Saturday, July 10, 2010

ဘာစီလိုနာညချမ်း ၂၀၁၀ အမ်စတာဒမ်အလွမ်း

ကိုတီတူး။
ဒါနဲ့ပဲ ကျနော်လည်းကျားကိုအင်္ဂလိပ်စာသင်ပေးရအောင်လို့ပြောမိတယ်။
ဒီလိုဆိုတော့ကျနော့်ကိုဆပ်ကပ်ထဲကလူတယောက်လို့ထင်ကြတော့မှာပဲ။
ဆပ်ကပ်ထဲကဆိုလို့ကျနော်ဟာစက်ဝိုင်းထဲမှာကပ်နေတဲ့ အမျိုးသမီးကိုဒါးနဲ့ပေါက်တဲ့လူနဲ့တော့
တူကောင်းတူပေလိမ့်မယ်။ သိတဲ့အတိုင်းကျနော်စာရေးရင်လိုရင်းမရောက်ဘူး။ ပစ်မှတ်ကိုမထိဘူးပြောနိုင်တာပေါ့။ ကွာတာကတော့ဆပ်ကပ်ထဲအဲသလိုများ အကြိုအကြားတွေဒါးစိုက်သွားလို့
ကတော့ (ချိုင်းကြားတို့ ပေါင်ကြားတို့ ကိုပြောချင်တာ) ပရိတ်သတ်ကအားပေးကြတာကလား။
ကျနော်မှာတော့ ခေတ်ကမကောင်းတော့ကိုယ်ပြောချင်တာရဲရဲမပြောရဲတဲ့အကျင့်ကရလာတော့ ဒီလိုပဲ သေကွင်းသေကွက်နဲ့နီးတဲ့နေရာလေးတွေဝေ့၀ိုက်ပစ်တဲ့အကျင့်ကရလာတယ်။ ပိုလန်းစကီးကတော့ ဒါဟာနှင်းခဲလျောစီးသူတွေလိုပဲတဲ့ အနုပညာဆိုတာဒီလိုအလံတိုင်လေးတွေကြားကသွားတတ်ရတယ် လို့ပြောဘူးတယ်လို့မှတ်မိသလိုပဲ။ ကြာပီ ဒီအကြောင်းကျနော်ပြောတာ ဘာကလေမှာဂျာနယ်လစ်ဆမ်သွား တက်တဲ့ ကျနော့်သူငယ်ချင်းနဲ့ ဂွတ်တလစ်နားကအရက်ဆိုင်လေးတဆိုင်မှာ ကြာပီပေါ့။ ကျနော်ဆေးလိပ်မပြတ် သေးဘူး။ မြင်းခြံဘော့တွေခဲနေတုန်း၊ ရန်ကုန်မှာ စင်တင်ဂီတတွေအားကောင်းတုန်း၊ လူတွေပန်းကုံးတွေသောက်သောက်လဲစွပ်တုန်း၊ ကာရာအိုကေဆိုတာ ဘာလဲလို့လူတွေမေးရကောင်းမှန်းတောင် မသိကြသေးဘူးဆိုတဲ့အချိန်တုန်းကပေါ့။ တိုက်ဂါးဘီယာမပေါ်သေးဘူး၊ အေဘီစီလည်းမပေါ်သေးဘူး။ ကျနော်လည်း ကျားကိုအင်္ဂလိပ်လိုတတ်အောင်မသွန်သင်နိုင်သေးဘူးပေါ့။
တကယ်တမ်းကျနော်ပြောချင်တာ ကျားနဲ့ ဘာမှမဆိုင်ဘူးရယ်။ ရေဘ၀ဲဗျ ရေဘ၀ဲ၊ ဒီလောက်ဆိုခင်ဗျားသိသွားပါပြီ။ ကျနော်ဘာပြောတော့မယ်ဆိုတာ။ အေးဗျာ ခက်သားကလား၊ ခုခေတ် မီဒီယာ ဆိုတာက မင်းသမီးလေးသွေးစုနာပေါက်တာကစလို့ အင်္ဂါဂြိုလ်မှာရေတွေ့တဲ့အထိအကုန်သိတာကလား။ ဟုတ်တယ်၊ ဘောလုံးပေါ့ အဲဒီလုံးနေတဲ့ဘောပေါ့ဗျာ။ ခုကျနော်အဲဒီအကြောင်းပြောချင်နေတာပါပဲ။ ခုလိုပညာတတ်တွေ ဂလိုဘယ်လိုက်ဇေးရှင်းလို့အော်နေတဲ့ခေတ်မှာ ကျနော်လိုထူထူပိန်းပိန်းကောင်က တခြားဟာတွေနားမလည်တောင်မှ ကမ္ဘာနဲ့အ၀ှမ်းစိတ်ဝင်စားတဲ့ ဒီဘောပွဲတော့နဲနဲဝင်ရောသင့်တာပေါ့။
