Sunday, June 20, 2010

သမီးတနေ့ဖတ်ဖို့ တိုးမြစ်ရေဆန်

အံ့အားသင့်စရာမဟုတ်ပေမဲ့ သမီးကိုဇွန်၁၉မှာမွေးခဲ့ပါတယ်။
အဲဒီတုန်းကကျနော်တို့နယ်မှာနေကြတာပါ၊
“ပုသိမ်ကိုပြန်မလော့တွေးတော့ ရွေးမြစ်ကယ်ပြင်စလူနဲ့ ဧရာသူဖျာပုံမွေးတယ်
ဘိုလေးမှာသက်ကယ်ဝယ်လို့ လက်မလွယ်ကိုသံဒိရယ်နဲ့ တိုးလို့ထွက်ပြေး”။
ဒါက ကျနော်ငယ်ငယ်က ပထီဝီနိုင်ငံရေးတို့ ပထ၀ီ တေဇော အာပေါ ၀ါယော တို့ မကြားဘူးခင် ဧရာဝတီမြစ်လက်တက်တွေကိုမှတ်မိအောင်ကျက်တဲ့ ကဗျာလေးတပုဒ်ပါ။
ကြီးလာတော့ “ရွေးမြစ်ပြင်လှိုင်းလှုပ်ခုန် လွန်းတောင်ပေါ်ကမုတ်သုံ ယုံကြည်တတ်ရင် ဒါရင်ခုန်မြင့်မြတ်” လို့ ကိုအောင်းဝေးက ယာမာဂူချီ ခင်ဆွေရီ မှာစာဖွဲ့ထားတာကိုနှစ်သက်ခဲ့သူဖေဖေက သမီးမွေးတော့ တိုးမြစ်ပြင်ပေါ်ကညတွေနဲ့ နုငယ်သော သမီးလေး လှုပ်ခတ်တဲ့ ဘ၀အစကို ကြည့်မောကြည်နူးခဲ့ရပါတယ်။
မုတ္တမပင်လယ်ကွေ့မှာလေးပတ်၊ နောင်နှစ်များကြာတော့ နာဂစ်ကမွှေနှောက်ခြောက်ခြားခဲ့တဲ့ မြို့ငယ်လေးမှာ လေးပတ်။ လေးပတ်လုပ် လေးပတ်နားနဲ့ သမီးမွေးခါနီးတော့ ရန်ကုန်ကျောက်မြောင်းမှာ ကျနော်တို့အခန်းငှားပါတယ်။ သူ့ကိုကို လို ကန်တော်ကြီး ဆေးခန်းမှာ မွေးဖို့ပါ။ အခြေအနေတွေအရ ဆာကူရာမှာမွေးဖို့ဖြစ်လာပါတယ်။
သမီး၁နှစ်မှာ ကျနော့်အလုပ်ကရန်ကုန်မှာနေဖို့ဖြစ်လာပါတယ်။ ဒီတော့လည်းပြောင်းပေါ့၊ ကျနော်တို့ပြောင်းတော့
ခု တိုးမြစ်ပြင်ပေါ်ခံ့ငြားနေတဲ့ မြစ်ကူးတံတားကမရှိသေးပါဘူး။
ရှိစုမဲ့စု ပစ္စည်းတွေကိုသဘောင်္နဲ့ ရန်ကုန်ကိုသယ်ပါတယ်။ အဲဒီတုန်းက ခြေသလုံးအိမ်တိုင်စားသောက်ဆိုင်များ လို့ ကဗျာတပုဒ်မှာကျနော်ရက်ရက်စက်စက်စာဖွဲ့ခဲ့တဲ့ တိုးမြစ်ကမ်းတနေရာက ဆိုင်တဆိုင်မှာညလုံးပေါက်နီးပါး
ထိုင်ပြီးကျနော်တို့သဘောင်္စောင့်ခဲ့တာခုစာရေးရင်းသတိရမိနေပါတယ်။
ရန်ကုန်မှာနေလို့မှ ၂နှစ်မပြည့်ခင် ကျော်ကြားသောအမြင့်တခုရဲ့ထိပ်ဖျားကိုငါတက်ခဲ့တယ်၊ အီဖယ် အို အသင်….. အစရှိသည်ဖြင့် ကျနော်ကဗျာရေး ခဲ့သော ကမ္ဘာကျော်မြို့တော်တခုကိုသွားရပါတယ်။ ရေခြားမြေခြား သမီးလေး ဘာသာစကားအသစ် ကျောင်းအသစ်မှာ ရုန်းကန်ခဲ့ရတာကို ခုနေပြန်တွေးတော့သနားနေမိပါတယ်။
သမီးက သူ့စရိုက်နဲ့တူပါတယ်၊ ဖိအားပေးတိုင်းမရွေ့ပါဘူး။ ခုခေတ်ပြောနေတဲ့ စမတ်ပါဝါကို သုံးတိုင်းလည်းမရပါဘူး။
သူ့ဆရာမနာမည်က ရိုဝယ်တဲ့၊ ခလေးတွေကိုကြင်နာပြီး နားလည်မှုပေးတဲ့ဆရာမတယောက်ပုံစံပါ။
သို့ပေမဲ့ သမီးနဲ့ပါတ်သက်ပြီး ကျနော်ကျောင်းကိုသွားတွေ့ရတာတွေရှိပါတယ်။ အဓိက ကပြောတိုင်းမလုပ်တာပါ။
