Monday, January 31, 2011

ပုံဖျက်ထားသောသမိုင်းနှင့်ဘာသာစကား (သို့) လူမည်းကဗျာဆရာမတယောက်ရဲ့ဒါဏ်ရာ

မေး။ ။ ဘာလို့ခင်ဗျားလိုလူမည်းအမျိုးသမီးတယောက်ကခင်ဗျားခုရေးနေတဲ့ကဗျာမျိုးတွေရေးရတာလဲ
ဖြေ။ ။ ခင်ဗျားခုရေးနေတဲ့ကဗျာမျိုးဆိုတာ ရှင်ဘာပြောချင်တာလည်း၊
မေး။ ။ ကဗျာပုံစံက ရှုပ်ထွေးပြီး စိတ္တဇ ဆန်တယ်ဆိုရင်၊ ခင်ဗျားတခုခုလောက်ပြန်ပြောဖို့ရှိလား
ဖြေ။ ။ ဟင့်အင်း
မေး။ ။ ဘာလို့လဲ
ဖြေ။ ။ ဂျက်ဇ် ဂီတလည်းခုလိုရှုပ်ထွေးတာပဲမလား၊ ဘယ်သူကနားမထောင်ပဲနေလို့လဲ။ ခုလိုဝေဖန်မှုမျိုးဟာ ကဗျာတွေထက်စာရင် ဝေဖန်သူအကြောင်းကိုသာဖော်ပြနေတာပဲ
မေး။ ။ ဒါပေမယ့် ခုလိုရှုပ်ထွေးလွန်းတော့ စာဖတ်သူတွေအတွက်အခက်အခဲရှိတယ်။ ခင်ဗျားစာဖတ် ပရိတ်သတ်နဲမှာပဲ။ ဒါကခင်ဗျားကိုဘာမှမရိုက်ခတ်ဘူးလား
ဖြေ။ ။ ရှင်ပြောတော့တခုသွားသတိရတယ်။ အဲဒီတုန်းက ကဗျာရွတ်ပွဲတခု၊ ကျမက ကျမကြိုက်တဲ့ နာမည်ကြီး လူမည်း ဗြိတိလျှ ဒပ်ကဗျာဆရာ (dub poet / ဂျမေကာတွင် ၁၉၇၀ ပြည့်နှစ်များတွင်စတင်ခဲ့သော ဂီတကဗျာအမျိုးအစား) Linton Kwesi Johnson ရဲ့နောက်မှာရွတ်ရမှာ။ ကျုးဘားကဗျာဆရာတယောက် ဗီဇာကြောင့်မလာနိုင်လို့ နောက်ဆုံးအချိန်ကျမှ ကျမ အစားဝင်ဖို့ဖြစ်လာတယ်။ ဟိုကိုရောက်သွားတော့မှီတယ်ဆိုရုံလေး။ LKJ ကကျမကိုအရင်ရွတ်ဖို့အခွင့်ပေးတယ်။ သူ့ကဗျာတွေက တီးဝိုင်းနဲ့ရွတ်ဆိုပြီး စည်းချက်ကျကျ၊ နိုင်ငံရေးနဲ့လည်းဆက်နွယ်မှုရှိ၊ ဖျော်ဖြေမှုလည်းပေးနိုင်တယ်။ ဆန့်ကျင်ဖက်အနေနဲ့ ကျမ ကဗျာတွေက ရစ်သမ်တို့ ရိုင်းမ် တို့ မီတာတို့ဆိုတာတွေကို ဖျောက်ပြီး ရေးထားတာတွေမလား။ ဒီတော့ အစောပိုင်းရေးထားတဲ့ အဓိပ္ပါယ်ကောက်ရလွယ်တဲ့ နိုင်ငံရေးအရ ရည်ရွယ်ချက်ထင်ရှားတဲ့ ကဗျာတွေကိုပဲ ရွတ်ဖြစ်ခဲ့တယ်။ ပြောရရင်ပရိတ်သတ်က သူ့ကိုနားထောင်ဖို့ရောက်လာတာ။ သူတို့စိတ်ဝင်စားမှုနဲနိုင်တဲ့ကဗျာပုံစံတွေကိုကျမ မရွေးချယ်ဖြစ်ခဲ့ဘူး။
မေး။ ။ ခင်ဗျား LKJ ရတဲ့ပရိတ်သတ်အားပေးမှုမျိုးကိုကော မနာလိုဖြစ်မိသလား
ဖြေ။ ။ နိုး၊ ဒါဟာ ဖျော်ဖြေမှုအသားပေးအနုပညာ အမျိုးအစားတွေမဖန်တီးတဲ့ အာဖရိကနွယ် ကဗျာဆရာတယောက် တွေ့ကြုံရတဲ့ အခြေခံပြဿနာတခုပါပဲ။
မေး။ ။ ဘယ်လိုမျိုးပါလိမ့်