တနေ့မှာကျနော်တို့အခန်းထောင့်ကတရုတ်ကကျနော့်ကိုမေးတယ်။ ဘယ်အသင်းကြိုက်သလဲတဲ့။ ကျနော်တောင် ဘာမှပြန်မပြောရသေးဘူးသူက ဂျာမနီနိုင်မှာတဲ့ အော်တိုပတ်စ်က ဂျာမနီကိုရွေးလိုက်တယ်လို့ပြောတယ်။
အဲဒီနေ့က ကွာတားပွဲ၊ ဂျာမနီနဲ့ အာဂျင်တီးနားတွေ့တဲ့နေ့၊ ကျနော့်စိတ်ထဲတော့ ဂျာဂင်ကလင်းစမန်းတို့ ဂျာဂင်ဟာဘားမားတို့ကိုရင်းနှီးနေပေမဲ့ အာဂျင်တိုင်းတွေကိုပဲနိုင်စေချင်တယ်။ မြန်မာတွေက အာဂျင်တိုင်းပရိတ်သတ်များတာကိုး။ ဒိုင်တော့မစားစေချင်ဘူးလေ။ ခက်တာက ဘောပွဲလောင်းတယ်ဆိုတာက ပိုက်ဆံလိုချင်လို့လောင်းကြတာဆိုပေမဲ့ လူတွေက ကိုယ်ကြိုက်တဲ့အသင်းဘက်ကလောင်းကြတာများတယ်။ ဆိုလိုတာကဗျာ နိုင်ဖို့အရေးကြီးတယ် ဆိုတာထက် ကြိုက်တာကိုဦးစားပေးတာကိုး။ အဖြူရောင်လေးဝယ်ရင် ကျောင်းလည်းဝတ်လို့ရတယ်ဆိုပေမဲ့ အနက်ကလေးကြိုက်လို့ဝယ်လာခဲ့တယ်ဆိုတာမျိုးကြားဘူးပါလိမ့်မယ်။ အော်လူတွေ ဆင်ခြင်တုံတရားဆိုတာ နားလည်တယ်ဆိုဦးတော့ လက်တွေ့မှာ ဆုံးဖြတ်ချက် ဆိုတာ Irrational လို့ပြောတော့ ငြင်းရတာခက်တာပေါ့ဗျာ။ ထားတော့ ဘယ်နားရောက်သွားပါလိမ့်၊ ဟုတ်ပြီ အဲဒီနေ့ကကျနော်သူငယ်ချင်းတယောက်အိမ်သွားပြီးဘောပွဲကြည့်ဖြစ်တယ်၊ ဂျာမန်တွေဗျာ လေးဂိုးတောင် သွင်းလိုက်တာ ကျနော့်မှာ မက်ဆီလေးနဲ့ ၀တ်လစ်စလစ်နဲ့ ဗျုနိုအေရီလမ်းတွေပေါ်ပြေးမယ်ဆိုတဲ့ သူ့ဆရာ မာရာဒိုနာတို့ကို သနားသလိုတောင်ဖြစ်မိတယ်။ နောက်တော့လည်းမနိုင်တော့ရှုံးမှာပေါ့လေ ဒီကောင်တွေ ငါ့စပင်းနစ်တွေနဲ့တွေ့ကြတာပေါ့လို့တေးထားမိတယ်။ အဲဒီမှာဇတ်လမ်းကစတာပဲ။ အင်္ဂလန်ကိုလေးဂိုး တဂိုး၊ အဂျင်တီးနားကို လေးဂိုးပြတ်သွင်းလာတဲ့ ဂျာမန်တွေကို အားလုံးကချန်ပီယံလို့သတ်မှတ်လိုက်ကြပီပဲ။
ဒီမှာကျနော်နဲ့ဘောလုံးပွဲတွေအကြောင်းနဲနဲတော့ပြောရတော့မှာပဲ။ ကျနော်ဘောလုံးပွဲစကြည့်တော့နယ်မှာ။ ၈၈ အရေးအခင်းဖြစ်ပြီးနောက်ပိုင်းကျောင်းတွေပိတ်ထားချိန်ပေါ့။ ကျနော်လည်းလက်ဘက်ရည်ဆိုင်ကို နေ့မီးညမီးထိုင်နေတဲ့အချိန်ပေါ့။ တီဗွီရှိတဲ့သူငယ်ချင်းကစနေတနင်္ဂနွေတွေမှာ ဘောပွဲ ကြည့်ဖို့လာလာခေါ်တယ်