ကျနော် အလုပ်က အဲဒီမြေကြီးထဲရွေ့လျားနေတဲ့ဓါတ်သတ္တုတွေအကြောင်းနဲ့ဆက်စပ်ပါတယ်။ ဥရောပဆောင်းရာသီကိုအံတုထားတဲ့ ကြွက်တွင်းလိုမြေအောက်လမ်းကြောင်းတွေနဲ့သဘာဝဓါတ်ငွေ့၊ ဆောင်းငွေ့
နှင်းမှုန်၊ ခဲနေတဲ့စိတ်ကူးတွေကြားမှာပဲ ကျနော်တို့နောက်တမြို့ကိုပြောင်းခဲ့ကြပါတယ်။ သမီးငါးနှစ်။
ခေတ်ဆိုးကြီးက သတင်းဆိုးတွေအကြောင်းပြောပါတယ်။ ဥရောပရဲ့အနွေးထည်အထပ်ထပ်ကြားမှာ ပဲချွေးစို့ခဲ့ရတဲ့ သတင်းတွေကိုနားဆင်ရင်း သမီးလေးမျိုးခြားဘာသာစကားကိုလည်ပတ်စွာပြောနိုင်တာကို ငေးကြည့်ရင်း ရန်ကုန်ပြန်ဖို့ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၀ရ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ မေ နာဂစ် ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရေသန့်ဘူးတွေကိုလက်ပေါက်အောင်သယ်ရင်း တာပေါ်လင်ဖျင်စတွေထမ်းချရင်း မြန်မာစည်ဘီယာအခါးကိုသောက်ရင်း ကျနော်ဟာစိတ်ကူးထဲကတော်လှန်ရေးကို ခေတ္တပဲဖြစ်ဖြစ် နှုတ်ဆက်ခဲ့ပါတယ်။ နောက်တော့ အဘူမိဒေါ နဲ့ အဘီဆစ်၊ နောက်တော့လီကွမ်ယူနဲ့ ဘယ်တော့ရီချ လိုက်မယ်မှန်း မသိရဘူးလို့ သူငယ်ချင်းတယောက်ကဝေဖန်ခဲ့တဲ့ လီရှန်လွန်း၊ ပေါက်ဈေးရတိုင်းကျနော် လိုက်မယ်လို့ သွားခဲ့တဲ့နေရာတိုင်းမိသားစုနဲ့အတူ သမီးလေးပါခဲ့ရတယ်။
စင်ကာပူရောက်တော့ပထမအပတ်မှာပဲ ဒီကျောင်းကိုသမီးမတက်ချင်တော့ဘူးလို့ ပြောပြီးငိုတော့ ကျနော့်မှာ
စိတ်မကောင်းဖြစ်ရတယ်၊ ခုတော့နဲနဲနေသားကျလာပြီဆိုပေမဲ့၊ ဖေဖေ သမီးပြောတဲ့အင်္ဂလိပ်စကားကိုသူတို့ နားမလည်လို့ သူတို့နားလည်တဲ့ အင်္ဂလိပ်စကားကိုပြောရတယ်လို့ဆိုတော့ ကျနော့်မှာ ဘာပြန်ဖြေသိမ့်ရမယ်မှန်း မသိရပါ။
ကမ္ဘာဟာရှုတ်ထွေးတယ်သမီးလေးရယ်၊ ဖေဖေမျှော်လင့်ထားတာထက်ပိုပြီးကွေ့ကောက်နေတာပါပဲ။ ဖေဖေကတော့ တဂိုးကဗျာကိုဆရာမြဘာသာပြန်သလို ရွှံ့ရုပ်တွေနဲ့ဆော့တဲ့အတတ်ပညာကိုမေ့လျော့ခဲ့ပါပြီ။
သမီးကိုဖေဖေဘာဖြစ်စေချင်လည်းဆိုရင် သမီးဖြစ်ချင်တာပါ၊ အဲဒါကို သမီးကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အထိ ဖေဖေ ထိန်းကျောင်းရပါလိမ့်မယ်။
သမီးထက်နဲနဲအသက်ပိုမယ့်သမီးလေးတယောက်ရှိတဲ့ ဖေ့ဖေ့သူငယ်ချင်းတယောက်က တခါကစာရေးတယ်။
ကြွေနေတဲ့ပန်းလေးများလိုက်ကောက်ခြင်းမှာပျော်တတ်တဲ့ရိုးသားမှုကို ဘယ်လိုလူ့လောကစည်းစိမ်အတွက် မှမစတေးနဲ့ ဆိုတဲ့သီချင်းကို သူ့သမီးလေးမွေးနေ့မှာဆိုခဲ့တယ်ဆိုပဲ။
ဖေဖေတော့ဘာဆုတောင်းပေးရမယ် မဝေခွဲတတ်ပါဘူး။ ရိုးသားပြီးမျှတသော စိတ်ကူးတခုသမီးမှာရှိလျှင်ဖေဖေ ဖြည့်စည်းပေးဖို့ပါပဲ၊
ကိုယ် စိတ် နှလုံး သုံးပါးစလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် ဘ၀ကို သမီးလေး ရင်ဆိုင်ခံစားပျော်ရွှင်နိုင်ပါစေ။

