Saturday, October 16, 2010

၂၀၁၀+

ဆီးဘန်နီဆရာတော်ရဲ့ သေသော်မှတည့်သြော်ကောင်း၏
ကို ငါငယ်ငယ်ကအလွတ်ကျက်ခဲ့တယ်
ဆန့်ကျင်ဘက်အနေနဲ့ ငါအခုကျန်းမာရေးလိုက်စားတယ်
ဒီတော့ ငါညနေဘက် ဂျော့ကင်ပြေးတာခွင့်လွှတ်စေချင်တယ်
ဒီတော့ ငါဆေးလိပ်ဖြတ်လိုက်တာ ခွင့်လွှတ်စေချင်တယ်
နှိုးစက်သံကြားတိုင်း အလန့်တကြားနိုးနေတုန်းပဲ
ဒီတော့ ငါမရင့်ကျက်သေးတာ ခွင့်လွှတ်စေချင်တယ်
အစစ အရာရာပေါ့ ငါ့အသက်လေးရှာကြံမွေးနေတာကိုဖြစ်နိုင်ရင် ခွင့်လွှတ်စေချင်ပါတယ်။
သွားတိုက်တယ်၊ အရှက်မရှိတဲ့မျက်နှာကိုသစ်တယ်
မနက်ခင်းတိုင်း အိတ်ကလေးဆွဲပြီး ကော့ပက်ကော့ပက်နဲ့ မီးနီကိုလစ်ရင် ဖြတ်လျှောက်တယ်
အစည်းအဝေးတွေမှာခပ်တည်တည်နဲ့ ရွှီးတယ်
နားမလည်သော်လည်းခေါင်းငြိမ့်တယ်
အနဲဆုံး စတိုင်အရတော့ဆရာကြီးပုံစံဖမ်းတယ်
ပိုကြီးတဲ့ကောင်ကပြောရင် ဒါမှန်တာပေါ့လို့အဆစ်ပါတယ်။
မဖြစ်ညစ်ကျယ်လုပ်လို့မရဘူးဆိုတာ ငါကောင်းကောင်းသိတယ်
မင်းမကြိုက်ရင်လည်းနေ အင်အားဟာခုနေတော့အမှန်တရားပဲ
အမှန်တရားအစစ်ဟာဖိနပ်ကြိုးပြတ်နေတာလား
အမှန်တရားလာနိုင်တဲ့နေရာထိုင်ခင်းမျိုး ငါတို့ကမဖန်တီးလို့များလား တခုခုပဲ
ဒုတိယကမ္ဘာစစ်ကို ဘီ၅၂ နဲ့သိမ်းပစ်လိုက်တာ ကိုယ့်လူရဲ့
နာဇီချင်းအတူတူ မူဆိုလီနီ နဲ့ ဟစ်တလာတို့နေတဲ့ ဥရောပကို ယန်းကီးတွေကအနုမြူဗုံးမကြဲခဲ့ဘူး
နောက်တော့ ဟီးရိုးရှီးမား ဟာ ဇီးရိုးအကြီးစား ဖြစ်သွားတာပေါ့
ငါစိတ်နာတဲ့ထဲဒါလည်းပါတယ်ဆိုပေမယ့် ဂရင်းကတ်ပေးရင်တော့ စဉ်းစားမိအုန်းမလားပဲ
မင်းကနုသေးတယ် အနဲဆုံးမင်းနှလုံးသားကနုသေးတယ်
တုတ်တပျက် ဓါးတလက်ချင်း ကတော့ ငါ့သွေးကလည်း နဂါးနီမှာမြစ်ဖျားခံခဲ့တာပါ
ပြီးတော့ ခုခေတ်က ဘေးအိမ်မှာ ဖိုင်ဘာအော့တစ်ကြိုးကအခွေလိုက်ချနေပြီ
အာဗာတာလိုကားမျိုးကိုရိုက်သူကရိုက်လို့ ကြည့်သူကသုံးဘက်မြင်နဲ့ကြည့်နေကြပြီ
ငါတို့က ရှောပင်းမောထဲက အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေဟောင်းလို့ ဈေးချတုန်းပြေးဝယ်ဖို့ပဲ
