့်တင်ပြီး တရုတ်ကျန်အင်လက္ခဏာတွေနဲ့လိုက်ဖက်တဲ့ ဆိုရှယ်လစ်စံနစ် ကိုသွားဖို့လို့ ဆိုတယ်။

တိန့်ရှောင်ဖိန်ဟာ အဲဒီအချိန်မှာ ဘာရာထူးမှမရှိတော့ဘူး။ ဒါပေမယ့် ကျောင်းတွေ၊ စက်ရုံတွေ၊ လုပ်ငန်းတွေကို ၀င်ပြီးဆွေးနွေးတယ်။ လေ့လာတယ်။ တောင်ပိုင်းကတောသားကြီးတွေကို ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြတို့ ဘာတို့တိုက်တွန်းတယ်။ စီးပွားရေးနဲ့ အသိပညာအတတ်ပညာပိုင်းတွေပိုဖွံ့ဖြိုးတိုးတက်လာဖို့တို့ ကိုလှုံ့ဆော်ခဲ့တယ်။ နိုင်ငံပိုင်သတင်းစာတွေကပိတ်ထားတဲ့ သူ့မိန်းခွန်းတွေဟာ ဟောင်ကောင်က နေတဘက် လှည့်စီးဝင်လာတယ်။ ဒါတွေဟာ နောက်ဆယ်စုနှစ် နှစ်ခု တရုတ်နိုင်ငံရေးနဲ့ စီးပွားရေးအတွက် ကျမ်းစာတွေ ဖြစ်လာတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ အလုံးစုံမှန်ကန်ပြီး အခြေခံအကျဆုံး သဘောတရား ပဲဆိုတာ ဟာ သူ့ရဲ့ထင်ရှားတဲ့အဆိုအမိန့် တခုဖြစ်ခဲ့တယ်။

စီးပွားရေးပြင်ဆင်ပြောင်းလဲမှုတွေဟာဆိုရှယ်လစ် အစဉ်အလာကိုသစ္စာဖောက်နေတာမဟုတ်ဘူး။ ပြင်ဆင်ရေးဟာ အခြေခံတော်လှန်ရေးပဲလို့ တိန့်ကဆိုတယ်။ ပြည်သူရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကို ရဖို့ စီးပွားရေးလွတ်လပ်ခွင့်ကို နောင်နှစ်တရာဆက်လုပ်ရမယ်။ ဖွံ့ဖြိုးမှုနဲ့ ပွင့်လင်းမှုဟာတိုင်းပြည်ကို ၈၉ ပြည်တွင်းစစ် ကနေကယ်တင်ခဲ့တယ်လို့ဆိုတယ်။ သူက မော်ရဲ့ယဉ်ကျေးမှုတော်လှန်ရေးကို ပြည်တွင်းစစ်တမျိုး လို့ဝေဖန်ခဲ့သူဖြစ်တယ်။ ဒါကိုပဲ ဆက်ပြီးဝေဖန်ခဲ့တာဖြစ်တယ်။

တိန့်ရှောင်ဖိန်အတွက်ကတော့ ဈေးကွက်သဘောတရား၊ စွန့်စားလုပ်ကိုင်မှု၊ ပုဂ္ဂလိကအခန်း၊ ထုတ်လုပ်မှုနဲ့ လုပ်ငန်းရှင် တွေဟာအရေးပါမှုတွေပဲ။ အမြတ်သဘောတရားဟာ မာက့်ဝါဒကိုမဆန့်ကျင်ဖူး။ ဒါ လူ့သဘာဝကိုနားလည်တာပဲ။ အစိုးရဟာ စွန့်ထွင်လုပ်ငန်းရှင်တွေကို နှိပ်ကွပ်ရင်ပြည်သူ့ထောက်ခံမှုကို မရနိုင်ဘူး။ ဒီ့နှစ်ဆကြိုးစားကြ။ စမ်းသတ်မှုတွေကိုလုပ်ဖို့မတွန့်နဲ့။ ဘယ်သူများ စွန့်စားစရာမလိုတဲ့ ရာနှုန်းပြည့် သေချာပေါက်တွေကို လုပ်နိုင်မလဲ။ တခုခုလုပ်သင့်ပြီ ဆိုရင်လုပ်လိုက်ကြဖို့ပဲဆိုတာတွေဟာ သူ့ရဲ့ လမ်းညွှန်ချက်တွေ ဖြစ်လာတယ်။