တနေ့သမီးလေးကြီးမြင့်လာလို့ ဘလော့တွေဖတ်တတ်လာတဲ့အခါဖတ်ဖို့သမီးမွေးနေ့မှာဖေဖေရေးပါတယ်။

ချစ်သောဖေဖေ
KZကေ

6 comments:

  1. သမီးလေးပျော်ရွင်ချမ်းမြေ့ပါစေ.။

    ReplyDelete
  2. သမီးလေး ပျော်ရွှင် ချမ်းမြေ့ပါစေ၊ ကျနော်က ဧရာဝတီဒေသ
    နဲ့ ပက်သက်ပြီး ဗဟုသုတ လုံးဝမရှိသလောက်ပါ၊ ရွေးမြစ်
    နဲ့ ပြန်မလော့မြစ် ဟာအတူတူပဲလား၊ တစ်ခုစီလား၊ ဒို့ဗမာ အစည်းအရုံး သမိုင်း စာမျက်နှာတစ်ခုမှာ ရွေးမြစ်ထဲကို လက်ပြန်ကြိုး အတုပ်ခံရတဲ့ သခင်အမည် မခံခဲ့တဲ့ လူတစ်ယောက် ခုန်ချ ထွက်ပြေးခဲ့ဖူးတယ်၊ အဲဒါကို ကျနော် ပြန်ရေးချင်လို့
    သို့ပေမယ့် ရွေးမြစ်နဲ့ ပြန်မလော့မြစ် တူလား မတူလား ကျနော်
    သိချင်လို့ပါ၊ လေးစားလျက်။

    ReplyDelete
  3. မခင်ဦးမေ
    ကျေးဇူးပါ၊ နောက်တခါပြပွဲတွေသွားရင်ပြောမယ်လေဗျာနော
    ကိုအောင်
    ရွေးနဲ့ပြန်မလော့ ကတခုစီပါ
    အားလုံးပေါင်းမြစ်လက်တက်က ၁၀ခု
    ခုကဗျာပြန်ဆိုပြီး လက်ချိုးရေတော့ မပြည့်ဘူးဖြစ်နေတယ် ဒီတော့ထပ်ပေါင်းလို့မဖြစ်တော့ဘူးဗျ (ကျနော်ပြန်စဉ်းစားလို့ပေါ်လာရင်ထပ်ရေးပေးမယ်)
    စာကြောင်းချဲတာတွေလည်းတရက်မှာလုပ်ဖြစ်မှာပါ။ ကျေးဇူး

    ReplyDelete
  4. မင်္ဂလာမွေးနေ့ပါ သမီးလေး။ သမီးလေးက တော်လည်းတော်၊ ယဉ်ကျေးလည်း ယဉ်ကျေးမယ် ထင်တယ်။ ကျွန်တော်နဲ့ မွေးနေ့တူလို့ :)

    ReplyDelete
  5. အင်းးးးးးးးးးဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ လူလာဖြစ်ရတဲ့ ကလေးတွေလည်း မသက်သာဘူးနော် ။ မိဘတွေသွားရာနောက်ကို ကောက်ကောက်ပါအောင်လိုက်နေရပြီး ပညာကို ဂလိုဘယ်လိုက်ရှာနေရတယ်။
    စုခိုင်လေး ကျန်းမာပါစေ ။ လိမ်မာယဉ်ကျေးပြီး ထက်မြက်တဲ့သမီးရတနာလေးဖြစ်ပါစေလို. ဆုတောင်းပေးပါတယ်ဗျာ။

    ReplyDelete
  6. သမီးလေး ပျော်ရွှင်ချမ်းမြေ့ပါစေ...

    ReplyDelete