Saturday, September 11, 2010

၉။ ခိုင်လုံအမှန်ကိုတောင်းဆိုခြင်းပုံစံများ။ သီအိုရီ၊ ကိုယ်ကျင့်နှင့် ရသ

ကိုလူ။ ။ စာသားချည်းသက်သက်အနက်က ပြင်ပကမ္ဘာကလာတဲ့အနက်၊ ဒါကို (cognitive function) ကပေးပြီး၊ ဆိုလိုရင်းကိုတကယ်နားလည်ဖို့ကျတော့ပြောသူနဲ့နားထောင်သူနှစ်ဦးရဲ့ပြန်လှန်ဆက်စပ်မှုက ပေးတဲ့အခြား ဖန်ရှင်နှစ်ခု ပိုအရေးပါတယ်လို့အကြမ်းဖျင်းနားလည်ထားပြီ။ ရှေ့ဆက်ပါဦး။
ကိုမူ။ ။ Communicative Action မှာက နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက သဘောတရားပိုင်း၊ Communicative Action နဲ့ Instrumental Action ဆိုပြီး ခွဲပြီးရှင်းတယ်။ ဒုတိယပိုင်းက Social Ontology အကြောင်းပြောတယ် ၊ မော်ဒန်လူ့အဖွဲ့အစည်းဟာ အပိုင်း၂ပိုင်း Lifeworld နဲ့ System ပေါင်းထားတာလို့ပြောတယ်။ ဒုတိယနှစ်ပိုင်းဟာ ပထမဆိုခဲ့တဲ့ Communicative Action နဲ့ Instrumental Action ၂ခုနဲ့ပြန်ယှက်နေတယ်။
ကိုလူ။ ။ Instrumental Action ကိုကျနော်နားလည်သလောက်အရင်ပြောကြည့်မယ်။ မူရင်းအင်္ဂလိပ်စကား အရဆိုရင် Instrumental Action ဆိုတာ နည်းလမ်းလုပ်ဆောင်မှု လို့ပြောရမယ်၊ ဥပမာ ကျနော်နို့ဆီဗူးကိုဖွင့်ဖို့ ဖောက်တံ (Instrument) ကိုသုံးတာ။ ဒါကို Strategic Action လို့လဲပြောတာကြားဖူးတယ်။ တူတူလို့ယူနိုင်မလား။
ကိုမူ။ ။ အတူတူလိုမျိုးသုံးတာလည်းရှိပါတယ်။ သို့ပေမဲ့ မဟာဗျုဟာ (Strategy) ဆိုတာကို ဟာဘားမားက နည်းလမ်းတမျိုးလိုသုံးပြောတာမျိုးရှိပေမဲ့ ထွက်လာမဲ့ ရလဒ် (end) ကို ဆက်စပ်နေသူချင်းနားလည်အောင် (တယောက်လိုအပ်ချက် ပန်းတိုင်ကိုတယောက်နားလည်အောင်) သုံးတာမျိုးကိုခေါ်တာပါ။ သုံးတဲ့နည်းလမ်း (mean) ချည်းသက်သက် ကိုဆိုချင်တဲ့ Instrumental Action နဲ့မတူဘူး။ နောက်တခုက မူရင်းအင်္ဂလိပ်မဟုတ်ဘူးနော်။ မူရင်းကဂျာမန်။ အင်္ဂလိပ်လိုပြန်ရေးသူတွေမှာလည်း ဟာဘားမားဆိုလိုတဲ့စကားလုံးတွေကိုရအောင်ကြိုးစားပြီး ဖလှယ်ထားကြတာ။
ကိုလူ။ ။ သဘောပေါက်ပါတယ်။ ကျုပ်လည်းခင်ဗျားအားတက်အောင်ကြိုးစားပြီးနမူနာပေးကြည့်တာပါ။