အလန်ရှီးယား ဘလက်ဘန်းမှာကန်နေတဲ့အချိန်ပေါ့။ ဒါပေမဲ့စာဆောင်တွေအရ ကျနော်စကြိုက်တဲ့ဘောသမား တွေက ဒတ်ခ်ျတွေပဲ အေစီမီလန်ရောက်ဟော်လန်ရဲသုံးဘော်ပဲ။ ဗာစတင်၊ ဂူးလစ်၊ ဘားကမ့် တို့သုံးယောက်ပေါ့။
အဲဒီကနေကျနော်ဘောပွဲတွေနဲနဲသတိထားမိတာမှာ ကျောင်းပြန်တက်တော့ ရန်ကုန်ကို တောင်ကိုးရီးယားက ပေါ့စကိုအတမ်ဆိုတဲ့အသင်းတသင်းလာတယ်။ စီဆောင်မှာပြတဲ့မြန်မာ့လက်ရွေးစင်အသင်းနဲ့ကန်တဲ့ပွဲ ဒီမှာတင် ကျနော်နားလည်ထားတဲ့ဘောလုံး ကစားနည်းဟာပြောင်းသွားပြီလို့ခံစားမိတော့တယ်။ ကျနော်ဟာဘောလုံးပွဲကို ပြည်တွင်းတိုင်းနဲ့ပြည်နယ် ပွဲတွေ ရေဒီယိုကကြော်ညာတဲ့ ခေတ်ကစလို့ ကျနော်တို့နယ်သားတယောက်က အကောက်ခွန်မှာညွှန်မှုးဖြစ်တဲ့အချိန် အကောက်ခွန်က မြန်မာပြည် အကောင်းဆုံးဘောသမားတွေ တောကွင်းမှာလားကစားတာတွေကို ကလေးဘ၀ကတည်းကကြည့်ခဲ့ဘူးပါတယ်။
နောက်တော့ မျိုးလှိုင်ဝင်း နဲ့ ကျနော်တို့ကျောင်းတော်သား သန်းတိုးအောင်တို့ဟာ ဆီဂိမ်းမှာ ဒုတိယ ရလာခဲ့တဲ့အချိန်မှာ ဟော်လန်မှာ အက်ဂါဒေးဗစ်တို့ ဆီးဒေါ့တို့ နောက်တန်းမှာ ဘိုဝါးအမွှာညီအကိုတို့ ခေတ်ကိုရောက်လာတယ်၊ အေဂျက်အမ်စတာဒမ်ဟာ ဥရောပရဲ့အကောင်းဆုံး ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်ရခဲ့တယ်လို့ထင်တယ်။ ကျနော် အမ်စတာဒမ်ကိုကြိုက်ပါတယ်။ မြို့ဟာတူးမြောင်းတွေနဲ့လှတယ်။ လှေအဟောင်းတွေကိုစားသောက်ဆိုင်ပြန်လုပ်ထားတာ၊ မြို့လယ်ညဘက်လမ်းကြားတွေမှာဆေးခြောက်တရားဝင်သုံးခွင့်ရတာ၊ ရော့တာဒမ်ကလေရဟတ်တွေ။ ဒတ်ခ်ျတွေဟာစည်းကမ်းရှိတယ်၊ ဥါဏ်ကောင်းတယ်။အင်္ဂလိပ်စကားပြောကောင်းတယ်ဆိုပေမဲ့ စီးပွားရေးမဟာဘွဲ့ရ အာဆင်ဝင်းဂါးရဲ့အာဆင်နယ် အသင်းမှာခြေစွမ်းပြတတ်တဲ့ ဗန်ပါစီလောက်နဲ့ ဘန်ဘရွန်ခရော့စ် လောက်နဲ့ ဂျာမန်တွေကိုဘောလုံးအဖျက်နဲ့ စင်တာပတ်စ်တွေသင်တန်းပေးခဲ့တဲ့ စပိန်တွေကိုဘယ်လိုနိုင်အောင်ကန်မှာလဲ။ အထိန်း အဖျက် ဘောလုံးဖြန့်ဝေမှု အစစမှာ စပိန်ဟာ ဂျိုဟန်ခရိုက်ရဲ့ သားမြေးတွေကို သာပါတယ်။