ဖြေ။ ။ ကျမအထင်ပေါ့လေ၊ တချို့ကဗျာဆရာတွေဟာ ဘာသာစကားကိုသူတို့အသုံးပြုဖို့ တခါတည်းတန်း ရလိုက်တယ်လို့သဘောထားနိုင်ခဲ့တယ်။ တချို့ကျမလိုကဗျာဆရာတွေမှာတော့ ဘာသာစကားဟာ ယုံကြည် စိတ်ချရတဲ့အဆင့်မှာမရှိသေးဘူး။ ပန်းချီဆရာက အရောင်တွေကို ပန်းပုဆရာကသစ်တုံးကို ဂီတဆရာက အသံတွေ ကိုသံသယရှိနေသလိုမျိုး အကြမ်းထည်အဖြစ်ပဲမြင်သလိုမျိုးပေါ့။ ကွာတာက ပန်းချီဆရာကော ဂီတဆရာကော ပန်းပုဆရာကော ဟာနေ့စဉ်လူနေမှုဘ၀မှာ သူတို့အသုံးပြုတဲ့ မီဒီယံတွေဖြစ်တဲ့ အရောင်တွေ သစ်တုံးတွေ သံစဉ်တွေကိုအမြဲထိတွေ့နေရတာတော့မဟုတ်ဘူး။ တဘက်မှာတော့ ကျမတို့ဟာ စကားလုံးတွေ ဘာသာစကားတွေဟာ နေ့စဉ်အသုံးချနေရတာ။ ဘာသာစကားဟာ ဖန်တရာတေသုံးရင်းနဲ့ တန်ဖိုးကျလာခဲ့တယ်။ ဘာသာစကားဟာ ကျမတို့မလိုချင်တဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါသုံးတဲ့၊ တကယ်လုပ်မပေးနိုင်တဲ့နိုင်ငံရေးကတိက၀တ်တွေကိုပေးတဲ့၊ မီဒီယံ။ ယေဘူယျအနေနဲ့ ပြောရရင်တော့ ဘာသာစကားရဲ့အခြေခံကျတဲ့အသုံးတွေထဲကတခုဟာ ကျမတို့ကို စုစည်းညီညွတ်မှုနဲ့တခုထဲဖြစ်မှုဆိုတဲ့ သိမြင်မှုထဲ က ခွဲထုတ်လိုက်တာပဲ။ ပြောချင်တာက ဘာသာစကားအသုံးမှာ မှားယွင်းသိမ်းသွင်းပုံဖော် ခံရနိုင်တဲ့အန္တရယ်ရှိတယ်။ ကျမယုံကြည်တာကတော့ ဘာသာစကားကဗျာဆရာလို့သတ်မှတ်ခံရသူ အတော်များများ ဟာဒီယူဆချက်အ၀န်းအ၀ိုင်းထဲကထွက်လာကြတာပဲ။ ဒါပေမယ့် ကျမအတွက်ကျတော့ဘာသာစကားမှာ နောက်ထပ်အယုံအကြည်မဲ့မှုအလွှာတခုထပ်ရှိနေတယ်။ သမိုင်းကြောင်းနဲ့ဆက်စပ်နေတဲ့အယုံအကြည်မဲ့မှုပဲ။ ခြုံပြောရရင် ခုကျမသုံးနေတဲ့ ဘာသာစကားဟာ ဥရောပသားတွေကအင်အားသုံးပြီး အာဖရိကန်တွေကိုကမ္ဘာသစ်ထဲအသုံးပြုစေခဲ့တဲ့ဘာသာစကားပဲ။ ဒီဘာသာ စကား ကျမအတွက်ပြောရရင် အင်္ဂလိပ်ဘာသာဆိုပေမဲ့ ကိုလိုနီစံနစ်၊ ကိုလိုနီပြုခြင်းဆိုတဲ့ စီမံကိန်းတခုလုံးနဲ့ ပတ်သက်နေတဲ့ ဥရောပနိုင်ငံအားလုံးကအသုံးပြုခဲ့တဲ့ ဘာသာစကားအားလုံးဟာ အမိန့်၊ ခိုင်းစေမှု နဲ့ ပြစ်ဒါဏ်ပဲ။ ကြေကွဲစရာကောင်းတဲ့ဟာသကတော့ ဒါဟာကျမတခုတည်းသောအသုံးချနိုင်တဲ့ဘာသာစကားဖြစ်နေတာပါပဲ။ အင်္ဂလိပ်စာဟာ ကျမအတွက်တော့ မိခင်ဘာသာစကားဆိုလည်းသူ၊ ဖခင်ဘာသာစကားဆိုပြန်တော့လည်း သူပေါ့။ ကျမရဲ့ရပ်တည်မှုဟာဘာသာစကားကိုပြင်းပြင်းထန်ထန်မယုံကြည်မှုနဲ့စတင်တယ်။ အင်္ဂလိပ်နဲ့သူ့လို ကိုလိုနီပြုခြင်းနဲ့ဆက်စပ်တဲ့အခြားဥရောပဘာသာစကားအားလုံးဟာ အမှန်တရားကို အခြားပုံစံပြောင်းဖော်ပြ နိုင်တဲ့ဖြစ်စဉ် တမျိုးမျိုးပါတဲ့ ဘာသာစကားတခုမပါပဲ ဖော်ပြနိုင်လိမ့်မယ်လို့ကျမ မယုံကြည်ဘူး။ အင်ပါယာဝါဒနဲ့နက်နက်ရှိုင်းရှိုင်းပတ်သက်နေတဲ့ အင်္ဂလိပ်လိုဘာသာစကားတခု၊ သမိုင်းနဲ့အတွေ့အကြုံတွေညစ်ထေးစွန်းထင်းနေတဲ့ ဒီလိုဘာသာစကားတွေကို ပြန်လည်သန့်စင် ပေးနိုင်တဲ့ဖြစ်စဉ်တခုကသာ ပိုပြီးတိကျတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးကိုပေးကောင်းပေးနိုင်ပါလိမ့်မယ်။
မေး။ ။ ခင်ဗျားဒီလိုယုံကြည်နေတယ်ဆိုရင်လည်း ဘာလို့ဒီလိုရေးသားချက်တွေပြုလုပ်နိုင်ရတာလဲ
ဖြေ။ ။ အခက်အခဲကြီးမားစွာနဲ့ပဲပေါ့။ တင်းတင်းကြပ်ကြပ် ဖိနှိပ်အုပ်ချုပ်တဲ့မိဘတွေနဲ့နေရသလိုမျိုးပေါ့။ ပထမတော့ ကုစားနိုင်မဲ့နည်းလမ်းကိုရှာရတယ်။ ရပြီဆိုရင် ဒီအတွေ့အကြုံရဲ့မှတ်ဥာဏ်ကိုစီမံနိုင်တဲ့နည်းလမ်း ကိုထပ်ရှာရတယ်။ နှစ်ပေါင်း၄၀၀ ဥရောပသားတွေက ကမ္ဘာသစ်ဆိုတဲ့အမေရိကားက ကြံနဲ့ဝါခင်းတွေ စိုက်ပျိုးဖို့ကျွန်အဖြစ်ရောင်းချ ခဲ့တဲ့ ကုန်သွယ်မှုကြီးတခုမှာအခြေတည်ခဲ့တဲ့၊ အင်္ဂလိပ်စာကို ကျမရဲ့မိခင်ဘာသာစကားအဖြစ်သွတ်သွင်းခံရတဲ့ အရိပ်ဟာကျမနောက်အမြဲထိုးကျနေခဲ့တယ်။ ပြန်ပေးဆွဲတယ်၊ ကုန်သွယ်တယ်၊ သတ်ဖြတ်တယ်၊ အနိုင့်အထက်ပြုကျင့်တယ်၊ ညှင်းပန်းနှိပ်စက်တယ်၊ ရွာတွေ၊ မိသားစုတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ အားလုံးဖျက်စီးခံရတယ်၊ ဒီဖော်ပြချက်တွေအားလုံးဟာ ကျွန်ကုန်ကူးခြင်းဆိုတဲ့ စကားလုံးထဲမှာအားလုံးအကျုံးဝင်ခဲ့တယ်။ ဒီအတွေ့အကြုံ၊ အတွေးအခေါ်၊ ခံစားချက်တွေကို အမြဲလိုဖော်ပြနေတဲ့ ဘသာစကားရဲ့ သိမ်မွေ့တဲ့စိမ်ခေါ်မှုကို စာရေးဆရာတိုင်း ရင်ဆိုင်ရတာပါပဲ။ ဒီအတွေ့အကြုံနဲ့ ဒီအတွေ့အကြုံကိုဖော်ပြတဲ့ဖော်ပြချက်ကြားကကွာဟမှုမှာ ကျမတို့ရုန်းကန်ခဲ့ကြတယ်။ ကျမအတွက်စံကနှစ်ခု။ ဘာသာစကားနဲ့ကျမနဲ့ပတ်သက်မှုကြားက သမိုင်းကြောင်းရယ်၊ ကျမ သမိုင်းရယ်။ ဘာသာစကားဟာ ကျမအတွက်တော့ဒါဏ်ရာတခုပါ။
မေး။ ။ ရာစုနှစ်တခုကျော်ကြာခဲ့ပြီပဲ။ ခင်ဗျားခုထိသက်သာရာမရသေးဘူးလား။