ကိုမူ။ ။ တဆင့်တက်ရရင် Instrumental Action ဟာနည်းလမ်းတခုဖြစ်လို့ ရလဒ် ကိုမမှီခိုဘူး။ နည်းလမ်းဆိုတာမျိုးက ရလဒ်ကိုကြည့်ပြီးနားလည်အောင်ကြိုးစားလို့မဖြစ်နိုင်ဘူး။ ရလဒ်ကနို့ဆီဗူးပွင့်ဖို့ပဲ။ ခင်ဗျားဘာနည်းလမ်းနဲ့ မဆိုဖွင့်နိုင်တယ်။ Instrumental Action ဆိုတာ ခင်ဗျားရဲ့လုပ်ဆောင်ချက်ကနေပဲ နားလည်နိုင်တာ။ ဆင်ခြင်ကြည့်ပြီးနားလည်နိုင်တာမျိုးမဟုတ်ဘူး။ Communicative Action ကျတော့ ရှေ့မှာပြောခဲ့တဲ့ Validity Claim နဲ့ အသိမှတ်ပြုလက်ခံရတာ။
ကိုလူ။ ။ နမူနာနဲနဲလောက်ပေးကြည့်ပါဦးလား။
ကိုမူ။ ။ ဆေးလိပ်မသောက်ဖို့ပြောခဲ့တာလေးပဲပြန်ကြည့်ရအောင်။ ကျနော့်အတွက်လိုရင်း (end) ကအခန်းထဲ ခင်ဗျား ဆေးလိပ်သောက်မသောက်ဖြစ်ဖို့။ တကယ်တမ်းခင်ဗျားကိုဆေးလိပ် မသောက်ဖို့ ကျနော်ကတောင်းဆိုတာဟာ Instrumental Action ပေါ့။ ဒါမှမဟုတ် ခင်ဗျားဆေးလိပ်သောက်ချင် ရင်အပြင်ထွက်သောက် နောက်အားမှပြန်လာပြီးပြောပေါ့လို့ဆိုရင်လည်းဖြစ်တာပဲ။ ပထမရလဒ် (ကျနော်ဆေးလိပ်ဖြတ်ထားလို့အခန်းထဲမှာ ဆေးလိပ်မသောက်ပါနဲ့ဆိုလို့ခင်ဗျာလက်ခံတာ) ကခင်ဗျားရဲ့ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုကနေရတဲ့သဘောတူညီမှု။ ကျနော်တို့ရဲ့ Communicative Action ဟာ validity claim ကနေနှစ်ဦးပြေလည်တဲ့အနေအထားတခုကိုရောက် သွားရတယ်။
ကိုလူ။ ။ Validity Claim ကလည်းသုံးမျိုးဆို။
ကိုမူ၊ ။ Validity Claim to Truth, Right နဲ့ Truthfulness ဆိုပြီးခွဲထားတယ်။ ဥပမာ ရှေ့မှာပြောခဲ့တဲ့ မနေ့ကအင်းလေးမှာမိုးရွာတယ်လို့ကျနော်ခင်ဗျားကိုပြောခဲ့တာပြန်ကြည့်ရအောင်။ မနေ့ကတကယ်မိုးရွာခဲ့ရင် ဒါဟာ Validity Claim to Truth ပေါ့။ ဘယ်သူ့ကိုကျနော်ဒါပြောပြော ဒါအမှန်ပဲလေ။ သို့ပေလို့ ဒီစကားဟာ ကျနော်တို့နှစ်ယောက်စလုံးမှာရှိခဲ့တဲ့အတွေ့အကြုံနဲ့ ဆင်ခြင်မှုနဲ့ချိန်ဆလို့ မှန်နေသေးတယ်၊ နားလည်နိုင်သေးတယ်၊ အင်းလေးမှာမိုးရွာလိုက်တော့ ကန်ရေပြန်တက်လာမယ်၊ မှီခိုလုပ်ကိုင်စားသောက်နေကျတဲ့ လူ၊ တိရိစ္ဆာန်တွေ သဘာ၀၀န်းကျင်တွေ အနေအထားပြန်ကောင်းလာမယ် ဆိုတဲ့ ရည်ရွယ်လိုရင်း ကိုလည်းရောက်တယ်ဆိုရင် ဒါ Validity Claim to Truthfulness လို့ဆိုချင်တာ၊ Validity Claim to Right ကျတော့ ကိုယ်ကျင့်ပိုင်းပါလာတယ်။
