Saturday, August 14, 2010

၇။ မော်ဒန်နတီ၏ မပြီးဆုံးသေးသောပန်ချီကား

1980 အာဒိုနိုးဆုချီးမြှင့်ခံရသည့်အခမ်းအနားတွင်ပြောသည့် ဟာဘာမား မိန့်ခွန်းတွင် မော်ဒန်ဖြစ်မှု ကိုမပြီးဆုံးသေးသောပရောဂျက်တခု (Modernity – an Unfinished Project) အဖြစ်တင်ပြခဲ့သည်။ ညာဏ်အလင်းပွင့်ခေတ်ကစတင်ခဲ့သည့်မော်ဒန်နတီကို လက်ပြနှုတ်ဆက်နေကြသည့် ပို့စ်မော်ဒန် အယူအဆ များအားကောင်းနေသည့်အချိန်ဖြစ်သဖြင့် နိုင်ငံရေးတွေးခေါ်ရှင်များကြားလှုပ်ခတ်စေခဲ့သည်။ ဟာဘာမားဇောင်းပေးခဲ့သည့်အချက်၂ချက်မှာ မော်ဒန်နတီသည်သမိုင်းဆိုင်ရာခေတ်ကာလတခုမဟုတ် ပရောဂျက်တခုဖြစ်သည်။ ထိုပရောဂျက်သည်(ပြီးသင့်ပြီးနိုင်ပါသော်လည်း၊ မဖြစ်နိုင်တာမဟုတ်သော်လည်း) မပြီးသေးဟုဆိုသည်။
မော်ဒန်ခေတ်ကာလအတွင်း မော်ဒန်ဖြစ်မှုကိုသွားသည့် ဖြစ်စဉ်အတွင်းပေါ်ထွက်လာသည့် ပြဿနာများကိုဆန့်ကျင်သည့် ယဉ်ကျေးမှုလှုပ်ရှားမှုများဖြစ်သဖြင့် ပရောဂျက်တခုအဖြစ်သူယူဆခဲ့သည်။
ဆိုခဲ့ပါပြဿနာများသည်မဖြေရှင်းရသေး။ သို့သော်မော်ဒန်ဖြစ်မှုကိုသွားနေသည့်ဖြစ်စဉ်ကိုရပ်တန့်ဖို့၊ နောက်ကြောင်းပြန်လှည့်ဖို့ မဟုတ်။ မော်ဒန်ကိုဆန့်ကျင်မှုတခုဖြစ်သည့် ဟိုက်ဒက်ဂါတင်ပြသည့် Anti-modern သည်ရှေးရိုးလမ်းဟောင်းကိုပြန်သွားခြင်းဖြစ်သဖြင့် သူလက်မခံ။ Pre-modern ကိုလက်မခံသလို နောက်တမျိုးဖြစ်သည့် Post-modern ကိုလည်းလက်မခံပြန်။ ပြင်သစ်သြဇာညောင်းသည့် ပို့စ်မော်ဒန်အယူအဆသည်ဂျာမနီတွင် Irrationalism ပြန်လည်ထွန်းကားလာစေဖို့ ထရိုဂျင်မြင်းတကောင် ဖြစ်လာမှာကိုသူစိုးရိမ်သည်။ မော်ဒန်နှင့်အတူအားကောင်းလာသည့် အသိပညာဖွံ့ဖြိုးမှု၊ စီပွားရေးအကျိုးအမြတ်၊ တဦးချင်းလွတ်လပ်ခွင့်ကျယ်ဝန်းလာသည်တို့ကိုစတေးပစ်ရန်မလို။ ဘာသာရေးအစွဲအလမ်းကင်းသည့်နှုန်းစံများတွင်အခြေခံသောမော်ဒန်ကမ္ဘာ၏ ယဉ်ကျေးမှု၊ နည်းပညာ နှင့်စီးပွားရေးအခွင့်အလမ်းများကိုပစ်ပယ်စရာမလိုပေ။ မော်ဒန်အကြိုနှင့် မော်ဒန်လွန်ကြားထဲမှ ဟာဘာမားအားထဲ့ထားသည့် ဗဟိုလက်ဝဲ (Centered Left) သည် အရင်းရှင်စံနစ်မဟုတ်သည့် လမ်းကြောင်းများမှတဆင့် မော်ဒန်စံနှုန်းစံထားများကို တည်ဆောက်ထိမ်းသိမ်းဖို့ဖြစ်သည်။
ဒီ့အတွက်ဟာဘားမားရည်ရွယ်ချင်သည့် Communicative Action သည် သူပြန်လည်ဆင်ခြင်ထားသည့် ဆိုရှယ်သီအိုရီ နှင့်ချိတ်ဆက်ထားပြီး ဘာသာစကားမှ အဓိပ္ပါယ်၊ နားလည်ခြင်း စသည်တို့ကိုသူ့အမြင်နှင့်တင်ပြလာခဲ့သည်။ ထိုသဘောကိုခြုံငုံမိ ရန်မှာ သူတည်ထားသည့် ဘာသာစကားအမြင်၏မြစ်ဖျားခံရာကိုဦးစွာသိရှိဖို့လိုလာသည်။ Theory of Meaning/ Understanding of Meaning၊ အဓိပ္ပါယ်များကိုခွဲခြမ်းစိတ်ဖြာရင်း သူ၏ ဘာသာဗေဒအလှည့် (Linguistics Turn) တွင်သဘောတွေ့စရာများနှင့် ရှုပ်ထွေးမှုများသဘာဝကျစွာပါဝင်ခဲ့သည်။ ထိုမှတဆင့် လူတဦးချင်းစီဘာသာစကားအခြေခံကူးလူးဆက်ဆံမှုမှသည် လူအဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု နှင့် စီးပွားရေးနယ်များအထိဆန့်ထွက်လာခဲ့ရာ ဆိုလိုရင်းကို အနဲငယ်မျှဆုပ်ကိုင်မိဖို့ရာပင် ဆိုခဲ့ပါနယ်ပယ်များနှင့် မရင်းနှီးလှပါက ပိုမိုအားစိုက်ဖို့လိုအပ်လာပါသည်။

ုKZကေ

No comments:

Post a Comment