ဖြေ။ ။ မိခင်တယောက်ဟာ သူကလေးတယောက်မွေးခဲ့တာကို ဘယ်တော့မှမေ့နိုင်မယ်မထင်ဘူး။ သားသည်မိခင်တယောက်ကိုရှင်မေးကြည့်ပါလေ။ သူကသူမွေးဖွားခဲ့တဲ့ကလေးတွေတယောက်ချင်းအကြောင်း ရှင့်ကိုပြောပြပါလိမ့်မယ်။
မေး။ ။ ကျနော်ခင်ဗျားဆိုလိုတာကို နားလည်ရဲ့လားမသေချာဘူး။
ဖြေ။ ။ အချိန်ကာလကိုဖြတ်သန်းခံနိုင်တဲ့အတွေ့အကြုံတွေရှိတယ်ဆိုတာပြောချင်တာပါ။ ဘာသာစကားတခုဟာ ကျမကိုပုဂ္ဂိုလ်ရေးသက်သက်ဆုံးရှုံးဖို့ဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာဟာ ဒီအဆုံးအရှုံးကိုကျမသတိမရတော့ဘူးလို့ဆိုလိုတာတော့မဟုတ်ဘူး။ ဒီအဖြစ်ဟာ ကျမအတွက်တော့ မနေ့ကဖြစ်ခဲ့သလိုပဲ။
မေး။ ။ ဒီအချက်တော့ကျနော်လက်ခံရမှာပဲ။
ဖြေ။ ။ ဒါပေါ့ ရှင်လက်ခံရမှာပေါ့။ ဒါဟာမိခင်တယောက်သူ့သားသမီးမွေးဖွားခဲ့တာကိုသတိရသလိုမျိုးနဲ့ သဘောခြင်းအတူတူပါပဲ။ ရှေ့ပိုင်းကပြောခဲ့တာကိုပြန်ကောက်ရရင် ဘာသာစကားပေါ်ကျမရဲ့အယုံအကြည်မဲ့မှု ဟာပန်းချီဆရာကသူ့ဆေးသားကိုကိုင်တွယ်သလိုမျိုး ပန်းပုဆရာကသူ့ကျောက်သားကို ကိုင်တွယ်သလိုမျိုးပဲ။ ဘာသာစကားဟာ ကျမအပြင်ဘက်က။ ကျမမဟုတ်ဘူး။ ပြင်ပကစိတ်ပိုင်းဆိုင်ရာနာကျင်မှုပဲ။ ဒီတော့ကျမလုပ်နိုင်တဲ့ တခုတည်းသောအရာက သူ့ကိုစိတ်မွှာပစ်ဖို့၊ ဆွဲခွာချဖို့၊ နေရာတွေရွှေ့ပြောင်းပစ်ဖို့ပဲ။ သူက ကျမတို့ကိုလုပ်ခဲ့သလိုမျိုးပေါ့။ ဒါတွေကိုကျမပြန်မစုစည်းခင် ကျမကိုယ်ပိုင်အမှန်တရားလေးတွေကို ဖော်ပြနိုင်ခဲ့တယ်လို့မျှော်လင့်ကြည့်တယ်။ ဒီနေရာမှာ ပုံသဏန်ဟာအရေးကြီးလာတယ်။ ပုံသဏန်ကူးပြောင်းခြင်းနဲ့ သန့်စင်ပစ်တဲ့ဖြစ်စဉ်ရဲ့အစိတ်အပိုင်းတရပ်အနေနဲ့ သင့်တော်တဲ့ပုံသဏန်ဟာအရေးပါလာတယ်။
မေး။ ။ ဒါဆို ခင်ဗျားလိုမလုပ်တဲ့ အခြားကဗျာဆရာတွေကိုဘာပြောချင်သလဲ။ သူတို့ဖန်တီးမှုဟာ လူတွေပိုထိတွေ့နိုင်တယ်လေ။
ဖြေ။ ။ ရှုပ်ထွေးပြီးစိတ္တဇ ဆန်တဲ့ ရေးဖွဲ့မှုမျိုးမလုပ်တာကိုပြောချင်တာလား
မေး။ ။ အဲသည်လိုခင်ဗျားယူဆမယ်ဆိုရင်ပေါ့
ဖြေ။ ။ ကောင်းပြီလေ။ ဒီမှာ ကျမအလုပ်ကသူတို့လက်ရာတွေကိုအကဲဖြတ်ဖို့မဟုတ်ဘူးဆိုတာပါပဲ။ ဒီကိစ္စကရှင့်လို ဝေဖန်ရေးလုပ်သူတွေရဲ့အလုပ်နဲ့ပိုပတ်သက်တယ်လို့ကျမယုံကြည်တယ်။