တိန့်ဟာ အရင်းရှင်လမ်းကြောင်းကိုသွားနေပြီလို့ သူ့ကိုဝေဖန်ချက်တွေကိုပယ်ချခဲ့တယ်။ နိုင်ငံခြား မြှုပ်နှံမှုတွေကို လက်ခံရမယ်။ ဒီကနေအစိုးရကအခွန်ရမယ်။ အလုပ်သမားတွေလုပ်ခရမယ်။ နည်းပညာနဲ့စီမံ ခန့်ခွဲမှု ပညာတွေရမယ်။ သတင်းအချက်အလက်တွေပိုများလာပြီး ဈေးကွက်ကိုပိုဖွင့်ပေးလာနိုင်မယ်လို့ သူပြောခဲ့တယ်။

နောက်ဆုံးတော့ တိန့်ဟာ ပါတီတွင်းလက်ဝဲစွန်းတွေကို တိုက်ခိုက်ခဲ့တယ်။ မော် ရှိစဉ်စိုက်ပျိုးရေး အသင်းအပင်းတွေ ဖွဲ့စဉ်ကတည်းက ပါတီသမိုင်းမှာ လက်ဝဲကော လက်ယာပါသွေဖီမှုတွေရှိနေတယ်။ လက်ဝဲသွေဖီမှုကြောင့်သာ ဆိုးကျိုးတွေပိုခံစားခဲ့ရတယ်လို့သူဝေဖန်ခဲ့ဖူးတယ်။ တောင်ပိုင်းသားတွေကို အမျိုးသားရေး ဂုဏ်သိက္ခာနဲ့လှုံ့ဆော်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်နှုန်းကိုတွန်းတင်နိုင်ခဲ့တယ်။

တောင်ပိုင်းခရီးအစ ၉၂မှာ တိန့်ရှောင်ဖိန်က ကျေးလက်မှာမရှိမဖြစ်ရှိရမဲ့ ပစ္စည်းကြီးလေးမျိုး ကိုဖွင့်ဆိုခဲ့တယ်။ စက်ဘီး၊ အပ်ချုပ်စက်၊ ရေဒီယို နဲ့ လက်ပတ်နာရီ တို့ဖြစ်တယ်။ အဲဒီအချိန်ကနေ ခုနှစ် ၂၀အတွင်း တရုတ်ပြည်တိုးတက်မှုကို ခန့်မှန်းနိုင်လောက်ပါတယ်။ နှစ်အနည်းငယ်တိုင်းမှာ တရုတ်စီးပွားရေး ဟာ အဆင့်ပြီး တဆင့်မြင့်တက်လာရမယ်။ ပြည်သူတွေဟာစိတ်ထဲမှာ နိုင်ငံရေးနဲ့စီးပွားရေး အတားအဆီးတွေကသာ လွတ်ကင်းမယ်၊ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်တွေသာရှိနေမယ်ဆိုရင် အဆင့်တိုင်းမှာရှိနေမဲ့စိန်ခေါ်မှုတွေကို သူတို့ရဲ့မြင့်တက်လာတဲ့ဘ၀ နဲ့အတူ ရင်ဆိုင်နိုင်လိမ့်မယ်လို့ဆိုခဲ့တယ်။

သိပ္ပံနဲ့နည်းပညာဟာ သော့ချက်ပဲ။ ၇၀ ပြည့်နှစ်တွေမှာသူပြောခဲ့တဲ့ လျှမ်းလျှမ်းတောက်မိန့်ခွန်းတွေ အတိုင်းဆက်လျှောက်ခဲ့တယ်။ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာ အလုပ်သမားလူတန်းစားရဲ့ အစိတ် အပိုင်းပဲ။ ပါတီဝင်ပိုင်ခွင့်ရှိတယ်လို့သတ်မှတ်ခဲ့တယ်။ တိန့်ရင်မင်အရေးအခင်းမှာပါဝင်ခဲ့သူတွေကို နိုင်ငံ တည်ဆောက်ရေးအတွက်ပြန်လာဖို့ဖိတ်ခေါ်ခဲ့တယ်။ ထူချွန်တဲ့သူတွေဟာ အရင်က ဘယ်သလောထား မျိုးပဲရှိရှိပြန်လာပြီး နိုင်ငံကိုအလုပ်အကျွေးပြုဖို့၊ တရုတ်ပြည် သိပ္ပံ၊ နည်းပညာနဲ့ ပညာရေး ကို တိုးတက်အောင် လုပ်ဖို့ပဲ။ နိုင်ငံကိုချစ်ရင် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ပဲလို့ဆိုခဲ့တယ်။