ကျနော်ဟာအကြိုက်အရ နိုင်ငံအသင်းမှာ စပိန်၊ ကလပ်အသင်းမှာ မန်ယူပါ။ တကယ်တော့ မေးရိုးတွေထောင်အောင် ဟစ်အော်ပြီးအသင်းကိုမောင်းတဲ့ ကွင်းလယ်မှာဘောလုံးဖြန့်ဝေမှုကောင်းတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ဘောလုံးပိုင်ဆိုင်မှုများအောင်ကစားတဲ့ မန်ယူရဲ့ ကပ္ပတိန်ဟောင်း အိုင်းရစ်သူပုန် ရိုင်းကိန်း၊ ကျနော်အကြိုက်ဆုံး ဘောသမားတွေထဲကတယောက်ကို ခုဘာစီလိုနာနဲ့ စပိန် ကွင်းလယ်ဖန်တီးရှင်ဇာဗီ ဟာ ရှေ့တက်ဂိုးသွင်းတတ်တာနဲ့ အသင်းမောင်းနှင်အားကလွဲလို့ကျန်တဲ့နေရာတွေအားလုံးမှာသာပါတယ်။ ဂျိုဟန်ခရိုက် နည်းပြလုပ်ဖူးတဲ့ ဘာစီလိုနာအသင်း။ အဲဒီအသင်းသား ခြောက်ယောက် လိုင်းနပ်အပြည့်ကစားနေတဲ့ စပိန်ကို တိုတယ်ဖွတ်ဘောနဲ့ ဟော်လန်ကအနိုင်ယူမယ်ပြောရင်တော့ မြေးကလေးဆုံးလို့ပူဆွေးနေတဲ့ တောင်အာဖရိကရဲ့ဖခင်ကြီး မန်ဒဲလားကပြုံးပါလိမ့်မယ်။
တခုပဲ ခုနယ်သာလန် ဘရာဇီးကိုကစားသွားတာဟာ ခေတ်အဆက်ဆက် သူ့နောင်တော်တွေကစားခဲ့တဲ့ ဘောလုံးရသအပြည့်ပေးခဲ့တဲ့ ဟော်လန်တွေရဲ့ညက်ညောတဲ့ကစားဟန်မဟုတ်ပါဘူး။ ခုအင်္ဂလိပ်ကလပ် ချန်ပီယံချယ်ဆီးကိုနည်းပြခဲ့ဘူးတဲ့ ရုဂူးလစ်ဟာ တခါက ပွဲစဉ်အရကွာတားမှာဘရာဇီးနဲ့တွေ့ဖို့ရှိနေတယ်။ နည်းပြနဲ့ကြိုညှိရာမှာ ဟော်လန်စတိုင်အပွင့်တိုက်စစ်နဲ့ကစားခွင့်မရဘူးဆိုတဲ့ နည်းစံနစ်ပိုင်းဆိုင်ရာ ငြင်းခုန်မှုတခုကြောင့် ကမ္ဘာ့ဖလားပွဲကိုငြင်းဆန်ခဲ့တယ်။ ခုရှေ့တန်းကရော်ဘင် အလယ်ကနာမည်ရနေတဲ့ ဆရာလေး (ကျနော်နံမည်မေ့နေတယ်) လောက်နဲ့တော့ လီဗာပူးဂိုးသွင်းဘုရင်တောရက်နဲ့ ဂိုးသွင်းစက် ဗီလာ တို့ အသက်နှစ်ဆယ့်တစ်နှစ်နဲ့ အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ်နဲ့ ဖာဘရီဂတ်စ်တို့ ကွင်းလယ်က ဇာဗီနဲ့ အင်နီအက်စ်ထရာတို့ ဘာစီလိုနာ ကပ္ပတိန် နောက်တန်းခံစစ်မှုး၊ ပူရိုးတို့ပါတဲ့ စပိန်ကိုဘယ်လိုနိုင်အောင်ကန်မှာလဲ။