ဒါပေမဲ LKJ လို ဒပ်ကဗျာဆရာ (dub poet) တယောက် သူ့စာသားတွေကိုဂီတနဲ့စည်းချက်ချနေတာလည်း ကျမလုပ်နေတဲ့ ဘာသာစကားကို ဆုတ်ဖြဲ၊ ပိုင်းဖြတ် ပြန်ဆက်စပ်ကြည့်နေသလိုမျိုးပါပဲ။ ကြိုးစားပြီး သန့်စင်နေတဲ့ပုံစံတမျိုးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပြန်ပြီးအလှဆင်နေတာ၊ ဘာသာစကားပေါ် အရိပ်မိုးနေတဲ့ ကြောက်မက်စက်ဆုပ်ဖွယ်သမိုင်းကိုပြန်ပြီး စီမံနေတာပေါ့။ ကမ္ဘာသစ်မှာအာဖရိကန်တွေရှင်သန်အောင်ထိမ်းသိမ်းနိုင်ခဲ့တဲ့ယဉ်ကျေးမှုဆိုင်ရာအလေ့အကျင့်တခုဖြစ်တဲ့ ဂီတဟာဒီအရိပ်ဆိုးကြီးကိုပုံဖော်နေတဲ့နောက်ထပ်အလွှာတခုပေါ့။ ရှင်လက်ခံမလားပဲ ဒါဏ်ရာတခုပေါ့။
ဂီတကိုအသုံးပြုတဲ့အကျိုးဆက်တခုက အာဖရိကန်မဟုတ်တဲ့ပရိတ်သတ်နဲ့ပိုထိတွေ့လာနိုင်တာပါ။ ဒါပေမဲ့သူတို့ ဒီဂီတနဲ့အတူတွဲပါလာတဲ့ စာသားတွေကိုနားလည်နိုင်ပါ့မလားလို့တော့ ကျမသံသယဖြစ်မိတယ်။ အနဲဆုံးတော့ ဖျော်ဖြေမှုတော့ဖြစ်တယ်ပေါ့။ ရှင့်လိုဝေဖန်ရေးဆရာတယောက်အတွက်တကယ့်စိန်ခေါ်မှုကတော့ ကျမဖန်တီးသလို ဂီတနဲ့ပံ့ပိုးမထားတဲ့ယဉ်ကျေးမှုလက်ရာတွေကိုနားလည်အောင်အားထုတ်ဖို့ပဲ။

ကျန်သေးတယ်၊ ရေးဖြစ်တဲ့အခါထပ်တင်ပ့ါမယ်။
အညွန်း။ Interview with an Empire by M. NourbeSe Philip

KZကေ

Friday, January 14, 2011

ကင်းဖာဟဒ်အမှတ်လေးလမ်းမဆီမှသည်မော်စကိုရင်ပြင်နီသို့

ကိုတီတူး။
မတွေ့တာတောင်ကြာမှပဲ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်က ကျနော်ဆော်ဒီ ခဏသွားရတယ်။ ခင်ဗျားလည်းကြားမှာပါ။
အဲဒီက ပြန်လာတော့ ၀ါကျတကြောင်းဟာ ကျနော်နဲ့ပြန်လိုက်လာတယ်။
စွန်ပလွန်ယိုဟာကိတ်မုန့်ထဲတ၀က်မြုပ်နေတယ် ဆိုတဲ့စာကြောင်း။
ကင်းဖာဟဒ်နံပါတ်လေးလမ်းပေါ်က ကမ့်နံပါတ်-၇။ ဆော်ဒီအရှေ့ဘက် ပါရှန်းပင်လယ်ကွေ့ကမ်းစပ်က စက်မှုဇုံ မြို့ကလေး ဂျုဘေး။ စင်ကာပူ၊ ကာတာ၊ ဘာရိန်း ပြီးတော့ ဘာရိန်းနယ်စပ်ကိုဖြတ်ပြီး ဂျုဘေးကိုဝင်ရတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ကို ဘာရိန်းလူဝင်မှုကြီးကြပ်ရေးအရာရှိကကြည့်ပြီး ကားနောက်ခန်းက ကျနော့်ကိုကြည့်တဲ့အကြည့်ကိုတွေ့တော့ မထင်မှတ်ပဲ ကဗျာအပိုင်းအစတခုကိုသတိရမိသေးတယ်။
အကြည့်တွေဟာအစိတ်စိတ်အမွှာမွှာနဲ့ ပါဒတွေ နာရီတွေ ……..