အသက်ရှစ်ဆယ်ကျော် အဖိုးကြီးတယောက်အတွက်တော်လှန်ရေးကာလတလျှောက်သူလုပ်ခဲ့သမျှ ခံယူခဲ့သမျှကို ပြောင်းပြန်ပြန်လုပ်ဖို့ဆိုတာလွယ်လှတာတော့မဟုတ်ပါဘူး။ ယန်နန်မှာ မော်နဲ့အတူပြည်တွင်းစစ် ကာလအတူလက်တွဲခဲ့သူတယောက်ဖြစ်တဲ့တိန့်ဟာ နောင်နှစ်ငါးဆယ်အကြာမှာ ဒီဒေသကိုတခါပြန်လာပြီး တောတောင်အနှံ့သွားလို့ ခုလို ပြန်လည်ပြင်ဆင်ရေးလမ်းကြောင်းကို လျှောက်မယ် လိုဘယ်အရိပ်အရောင်မျိုးမှ မရှိခဲ့ပေဘူး။ အမျိုးသားရေးဝါဒခံယူချက်ဟာ ဒီမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြင်ဆင်မှုဖြစ်စဉ်မှာ တစိတ်တပိုင်းတော့ပါဝင်နေခဲ့တယ်။ ပြင်ပ အရင်းရှင်စံနစ်ကို စောင်းငဲ့ကြည့် ပုံတူကူဖို့ကြိုးစားတာတွေလည်းရှိ ခဲ့ပေတာပေါ့။ သူ့ကလေးတယောက်ပြန်ပြောစကား ကိုကြည့်ပါ။ “၇၀ ပြည့်နှစ်တွေကအဖေဟာတရုတ်ပြည် အနီးပတ်ဝန်းကျင်က နဂါးပေါက်ကလေးတွေကို မျှော်ကြည့်နေခဲ့တယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ် နဲ့တောင်ကိုရီးယား တို့ပေါ့။ သူတို့ဟာ တရုတ်ထက် နည်းပညာမြင့်နေတယ်။ တနှစ်ကို ၈ ကနေ၁၀ ရာခိုင်နှုန်း လောက်တိုးနေတယ်။ ငါတို့သူတို့ထက်သာပြီး ဒီဒေသမှာ ကိုယ့်နေရာမှန်ကိုပြန်သွားဖို့ဆိုတာ ဒီနှုန်းထက် ပိုတိုးတက်ဖို့လိုတယ်” ဆိုပဲ။

ဒီလိုမြင့်မားတဲ့တိုးတက်နှုန်းကိုရဖို့ တိန့်ဟာ အမေရိကန် စီးပွားရေးနဲ့လူမှုရေး သဘောတရားတွေ ကိုလေ့လာတယ်။ ဒါပေမယ့် သူကတော့ အနောက်စတိုင် လူများစုဒီမိုကရေစီဟာ တရုတ်မှာလူမှု အခက်အခဲ ကြီးတွေ တွေ့မယ်၊ ဖွံ့ဖြိုးမှုကိုထိခိုက်မယ်။ သူတို့သွားရမဲ့လမ်းကို ဆိုရှယ်ဒီမိုကရေစီ လို့နာမည်ပေးတယ်။ နောက်တခု က အစိုးရကို တဦးထဲကနေတောက်လျှောက်ချုပ်ကိုင်ထားတဲ့ အာဏာပိုင်ပုံစံကနေ ပြင်ရမယ် လို့သူမြင်ခဲ့တယ်။ ဒါကပဲ မျိုးဆက်ဆင့်လက်ဆင့်ကမ်း အာဏာလွှဲပြောင်းမှုဖြစ်စေခဲ့တယ်။ သူ့ရဲ့ ဖွံ့ဖြိုးရေး အစီအမံသာ အောင်မြင်ရင် နိုင်ငံရေးအစီအစဉ်ဟာ ဒီအထဲကနေပေါ်ထွက်လာမယ်လို့ ယုံကြည်ထားတယ်။ ဒါ့အပြင် ဒီအောင်မြင်မှုဟာ လူထုတိမ်းညွှတ်နိုင်ဖွယ်ရှိတဲ့ ဒီမိုကရက်တစ်တော်လှန်ရေး မက်လုံးကို ချေဖျက်ပစ် မယ်လို့သူယုံကြည်ခဲ့တယ်။ ဒါပေမယ့် ဒါဟာမှန်းဆချက်တခုသာဖြစ်ပြီး ဖြစ်ပေါ်လာမဲ့ နိုင်ငံရေးအကျိုးဆက် ဟာခန့်မှန်းရခက်နေဆဲပဲဆိုတာ သူသဘောပေါက်ပြီးဖြစ်တယ်။ ခုလက်ရှိနိုင်ငံရေးဦးဆောင်မှုဆက်ခံသူတွေဟာ ဒီအကျိုးဆက်တွေကိုရင်ဆိုင်နေကြရတာပဲ။

“တရုတ်ပုံစံဆိုရှယ်လစ် စံနစ်ကိုသွားရမယ်။ အရင်းရှင်စံနစ်ဟာ နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့ ရတာဖြစ်တယ်။ ဆိုရှယ်လစ်စံနစ်ကိုတည်ဆောင်နေတာ ဘယ်လောက်မှကြာသေးတာမဟုတ်ဘူး။ ဒါအပြင် နှစ် ၂၀လောက်ဖြုန်းပစ်ခဲ့ကြတယ်။ တရုတ်ကို အလယ်အလတ်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုအဖြစ် တရုတ်ပြည်သူ့ သမတ နိုင်ငံတည်ထောင်ပြီးခဲ့တဲ့အချိန်ကစလို့ နှစ် ၁၀၀အတွင်း တည်နိုင်ပြီဆိုရင် ဒါ အကြီးအကျယ် အောင်မြင်မှုပဲ” လို့ သူဆိုခဲ့တယ်။ ဒီနှစ်တရာဟာ ၂၀၄၉ ဖြစ်တယ်။ တကယ်တမ်းကြည့်တော့ တရုတ်ဟာ မျိုးဆက်တခုအတွင်းမှာ ကိုပဲအောင်မြင်မှုတော်တော်များများရခဲ့ပါပြီ။

မော် သေပြီး ၁၀စုနှစ်တခုအတွင်း စဉ်ဆက်မပြတ်တော်လှန်ရေး ပြန်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီတခါ တိန့်ရှောင်ဖိန်သွားတဲ့ တော်လှန်ရေးဟာ အိုင်ဒီယော်လော်ဂျီပေါ် မဟုတ်ပဲ ခေါင်းဆောင်မှု အရည်အသွေးကို အခြေခံတယ်။ ၀ါးလုံးခေါင်းထဲလသာမဲ့ ပြည်တွင်းဖူလုံရေးမဟုတ်ပဲ ပြင်ပကမ္ဘာပေါ်အခြေခံတာဖြစ်တယ်။ တိန့်ဟာ သူ့တောင်ပိုင်းခရီးအပြီး မှာ လက်ရှိကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာအိုနေပြီ။ မျိုးဆက်သစ် ခေါင်းဆောင် တွေ ကို ကိုယ်ပိုင်အယူအဆအသစ်တွေနဲ့ ပေါ်လာမယ် လို့မျှော်မှန်းကြည့်ခဲ့တယ်။ လူဟောင်းကြီး တွေဟာ စကားပြောဖို့လောက်ပဲကောင်းတော့တယ်။ ဆုံးဖြတ်ချက်ချဖို့အတွက်မဟုတ်တော့ဘူး။ သူ့အရွယ် သက်ကြားအို တွေဟာ ဘေးထွက်ရပ်သင့်နေပြီ။ လို့သုံးသပ်ခဲ့တယ်။ သူပြောခဲ့တာတခုက “ ကျုပ်အနား ယူချင် တာက ဒီအရွယ်ရောက်တော့မှ အမှားတွေမလုပ်ချင်တော့လို့ပဲ။ အသက်ကြီးတဲ့ သူတွေမှာ အားသာချက် တွေရှိတယ်ဆိုပေမယ့် ဆိုးတာက ခေါင်းမာတာပဲ။ အသက်ကြီးလာတော့ ပိုချင့်ချိန် လာတယ်။ မစွန့်စားရဲ တော့ဘူး။ အမှားဖြစ်မလားဆိုပြီးကြောက်လာတယ်။ မျိုးဆက်သစ်တွေကို မွေးထုတ်ဖို့ပဲ။ သူတို့ ရင့်ကျက်လာတဲ့ အခါ ကိုယ်ကောင်းကောင်းနားရမယ်။ လူအိုကြီးတွေကိုယုံကြည်မထားကြပါနဲ့” ။

