Sunday, April 18, 2010

နောင်နှစ်ကိုလည်းဆီးလို့ကြိုကွယ်မောင်ကြီးလာပါမယ်

တန်ခူးလတွင်
ပိတောက်ပန်းပွင့်သည်
ဂျစ်ကားအမိုးပွင့်သည်
ဘကြီးမြသည်
ဖဆပလ နှင့် ၀ထကလသ
ဦးမြသည်
ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး
(အောင်ရမည်)၂
ကိုမြသည် သူ့တာဝန်အရေးသုံးပါးမှ
ဒီမိုကရေစီရေး နှင့် ငြိမ်းချမ်းရေး
ကိုသူမစွမ်းနိုင်မှန်းသိသဖြင့်
ပြည်ပအလုပ်အကိုင်ရှာဖွေရေး
ကိုသွားသည်
အခါတွင်းကြီး
ကန်တော်ကြီးစောင်းတွင် ဗုံးပေါက်သည်
လုပ်အားတန်ဖိုးချစ်မြတ်နိုးသူများ အချိန်ပိုအလုပ်ဆင်းပုံရသည်
သေဆုံးနှင့်ထိခိုက်ဒါဏ်ရာရသူစာရင်းတွင်
မက်ဟမ်ဘာဂါကိုဗိုလ်ချုပ်အောင်ဆန်းလမ်းမှာထိုင်စားချင်သည့်
ပန့်ခ်ဆံပင်နှင့်လူငယ်လေးတွေပါပေလိမ့်မည်
အစိုးရကတမျိုး
အတိုက်အခံကတမျိုး
အသံလွှင့်ဋ္ဌာနများကတမျိုး အမျိုးမျိုးဆိုသည်
သို့သော် ရန်ကုန်ကဒါမျိုးတွေရိုးနေပါပြီ
ညဘက်ရောက်တော့ရေမောင်းမပျက်၊
မနက်လင်းတော့ဂျာနယ်ရောင်းမပျက်၊
ရောမသည် City of Time
နယူးယော့သည် City of Space
ရန်ကုန်သည် City of Patience
နယူးယော့စာလုံးကြီးအဖွေးသားတီရှပ်နဲ့ ငါတို့
ရောမသားတွေလိုကျင့်ကြသည်
ငါတို့ဟာ အာဂမြန်မာတွေ
စားစရာမရှိ လျှော်စရာရှိရမည်ဆိုသည့်လူမျိုး
ဒီတော့ ရှင်စရာအသက်မရှိတောင်မှ
သေစရာအသက်တော့ရှိရမည်ဆိုသည့်လူမျိုး
ပေါက်ကွဲပြီးနောက် နှစ်သစ်တွင်
ရွှင်လန်းချမ်းမြေ့ကြပါစေ။

KZကေ

4 comments:

  1. အင်း ဒီ ကဗျာတပုဒ်ဖတ်ရတာတော့ စိတ်ထဲ အတော်ထိ...။

    ReplyDelete
  2. ကဗျာတွေလာဖတ်သွားပါတယ်...
    စုချစ်

    ReplyDelete
  3. ကိုလွင်ခင်ဗျား ..

    ရွှေဝါပြည်တွင် ပြန်ဖော်ပြချင်လို့
    ခိုးဆိုးတိုက်ခိုက် (အဲ .. မှားကုန်ပြီ)
    ကူးယူသွားပါတယ်။

    ခင်မင်လျက်
    tmh

    ReplyDelete
  4. အားလုံးကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်
    ကျနော်စိတ်ပေါက်နေတုန်းရေးမိတယ်
    ကိုတင်မင်းထက် ရွှေဝါပြည်ကအဆင်အပြင်ကောင်းတော့အားကျမိတယ်
    မစုချစ်လည်းအဆိုကောင်း
    ဒေါ်မေငြိမ်းကလည်း အရေးကောင်း။

    ReplyDelete