၂၀၁၄ မှာ ကမ္ဘာ့အကြီးဆုံး ရေနံချက်စက်ရုံရှိလာတော့မဲ့ ဂျုဘေး စက်မှုဇုံမြို့ထဲ ညဘက်ကျနော်သွားလည်ကြည့်တယ်။
Taxi ကားတွေလူခေါ်ပုံဟာ ရန်ကုန်ကိုသတိရစေတယ်။ လမ်းတချို့ကညစ်ပတ်နေတယ်။ အမျိုးသမီးတွေက ၀တ်စုံအနက်တွေ၊ အမျိုးသားတွေက ၀တ်စုံအဖြူတွေ။ ရှုပ်ထွေးပြီး ရိုးရာဝတ်စုံတွေနဲ့ ဘလက်အင်ဝှိုက် ဂျုဘေးရဲ့ ပျားပန်းခတ်နေတဲ့ လူတွေကြားမှာပဲ မက်ဒေါ်နယ်နဲ့ ပီဇာဆိုင်တွေဟာ ကမ္ဘာကြီးရဲ့လမ်းကြိုလမ်းကြားတွေအထိအရောက် သွားနိုင်တာကို မျက်မြင်တွေ့ခဲ့ရတာပဲ။ အဲ ရန်ကုန်ဟာဒီတခုတော့ဂျုဘေးကိုမလိုက်နိုင်ခဲ့ဘူး။
အာရေဗျ ပျိုဖြူလေးတွေဟာ မျက်နှာဖုံးနဲ့ မိုဘိုင်းဖုန်းနဲ့ မိုဘိုင်းဖုန်းဆလိုက်ကိုတွန်းဖွင့်တဲ့ လက်ချောင်းလေးတွေမှာ တက်တူးရုပ်တွေနဲ့ လက်သည်းခွံတွေဟာ ဆိုးဆေးရောင်စုံနဲ့ပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းပေါ့ဗျာ။ အင်တာနက်ကဖေးဆိုင်တွေနဲ့။ မုတ်ဆိတ်မွှေးထူလဗျစ်နဲ့ အာရပ်လူရွယ်ဟာ နားကပ်တဘက်နဲ့ နားကြပ်ကြီးတပ်လို့ ချက်တင်ဝင်နေတာတွေ့ရပြန်တယ်။ ဂိုဂယ်လိုက်ဇေးရှင်းပေါ့ဗျာ။
တပတ်လောက်ကြာတော့ ကျနော်ပြန်လာခဲ့တယ်။ ဘာရိန်းလေဆိပ်ဟာ သေးသေးလေးပေမဲ့ လေယဉ်အတက်အဆင်းတွေများလွန်းလှတယ်။ ဘားတွေနဲ့ကလပ်တွေ ရာချီပြီး ရှိတဲ့ မနားမား မြို့ကိုဖြတ်ပြီးကားမောင်းလာတော့ တွေ့ရတဲ့မြင်ကွင်းတွေအရဆိုရင် အရှေ့အလယ်ပိုင်းမှာ ကာတာ၊ ဘာရိန်း၊ ယူအေအီးတို့ဟာ ရေနံကိုမှီပြီး ကမ္ဘာကြီးထဲ ခေတ်မှီစွာ ကျင်လည် နေကြပြီဆိုတာပဲ။
လေဆိပ်က ကော်ဖီဆိုင်မှာကော်ဖီတခွက် ကို ဘာရိန်း ၂ ဒီနာ ပေးရတယ်။ ယူအက် ၅ဒေါ်လာနဲနဲကျော်တယ်။ ကျနော်လည်းရန်ကုန်ကလှမ်းပို့ထားတဲ့ မင်းခက်ရဲ ရဲ့မောင်ချောနွယ်လေ့လာချက် စာအုပ်ကိုဆက်မဖတ်ဖြစ်တော့ပဲ အရှေ့အလယ်ပိုင်း နဲ့ စွမ်းအင်နိုင်ငံရေး ပြီးတော့ ပြည်တော်ကြီးအကြောင်းကိုပါတဆက်တည်းစဉ်းစားကြည့်မိတယ်။
တိုက်ဆိုင်တယ်ပြောရမလားပဲ ဒီဇင်ဘာရန်ကုန်ပြန်ဖြစ်တဲ့ ၃ပတ်မှာ သွေးနဲ့ရေနံဆိုတဲ့ အမျိုးသားစာပေဘာသာပြန် ဆုရစာအုပ်ကိုနဲနဲမြည်းခဲ့ရတယ်။ ဒီပြန်ရောက်တော့ ခရစ်စမတ်အပြီး၂၀၁၁ မကူးခင်မှာပဲ ရုရှားမှာ တချိန်က သူ့နိုင်ငံရဲ့အချမ်းသာဆုံးဖြစ်တဲ့ ကိုဒေါ်ကိုစကီ ကို တရားဆက်စွဲပြီး သံတိုင်တွေနောက်မှာ ဆက်ထိန်းထားခဲ့တဲ့သတင်းကိုဖတ်ရတယ်။ ကိုဒေါ်ကိုစကီဟာ ယူကို (Yukos) ရေနံကုမဏီပိုင်ရှင်ပေါ့။ ထုံးစံအတိုင်းအမှုကသားရေပြားလိုဆွဲနိုင်ကျုံ့နိုင်တဲ့ အခွန်တော်ငွေကိစ္စပေါ့။ တရားစွဲခံရတဲ့အတိုင်းသာဆိုရင် သူဟာ ၂၀၁၇အထိပြန်လွတ်ဖို့မရှိဘူး။ သူ့ရှေ့နေရဲ့အပြောအရဆိုရင်တော့ ဒီတရားစီရင်ရေးသာမှန်ရင် ဂက်ဇ်ပရွန် (Gazprom) ရဲ့ချယ်ယာမင် လက်ရှိရုရှားသမ္မတမက်ဗီဒက်လည်း မော်စကိုဆောင်းရာသီကို အချုပ်ခန်းထဲကပဲ ရင်ဆိုင်သွားသင့်တယ်လို့ဆိုတယ်။
သူဟာနိုင်ငံရေးမှာသာဆက်မပတ်သက်တော့ဘူးဆိုရင် သူ့ချမ်းသာမှုနဲ့အပြင်မှာအေးအေးဆေးဆေးနေခွင့်ရမယ်လို့ ကရင်မလင်အရာရှိမင်းများက ကတိပေးထားပြီးသားပါ။ သို့ပေမယ့် ဓါတ်ပုံထဲမှာတော့ ၄၇နှစ်ရှိပြီဖြစ်တဲ့ဒီမိုကရေစီရေး လှုပ်ရှားသူရုရှဘီလီယံနာဟာ သူ့နိုင်ငံရဲ့တရားစီရင်ရေးကို ထီမထင်အကြည့်နဲ့ပြန်ကြည့်နေဆဲပဲ။ အကျဉ်းစခန်းထဲ လက်အိပ်တွေချုပ်ခဲ့ရတဲ့ ကတုံးဆံတောက်ဆံပင်နဲ့ ရုရှားတိုင်ကွန်းရဲ့ပြတ်သားထောင်မတ်နေတဲ့မေးရိုးတွေဟာ ဂျုဒိုခါးပတ်နက် ဗလာဒီမာပူတင်ရဲ့လက်သီး နဲ့ ခြစားနေတဲ့ State Capitalism ကိုစိန်ခေါ်နေဆဲပဲ။
အဲဒီနေ့က အမေရိကားအင်တာနက်ကုမဏီတခုမှာအလုပ်လုပ်နေတဲ့ နှစ်ဆယ့်ငါးနှစ်အရွယ် သားဖြစ်သူဟာ မာကျောသူဖခင် အတွက် နယူးယော့တိုင်းစကွဲယားမှာ တကိုယ်တော်ဆန္ဒပြပွဲလုပ်ခဲ့တယ်။ ပြောရရင် ရုရှားနိုင်ငံရေးနဲ့ နောက်ခံသမိုင်း ဒီအဖြစ်အပျက်တွေရဲ့အမှားအမှန်ကို ကျနော် သိပ်သိလှတာမဟုတ်ပါဘူး။
ကျနော့်အာရုံက ပြည်တော်ကြီးဆီကိုသာပါ။ ကမ္ဘာကြီးထဲမှာ ပါဒတွေ နာရီတွေ ယုံကြည်ချက်တွေကအစိတ်စိတ်အမွှာမွှာဖြစ်ခဲလွန်းသူတွေအတွက် ကျနော်တို့ဟာ ညနေခင်းသတင်းကြည့်သူများသာဖြစ်နေဆဲပဲဆိုတဲ့အသိနဲ့ ရှုပ်ထွေးစွာခံစားရပါတယ်။
၂၀၁၁ နှစ်သစ် အီကွေတာရာသီ မိုးရက်များပါ။
စွမ်းအင်လုံခြုံရေး၊ ဟန်တင်တန်ရဲ့ တတိယလှိုင်းဒီမိုကရေစီအားအလျှော့မှာ ထိုးတက်လာခဲ့တဲ့ ရွေးကောက်ခံအာဏာပိုင်ဝါဒ နဲ့ အနောက်ကစံထားတဲ့ ခေတ်မှီရေး လူ့အခွင့်အရေးဆိုတာတွေဟာ ကလေးတွေဆက်တမ်းကစားတဲ့ ကတ်ထူစက္ကူပြားတွေလို ကျနော့်မျက်စိရှေ့မှာေ၀၀ါးပြီး ၀ိုင်းပတ်ပြေးလွှား နေတော့တာပါပဲ။

KZကေ

Monday, January 3, 2011

ဦးစားပေးမဖော်ပြနိုင်သောသဲလွန်စများ