တခုပဲ နောက်ဆုံးပြောစရာ တခုပဲ။ နောက်ညာအစွန်ကရာမို့စ်ဟာရှေ့တန်းတိုက်စစ်ထိပါတယ် ကွင်းလယ်မှာအဖျက်ကစားတယ် ကျွံလာတဲ့ညာနောက်ခံလူကိုထိမ်းကျောင်းတယ်။ အားနဲချက်၂ခုဖြစ်လာနိုင်တယ်။ ဟော်လန် ခံစစ်ကကောင်တာပေးရင် သူနေရာမှန်ပြန်ရောက်မလား နဲ့ သူ့အဖျက်ကကြမ်းတော့ နီသွားနိုင်တာတခုရှိတယ်။ ဒီအဆင့်မှာ ၁၀ယောက် ၁၁ယောက်ကစားပြီဆိုရင် နိုင်ဖို့မစဉ်းစားပါနဲ့။ ပြီးတော့ တည်ဘောတွေ။ ထောင့်ကန်ဘောနဲ့ ပြစ်ဒါဏ်ဘောတွေကနေဘယ်လိုဂိုးရမလည်း ခုဟော်လန်အသင်းနည်းပြရဲ့အတွေးဟာ ဒီနှစ်ချက်ပေါ်မှာရှိနိုင်ပါတယ်။ ပင်နယ်တီမှာတော့ ရော်နယ်ဒို၊ ဇီဒန်း၊ ဘက်ခမ်း၊ ဖီဂို တို့တပြိုင်နက်ကစားတဲ့ ရီးရဲမက်ဒရစ် ဂိုးပေါက်ကိုစောင့်ကြပ်သူ စပိန်ခေါင်းဆောင် ကားဆီးလတ်နဲ့ နယ်သာလန်ဂိုးသမား ကွာပါတယ် (နယ်သာလန်ကို မန်ယူဂိုး သမားဖမ်းနေတာတော့မတွေ့မိဘူး) ။ ပြောရရင်နှစ်ဘက်စလုံးဟာ မိနစ်ကိုးဆယ်အတွင်း အပြတ်ဖြတ်ကြမဲ့ နည်းပရိယါယ်တွေရှိနေပါလိမ့်မယ်။ Little India က ကြက်တူရွေးက ဟော်လန်တွေကို ရွေးတယ်ဆိုဦးတော့ ကျနော်ကတော့စပိန်ပါပဲ။ အားကစားဟာမော်ဒန်အရင်းရှင်ခေတ်က လူတန်းစားလွတ်မြောက်မှု တွေကိုလမ်းကြောင်းလွှဲဖို့ အစိုးရတွေကစံနစ်တကျဖန်တီးလိုက်တာလို့ ဖရင့်ဖတ်ဂိုဏ်းသား ဂျာမန်တွေးခေါ်ရှင်တွေကသုံးသပ်ခဲ့ပါတယ်။ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောရုံကလွဲလို့ ခုကမ္ဘာ့ဖလားရဲ့သြဇာကိုကျနော်လည်းအလုံးစုံမလွန်ဆန်နိုင်ပါဘူး။ မက်စ်ဝက်ဘာပြောတဲ့ မော်ဒန်သံလှောင်အိမ်ထဲ တနလာင်္နေ့မနက်စောစောမှာ ကျနော်တော့ခေါင်းထိုးဝင်ရပေဦးမယ်။ မြန်မာ့အားကစားဟာ ကမ္ဘာကိုမီးလာရင် ချောင်းကြည့်နေရတုန်းပါပဲ။ နိုင်ငံစုံအရင်းရှင်ခေတ်၊ အားကစားဟာဒီနေ့ခေတ်ရဲ့ ဖျော်ဖြေမှုတခုဖြစ်လာပုံကအစ၊ နိုင်ငံတကာမှာကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးမာန်မာန နိမ့်ကျလာပုံအလယ်၊ အစရှာမရသေးတဲ့ နိုင်ငံပြန်လည် တည်ဆောက်ပုံ အဆုံး၊ ကျနော်ဟာ ဂျုရောင်းအနောက်ကိုဝင်လာတဲ့ နေရောင်ကိုကြည့်ရင်း ခဲရောင်နောက်နောက်တရုတ်ကော်ဖီကိုသောက်ရင်း ဘောလုံးပွဲတွေပြီးသွားမဲ့ ၂၀၁၀ ရဲ့အနောက်ဘက် ရန်ကုန်မြင်ကွင်း ကိုမျှော်ကြည့်နေခဲ့မိတာပါပဲ။