အားလပ်ရက်ချိန်းပြီးဘီယာသောက်ဖို့၊ တိမ်ပြာပြာမြင်ရင် ချစ်တင်းနှီးနှောကြဖို့ပဲ၊
ပွင့်ပွင့်လင်းလင်းပြောရရင် တယောက်ယောက်ကသာထောက်ပံ့ထားလို့ကတော့
အိပ် စား ကာမ သာသာပဲဖြစ်မှာ၊
နာမည်ဆိုးပေမဲ့ အနေရချောင်တယ်ဆိုတာမျိုးပဲဖြစ်မှာ၊
ငါတို့က နွားကျောင်းသားတွေသေနတ်ပစ်တဲ့ ကားထဲကလူကြမ်းကောင် သေနတ်ပြောင်းဝကမီးခိုးငွေ့မှုတ်တဲ့ကောင် ကိုကြောက်ကောင်းတုန်း
ငါတို့က နွားတွေလို လူတွေသီးနှံအတွက်အသားကုန်ရုန်းပြီး အသားအတွက် ကိုယ်အစားခံရမဲ့အလှည့်ကိုစိတ်အေးလက်အေး စောင့်တုန်း
ငါတို့က စာအုပ်အထူကြီးတွေဖတ်ပြီး ရေကူးနည်းသင်နေတုန်း
ငါတို့က ရေနစ်သူတွေကိုကယ်ဖို့ လယ်ထဲကိုထော်လာဂျီနဲ့သွားပြီး ကောက်ရိုးတမျှင်ကိုရှာတုန်း
ငါတို့က ငါတို့လုပ်အားခထဲကနေ ရေငုပ် မီးလှုံ တုန်းခုန် ဇယ်ခတ်ကောင်တွေကို
အခွန်အကောက်များဆက်သတုန်းပေါ့
ဒီတော့ စိတ်လျှော့ အသောက်အစားလျှော့ ငါ့ခွက်ထဲနဲနဲပိုထဲ့ပေါ့
ဟုတ်ပြီလား ဟီးဟီး ဟားဟား
ခံရပါများလာတော့ ငါလည်းငိုသံပါကြီးနဲ့မရယ်တတ်တော့ပါဘူး
တို့ဘ၀တို့ကမ္ဘာထဲကလိုပေါ့
အရက်ကုန်လေ ငါတို့ရဲ့မျိုးချစ်စိတ်ဓါတ်တွေကပိုထက်သန်လာလေပဲ
နီးနီးနားနားမှာ စစ်သားစုဆောင်းရေးတပ်မရှိလို့မို့
စစ်ထဲတော့မ၀င်ဖြစ်လိုက်ဘူး
ငါတော့ တရုတ်ကြမ်းဆရာတွေမျက်နှာကြည့်နေရတော့
အချုပ်တန်းဆရာဖေကိုသတိမရအားသေးဘူး။
“ရှေ့တန်းမှာစစ်သားတွေကအလံအစုတ်ကလေးကိုင်ပြီး
တောင်ကုန်းတွေဆီပြေးတက်နေကြတယ်
နောက်မှာတိုင်းပြည်ကရောင်းစားပြီးသွားပြီ” တဲ့။ တော်တီလာဖလက်ဟာ ရက်စက်လွန်းလှပါတယ်။
ဘာအရေးလဲ
ငါကတခြားတိုင်းပြည်တွေလှည့်ကျွန်ခံနေတာပဲမလား။
ငါတို့ဟာ သဘောင်္ဝမ်းပေါက်တာမဖာပဲ
အိပ်ခန်းထဲကလူကြီးမိဘများကိုပစ်ပြီး ကုန်းပတ်ပေါ်ကမျိုးဆက်သစ်တွေကိုပစ်ပြီး
အသက်ကယ်လှေကိုရှာခဲ့ကြသူတွေပေါ့။
ငါတို့ဟာ ကိုလံဘတ်နဲ့ ဗတ်စကိုဒဂါးမား ကိုအားကျပြီး
ပထမတော့နယ်မြေသစ်ကိုရှာကြသူတွေထင်ခဲ့တာပါ