ဒါနဲ့ပဲ အွန်ဂျူယွမ်း သည် ညဦးဆည်းဆာမှိုင်းတိုင်း
ကျနော်တို့အိမ်သို့ရောက်ရှိလာသည်ဟုရေးလိုက်သည်
သူမအသားဖြူသည် အရှေ့တိုင်းသူဖြစ်သည်
ခြိုးခြိုးခြံခြံနှင့်ထွင်းဖောက်မတတ်မြင်သာသောဖက်ရှင်များဝတ်တတ်သော်လည်း
ပြည်တွင်းစစ်ကိုမကြုံဖူးခဲ့
အင်္ဂလိပ်စာတန်းထိုးကားတွေကိုသဘောကျသူဖြစ်သည်။
အိပ်ခန်းထဲရှိတယ်လီဗီးရှင်းဘေးတွင်ငါးကန်လေးရှိ၏
အချိန်ပိုရှိလျှင် အလှအပနှင့်ကျပ်တည်းမှုအကြောင်း
တိရိစ္ဆာန်အခွင့်အရေးများအကြောင်းကျနော်တို့ပြောနိုင်ပေမည်
ဒါတွေက လူသားအတွက် အခြား အားနဲနှင့်ညာဏ်ရည်နိမ့်သတ္တ၀ါများလောင်ကျွမ်းဖို့ ဖျော်ဖြေဖို့ အပြောင်းအလဲကိုထွန်းညှိခြင်းကိုသတိရဖို့ ပင်
ရွှေငါးသည်တကောင်တည်းကူးခတ်နေရာ မူရင်းတွင်ပါသည့်ပျော်ရွှင်စွာ ဆိုသည့်
ကြိယာဝိသေသနကို ဘာသာပြန်သောအခါ ကျနော်ဖြုတ်ပစ်ခဲ့သည်။ မတတ်နိုင်။
ယခုပင်သစ်ပင်များ၏ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူများကိုသင်တွေ့နေရပြီ။
ဆံသဆိုင်တွင်စောင့်ဆိုင်းနေသူများအတွက်
တကမ္ဘာလုံးတွင်ကန်သော ဘောလုံးပွဲသတင်းများနှင့်ယနေ့ထုတ်ဂျာနယ်များရှိသည်
တမြို့လုံးခံစစ်ကစားနေရသည့်အကြောင်းများတိုက်ရိုက်မပါရှိပါ။
ဆံသဆရာက ဂျင်မီကာတာနှင့် စွမ်းအင်လုံခြုံရေးပေါ်လစီကိုစက်ကပ်ကျေးနှင့်ထိုးပစ်လိုက်ပြီး
ကာတာသည် ၂၀၂၂ တွင် ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်လာတော့မည်ဆိုသည်
ရေနံဈေးတက်လာတာကိုရိုးတိုးရိပ်တိပ်သိသည်။ မခေလှ။
ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်သတင်းနှင့် ၂၀၁၀စစ်တမ်းအရ
ပရိတ်သတ်အကြိုက်ဆုံးမြန်မာသရုပ်ဆောင်မင်းသားမင်းသမီးတို့ကိုသိသည်။
ဓါတ်ဆီနှင့်ဒီဇယ်သည်စက်ပစ္စည်းများအတွက်ဆန်စပါးဖြစ်သည်
စက်မှုတော်လှန်ရေးအပြီးတွင် စက်တွေကိုလူတွေအားကိုးလာရသည်
ယုတ္တိဗေဒအရ ဆန်ဈေးကြီးရန်မပူပင်ရသော ပြေတီဦးနှင့်အိနြ့ာကျော်ဇင်တွင်မော်တော်ကားတစီးစီရှိကြပေလိမ့်မည်။
အိမ်ကိုပြန်လာသော ညထဲသင်မမြင်ရသော်ငြား
မြစ်ရေသည်စီးဆင်းသည်သာ
စွန်ပလွန်ယိုသည်ကိတ်မုန့်ထဲတ၀က်မြုပ်နေသည်
ချောကလက်တောင့်သည်ညိုမဲနေသည်
ငှက်တွေဆိုဖို့သီချင်းအသစ်မရှိ
ကော်ဖီသည်ရည်ရွယ်ချက်ရှိရှိအမြုပ်ထနေသည်။
ကျနော်ပြန်ရောက်တော့ အွန်ဂျူယွမ်း တို့မအိပ်သေး။

KZကေ