ချစ်ခင်စွာဖြင့်
KZကေ

4 comments:

  1. ကြက်တူရွေးနဲ့ ငြင်းခုန်ခြင်း လုပ်နေတာကိုး။
    ဓားပေါက်သမား ဥပမာကတော့ ကြိုက်တယ်ဗျာ။

    (BTW: ဟော်လန် ရဲသုံးဖော်က ဂူးလစ်၊ ဗန်ဘတ်စတန် နဲ့ ရစ်ကတ်)

    tin min htet

    ReplyDelete
  2. ကိုတင်မင်းထက်
    ကျေးဇူး၊ ကျနော်အမှတ်မှားတာ။
    ဟုတ်တယ် ဖရင့်ရီကတ် အရင်ဘာစီလိုနာ နည်းပြဟောင်း
    လုပ်ပါဦး ဘယ်သူနိုင်မလဲဆိုတာ
    ဒီမနက်သတင်းစာမှာတော့ အော်တိုပတ် က စပိန်ဆိုပဲ

    ReplyDelete
  3. ဟော်လန်တော့ ပိုအားပေးချင်သား။ ဒါပေမယ့် စပိန်ပဲ နိုင်တော့မယ် ထင်တယ်။ နောက်တန်းက စပိန်က ပိုငြိမ်တယ်။ အရင်ပွဲတွေ အထိ ဂျာမန်ကို အားပေးနေတာ လူငယ်တွေ လူသစ်တွေ အများကြီးပါလို့။ ဒါပေမဲ့ စပိန်က လှုပ်လို့ မရအောင်ထိန်း ကစားသွားတော့ ပြုတ်ရော။ ဟော်လန်က ဂျာမန်ကိုတောင် မနိုင်လောက်ဖူးထင်တယ်။ (တကယ်မှ မကန်ဖြစ်ဘဲ ပြောချင်တာ ပြောမှာပဲ။)

    ကလပ်အသင်းကတော့ ယူနိုက်တက်ပဲ။ အကြိုက်ဆုံးကလည်း (ဂစ်တို့ စခိုးလ်တို့ ဘယ်လောက်ကောင်းကောင်း) ရွိုင်ကင်းပဲ။

    ReplyDelete
  4. စပိန်၊ ဟော်လန် ထက် ရေဘ၀ဲနဲ့ ကြက်တူရွေးက ပိုခေတ်စားနေတယ်၊
    ဂလိုဘယ်လိုက်ဇေးရှင်းက အသံတော့ ကျယ်ပါတယ်၊ ပေးစရာရှိရင်
    လက်တုန်နေတဲ့ အရက် အသောက်လွန်သူတစ်ဦးရဲ့ နံနက်ခင်းလိုပဲ။
    ကျနော်တို့ ဂွတ္တလစ်နားက အရက်ဆိုင်တွေကတော့ လွမ်းစရာပါပဲ၊
    အခုလို ဘောပွဲရာသီဆိုရင် ဖွင့်ခွင့်မရလည်း အထဲမှာ တိုးတိုးတိတ်တိတ်
    ထိုင်နေလို့ ရတယ်၊ ကျနော်လည်း ဂျာမန်ဘောလုံး ပရိတ်သတ်တစ်ဦးပါ။

    ReplyDelete