Friday, June 8, 2012

ပူအိုက်သော ကာပီတယ် မေလ


ဓါတ်ပြားဟောင်းကြီး ပန်းနာရင်ကျပ် ရောဂါသည်လူအိုကြီးပမာ
ဒီရက်တွေထဲ မီးဟာတဟွတ်ဟွတ်နဲ့
ဒီခေတ်ထဲမှာတော့ ရေခဲသေတ္တာတို့ လေအေးပေးစက်တို့ကို ဇိမ်ခံပစ္စည်းလို့ခေါ်လို့မသင့်တော့ဘူးထင်ရတာပဲ
ဘယ်တတ်နိုင်မလဲ ကံ ဥတု စိတ် အဟာရ လို့ဆိုကြတာကိုး အသက်ကြီးလာလျှင် မိမိကိုယ်ကိုပိုမို ဂရုစိုက်ရန်လိုအပ်ပေသည်
အလုပ်ကတော့လူတိုင်းများတယ် အကိုက်အခဲပျောက်ဆေးများ လေးနာရီခြားတခါဆိုတာမျိုးတချို့ရက်တွေမှာ
ဒီလိုပေါ့ဗျာ အပူကိုခံနိုင်သလောက်ကိုယ့်အရင်းနဲ့ကိုယ်တိုးကြတော့ အားလုံးပူကြတာချည်းပဲ တခုပဲ
သူ့မီးကို ကိုယ်က ဗာကျူရယ်ရီရယ်လတီဆိုတာမျိုး စာနာကြည့်တာဖြစ်ပြီး ကိုယ့်မီးကတော့ တကယ်ပူနေတာဖြစ်တယ်
လူ့ဘ၀ဆိုတာ မနေ့ကအတိုင်း ဒီကနေ့ထပ်လုပ်ဖို့ပဲ
ဒီနေ့လုပ်ရင်ဒီနေ့စားရမယ် နောက်နေ့လုပ်ရင်နောက်နေ့စားရမယ်
ဒီအယူအဆလက်တွေ့ကျတယ် ဆိုသော်လည်း
ဓါတ်ကြီးလေးပါးနဲ့သတ္တုတွင်း၊ စားဝတ်နေရေးနဲ့ အထည်ချုပ်အလုပ်ရုံ၊ အဆက်အစပ်ရှိတယ်
အစစ်တွေက နှစ်ခုမရှိတော့ အတုလိုလာတာပေါ့ ဒီတော့ ဆံပင်အတုရှိတယ်  ဆံပင်အတုစက်ရုံရှိတယ်
မပြေလည်ကြဖူး အလုပ်သမားတွေ စက်ရုံထဲကမပြန်ကြဘူး လေအေးပေးစက်မရှိဘူးဆိုတယ် ကိုယ်ကာယချည်းသက်သက်ပူတာဘာဆန်းလဲ သူတို့ဘ၀မှာ
တာဝန်ရှိသူတွေဟာ အခြားတာဝန်တွေနဲ့ အလုပ်များနေကြပုံရတယ်
မအံ့သြတော့ပါဘူး။ အံ့သြကျကြေးဆို ငယ်ငယ်ရွယ်ရွယ် နဲ့ အံ့သြရင်း အသက်ထွက်ခဲ့ဖို့သာရှိတယ်
ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ သားမြေးတွေဟာ ဘုရင့်နောင်တံတား ကိုဖြတ်ပြီး ဘုရင့်နောင်ပွဲရုံတွေဆီကို ကျိုးကျိုးနွံနွံ နဲ့သွားကြတယ်။ တယောက်ကို စက်ဘီးတစီးစီနဲ့ ထမင့်ချိုင့်တလုံးစီ ကိုင်ဆောင်သွားကြတယ်။ နဲနဲနောနောပိုင်ဆိုင်မှုလား၊ နှောင်ကြိုးအပြင် စက်ဘီးနဲ့ထမင်းချိုင့်။ သူရဲကောင်းခေတ် ကုန်သွားပြီ၊ ဆေးပြင်းလိပ်ခေတ်ကုန်သွားပြီ ချေဂွေဗားရားဆိုတာ နားကပ်တဘက်နဲ့ချာတိတ် ဖက်ရှင်ဖြစ်အောင်ဝတ်တဲ့တီရှပ်ပေါ်မှာပဲရှိတော့တယ်။ ဘာဖောင်မှဖျက်စရာမလိုဘူး။ လူမှန်ရင်တွယ်ညိစရာရှိကြတာချည်းပဲ။
