Sunday, October 10, 2010

နေ့များ။ ပျောက်ဆုံးမနေသဖြင့်မိမိကိုယ်ကိုရှာဖွေရန်ငြင်းဆိုခြင်း

ငြင်းမရသည့်အထဲတွင်မနက်ဖြန်လည်းပါသည်
စွန်ကြိုးကအိုက်ကျလာတော့သူနဲနဲရစ်တင်လိုက်သည်
တနင်္လာ အင်္ဂါ စသည်ဖြင့်
နံရံပေါ်တွင် ကမ္ဘာ့မြေပုံရှိသည် နံရံဘေးတွင်စားပွဲတလုံးရှိသည်
သူသည်အလွန်ခေတ်မှီချင်သူဖြစ်သော်လည်းဆေးဆိုင်မှပါရာစီတမော၂ကဒ်ဝယ်လာခဲ့သည်
ဓါတ်ဗူးကိုကျော်ကြည့်လိုက်လျှင်မိုးမိထားသည့်ပြူတင်းပေါက်ဘောင်နှင့်ငှက်ကလေးတကောင်
အိမ်တွင်လှောင်ချိုင့်မရှိပါ သူ့အတွေးအခေါ်ကလုံလောက်ပါသည်
အမဲလိုက်ရာတွင်သုံးသည့်ရှေးခေတ်လက်နှိပ်ဓါတ်မီးကြီးရှိသည် သမင်နှင့်ဒရယ်ချိုများမရှိပါ
ဓါတ်ခဲတွေကမော်တာကျည်ဆံတွေလောက်တော့မကြီးပါ
သို့သော်အမှောင်သည်တော်တော်အထွန်းခံနေသည်
တိရိစ္ဆာန်ဆေးကုဆရာဝန်နှင့်စနေနေ့မနက်တွင်စုံတောမြိုင်လက်ဘက်ရည်ဆိုင်တွင်ချိန်းထားမိခဲ့သည်
ကမ္ဘာကြီးပိုပူလာသည် သိုးမွေးအင်္ကျီတွေရောင်းရတုန်းပဲဖြစ်သည်
တယ်လီဗေးရှင်းထဲတွင် ရေခဲတောင်တွေမှာ ရေခဲလျှောစီးသည့်အားကစားတွေပြိုင်ကြတုန်းပဲဖြစ်သည်
ဂျိမ်းစဘွန်းသည်နောက်ဆုံးထွက်သည့်ကားသစ်ထဲတွင်နှင်းတောင်ပြိုကျသည့်ကြားထဲမှလွတ်မြောက်လာသည်
စစ်အတွင်းကကြီးကျယ်သောစိုက်ပျိုးရေးတခုမှာ မြေမြှုပ်မိုင်းများဖြစ်သည်
ပိုပေါ့၏အဆိုပါအမွေကို ကမ်ဘောဒီးယားလယ်သမားများတူးဖော်တွေ့ရှိဆဲဖြစ်သည်
စားပွဲထိုးကလေးက ၀က်ခြေထောက်စွတ်ပြုတ်ရပြီလို့ပြောသည်
စားအုံးဆီအစစ်နှင့်ကျော်သော အီကြာကွေးရပြီလို့ပြောသည်
သူတို့တရုတ်ပြည်မှလာသောဘီစကစ်တွေတချပ်ပြီးတချပ်စားကြသည်
တရက်တော့မြို့ထဲတွင်ဈေးကြီးသည့်ကော်ဖီတခွက်လောက်သွားသောက်ကြဖို့ပြောဖြစ်ကြသည်
အဲသည်မှာအာသာဟယ်လီ၏ ဇစ်မြစ်စာအုပ်ထဲမှာပါသော ဘလူးစ်တေးဂီတကိုလည်းနားဆင်နိုင်မည်
ဝင်ရိုးစွန်းတွင်ရေခဲများအရည်ပျော်ကြနေပြီ
ပျားရည်သောက်သော်လည်းဝက်ဝံတွေဆီးချိုမဖြစ်ဟု ဆရာဝန်ကပြောသည်
နောက်တော့လက်နှစ်ဘက်ဆန့်တန်းမြှောက်ပြီး ၀ါးကနဲအော်သည် ဘေးဘီကြည့်ပြီးထပြန်သည် အမွှေးထူသည့်ခွေးပေါက်စလေးနှစ်ကောင်ဆေးလာထိုးလိမ့်မယ်လို့လဲပြောသည်
နိုင်ငံခြားကသွင်းလာသည့်ဆေးတွေနှင့်နိုင်ငံခြားကသွင်းလာသည့်ခွေးတွေဖြစ်နိုင်ပါသည် ဂလိုဘယ်လိုက်ဇေးရှင်းကိုသူသိသည်
နေရောင်သည်ကျားသစ်အရေခွံနဲ့ဖြစ်သည် မိုးမရွာပါ
ရေအားလျှပ်စစ်ဓါတ်နှင့်ထုတ်လုပ်မည့်မိုးအတုမရွာသေးပါ
ကံကောင်းထောက်မသဖြင့်သူ့ဂျင်းဘောင်းဘီခါးနံပါတ်မှာမနှစ်ကအတိုင်းပဲဆိုသည့်အသံကြားရသည်
သူ့အသိလည်းမနှစ်ကအတိုင်းသာဖြစ်သည်
သူဝတ်ထားသောတီရှပ်သည်မနုဿဗေဒအသင်းမှထုတ်သောမျောက်ပုံအရုပ်နှင့်ဖြစ်သည်
သူတို့နိုင်ငံခြားကိုမျောက်တွေပြန်တင်ပို့ကြသည်
ကိုရီးယားဇတ်လမ်းတွဲတခုအပြီး တီဗီဖိုက်မှကြံ့ခိုင်ကျန်းမာပြည်မြန်မာအစီအစဉ်လာနေပြီ
နောက်ကျောတွင်ကျောက်ပတ်တီးစီးထားသော တက္ကသိုလ်နာမည်ကိုအင်္ဂလိပ်လိုရေးထားသည်

KZကေ

2 comments:

  1. ကိုလွင့် ကဗျာတွေ ဖတ်ရတော့ ကျွန်တော့ ကဗျာတွေက ပြဇာတ်နဲ့ တူနေသလိုပဲ။ အဖုံးနဲ့ အပိတ်နဲ့။

    မုန်လာဥနီ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ယုန်တွေ မျက်မှန် မတတ်ကြပါဘူး။

    ReplyDelete
  2. ဆန်ဖွပ်တဲ့အဖိုးအိုနဲ့တွေ့စဉ် လပေါ်မှာဝပ်သူ
    တရွေ့ရွေ့အချိန်ကာလ လိပ်၏သင်္ကေတမှာ နားရွက်ထောင်သောပညာရှိများ
    ကမ္ဘာပြိုပြီအထင်နှင့်လျှင်မြန်စွာပြေးကြ

    ReplyDelete