ခုပြန်ကြည့်မှ မိမိဆန္ဒအလျှောက် မိမိကိုယ်ကို ကျွန်ကုန်ကူးခဲ့သူများပေါ့။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာပျော်စရာမကောင်းပါဘူး
ကိုယ့်ပေါင်ကိုယ်ပြန်လှီးစားရတာပိုလို့ပျော်စရာမကောင်းပါဘူး
ဟင်္သာကိုးသောင်းဇတ်ပါ
ငါဆက်ပြောရင်မင်းမျက်ရည်ကျတော့မှာပဲ
ခုငါကျနေသလို မင်းမျက်ရည်ကျတော့မှာပဲ
ဒီတော့ တခုပဲ ငါတို့ကြေကွဲ ဒေါသထွက် ၀မ်းနည်း ပူဆွေး
မျက်ရည်များဘူးသီးလုံးလိုက်ကျတာကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ဘူးလား
ငါတို့သေကောင်ပေါင်းလဲ သင်ထားတဲ့ပညာက ကျွန်ပညာရေးသက်သက်ပဲလား
ခုလိုရေထဲမိုးထဲမှာ ဇက်ပေါ်ဝဲနေတဲ့ ဓါးမှာနေရောင်အလက်ကို သက်တန့်လိုငေးကြည့်နေတာလား
ခံစားတတ်ရင်သဘာဝဟာအလှတရားတခုနေမှာပါ
ဘ၀သည်ပင်အလှတရားတခုဖြစ်နိုင်ပါရဲ့
လွတ်မြောက်မှုကတော့ စဉ်းစားဆင်ခြင်စရာကိုမလိုတဲ့ ပကတိအလှတရားဖြစ်ပေလိမ့်
ငွေဆီက အကြောက်တရားက ကြီးစိုးအုပ်မိုးနေတဲ့အတွေးအခေါ်တွေဆီက
ငါလွတ်မြောက်ဖို့ကြိုးစားနေပါတယ်
တနေ့ငါလည်း မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကအထွက်
ရန်ကုန်မြေကိုဒူးထောက် နဖူးထိငုံ့နမ်းပြီး
ငါ့လူမျိုးနဲ့ငါ့တိုင်းပြည်အတွက်သက်သက် တစက္ကန့်ချင်းရှင်သန်ဖို့
သစ္စာပြုနိုင်မယ်မျှော်လင့်မိပါရဲ့။

KZကေ

6 comments:

  1. ကြိုက်တယ်ဗျာ။

    ReplyDelete
  2. ဒီဆရာ အတော်လွှတ်ရေးထားသကိုး

    ReplyDelete
  3. မှန်တော့ အတော်မှန်တယ်၊ အဲဒီတော့ ခါးလည်း ခါးတယ်။

    ReplyDelete
  4. ပြောရရင်
    ငါဆက်ပြောရင်မင်းမျက်ရည်ကျတော့မှာပဲ
    ခုငါကျနေသလို မင်းမျက်ရည်ကျတော့မှာပဲ
    ဒီတော့ တခုပဲ ငါတို့ကြေကွဲ ဒေါသထွက် ၀မ်းနည်း ပူဆွေး
    မျက်ရည်များဘူးသီးလုံးလိုက်ကျတာကလွဲလို့ တခြားဘာမှမလုပ်တတ်တော့ဘူးလား..
    တကယ်ပဲ မျက်ရည်ပေါက်ပေါက်ကျရတဲ့ကဗျာ..
    တကယ်ပဲ
    ဒါပဲ လုပ်တတ်ပါတယ်..
    ဒါပဲ လုပ်နိုင်ပါတယ်..

    ReplyDelete