ဒါဟာ လူ့ဘ၀ပဲ။ ဒါဟာ ကုန်ထုတ်စွမ်းအားစုပဲ။ လူဟာ ဘောဂဗဒရှုထောင့်ကကြည့်ရင် ဘာသာရပ်သုံးစကားလုံးတခုပဲ ဒါဟာ နောက်ဆုံးတော့ ဒါပဲ။
မင်းဓမ္မ လမ်းမှာ ကားပြပွဲရှိတယ် ခင်ဗျားဟာလူအိုကြီး ၆၀ခုနှစ်နှောင်းပိုင်း ပို့စ်မော်ဒန်ခေတ်ဦးရဲ့သုံးမရတဲ့ထုတ်ကုန်ပဲ
ဟိုက်ဘရစ်မသိတဲ့ ခေတ်မမှီမှု၊ စီအင်ဂျီမသိတဲ့ စရိတ်ကြီးမြင့်မှုနဲ့ ဆိပ်ကမ်းမှာကိုပုံမထားသင့်တဲ့ သံရေကျိုချက်စက်ပဲ။ ၂၀၀၇ နောက်ပိုင်းမော်ဒယ်တွေသာ ဒီအတိုင်း ပါမစ်မလိုဘူး
ခုခေတ်ကပညာတတ်ဖို့လိုတယ် အနဲဆုံးကျွှန်ပညာရေးလောက်တော့လိုတယ် ဒီကပညာရေးကတော့ ကျွှန်ကိုခံလို့ကို မလွယ်တော့တာလို့ကျောင်းသားမိဘတဦးက ကာပူချီနိုသောက်ရင်း ဆိုတယ်။ အံမယ် အထင်မသေးနဲ့ ရန်ကုန်မှာ အိတ်ခ်ျအိုင်ဗီ ကအစ ဆန္ဒထုတ်ဖော်မှု အကြမ်းဖက်တုန့်ပြန်မှု နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအလည် နိဗ္ဗါန်ရောက်ကြောင်းတရား အဆုံး အားလုံးရတယ်။ စီဘီယာလို မလွယ်တာက ပိုက်ဆံတခုပဲ။ ငွေတွင်းကတော့ နက်တယ်။ အင်း ခြောက်လက်မလောက်နက်တယ် ဆိုတဲ့ ဟာသမျိုးကို ပြည်လမ်းမဘေးပလက်ဖောင်းပေါ်မှာ နေ့ခင်းကြောင်တောင် ကားဖြတ်သွားရင်းတွေ့နိုင်တယ်။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ကြပြီလဲ
ဆေးစာရွက်ကို ဘုရားစင်နားမှာချထားမိတယ် သတိတွေအရင်လို မကောင်းတော့ဘူး 4G မင်မိုရီတချောင်းလောက်ဝယ်စိုက်လိုက်ရင်ကောင်းမလားပဲ ကွန်နက်ရှင်ကလည်းသိပ်မကောင်းဘူးမဟုတ်လား အဝေးကဝေနေယျတွေ နေထိုင်ကောင်းကြရင်ပြီးတာပါပဲ  ခေတ်ကြီးပြောင်းတော့မှာပါ
မေဒေးနေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် အလုပ်ဆင်းပါက မသေရုံတမယ် လုပ်ခနှစ်ဆကျော်ရမည်
ကာပီတယ်လစ်ဇမ်တွင် အရင်းမရှိပါက အလုပ်သမားမရှိ ထို့ကြောင့်အမြတ်ကိုအရင်သေချာစေပြီးမှ လုပ်ခအကြောင်းပြောရမည်သာဖြစ်သည်
မေလတွင် ရွှေဘမရှိ
တံတားပေါ်တွင် သခင်ဘသောင်းတို့ခေတ်က နဂါးနီမော်တော်ကားများနှင့် ၂၁ရာစု၏ လိင်တူလက်ထပ်ခွင့် ရထားသော မော်တော်ကားများ၊ အိပဲ့အိပဲ့ ငှက်သဗ္ဗာန်ခတ်သွားတယ်။
ရန်ကုန်မြစ်သည် အဝေးတနေရာတွင် မှောင်ရီစွာ စီးဆင်းနေဆဲဖြစ်ပေလိမ့်မည်
လှိုင်သာယာမှာ ပျော်ပါနေခြည် အချစ်နဲ့ဘ၀ဟာ တကယ်တော့တခြားစီ…………။

KZကေ
ရန်ကုန်။ မေ ၂၀၁၂