တောင်ပိုင်းခရီးဟာ တိန့်ရှောင်ဖိန်အတွက် နောက်ဆုံးနိုင်ငံအတွက်အလုပ်အကျွေးပြုမှုဖြစ်တယ်။ သူချမှတ်ခဲ့ ဖော်ဆောင်ချင်ခဲ့တာတွေကို ကျန်ဇီမင်းကတာဝန်ယူခဲ့တယ်။ ၉၇ မှာ တိန့်ရှောင်ဖိန်ကွယ်လွန်တယ်။ ၂၀၀၂ ကျန်ဇီမင်း အနားယူတော့ သူတို့ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့လမ်းစဉ် ရဲ့အမှားအမှန်ကို ဘယ်သူမှမဆွေးနွေးကြတော့ဘူး။ တရုတ်ဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာ့အစီအစဉ်သစ်မှာ အင်အားတခုအဖြစ် ပါဝင်လာခဲ့ပြီကိုး။

KZကေ
Ref. Chapter 16 “ What Kind of Reform? Deng’s Southern Tour” from On China by Henry Kissinger 2011

3 comments:

  1. ခြုံငုံသုံးသပ်ရရင်တော့ အတွေးအခေါ်ဟောင်းနဲ. အတွေးအခေါ်သစ်တို.ရဲ. တိုက်ပွဲပဲဗျ ။ အဲဒီအချိန်ကာလတုန်းက တရုတ်ကွန်မြူနစ်ပါတီရဲ. ပေါ်လစ်ဗျူရိုထဲမှာ ရှေးရိုးစွဲတွေရဲ. အင်အားကလည်း မသေးဘူး ။ ပါတီအတွင်းရေးမှုးတွေတောင် တစ်ခုခုကို လမ်းကြောင်းတင်ချင်ရင် သူတို.ကို အရင်ဆုံးနားဝင်အောင်ကြိုးစားခဲ့ကြရတယ် ။ အထူးသဖြင့် “ပါတီဝါရင့်ကြီးများ”ဆိုတဲ့ အုပ်စုပေါ့ ။ သူတို.က လုံးဝရှေးရိုးစွဲတွေ ။ သူတို.ရဲ. လုပ်နည်းလုပ်ဟန်တွေကလည်း ဟိုး…….ယဉ်ကျေးမှုတော်လှန်ရေးကာလတုန်းက ပုံစံမျိုးတွေဗျ ။ အလွန်အကျွံတွေလုပ်ရမှ ကျေနပ်ကြတယ်။
    ပြန်လည်ပြင်ဆင်ရေးကို အထိခိုက်မခံရအောင် ၊ လမ်းကြောင်းချော်ထွက်မသွားအောင်
    မနည်းထိန်းနေရတာက သူတို.ကြောင့်ဗျ ။ သူတို.က အဲဒါကို သိပ်ပြီးယုံကြတာမဟုတ်ဖူး ။
    မော်စီတုန်းကွယ်လွန်သွားပြီးနောက်ပိုင်း ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတွေမှာလည်း အဲဒီလက်ဝဲစွန်းသမားတွေက အခွင့်အရေးယူအမြတ်ထုတ်ပြီး ပြန်လည်ပြင်ဆင်ရေးကို ဖျက်လိုဖျက်ဆီးမလုပ်အောင် မနည်းကာကွယ်ခဲ့ကြရတယ် ။ အထူးသဖြင့်တော့ ၁၉၈၀+ ခုနှစ်တွေအတွင်းမှာပေါ့ ။ ဥပမာတစ်ခုကိုပြောရရင် - ၁၉၈၇ခုနှစ်မှာ လုပ်ခဲ့တဲ့ Anti-liberalization campaign မှာဆိုရင် အဲဒီအချိန်က ပါတီအတွင်းရေးမှုးဖြစ်တဲ့ ပြန်လည်ပြင်ဆင်ရေးသမား ကျောက်ကျိယန်ဆိုရင် အဲဒီအုပ်စုတွေက ပွဲလန်.