ကိုလူ။ ။ အော် ဒါကြောင့်ရှေ့မှာခင်ဗျားက ဘာသာစကားကို ဟာဘားမားလက်ခံပုံနဲ့ဆက်စပ်တယ်လို့ ဆိုခဲ့တာကိုး ဆက်ပါဦးလေ။
ကိုမူ။ ။ သူများပစ္စည်းခိုးတာမကောင်းဘူး ဆိုတဲ့စာကြောင်းကိုကြည့်ဗျာ။ တခြားအဓိပ္ပါယ်က မခိုးနဲ့ပဲ။ ဒါ ဘာသာတရားကပဲကြည့်ကြည့် ကိုယ်ကျင့်တရားကပဲကြည့်ကြည့် ရှိနေတဲ့ စံနှုန်း (Norm) တခုခုကနေလက်ခံထားတာမျိုး။ ဒါကို Validity Claim to Right လို့ခေါ်တာ။
ကိုလူ။ ။ နဲနဲလေးအနှစ်ချုပ်လေးပြောကြည့်စမ်းပါဗျာ။
ကိုမူ။ ။ လူ့အဖွဲ့အစည်းထဲ လူသားတွေတဦးချင်း တဦးနဲ့တဦး ပူးပေါင်းဆက်ဆံနေကြရတယ်။ အဲဒီမှာနည်းလမ်းအဖြစ်သုံးနေတဲ့ Instrumental Actions တွေကိုကြည့်ရုံနဲ့ တယောက်ကိုတယောက်နားလည်ဖို့ မဖြစ်နိုင်ဘူး။ ဟိုးရှေ့ဆုံးမှာပြောခဲ့သလို လူတယောက်ပြေးတာကြည့်ရုံနဲ့ ဘာကြောင့်ပြေးနေတာလဲကို နားမလည်နိုင်ဘူး။ Communicative Action ရဲ့ Validity Claim တွေကိုလက်ခံနိုင်လာမှသာ တဦးကိုတဦးနားလည်နိုင်မယ်။ ဒီတော့မှတဆင့်တက်ပြီး စေ့စပ်ညှိနှိုင်းကျရင်းသဘောတူညီမှုတခုကိုရမယ်။
ကိုလူ။ ။ ခင်ဗျားရှေ့မှာပြောထားတဲ့ Discourse ဆိုပါတော့။
ကိုမူ။ ။ အင်း ဆိုပါတော့။ Discourse နဲ့ပတ်သက်ပြီး ဟာဘားမားပြောချင်တာကိုချုပ်ရင် ၄ချက်ရှိမယ်။
၁။ သူ့အဓိပ္ပါယ်ကကျိုးကြောင်းဆက်စပ်ပြီးသဘောညီတာ၊ (Rationally motivated consensus)
၂။ ဒါဟာ ဒဿနသက်သက်အတွက်၊ ဘာသာဗေဒရဲ့တချို့သီးသန့်နေရာတွေအတွက် သုံးထားတာမဟုတ်ဘူး။ နေ့စဉ်လူနေမှုဘ၀ထဲကမပြေလည်မှုတွေကိုဦးတည်ပြီးဖြေရှင်းမှာ။
၃။ သူဟာ Validity Claim နဲ့သဘောချင်းအတော်တူတယ်။ Validity Claim ၃မျိုးရှိသလို Discourse မှာလည်းလိုက်ဖက်တဲ့ အသုံး ၃မျိုးရှိတယ်။ Validity Claim to Truth နဲ့ဆက်ပြီး Theoretical Discourse, Validity Claim to Right ကျတော့ Moral Discourse ဖြစ်ပြီး Validity Claim to Truthfulness အတွက်တော့ Aesthetic Discourse လို့ခွဲပြောတယ်။ ခင်ဗျားကျနော်တို့ပြောခဲ့တာတွေပြန်စဉ်းစားရင် သူပေးတဲ့နာမည်တွေသဘာဝကျတာကို လက်ခံမှာပါ။
၎။ ဒီကျိုးကြောင်းဆက်စပ်သဘောတူညီမှုဟာ ပါးစပ်ဖျားလေးပြောပြီး အလွယ်ရလာမှာမျိုးမဟုတ်ဘူး။ အတန်ရှုပ်ထွေးပြီး လက်တွေ့စံနစ်တကျလုပ်ရမှာဖြစ်တယ်။


KZကေ

No comments:

Post a Comment