Sunday, August 15, 2010

ဆဲဗင်းအလဲဗင်းဝင်ပြီးဘီယာဝယ်ရန်စိတ်ကူးမိသောစနေနေ့နှင့်နောက်တနေ့

ငါတော့သေခြင်းတရားကိုခုထိမြင်ကြည့်လို့မရသေးဘူး
ဒီတော့ဘယ်နှယ့်လုပ် ဟန်ဆောင်ပန်ဆောင် သံသရာ ဘာဝနာ နစ္စ ဂီတ အစရှိသည်
ငါ့အောက်မှာ ၁၀ထပ် ငါ့အထက်မှာ ငါးထပ်
အခန်းဟာ ၀က်နံရိုးလို အရိုးနဲ့အသားတထပ်စီရောနေတာမျိုး
တရုတ်ယဉ်ကျေးမှုက ရာစုနှစ်တွေချီနေတော့ ဒီအဟောင်းအမြင်းတွေကို
ရှေးခေတ်တောသူမတွေ သနပ်ခါးလိမ်းသလို ဘယ်လိုလုပ် ခြေဆုံးခေါင်းဖျားသိနိုင်မလဲ
ငါတို့တောင် ပျူလား၊ မွန်များ၊ တကောင်းက၊ လု့စ် ကုလားဖန်ထိုးထားတဲ့ ကျောက်ဆည်က၊
အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား
သမိုင်းဟာ ခုခေတ်ယုတ္တိဗေဒနဲ့ ပြန်တည်ဆောက်ထားတာပဲလို့
မျက်မှန်ထူထူနဲ့ အဖြူကောင်ကပြောတော့ ငါလည်းတောင်တောင်အီအီ စဉ်းစားမိတယ်
စနေနေ့ဟာပျော်စရာ မုတ်ဆိတ်ရိတ်စရာမလိုပဲ ကော်ဖီသောက်နိုင်တယ်
တကျပ်ဖိုးဆိုရင် နံနံပင်တွေလို သတင်းစာကတထပ်ကြီးရတယ်
နေ့ခင်းဆိုတာများဝင်းထိန်လို့ပဲ ပေါက်ပန်းဈေးဘတ်စ်ကားတွေဟာ
ချောင်ချောင်ချိချိနဲ့ အားအားယားယားပဲ
ဒီလိုပါပဲ တစ္ဆေတွေပျော်တဲ့ပွဲဆိုတော့ တရုတ်လုပ်စက္ကူနဲ့ ပိုက်ဆံအတုမီးရှို့ညှော်က
အပေါ်ထိတက်လာတယ်
အချိန်အားကိုရှာတော့ ညတွေကိုတွေ့တယ်
သန်းကောင်ယံ ၁၂ နာရီ တယ်လီဖုန်းကိုငါ့ညီက အပျိုပေါက်ကလေးလို ကလိနေတယ်
ခေတ်နဲ့အညီယှဉ်တွဲလို့သာ ပညာရေးကိုဆီ တဲ့
အညာဌာနီ တခါလာပြီ ကျနော့်အတွက်တော့မေ့မရနိုင်လေပြီ တဲ့
ချစ်ရတာလွယ်ပါတယ်ကအစ ၀ါကာဘလာဘလာတို့
မောစရာတွေနဲ့ ရှာကြံပျော်ကြရရှာတာပါပဲ
ပိုက်ပိုက်က ၇၃၅ဆပိုများတယ်ဆိုတော့ ငါ့လူတွေလည်း မမိုက်ပါဘူးဗျာဆိုပေမဲ့
မလိမ်မိုးမလိမ်မာလေးတွေပါပဲ၊ မိန်းမမှာတော်ပုံနဲ့ ကလေးဓါတ်ပုံနဲ့
ဟသညာဏ်များထက်သန်ရင် ဆွေးမြေ့သောရယ်ရွှင်စရာများပါပဲ
အသွင်ကူးပြောင်းရေးသဘာဝတွေတဲ့လား ပြဿနာက အကန်းရဲ့ရေမြေတောတောင်ဘွဲ့ကိုရေးချင်နေတာပဲ
ဒင်းအတွေးအခေါ်က ကျွန်စော်နံတယ်ဆိုရအောင်
ငါ့မှာကလည်း သခင်မျိုးဟေ့ ဒို့မပါဆိုတော့ ခက်နေတာပေါ့
ဒီမှာတော့ မြန်မာတွေကော မြန်မာဘီယာကော အားလုံးဈေးပေါပါတယ်
အဖေနေကောင်းတယ်မလား ကယ်လစီယမ်ပါတဲ့အးဆေးအဲတာမျိုးနေ့တိုင်းစား
အမေကော အငယ်မဆီက ပြန်လာတော့မယ်မလား သားလား ကောင်းတယ်ကောင်းတယ်
လာမယ် နိုဝင်ဘာထဲ(ခနဖြစ်ဖြစ်) လာမှာ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ဒါပဲအဖေ တမိနစ်ပဲကျန်တော့တယ်
………………………….
ငါမသေနိုင်သေးဘူး ဒီတခုတော့ ငါအကောင်းမြင်နေတုန်းပဲ။

KZကေ

3 comments:

  1. ကျေးဇူး ကိုအောင်ကျော်
    ဘလော့ရှိရင်လင့်ပေးခဲ့ပါလား

    ReplyDelete
  2. ကျွန်တော်လည်း နိုဝင်ဘာထဲတော့ ပြန်ဖြစ်မလားပဲ ..

    တမိနစ်သာကျန်တော့တယ် ဆိုတာမျိုး၊ လူ့သက်တန်းကို ဘယ်နှစ်နှစ်သာ ကျန်ပါတော့တယ် ဆိုတာမျိုး သတိပေးသံရှိရင်။ ဪ တခုခုတော့လုပ်သွားဦးမှ ဆိုပြီး ကောင်းတာလေးတွေ လုပ်ဖြစ်မလား၊ မထူးတော့ပါဘူး ဆိုပြီး ထင်ရာပဲ လုပ်ဖြစ်မလား။

    ReplyDelete
  3. ပုံမှန်တော့ကျနော် ဒီဇင်ဘာပြန်ဖြစ်တာများတယ်
    နိုဝင်ဘာဆိုတော့ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ကြည့်ရမှာပေါ့

    ReplyDelete