တုန်းဖျာဝင်ခင်းပြီး ပြန်လည်ပြင်ဆင်ရေးကို ရပ်သွားအောင်လုပ်မှာကို ကာကွယ်တဲ့အနေနဲ. campaign ရဲ. scope တို. ၊ limit of the campaign တို. method to follow တို. စသည်ဖြင့် သေချာသတ်မှတ်ပြဋ္ဌာန်းပြီးမှ အဲဒီကန်ပိန်းကို ဆင်နွှဲစေခဲ့ရသဗျ ။ အဲလိုမှ သတ်မှတ်မထားရင် ဆရာတွေက အလွန်အကျွံတွေလုပ်ကြတော့မှာကိုး။ ထားတော့။ အခုတော့ အားလုံးမြင်တဲ့အတိုင်းပဲ….တရုတ်ပြည်ကြီးအင်အားကြီးလာပြီမဟုတ်လား ။
    ဒါနဲ.စပ်ဆက်ပြီးကျွန်တော်တွေးမိတာက ကျွန်တော်တို.ရဲ.ရွှေပြည်ကြီးပဲဗျ။ သိတဲ့အတိုင်းပဲဗျာ….။ ပြန်လည်ပြင်ဆင်ရေးပဲခေါ်ခေါ် ပြုပြင်ပြောင်းလဲရေးပဲခေါ်ခေါ်……အဲဒါတွေကို အကောင်အထည်ဖော်တဲ့အခါတိုင်းမှာ အတွေးအခေါ်အဟောင်းသမားတွေနဲ. အတွေးအခေါ်အသစ်သမားတွေ ထိပ်တိုက်တွေ.ကြတာ အစဉ်အလာလိုဖြစ်နေပါပြီ ။ အဟောင်းကနေ အသစ်ကိုပြောင်းတယ်ဆိုတဲ့ကိစ္စကို လုပ်ရတာကလည်း တော်တော်သိမ်မွေ.တယ်မလား ။ အခန်.မသင့်လို. လွဲချော်သွားရင် ပိုပြီးဆိုးသွားနိုင်တဲ့အနေအထားတွေကလည်း ရှိသေးတယ်။ ဥပမာ- ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားသလိုမျိုးတွေပေါ့ ။
    အခုလည်း ရွှေပြည်ကြီးမှာလောလောဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာ ပြန်လည်ပြင်ဆင်ရေးသမားတွေ အင်အားမနည်းပါစေနဲ. ၊ ရှေးရိုးစွဲသမားတွေ လွှမ်းမိုးမလာပါစေနဲ.လို. ဆုတောင်းမိပါတယ်ဗျာ ။

    ReplyDelete
  2. ဆရာကေ အသေအချာဖတ်ဖို့ ပရင့်ထုတ်သွားတယ်ရှင့်...:)

    ReplyDelete
  3. ကိုတီတူး
    လူမှုတည်ငြိမ်ရေးအတွက်အကောင်းဆုံးအချက်ဟာ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးဖို့။
    ပြင်ဆင်ရေးဟာအခြေခံတော်လှန်ရေး။
    မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာတဲ့ ပြန်လည်ပြင်ဆင်ရေးမှာအမျိုးသားရေးဟာ တစိတ်တပိုင်းအနေနဲ့ပါဝင်လာခဲ့တယ်။
    ဆိုတာတွေကြောင့် ဒီအခန်းကို လက်ရှိကျနော်တို့နဲ့များနီးစပ်မလားဆိုပြီး ရေးခဲ့ပါတယ်။
    သို့သော် ငြိမ်းချမ်းရေး မရှိရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။
    မချစ်
    ကျေးဇူး။ ဖတ်ပြီးရင်လည်းဝေဖန်အကြံဥာဏ်များပေးပါဦး

    ReplyDelete